နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Tuesday, October 28, 2008

နန္ဒောပနန္ဒနဂါးချွတ်တော်မူပုံ

ကျနော် ဆောင်းပါးတပုဒ်ကို တင်ပေးလိုက်ပါတယ်။ ဘလော့ဂ်မှာ စာမတင်တာ ကြာနေတော့ သူငယ်ချင်းတွေက ပြောနေကြတယ်။ အထူးသဖြင့် ကျနော်အခင်မင်ရဆုံးသူငယ်ချင်း တယောက်ကိုလည်း အားနာတာနဲ့ အမြဲအားပေးနေတဲ့ သူငယ်ချင်းလေးပါ။ အခု အဲဒီအတွက် တောင်းပန်တဲ့အနေနဲ့ စာတင်ပေးလိုက်ပါတယ်။ ကိုယ့်ကိုယ်ပိုင်စာတော့ မဟုတ်ပါဘူး၊ အီးမေးထဲကို ပို့လာပေးတဲ့ စာပါ၊ ဆရာကြီးလူထုစိန်ဝင်းရဲ့ စာပါ၊ မေတ္တာအကြောင်းကို ရေးဖွဲ့ ထားတဲ့ စာပါ၊ ဒီစာကို ဖတ်ရင်းနဲ့ သူငယ်ချင်းအားလုံး။ အချစ်ရဆုံးသူငယ်ချင်းကို ပေးဖတ်ချင်တာနဲ့ တင်ပေးလိုက်ပါတယ်။ အားလုံးပဲ ဒီဆောင်းပါးကို ဖတ်ပြီးကြသူတွေလည်း ရှိမှာပါ၊ ဒါပေမယ့် ကျနော် ပြန်တင်ပေးလိုက်တယ်ဗျာ၊ အားလုံး မေတ္တာထားခြင်းသည်း ကိုယ့်ကိုယ်လည်း မေတ္တာရောင်ပြန်သက်ရောက်လာပါလိမ့်မယ်ဗျာ၊


နန္ဒောပနန္ဒနဂါးချွတ်တော်မူပုံ
လူထုစိန်ဝင်း

''မေတ္တာ''ဆိုတဲ့ခေါင်းစဉ်နဲ့ စာတစ်ပုဒ်ရေးပေးဖို့လူငယ်တစ်ယောက်က မေတ္တာရပ်ခံလာပါတယ်။မေတ္တာ နဲ့ပတ်သက်တဲ့ စာရေးဆရာအသီးသီးရဲ့အမြင်များကို လုံးချင်းစာအုပ် ထုတ်ချင်လို့ပါလို့ဆိုပါတယ်။ စာမူတွေစုံသလောက်ရှိနေပြီမို့ ရုံးတင် တော့မှာလို့လည်းပြောတာကြောင့် သွက်သွက်ကလေးရေးပေးရမယ့် သဘောဖြစ်ပါတယ်။လူငယ်များကို တတ်စွမ်းသမျအားပေးနေကျဖြစ်တဲ့အတိုင်း ရေးပေးပါမယ်လို့ကတိပေး လိုက်ပါတယ်။


ရှာမှရှားတဲ့စိတ်ဓာတ်
ကတိသာပေးလိုက်တာ။ရေးဖို့တော့ တော်တော်လက်တွန့်ပါတယ်။အကြောင်းရာကလေးနက်လွန်း လေတော့ မရေးခင် အများကြီးချင့်ချိန်ရတယ်။ဘာသာတရားမှာ အလေးအနက်မွေ့လျောတဲ့ဘိုးဘွား မိဘများရဲ့အဆုံးအမအောက်မှာ ကြီးပြင်းခဲ့ရ တာဖြစ်တာကြောင့် မေတ္တာ၊ ကရုဏာ၊ စေတနာဆိုတဲ့စကား များကို ငယ်စဉ်ကတည်းက ရင်းနှီးယဉ်ပါးခဲ့ပါတယ်။ လေးလေးနက်နက်လည်း တန်ဖိုးထားခဲ့တယ်။ဒီစကား သုံးလုံးနဲ့ မြန်မာလူမျိုးတို့ရဲ့ဂုဏ်သိက္ခာ၊ ကမ္ဘာအလယ်မှာ ထင်ရှားဝင့်ကြွား နိုင်ခဲ့တာကိုလည်း သတိပြုမိတယ်။နိုင်ငံခြားသားများရေးတဲ့ မြန်မာအကြောင်း စာအုပ်တိုင်းလိုလိုမှာ မြန်မာလူမျိုးတို့ရဲ့''မေတ္တာ၊ စေတနာ၊ ကရုဏာ''တို့ဟာ ရှာမှရှားဆိုရလောက်အောင်ကို ထူးခြားမြင့်မြတ်လှကြောင်းရေးကြတာတွေကို တွေ့ရလေ့ရှိတယ်။
ခါးခါးသည်းမုန်းခဲ့ပေမယ့်
အထူးသဖြင့် စစ်အတွင်းကာလက စစ်ပြေးခေါ်ရာစစ်သားတွေရဲ့ ကုလားလူမျိုးတွေကို လမ်းခရီးတစ် လျောက်မှာရှိတဲ့ မြို့တွေရွာတွေက မြန်မာလူမျိုးများက ရက်ရက်ရောရောကျွေးကြမွေးကြစောင့်ရှောက်ကြ တာတွေကို အနောက်နိုင်ငံသား စာရေးဆရာများက တအံ့တသြရေးသားခဲ့ကြသလို၊ စစ်ပြန်ဂျပန်စာရေး ဆရာတွေကလည်း သူတို့စစ်ပြေး ဂျပန်စစ်သားတွေကို မြန်မာရွာသူရွာသားများက ကရုဏာအပြည့်နဲ့ စောင့်ရှောက်ကျွေးမွေးခဲ့တာများကို တသသနဲ့ကျေးဇူးတင်မဆုံးရေးသားခဲ့ကြတယ်။
စစ်မဖြစ်ခင်ကဆိုရင် ကိုယ့်လူမျိုးကို ''ထီးကျိုးစည်ပေါက်'' ဖြစ်အောင်လုပ်ခဲ့ကြတဲ့ နယ်ချဲ့တွေဆိုပြီး မျက်နှာဖြူမှန်သမျကို မြန်မာတွေက ခါးခါးသည်းမုန်းခဲ့ကြတာ။စစ်ဖြစ်ပြီးနောက် ရောက်လာတဲ့ ဂျပန်ဖက်ဆစ်တွေကလည်း မြန်မာတွေကို ပါးရိုက်၊ နားရိုက်၊ လက်သည်းခွံခွာနဲ့ ရိုင်းရိုင်းစိုင်းစိုင်း ကြမ်း ကြမ်းတမ်းတမ်းပြုမူကြလေတော့ အကြီးအကျယ်အော့နှလုံးနာခဲ့ကြတာ။ ဒီအထဲကတောင် သူတို့တတွေ ဒုက္ခရောက်ကြလေတော့ မြန်မာလူမျိုးများဟာ မျက်နှာလွှဲမနေနိုင်ကြဘဲ ကိုယ်တိုင် ဗုံးဒဏ်၊ စက်သေနတ်ဒဏ်ကြောက်နေရတဲ့ကြားက ရှိသမျလေး ခွဲဝေကျွေးမွေးပြီး ခိုအောင်းစရာရှာဖွေပေးခဲ့ကြ လေတယ်။
တုံ့ပြန်ကျေးဇူး
ဒီဘက်ခေတ်မှာလည်း မြန်မာပြည်ကိုရောက်ဖူးတဲ့ ဘယ်နိုင်ငံခြားသားကိုဖြစ်ဖြစ်၊ မြန်မာနိုင်ငံနဲ့ပတ်သက် ပြီးအမှတ်အရဆုံးအကြောင်းအရာဟာ ဘာပါလဲလို့မေးကြည့်လိုက်တိုင်း၊ မြန်မာလူမျိုးတို့ရဲ့မေတ္တာ စေတနာပါလို့ဖြေကြတာချည်းပါပဲ။ဗုဒ္ဓတရားတော်များရဲ့အဆုံးအမနဲ့ ကြီးပြင်းလာရတာကြောင့် မြန်မာလူ မျိုးတိုင်းဟာ မေတ္တာ၊ စေတနာတို့ရဲ့ မြင့်မြတ်မှုနဲ့ တန်ဖိုးစွမ်းအားကို ချွင်းချက်မရှိယုံကြည်ကြပါတယ်။
ကိုယ်တိုင်လည်း ကိစ္စများမြောင် လူတို့ဘောင်ရဲ့ ၀ိစိကိစ္ဆာအမျိုးမျိုးကြားမှာ ပွေလီရှုပ်ထွေးနေရတာကြောင့် ဘုရားရိပ်တရားရိပ်နဲ့ အလှမ်းကွာ ဝေးနေဆဲဖြစ်ပေမယ့် မေတ္တာ၊ စေတနာတို့ရဲ့ တန်ခိုးစွမ်းအားကိုတော့ အကြွင်းမဲ့ယုံကြည်ခဲ့ပါတယ်။၁၉၈၀ လောက်ကစပြီး ဒုက္ခိတဘ၀နဲ့ အိုးမကွာအိမ်မကွာလုပ်နိုင်တဲ့ စကားပြောသင်တန်းတော့ဖွင့်ထားခဲ့ရာမှာ ပညာနဲ့စီးပွားရှာစားတဲ့ ''ပညာ ရေးပွဲစား''မဖြစ်စေရဘူးဆိုတဲ့ အဓိဌာန်ခိုင်ခိုင်မာမာချပြီးလုပ်ခဲ့လေတော့ တုံ့ပြန်ကျေးဇူးတွေကို အတောမသပ် နိုင်အောင်ရရှိခံစားခဲ့ရတာကို လက်တွေ့ကြုံခဲ့ဖူးပါတယ်။၁၉၈၀ခုနှစ်လောက်က သင်တန်းကြေး ၃၀၀ိ/- နဲ့ မတတ်မချင်းကြိုက်သလောက် တတ်၊ ငါးနှစ်တက်တက်၊ ဆယ်နှစ်တက်တက် လခထပ်ပေးစရာမလိုဘူးလို့ဖွင့်ခဲ့တာဖြစ်လေတော့ ကျောင်းသားသစ်လက်မခံပါဆိုတဲ့ ဆိုင်းဘုတ်ဆယ့်နှစ်ရာသီချိတ်ဆွဲထားရလောက်အောင် သင်တန်းသားတွေ ကြိတ်ကြိတ်တိုးစည်ကားနေပေမယ့် သူများကျူရှင်ဆရာတွေလို သူဋ္ဌေးတော့မဖြစ်ခဲ့ဘူး။
ဒါပေမယ့် ဘယ် သူဌေးသူကြွယ်မင်းစိုးရာဇာတွေမှမရနိုင်တဲ့မေတ္တာစေတနာတွေကိုတော့ စာမသင်တာ အတော်ကြာနေပြီဖြစ် တာတောင် ဒီနေ့ထိအလျံပယ် ခံစားနေရဆဲဖြစ်တယ်။မေတ္တာပေးရင် မေတ္တာရ တယ်ဆိုတာကိုတော့ အကြွင်းမဲ့ယုံကြည်ခဲ့၊ ယုံကြည်ဆဲဖြစ်တယ်။
လူသားအားလုံး နားလည်ကြပါရဲ့လား
ကိုယ်ကမေတ္တာတရားကို အကြွင်းမဲ့ယုံကြည်ပြီး လောကကို မေတ္တာထားနေပေမယ့် လောကလူသားအား လုံးက မေတ္တာတရားကို နားလည်ကြပါရဲ့လား၊ပွားများနိုင်ကြပါရဲ့လား။ ခံယူနိုင်ပါရဲ့လား။သမိုင်းကြောင်းကို ပြန်လည်သုံးသပ်ပြီး လောကကိုမျော်မှန်းကြည့်ရှုလိုက်တော့ သတ္တလောကကြီးတစ်ခုလုံးဟာ ပစ္စန္တရာဇ်အရပ်သဖွယ် စရိုက်ညွှန်တောကြီးအတွင်း နစ်ပြီးရင်းနစ်နေတဲ့စက်ဆုပ်စရာလောကကြီးအဖြစ် သာမြင်နေရတော့တယ်။
ကောင်းဘွိုင်တွေနားလည်ပါ့မလား
သမိုင်းခေတ်တစ်ခေတ်တုန်းက ဟစ်တလာတို့ မူဆိုလီနီတို့ တိုဂျိုတို့လို လက်နက်အားကိုးတဲ့စစ်ဝါဒီများ ကို ယဉ်ကျေးတဲ့ကမ္ဘာတစ်ခုလုံးက မေတ္တာစကား၊ ငြိမ်းချမ်းရေးစကား တွေပြောပြီး ချစ်ကြည်ရေး၊ ငြိမ်းချမ်းရေးစာချုပ်တွေချုပ်ဆိုခဲ့ကြတာပဲ။ဒါပေမယ့် သူတို့တတွေ နားလည်တန်ဖိုးထားခဲ့ကြရဲ့လား။ အခုခေတ်မှာလည်း အီရတ်တို့အာဖဂန်နစ္စတန်တို့ကသားသည်မိခင်တွေက မေတ္တာစကား၊ ငြိမ်းချမ်းရေး စကားတွေမနားတမ်းပြောနေကြပြီး ဗုံးမိုးကျည် ဆံမိုးတွေရွာချနေတာကို ရပ်စဲဖို့ အသနားခံတောင်းပန် နေကြတာပဲ။
ဒါပေမယ့် မေတ္တာဆိုတာ မေတ္တာတရားအကြောင်းနားလည်တဲ့ သူတွေနဲ့တွေ့မှ တန်ဖိုးရှိတယ်လို့ ထင်မိတာပဲ။စွမ်းအားချင်းရင်ဆိုင်တာ မြန်မာလူမျိုး အများစုဟာ ရိုင်းစိုင်းကြမ်းတမ်းလှပြီး တန်ခိုးစွမ်းအားလည်းထက်မြက်လှတဲ့ နန္ဒောပနန္ဒနဂါးကြီးကို ဗုဒ္ဓဘုရားရှင်က ဘယ်လိုရင်ဆိုင်ခဲ့သလဲ ဆိုတာကို ကြားဖူးကြမှာပါ။ နဂါးကြီးဟာ ဘယ်လောက်များတန်ခိုးစွမ်းအားကြီးမားလိုက်သလဲဆိုရင် သူပါးပြင်းထောင်ထားရင် မြင့်မိုရ်တောင်နဲ့တကွ နတ်ပြည်ခြောက်ထပ်ကိုပါ မမြင်နိုင်အောင်ဖုံးကွယ် သွားပါသတဲ့။
မျက်စောင်းတချက်ထိုးလိုက်တာနဲ့ အရာရာဟာ ပြာဖြစ်သွားပါ သတဲ့။ အဲဒီနဂါးကြီးကို ရင်ဆိုင်ဖို့ မြတ်စွာဘုရားက ရှင်မောဂ္ဂယဉ်ကိုယ်တော်ကြီးကို အမိန့်တော်ရှိတဲ့အခါမှာ ရဟန္တာကိုယ်တော်ကြီးက နန္ဒောပနန္ဒထက် အဆပေါင်းများစွာကြီးတဲ့ နဂါးကြီးသဏ္ဍာန်ဖန်ဆင်းပြီး နဂါးကြီးကို ဆယ့်လေးပတ် ရစ်ပတ်ပြီးမှ မြင့်မိုရ်တောင်နဲ့ဖိကြိတ်ပါသတဲ့။နဂါးကြီးမှုတ်ထုတ်တဲ့အဆိပ်မီးထက် အပြန်တစ်ရာသာတဲ့ အဆိပ်မီးကို ထုတ်လွှတ်ပြီးနှိပ်နယ်ပါတယ်။ဒါတင်မက နဂါးကြီးရဲ့ဘယ်ဘက်နားက၀င်ပြီး ညာဘက်နားကထွက်၊ နဂါးကြီးရဲ့အာခံတွင်းက၀င်ပြီး အစာအိမ်ထဲမှာ စင်္ကြန်ကြွလုပ်ပြီး တန်ခိုးပြတော်မူပါတယ်။အဲဒီလိုအကြိမ်ကြိမ်အထပ်ထပ် သူ့ထက်အဆမတန်အင်အားကြီးမားတဲ့ တန်ခိုးစွမ်းအားကိုပြသပါမှပဲ နဂါးကြီးဟာ အားမတန်မာန်လျော့ပြီး မြတ်စွာဘုရားရဲ့ခြေတော်ရင်းမှဝပ် စင်းလာရပါတော့တယ်။
နဂါးနိုင်လက်နက်သုံးဖို့လို
ဗုဒ္ဓဘုရားရှင်ဆိုတာ မေတ္တာအရှင်၊ ကရုဏာသခင်ဖြစ်ပါတယ်။ဗုဒ္ဓဘာသာဝင်တိုင်း ဘုရားရှင်ရဲ့ တရားကို ဦးထိပ်ပန်ဆင်ပြီး မေတ္တာတရားကို လက်ကိုင်ထားပွားများကြပါတယ်။ဒါပေမယ့်လို့မေတ္တာတရား ကိုနားမလည်တဲ့နန္ဒောပနန္ဒနဂါးမင်း လို အရိုင်းအစိုင်းကိုရင်ဆိုင်တဲ့အခါကျတော့ ဗုဒ္ဓဘုရားသခင်ပင်လျင် နဂါးနားလည်တဲ့ဘာသာစကားဖြစ်တဲ့ တန်ခိုးစွမ်းအားကို သူထက်အဆ ပေါင်းများစွာသာလွန်ကြောင်းပြသ မာန်စွယ်ကျိုးစေပြီးမှ တရားပြချွတ်တော်မူခဲ့တာဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

Thursday, October 9, 2008

ထိတွေ့ခံစားပြီး

ထိတွေ့ခံစားပြီး

မာန်လှိုင်းငယ်

လေပြေလေညင်းလေတွေက
လတ်လတ်ဆတ်ဆတ်ပါ
ထိတွေ့ခံစားပြီး
အတိတ်က အကြောင်းအရာတွေကို
ခဏလေးဖြစ်ဖြစ်၊ စက္ကန့်ဝက်လေးဖြစ်ဖြစ် ရှာကြည့်ပါ။


လေပြေလေညင်းလေးတွေက
လတ်လတ်ဆတ်ဆတ်ပါ
ထိတွေ့ခံစားပြီး
ပစ္စုပ္ပန်အတွက် ဘာတွေများလုပ်ပေးသင့်သလဲ
ခဏလေးဖြစ်ဖြစ်၊ စက္ကန့်ဝက်လေးဖြစ်ဖြစ် စဉ်းစားကြည့်ပါ။

လေပြေလေညင်းလေးတွေက
လတ်လတ်ဆတ်ဆတ်ပါ
ထိတွေ့ခံစားပြီး
အနာဂတ်မှာ ကိုယ့်သမိုင်းအတွက်
ဘယ်လိုရေးထိုးထွင်းထုကြမလဲ
ခဏလေးဖြစ်ဖြစ်၊ စက္ကန့်ဝက်လေးဖြစ်ဖြစ် တွေးကြည့်ပါ။

2008 ခုနှစ်၊ အောက်တိုဘာလ (9)ရက်။

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes