နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Saturday, November 24, 2007

တန်ဆောင်မုန်းလ ဆေးပေါင်းခည ဇာတ်သိမ်းပိုင်း

မာန်လှိုင်းငယ်

“တန်ဆောင်မုန်းလ ဆေးပေါင်းခည ဇာတ်သိမ်းပိုင်း”

ကျနော်တို့ သူငယ်ချင်းအားလုံး ဘယ်လိုပုံစံတွေနဲ့ သွားသလဲဆိုတာ သိချင်လား။ ကျနော် ပြောပြမယ်။ အဲ ... အရက် (သေရည်)သောက်ထားတော့ ကျနော်တို့ အားလုံးက မူးနေပါတယ်။ ဒါပေမယ့် တော်တော်လေးကို မူးနေကြတာမဟုတ်ပါဘူး။ ခြေလှမ်းကလေး နည်းနည်း ယိုင်ရုံလေးပါ။

ကျနော်တို့ သူငယ်ချင်းတွေမှာ ဒီအကောင်သေးကို နှိပ်စက်ရင်း သွားကြတာပါ။ တခြားရပ်ကွက်ကို သွားတာဆိုတော့ လုံခြုံရေးတွေနဲ့ တိုးရင် ဘယ်လိုလုပ်မလဲ ...။ သူတို့ ဆီက ငတေကောင်တွေနဲ့ လည်း တိုးနေရင် ဘယ်လိုလုပ်မလဲ ... စသဖြင့် စသဖြင့်ပေါ့။ ဒီကောင့်ကို ၀ိုင်းဝန်းမေးကြ။ ခြိမ်းခြောက်ကြတယ်ဗျာ။ ဒါပေမယ့် ဒီကောင်က အကောင်တော့ သေးတယ်။ ခေါင်းမာတယ်။ သူ့ချစ်သူနဲ့ မတွေ့ရကို မနေနိုင်တာလဲ ပါနေတယ်ဆိုတော့ ဒီကောင့်ကို ဘယ်လိုပဲ ပြောပြော။ ဘယ်လို ပဲ သွယ်ဝိုက်ပြီး ခေါ်ထုတ် ခေါ်ထုတ်။ ခြေလှမ်းတွေက သူ့ကောင်မလေးဆီကို ရောက်သွားကြတယ်။

သူ့ကောင်မလေးဆီရောက်တော့ ပြဿနာက တတ်ပြီဗျာ။ ဒီကောင်နဲ့ သူ့ကောင်မလေးက ချိန်းထား ကြတာလည်း မဟုတ်။ ဘယ်ရက်။ ဘယ်အချိန်မှာ လာမယ်လို့လဲ ကြိုတင်မပြောထားကြတော့ ဒုက္ခ တွေ့ကြပြီ။ ဒီကောင်အပူမိတော့ ကျနော်တို့ပါ ကူးလာတယ် ဒီကောင့်အပူလေ။ ဒါနဲ့ ၀ိုင်းဝန်းပြီး စဉ်းစား အကြံတွေ ထုတ်ကြပါပြီ။ အဲဒီမှာ။ ကျနော်တို့ထဲမှာ ဥာဏ်ကောင်းတဲ့ သူက ပါနေတော့ အဖြေက ပေါ်လာပါတယ်။ တော်တော်စဉ်းစားပြီးမှ ရတာပါ။ ဟဲ .. ဟဲ .. သူငယ်ချင်းတယောက်ရဲ့ အကြံပေး ချက်နဲ့ လုပ်ကြရတော့မှာလေ။ ဒါပေမယ့် ဒီကောင်က မ၀င်ရဲပြန်ဘူး။ အဲဒီခြံဝိုင်းထဲကို။ ဒါနဲ့ မဲနှိုက်ကြ ပြန်တာပေါ့။ မဲပေါက်တဲ့သူက ကောင်မလေးကို ခေါ်ထုတ်ပေးဖို့ တာဝန်ယူရတယ်။ ကျနော်ဆို ဘုရား တနေရတယ်။ မလွယ်ပါဘူး။ ရင်ကိုမောနေတာပါပဲ။ ငါများ ပေါက်သွားမလားပေါ့။ အမျိုးမျိုး စဉ်းစားပြီး တွေးပူစိုးရိမ်နေရတယ်။ ကဲ ... မဲ ဘယ်လိုလုပ်ကြသလဲဆိုရင် ... လူက ရှစ်ယောက်ဆိုတော့ မဲအဖြစ် သုံးတာက တုတ်ချောင်းရှစ်ချောင်းပါ။ တချောင်းက အတိုလုပ်ထားတယ်။

နှိုက်ပါ။ တယောက်နှိုက်လိုက်ပါတယ် ... “တုတ်ရှည်”
နောက်တယောက် .. “တုတ်ရှည်”တဲ့
ဒီလိုနဲ့ နှိုက်ကြတာ တုတ်ရှည်ပေါက်တာက ငါးယောက်တောင် ရှိနေပါပြီ။ ငါးယောက်ပြီးသွားတော့ သုံးယောက်ပဲ ကျန်တော့တယ်။ ကျန်တဲ့ သုံးယောက်က ကျနော်ရယ်။ အဲဒီကောင် (ချစ်သူနဲ့ တွေ့ချင်တဲ့ကောင်)ရယ်။ မဲကိုင်တဲ့ တယောက်ပါပဲ။ ကျနော်လည်း
“မထူးဘူး။ ငါအရင်နှိုက်မှ ဖြစ်မယ်။ တော်ကြာ ဟိုကောင် အရှည်ပဲ ထပ်ကျရင် မလွယ်ဘူး” ဆိုတာနဲ့ ကျနော် နှိုက်လိုက်တယ်။ ရင်ထဲမှာတော့ ဘုရားတနေတာ ဘယ်သူမှမသိဘူး။ ဟ .. ဟ
ဖွ .. ထွက်လာပါပြီ။ “တုတ် .. ရှည်” ဆိုပဲ။ ကျနော် ပြောလိုက်တာဗျာ။ ထအော်မိလို့ အကုန်လုံး ၀ိုင်းကန်ကြတာ။ မနဲကြီး ကိုယ့်ပါးစပ်ကို ဘရိတ်အုပ်လိုက်ရတယ်။ ဟ .. ဟ ပျော်သွားတာပဲ။ နောက်ဆုံးတော့ မဲကိုင်ဒိုင်လုပ်တဲ့ ကောင်ပဲ မဲပေါက်သွားတယ်။ ကံဆိုးပေတာကိုး။

ကဲ .. မောင်ကံဆိုးလေးရေ။ သွားပေတော့ ကိုယ်တို့ကတော့ ခြံအပြင်ကနေ စောင့်နေရော့မယ်။ အောင်နိုင်သူလေသံတွေနဲ့ ပြောလိုက်ကြတာပါ။ ဒီကောင့်ခမျာ။ မျက်နှာ မဲ့ရွဲ့ပြီး သိပ်သိပ်ကလေး ထွက်သွားရတယ်။ အဲ .. မဟုတ်ဘူး။ ၀င်သွားရတာပါ။ ကောင်မလေး အခန်းက ဘယ်အခန်းလည်း ဆို တာ သူ့ချစ်သူတောင် မသိတာ ကျနော်တို့က ဘယ်လိုလုပ်သိမှာလဲ။ အခုတော့ ရင် တဒိုင်းဒိုင်းနဲ့ စောင့်မျှော်နေကြရတယ်။

ဝင်သွားတဲ့ကောင်က ဘယ်လို တခန်းထနေတယ် မသိပါဘူး စောင့်နေရတာ နာရီဝက်တောင် ကြာနေပြီး မထွက်လာသေးဘူး။ ကျန်ခဲ့တဲ့ ကျနော်တို့က ချစ်သူနဲ့ တွေရမယ့်ကောင်က ၀ိုင်းပြောကြ ပြန်တယ်။
“ဟဲ့.. ကောင်။ မင်း သိပ်ပြီး စိတ်လှုပ်ရှားမနေနဲ့တော့ ခုလောက်ဆို ဟိုကောင်နဲ့ မင်း ချစ်သူတို့ တွေ့လို့ တခြားအပေါက်ကနေ ထွက်သွားသလားမသိဘူး”။ နောက်တယောက်က “ တော်ကြာ ... မင်း အထီးကျန်ဖြစ်နေဦးမယ်နော် ... ဟ ... ဟ” ။ “ကဲ ... မင်း ဘယ်လိုလုပ်မလဲ ပြောကွာ”ဆိုပြီး ကျနော်တို့ တတွေ ၀ိုင်းနောက်ကြတာ ဒီကောင်က မျက်နှာငယ်လေးနဲ့ပါ။ ကျနော်တို့ကတော့ ပျော်ရွှင်နေကြပေမယ့် ဒီကောင့်ခမျာ မပျော်နိုင်ပါဘူး။ စောင့်နေတာက မိနစ်လေးဆယ် ပြည့်တော့မယ် လေ။ အမှန်တော့ ကျနော်တို့ ကျနော်တို့ ဒီလိုပဲ စောင့်နေမယ့်အစား ပျော်စရာလေး ဖြစ်အောင် ဒီကောင့်ကို ၀ိုင်းနောက်နေကြတာပါ။

တယောက်က ... “ မင်းတို့ နားထောင်တဲ့ ခြေသံတွေ ထွက်လာပြီ။” ကျနော်တို့လည်း အပြင်ကနေ အထဲကို ချောင်းကြည့်လိုက်တော့ မှန်လိုက်လေ။ ဘချောသားက ကောင်မလေး လက်ကို ကိုင်ပြီး ထွက်လာတာကိုး။ ကျနော်တို့ အနားလည်း ရောက်ရော။ “ရော့ ... မင်းကောင်မလေး။ မင်းတို့ တနေရာမှာ သွားတွေ့တော့ဆိုပြီး” ဒေါသသံ နည်းနည်း ပါတယ်ထင်တယ်။ ပြောလိုက်ပါတယ်။ သူတို့ နှစ်ယောက်လည်း ပျော်သွားကြတယ်။ ကျနော်တို့ကိုတောင် မကြည့်တော့ဘူး။ နှစ်ယောက်သား လစ်သွားတယ်။ ဘယ်နေရာလည်းဆိုတာ ကျနော်တို့ မသိကြဘူးလို့ သူတို့ နှစ်ယောက်ကထင်ထား တာလေ။ ဟ .. ဟ

ကောင်မလေးကို သွားခေါ်ထုတ်ခဲ့တဲ့ ကောင်ကို ကျနော်တို့ကြည်လိုက်တော့ အင်း ဘချောသားက ချွေးတွေ ထွက်နေတာ မနည်းဘူး။ မျက်နှာ။ ကိုယ်လုံး စသဖြင့် အကုန်လုံးကိုပါပဲ။ ကျနော်တို့လည်း ဒီကောင့်ကို ၀ိုင်းမေးကြတယ်။
“မင်း ဘယ်လိုလုပ် ကောင်မလေးကို ရအောင်ခေါ်ထုတ်လာလဲကွ”ပေါ့။
ဒီမှာတင် ဒီကောင်က မပြောချင်ပြောချင် မျက်နှာနဲ့ “မင်းတို့က မေးနိုင်တာပေါ့လေ .. ငါ့မှာတော့ ကောင်မလေး အခန်းကို လိုက်ရှာရတာ အခန်းက လေးခန်းတောင်ရှိတယ်.. ဟိုကောင့် ကောင်မလေးက ဘယ်နေရာမှာလဲ ငါမှမသိတာ။ ဒါနဲ့ ငါလည်း ထရံပေါက်ကနေ လိုက်ချောင်းနေရ တာ။ မလွယ်ဘူးကွ။ ကောင်မလေး အဖေနဲ့ အမေတွေ။ အကိုတွေ နိုးလို့ကတော့ မလွယ်ပါဘူး။ သိသွားလို့ကတော့ ငါတို့ အကုန်လုံး ရုံးရောက်ကုန်မှာလေ။ ငါလည်း စိတ်ရှည်ရှည်နဲ့ လိုက်ချောင်းတာ။ ဟဲ .. ဟဲ အဲဒီမှာလေ အဘိုးကြီးနဲ့ အဘွားကြီး ဖတ်ပြီး နေကြတာတွေ့တယ်။ (တယောက်နဲ့ တယောက် ဖတ်ပြီး အိပ်ပျော်နေကြတာကို ပြောတာပါ။ တမျိုးမထင်နဲ့)။ အဲဒါနဲ့ ငါလည်း နာရီတော် တော်ကြာ ကောင်မလေးကို ဖြည်းဖြည်းနဲ့ စိတ်ရှည်ရှည်ထားပြီး ရှာနေရတယ်။ အဲဒါကြောင့် ငါ နာရီဝက်ကျော် ကြာသွားတာပါ။ အဲဒီလိုကြာပြီးမှ ကောင်မလေးကို တွေ့တယ်။ ကောင်မလေးက တော်တာ် အိပ်ပုတ်ကြီးတယ်ကွာ။ ငါ ခေါ်တာတောင် မကြားနိုင်ဘူး။ အိပ်နေတာက သူများတွေ ပျော်နေတဲ့ အချိန်မှာ ဒီကောင်မလေးက အိပ်ပျော်နိုတယ်။ အဲဒီအချိန် သူ့ကောင်လေးကို သတိ တောင် ရပါ့မလားမသိပါဘူး။ ဒါနဲ့ လည်း ထရံပေါက်ကြားကနေ တုတ်တချောင်းထိုးထည့်ပြီးတော နိုးရတယ်။ တော်ပါသေးရဲ့ ကောင်မလေးက မအော်လို့က အော်များ အော်လိုက်ရင် မတွေးရဲစရာကွာ။ ငါလည်း ကောင်မလေး နိုးနိုးချင်း ငါ့နာမည်ပြောပြလိုက်တယ်။ ပြီးတော့ နင့်ကောင် လာခေါ်ခိုင်းတာလို့ နင့်ကောင်က အပြင်မှာ စောင့်နေတယ် မြန်မြန်ထ လိုက်ခဲ့။ ဒါပဲဆိုပြီး ငါစောင့်လိုက်ရသေးတယ်။ မချောသားကလည်း မယုံဘူးလားမသိပါဘူး။ ငါ ငါးမိနစ်တောင် စောင့်ရသေးတယ်။ မချောသား အောက်လည်းရောက်ရော မင်းတို့ဆီ လက်ကိုဆွဲ ခေါ်ခဲ့တာကွ။ ထွီး … မလွယ်ဘူး။ ကဲ .. ဇာတ်လမ်း က ဆုံးပြီး ဟိုနှစ်ယောက်ကို သွားချောင်းဖို့ ကျန်သေးတယ် မြန်မြန်လုပ်” ဆိုပြီး အဲဒီကောင် လောဆော်လိုက်တယ်။ ကျနော်တို့လည်း အဲဒါကြတော့ မြန်သား။ ဟိုနှစ်ယောက်ထွက်သွားတဲ့ နေရာ ရောက်တော့ … အင်း သူတို့နှစ်ယောက် “ခစ် ခစ် .. ဟိ ဟိ”တွေ ရယ်နေလို့။

သူတို့ နှစ်ယောက် ပြောစကားတွေ နားထောင်။ သူတို့ ဘာတွေများလုပ်မလဲလို့ ကြည့်နေကြတာ။ တယောက်မှလည်း အသံမထွက်ရဲဘူး။ ထွက်လို့ကတော့ သူတို့နှစ်ယောက် ထပြေးမှာကိုပါ။ အဲဒီလိုမျိုး ကြည့်နေတုန်း။ ကျနော်တို့ထဲမှာ တယောက်ထက်လျော့နေတယ်။ ကြည့်လိုက်တော့ မတွေ့တော့ဘူး။

ကျနော်ထင်တယ်။ နာရီဝက်တောင် မကြာဘူး။ ပျောက်သွားတဲ့ကောင် ပြန်ရောက်လာတယ်။ မျက်နှာ က ဖူးနေပြီ။ ဒီကောင် ပြဿနာဖြစ်ခဲ့ပြီဆိုတာ သိလိုက်ကြတယ်။ ဒီကောင်က ခံရတာကို အငြိမ်မနေ နိုင်ဘူး။ ပါးစပ်က ပွစိ .. ပွစိနဲ့ ပဌာန်းရွတ်နေတယ်။ ကျနော်တို့ကို မဲဆွယ်နေတယ်လေ။ သူ့ကို ချလိုက် တဲ့ကောင်တွေကို သွားပြန်ချမယ် တကဲ .. ကဲပဲ။ တားလို့လဲမရဘူး။ ကျနော်တို့လည်း အဲဒီလိုဖြစ်နေ တော့ ဟိုနှစ်ယောက် ချိန်းတွေ့နေတာကို ကျနော်တို့က ချောင်းကြည့်တယ်ဆိုတာ ပေါ်ကုန်ပြီပေါ့ဗျာ။ ဟိုနှစ်ယောက်လဲ စိတ်တို။ ခံရတဲ့ ကောင်ကလည်း ပွစိ .. ပွစိနဲ့ဆိုတော့ ကျနော်တို့ထဲမှာ စိတ်မြန်လက်မြန်။ ဒေါသကြီးတတ်တဲ့ တကောင်ပါတယ်။ ဒီကောင် “၀ုန်း” ဆို ထပြောတယ်။
“ကဲ မင်း ဖြစ်ချင်တာကို ငါတို့ လုပ်ပေးမယ်။ ကဲ … ဟဲ့ကောင်တွေ တွေဝမနေနဲ့ သွားချမယ် .. လာ။” ဆိုတော့ အားလုံးလည်း မနေနိုင်ဘူး။ ချီတက်သွားကြတယ်။ ဒီထဲမှာ ချစ်သူနဲ့ တွေ့တဲ့အကောင်လည်း ပါတယ်။ သူ့ကောင်မလေးကိုတော့ သူ့အိမ် အရင်ပြန်ပို့ပေးလိုက်တယ်။ ပြီးတာနဲ့ ကျနော်တို့အားလုံး ရန်ဖြစ်ခဲ့တဲ့ နေရာကို အရောက်သွားကြတယ်။

ရောက်ပါပြီ။ ကျနော်တို့ကောင် ခံခဲ့ရတဲ့နေရာကိုပါ။ အားပါးပါး ဒီကောင်ခံရမှာပေါ့ ဟိုဘက်က ကောင်တွေက လူဆယ်ယောက်တောင်ဆိုတော့ မခံရပဲ နေမလား။ ကျနော်တို့တောင် နည်းနည်း ရှိန်သွားတယ်။ အဲဒီထဲမှာ ကျနော်က သတ္တိနည်းတယ်ဗျ။ ကိုယ့်အသားနာမှာကို အရမ်းစိုးရိမ်တယ်။ ရန်လည်း မဖြစ်ချင်ဘူး။ ကျနော့် ကောင်တွေကို ထိန်းကြည့်ပါသေးတယ်။ မရတော့ဘူး။ ဘာမပြော .. ညာမပြော သွားဆွဲထိုးပြီလေ။ ကျနော်က နောက်ဆုံးကနေ လိုက်သွားရတယ်။ တော်သေးတယ်။ ကျနော်နဲ့ ချရမယ့်အကောင်က နည်းနည်း သေးလို့။ ကျနော်ကလည်း ဗလကလည်း မရှိတာနဲ့လေ အံကိုက်ဖြစ်သွားတယ်။ ဖိုက် .. ကြပါပြီဗျာ။ ကျနော်တို့ ဖြစ်တဲ့နေရာက ချောင်းဘေး။ ကွက်လပ်နေရာ မှာဆိုတော့ ရှင်းနေတာပဲ။ လကလည်း သာနေတယ်။ ကျန်တဲ့ကောင်တွေကတော့ နွားသိုး ကြိုးပျက် သွားသလိုပါပဲ။ နတ်ပူးသလို ချကြ။ ဖိုက်ကြတော့တာပါပဲ။ ကျနော်နဲ့ ကျနော့်ရန်သူကတော့ မဖိုက်ကြသေးဘူး။ ဘယ်သူ အရင်ချမလဲလို့ တယောက်ကို တယောက်ကြည့်နေကြတာပါ။

အဲဒီလို တယောက်ကို တယောက် ကြည့်လိုက်။ ဟိုလှည့်လိုက်။ ဒီလှည့်လိုက်နဲ့ ဟိုကောင်တွေ ချတာ မောလို့ ပြီးကုန်တဲ့အထိ ကျနော်တို့ နှစ်ယောက်က မဖိုက်ရသေးဘူး။ ကံကောင်းတယ်လို့ ပြောရမလား တော့မသိဘူး။ ကျနော်ကလည်း ရန်မဖြစ်ချင်တာနဲ့ဆိုတော့ သူ့ဖက်လည်း အဲဒီလိုပဲလားတော့ မသိဘူး ကျနော့်အဖို့တော့ ကံကောင်းတယ်။ အသားလည်း မနာတော့ဘူး။ ကျနော့်ကောင်တွေကို ပြန်ခေါ်လာ ရတော့တယ်။ ဟ … ဟ .. ဟ ကျနော့်ကောင်တွေကတော့ နဖူးကွဲတဲ့လူက ကွဲ။ လက်။ တံတောင်စေ့ တွေ ကွဲသူက ကွဲပေါ့။ ကျနော်တို့လည်း ကြာကြာမနေရဲဘူး… တော်ကြာ လုံခြုံရေးတွေ ရောက်လာရင် အားလုံး အချုပ်ထဲမှာနေရမယ်။ လုံခြုံရေးတွေကို ကရင်တွေခေါ်တာကတော့ (ဘီဘဲလ်)ပေါ့။

ကျနော်တို့လည်း ကိုယ့်နေရာကို ပြန်ရောက်တာနဲ့ ကျနော်က ပတ်တီးတွေ သွားယူပေးရတော့တာပါပဲ။

ကျနော်တို့ သူငယ်ချင်းတသိုက်ရဲ့ တန်ဆောင်မုန်းလပြည့်နေ့ (ဆေးပေါင်းခတဲ့ ည)ကို ဖြတ်သန်းခဲ့ကြ တာ ကြာပါပြီး။ အခု ပြန်လည်ပြောပြရင်း ကျနော့်ရဲ့ သူငယ်ချင်းအားလုံးကို ဆေးပေါင်းခတဲ့ည ရောက်တိုင်း အဲဒီအမှတ်တရလေးတွေကို သတိရနေတယ်ဆိုတဲ့အကြောင်း ဒီမှာတင် ကျနော် ပြောလိုက်ပါတယ်ဗျာ။ (ကျနော်တို့ ဆေးပေါင်းခညမှာ ပျော်ရွှင်စရာ အမှတ်တရလေးတွေကို ပြောပြ လိုက်တာပါ)

ကဲ … ဒီလောက်ဆို ကျနော့်ရဲ့ “တန်ဆောင်မုန်းလ ဆေးပေါင်းခ” အကြောင်းက လုံလောက်သွားပြီ ထင်ပါတယ်နော်။ အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေဗျာ။

4 comments:

မင်းကျန်စစ် said...

မာန်လှိုင်းငယ်လောက် မသောင်းကျန်ဖူးပေမယ့် လည်းလည်းလေက်ပဲ လျော့မယ်ထင်တယ်။ ကောင်မလေး ကိစ္စမပါတာက လွဲလို့ပေါ့။ ဆေးပေါင်းခတဲ့ညကို ကျွန်တော်လဲ ဝေးနေတာ ၅ နှစ်ရှိပါပြီ။ ငယ်ဘဝက အဲဒီညမှာ သောင်းကျန်းခဲ့တာလေးကိ ပြန်အမှတ်ရအောင် ရေးခဲ့တဲ့ မာန်လှိုင်းငယ်ကို အရမ်းကျေးဇူးတင်တယ်ဗျာ။ နောက်လဲရေးပါအုံး။

မျှားပြာ said...

ပျော်စရာကြီးဗျာ ကျွန်တော်တို့လဲ အဲလိုပဲဗျ ..
သူငယ်ချင်းတွေကို သတိရသွားတယ် ..။

Winkabar said...

ပျော်စရာကောင်းလိုက်တာအစ်ကိုရယ်ဖတ်ရတာ။ အစ်ကိုကတော့တော်တော်ကံကောင်းတာပဲနော်
အဲဒီညတုန်းက ကပ်သီးလေးလွတ်သွားတယ်။

MELODYMAUNG said...

ကျနော်နဲ့ ကျနော့် ရန်သူကတော့ မဖိုက်ကြသေးဘူးတဲ့ ဟွန့် မဖိုက်ပဲ ဘာလုပ်နေကြတာလဲ :P

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes