နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Wednesday, December 31, 2008

တူတူပျော်ပျော်

မာန်လှိုင်းငယ်

ကဲ … …
နှစ်သစ်ကို ကြို၊ လူတွေ ပျော်ဖို့
နွှဲလိုက်ရအောင်၊ ဒီညမှာပေါ့
တူတူပျော်ပျော်၊ ယှဉ်ကာတွဲကာ။


ဝိုင်းကြီးပတ်မယ်၊ မီးပုံနံဘေး
ဆိုကြမယ် ဟေ့၊ သီချင်းကို ကွယ်
တူတူပျော်ပျော်၊ ခုန်ကာကကာ။

ဝိုင်းထိုင်လိုက်မယ်၊ မီးပုံနံဘေး
ဂီတာကို တီး၊ လူတွေ မူးလို့
တူတူပျော်ပျော်၊ အော်ကာဟစ်ကာ။

ကဲ … …
အားလုံး အတူ၊ အော်လိုက်ရအောင်
ဝမ်း တူး သုံး …
`ဟတ်ပီး နယူး ရီးရား´၊ `၂ ၀ ၀ ၉´
`ဟတ်ပီး နယူး ရီးရား´၊ `၂ ၀ ၀ ၉´။

ကဲ … …
နှစ်သစ်ရောက်ပြီ၊ နိုးထကြစို့
နှစ်သစ်မနက်၊ ပျော်မြူးကြဖို့
သူငယ်ချင်းတို့ … … ။ ။

၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာလ (၃၁)ရက်။

Tuesday, December 30, 2008

မနက်ဖြန်ဆိုတာ ညတညပဲ ခြားတယ်

မာန်လှိုင်းငယ်

အနှစ်နှစ်ဆယ် …
ကျစ်ကျစ်လျစ်လျစ် ဆုပ်ကိုင်ပြဖို့
ခါးသီးနာကျင်မှုတွေ အပြည့်ပဲရှိတယ်။


အနှစ်နှစ်ဆယ် …
သံလွင်ခက်နဲ့ ဂျိုးဖြူငှက်လည်း
အမှန်တရားနှင့် ငြိမ်းချမ်းမှုရဲ့ သင်္ကေတအဖြစ် ရှိနေမြဲ။

အနှစ်နှစ်ဆယ် …
နာဂစ်ခြေဖ၀ါးအောက်
ကူပါ … ကယ်ပါ …
တစာစာ အသံတွေလည်း
ဝပ်တွားခယခဲ့ရပြီးပါပြီ။

အနှစ်နှစ်ဆယ် …
ကောက်ရိုးအဆွေးတွေ ပြာကျဖို့
လောင်ကျွမ်းမှု ခလုတ်ကို
တချို့က မျက်လုံးမှိတ် ရှာနေတုန်း
တချို့က စမ်းတ၀ါးဝါး ရှာနေတုန်း
တချို့က တတ်သုတ်ရိုက် နှိပ်နေတုန်း
တချို့က ပင်ပန်းမောဟိုက်စွာ နှိပ်နေတုန်း
တချို့က ရဲဝံ့ပြတ်သားစွာ ထိနေတုန်း
တချို့က ယုံကြည်ခိုင်မာစွာ ထိနေတုန်း
တချို့က စတေးခံ ရင်ဆိုရင် ခလုတ်ကို နှိပ်လိုက်နိုင်တယ်။

အနှစ်နှစ်ဆယ် …
ခါးသီးမှုတွေ
နာကျင်မှုတွေ
သက်သာယာ။ သက်သာကြောင်း
အဆိပ်ပါတဲ့ရေကို မသိကျိုးကျွံ သောက်သုံးနေတယ်။

အနှစ်နှစ်ဆယ် …
ဘယ်လောက်ပဲ အသွားထက်ထက်
ဘယ်လောက်ပဲ အဆိပ်ပြင်းပြင်း
ယုံကြည်ရဲမှ
ရင်ဆိုင်ရဲမှ
တောက်ခံနိုင်မှ
အမှန်တရားရဲ့ နေခြည်ဟာ ပေါ်လာမှာပါ။

အနှစ်နှစ်ဆယ် …
ထပ်မံပြီး
လူငယ်တို့ရဲ့ လက်၊ ခြေဖ၀ါးဟာ
မာကျောလာတယ်
ခိုင်မှာလာတယ်
ရဲဝံ့လာတယ်
ပြတ်သားလာတယ်
ကိုယ့်လက်၊ ကိုယ့်ခြေဖ၀ါးကို ငုံ့ကြည့်စရာတောင် မလိုတော့ပါဘူး။

အနှစ်နှစ်ဆယ် …
လူငယ်များရဲ့ ရင်ထဲအသဲထဲ
ဘ၀နဲ့ချီပြီး ခါးသီးမှုတွေ ပြည့်သိပ်လာတာနဲ့အမျှ
တဆတ်ဆတ်နဲ့ အန်ကျလာဖို့ ၀န်မလေးတော့ပါဘူး။

အနှစ်နှစ်ဆယ် …
ကုန်လွန်ခဲ့တဲ့ အိပ်မက်တွေလည်း
ထပ်မံ ရှင်နိုင်ဖို့ …

လူငယ်တို့ရဲ့ လက်၊ ဖြေဖ၀ါးကို ယုံကြည်ရဲမယ်ဆိုရင်
မနက်ဖြန်ဆိုတာ ညတညပဲ ခြားသလို
အနာဂတ်ဆိုတာလည်း တစ်မနက်ပါပဲ။

2008 ခုနှစ်။ ဒီဇင်ဘာလ (29)ရက်။

Friday, November 28, 2008

မိတ်ဆွေ ဘယ်လဲ ဘာလဲ

မာယာအွန်လိုင်းမဂ္ဂဇင်းဘလော့ဂ်ကနေ တဆင့် ကူးယူဖော်ပြလိုက်ခြင်းဖြစ်တယ်။ ဒီနေရာမှာ ကလစ်လိုက်ပါ။ ကျနော် ဆရာလူထုစိန်ဝင်းရေးတဲ့ ဆောင်းပါးလေးတွေကို တတ်နိုင်တလောက်တော့ ပြန်တင်ပေးချင်လို့ပါ။ ကိုယ်တိုင်လည်း ကြိုက်နှစ်သက်တာကြောင့်လည်း ပါ ပါတယ်၊

မိတ်ဆွေ ဘယ်လဲ ဘာလဲ

လူထုစိန်ဝင်း

မိတ်ဆွေ....
သင့်အိမ်ထဲကို တဖက်ခြံက မွေးကင်းစမြွေပွေးတကောင် တိုးဝင်ရောက်ရှိလာတယ်ဆိုရင် သင်ဘာလုပ်မလဲ။အမိဝမ်းဗိုက်က ထွက်လာ ကာစကလေး သနားပါတယ်ဆိုပြီး နို့တိုက်မွေးမြူထား မလား။
ဒါမှမဟုတ်။ တနေ့နေ့မှာ ကိုယ့်အိမ်က ကလေးတွေကို ကိုက်သတ်မယ့် အန္တရာယ် ကောင်လေးလို့ သဘေထားပြီး ရိုက်သတ်ပစ်လိုက် မ လား။
မြွေပွေးလေးတကောင်မဟုတ်ဘဲ၊ မျက်လုံးကလေးတောင် ကောင်းကောင်း မဖွင့်တတ် သေးတဲ့ မွေးကင်းစ ကြောင်ငယ်ကလေးတ ကောင်ကို တွေ့လိုက်ရမယ်ဆိုရင်တော့ မိတ်ဆွေ ဘာလုပ်မလဲ။


ဒီ ဒုတိယမေးခွန်းကို မိတ်ဆွေဘယ်လိုဖြေမယ်ဆိုတာ လူတိုင်းဆဝါး မိနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘယ်လို လူသားမျိုးမဆို ကြောင်သတ္တဝါကို ရွံတတ်မုန်းတတ်သူ ဖြစ်စေအုံးတော့ မွေးကင်းစ သနားစရာ သတ္တဝါလေးတကောင် တကျီကျီ တကျာကျာနဲ့ အော်မြည်နေတာကို မြင်တွေ့လိုက်ရရင် သနားဂရုဏာ သက်ဝင်ပြီး ရင်ခွင်ထဲပွေ့ ပိုက်ထား မိကြမှာ။ နို့ရှာပြီး တိုက်မိကြမှာချည့် ဖြစ်လို့ပါ။ ပထမမေးခွန်းရဲ့ အဖြေကို ဆဝါးမိဖို့ကြတော့ သိတ်မလွယ်လှပါဘူး။ ဘာကြောင့်လဲဆိုတော့ ဖြေတဲ့လူရဲ့ အတွေးအခေါ်ကို လိုက်ပြီး အဖြေ အမျိုးမျိုး ထွက်လာနိုင်လို့ပါ။
မိတ်ဆွေဟာ မြွေပွေးဆိုတာ ကြီးကြီးငယ်ငယ် မြွေပွေးပဲ။ အဆိပ်နဲ့၊ အစွယ်နဲ့၊ လူကို သေစေအန္တရာယ်ဖြစ်စေတဲ့ သတ္တဝါပဲလို့ တွေးမိမယ်ဆိုရင် ကျောက်တုံးကြီးကြီးတတုံးယူပြီး ထုသတ်လိုက်မှာပါ။
မိတ်ဆွေဟာ မြွေပွေးကို မြွေပွေးလို့မတွေးပဲ မွေးကင်းစ သနားစရာ သတ္တဝါ ကလေးတခု အဖြစ်နဲ့သာ တွေးမိမယ်ဆိုရင်တော့ နို့တိုက်ပြီး မွေးမြူထားမိမှာပါ။
မိတ်ဆွေဟာ မြွေပွေးကို မြွေပွေးလို့တွေးမိပေမယ့် လတ်တလော အန္တရာယ် မဖြစ်စေတာရယ်၊ ဘေးလူတွေက ရက်စက်ကြမ်းကြုတ်သူ တဦးရယ်လို့ အထင်ခံရမှာ စိုးရိမ် တာရယ်ကြောင့် တုတ်ကလေး တချောင်းနဲ့ ကော်ပြီး နီးရာချုံပုတ်တခု ထဲပစ်ထည့်လိုက်မိ ပါလိမ့်မယ်။
မိတ်ဆွေ....
သင် ဘယ်လိုတွေးပြီး ဘယ်လိုလုပ်မလဲ။
မိတ်ဆွေ....
သင်ဟာ ရိုးရိုးလူသာမန်တဦး မဟုတ်ပဲ၊ စာတိုပေစ အဖတ်အရှု အလေ့အလာ ဝါသနာ ထုံသူတဦး ဖြစ်နေမယ်ဆိုရင် ပြီးတော့ မြန်မာပြည်မှာနေပြီး မြန်မာစကားပြောတဲ့ မြန်မာလူမျိုး တဦး ဖြစ်နေမယ်ဆိုရင် မေးခွန်းကို ပုံစံပြောင်းပြီး မေးကြည့်ပါရစေ။
ဒီနေ့ မြန်မာစာပေနယ်အတွင်းကို မျက်မှောက်ခေတ် မြန်မာပြည်သူတွေရဲ့ ဖြစ်ပေါ် တိုးတက်မှုအဆင့်၊ ပကတိအခြေအနေတို့နဲ့ နည်းနည်းလေးမှ မအပ်စပ်တဲ့၊ ဖြစ်တည်မှု ပဓါနဝါဒတို့၊ ကပ်ဖကာဝါဒတို့၊ ဆာရီယယ်ဝါဒတို့စတဲ့ စိတ္တဇစာပေ အယူအဆဝါဒ အမျိုးမျိုး တွေ၊ ကာလလရေကြည် သန္ဓေတည်အောင် အစွမ်းကုန်ကြိုးစားအားထုတ် နေကြတာ တွေကို.....

မိတ်ဆွေ ဘယ်လိုတွေးပြီး ဘယ်လိုလုပ်မလဲ။
ဒီ စိတ္တဇ စာပေဝါဒတွေကို သွတ်သွင်းလာကြခြင်းဟာ ပြည်သူပြည်သားတွေ အထူး သဖြင့် လူငယ်လူရွယ်လေးတွေကို မိမိတို့ရဲ့ ပကတိ အခြေအနေမှန်ကို မျက်ခြည်ပြတ်သွား အောင် တမင်တကာ ရည်ရွယ်ချက် ရှိရှိနဲ့ မျက်စိထဲ သဲပက်ပြီး လမ်းလွှဲကို ဆွဲခေါ်သွားဖို့ လုပ်ဆောင်နေပါလားလို့ ရှုတ်ချမလား။
ဒါမှမဟုတ် စာပေတို့ အနုပညာတို့ဆိုတာ ပုံသဏ္ဍာန် အမျိုးမျိုးရှိနေအောင် ဆန်းသစ် တီထွင်နေကြရတာဖြစ်တယ်။ ဆန်းသစ်တာ မှန်သမျှ အားလုံးကို လက်ခံရမယ်လို့တွေးပြီး၊ အဲဒီ စိတ္တဇအယူဝါဒတွေကို ကြိုဆိုထွေးပိုက်ထားမလား။
ဒါမှမဟုတ် သမိုင်းအချိုးအကွေ့တခုကို ကြုံကြိုက်တဲ့အခါတိုင်း အခါတိုင်းမှာ လှိုင်းဂယက်ကလေးတွေ ထတတ်မြဲ ဖြစ်တယ်။ နောင်ကျတော့လဲ အချိန်က ဆုံးဖြတ်သွား ပါလိမ့်မယ်။ သမိုင်းက သက်မှတ်ပေးသွားပါလိမ့်မယ်။ ဒါမျိုးတွေဟာ လက်ဖက်ရည်ပန်းကန် ထဲမှာကျတဲ့ မုန်တိုင်းလောက်သာရှိပါတယ်။ ဘာမှ ကြီးကြီးကျယ်ကျယ် အန္တရာယ် မပြုနိုင်ပါ ဘူး။ ဒါကြောင့် ဘာမှဝင် ရှုတ်ချတားဆီးတာတွေ လုပ်ဖို့မလိုပါဘူး လို့တွေးပြီး ကိုယ်ထိုးမြဲ တယောလေးကိုပဲ အေးအေးဆေးဆေး ဆက်ထိုးနေလိုက်မလား။

မိတ်ဆွေ
သင်ဘယ်လိုတွေးပြီး၊ ဘယ်လိုပြောမယ်ဆိုတာ ဘယ်သူမှ သိထားနိုင်မယ် မဟုတ်ပါ။ ဘာကြောင့်လဲဆိုတော့ သင့်ရဲ့အဖြေဟာ သင်ဘယ် နေရာက ရပ်ကြည့်နေသလဲဆိုတဲ့ အပေါ်မှာတည်နေလို့ပါ။
လူတယောက်ရဲ့ အမြင်ဆိုတာ သူရပ်ကြည့်နေတဲ့နေရာ အပေါ်မှာတည်ပြီး ဖြစ်လာရ တာပါ။ အဲဒီအမြင်ကို အခြေခံပြီးမှ သူ့အတွေး၊ သူ့ဆုံး ဖြတ်ချက်တို့ ဖြစ်ပေါ်လာရပါတယ်။
အဲဒါကြောင့် မိတ်ဆွေရဲ့ အတွေးနဲ့ မိတ်ဆွေရဲ့ အဖြေကို ဘယ်သူမှ မှန်မှန်ကန်ကန် သိထားနိုင်စွမ်း ရှိမယ်မဟုတ်ပါဘူး။ ကျွန်တော်လည်း မသိထားနိုင်ပါဘူး။
ဒါပေမယ့် ဒီမေးခွန်းသုံးခု မေးဖို့ဖြစ်လာရတဲ့ အခြေခံအကြောင်းတရားတွေ အကြောင်း ကိုတော့ ကျွန်တော်ရှင်းပြနိုင်ပါတယ်။ အဲဒီအခြေခံ အကြောင်းတရားတွေကို ဆင်ခြင်သုံးသပ် ကြည့်ပါ။ လေးလေးနက်နက် တွေးကြည့်ပါ။ ရှေ့ကိုလှမ်းမျှော်ကြည့်သလို အတိတ်ကိုလည်း ပြန်သုံးသပ် ကြည့်ပါ။ လတ်တလော ပစ္စုပ္ပန်မျက်မွေးတထောက်ကလေးကိုသာ မကြည့်ဘဲ မျက်စိတဆုံး ထိမျှော်ကြည့်လိုက်ပါ။ ပြီးတော့ မိတ်ဆွေကိုယ်တိုင်ရဲ့ အတွေးအမြင်အသိနဲ့ ကြိုက်သလို ဆုံးဖြတ်ပြီး အဖြေထုတ်လိုက်ပါ။ အဲဒီအဖြေဟာ ကျွန်တော်နဲ့ သဘောထား ကိုက်ညီတဲ့ အဖြေဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ မညီပေ မတူပေမယ့်လည်း မိတ်ဆွေရဲ့အဖြေက အငှားတွေး၊ အငှားမြင်၊ အငှားသိကပေါ်ထွက်လာတဲ့ သူများရဲ့ခေါင်းထဲက အတွေးကို မိတ်ဆွေရဲ့ အငှားပါးစပ်က ပြောပေးတဲ့ အဖြေမဟုတ်ပဲ မိတ်ဆွေရဲ့ ကိုယ်တိုင်အတွေး၊ ကိုယ်တိုင်အမြင်၊ ကိုယ်တိုင်အသိက ပေါ်ထွက်လာတဲ့ အဖြေဖြစ်တယ်ဆိုရင် ကျွန်တော် လေးစားပါတယ်။ တန်ဖိုးထားပါမယ်။ လက်ခံသင့်တဲ့ အဖြေလို့ထင်ရင်လည်း ကျွန်တော့်အဖြေကို ကြက်ခြေခတ်ပစ်လိုက်ပြီး မိတ်ဆွေရဲ့အဖြေကို ပြောင်းလဲလက်ခံပါ့မယ်။
အမှန်တရားကို ရှာကြတဲ့အခါမှာ မျက်စိကိုဖွင့် နားကိုစွင့်ထားဖို့ လိုအပ်တယ်လို့ ကျွန်တော်ခံယူပါတယ်။
ကဲ အခု ကျွန်တော် မေးခွန်းသုံးခု ပေါ်ထွက်လာစေတဲ့ အခြေခံအကြောင်းတရားကို ရှင်းပြပါရစေ။
ဒီနေ့ မြန်မာစာပေလောကမှာ လက်ချိုးရေတွက်ရင် လက်နှစ်ဖက်တောင် ပြည့်အောင် မရှိတဲ့ လူတစုက မြန်မာပြည်သူတွေရဲ့ ပကတိ အခြေအနေကို လုံးဝမျက်ကွယ် ပြုထား ရုံသာမက လူငယ်လူရွယ်လေးတွေ အားလုံးကိုပါ ပကတိအခြေအနေကို မျက်ခြည်ပြတ်သွား အောင် ရည်ရွယ်ချက်ရှိရှိနဲ့ အနောက်နိုင်ငံတွေက ဗုံမဟုတ်ပတ်မဟုတ် စိတ္တဇစာပေ အယူအဆတွေ သွတ်သွင်းပေးနေကြပါတယ်။ သူတို့သွတ်သွင်းလာတဲ့ စာပေအယူအဆ ဆိုတာတွေဟာ တကယ်တော့ တိုးတက်ပါတယ်လို့ နာမည်ကောင်း ယူချင်ပြီး တိုးတက်တဲ့ သူတွေရဲ့ အလုပ်မျိုးကို မလုပ်နိုင်တဲ့၊ မလုပ်ရဲ့တဲ့၊ အချောင်သမားတွေရဲ့ ဆင်ခြေလုံးတွေသာ ဖြစ်ပါတယ်။ အတ္တသမားတွေရဲ့သမားဂုဏ်ပြဝါဒတွေသာ ဖြစ်ကြပါတယ်။
ဒါတွေကို တချို့က လူငယ်တွေရဲ့အသံလို့ လွဲမှားစွာ ထင်မှတ်နေကြပါတယ်။ လူငယ်တွေကို တီထွင်ခွင့်တွေပေးကြပါ။ ဆန်းသစ်ခွင့်တွေ ပြုကြပါ။ လူငယ်တွေရဲ့ လွတ်လပ်တဲ့ ဆန္ဒပြုသံတွေကို ပိတ်ပင်တားဆီးမလုပ်ကြပါနဲ့ ဆိုတဲ့စကားမျိုးတွေလဲ ပြော တတ်ကြပါတယ်။ လူငယ်၊ လူငယ်နဲ့သာပြောနေကြတာ ဘယ်လိုလူငယ်လဲဆိုတာတော့ ခွဲခွဲခြားခြား မပြောကြပါဘူး။ ဂျာမဏီနိုင်ငံမှရှိတဲ့ တူရကီ လူမျိုးတွေရဲ့ အိမ်တွေကို လိုက်ပြီးမီးရှို့နေတာ၊ တအိမ်သားလုံး ကလေးတွေပါမကျန် မီးလောင်တိုက်သွင်းနေတာစတဲ့ လုပ်ရပ်မျိုးတွေကို လုပ်နေတဲ့ နာဇီ လက်သစ် လူငယ်မျိုးတွေလား။
အမေရိကန်နိုင်ငံမှရှိတဲ့ လူမည်းဘုရားရှိခိုးကျောင်းတွေကို မီးလိုက် ရှို့နေကြတဲ့ ကေသုံးလုံးဂိုဏ်းသား လူငယ်မျိုးတွေလား။
ဂျပန်ပြည်ထဲမှာရှိနေတဲ့ ပါကစ္စတန်နိုင်ငံသားတွေ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေကို မော်တော်ဆိုင်ကယ်တွေနဲ့လိုက်တိုက်၊ ချိန်းကြိုးတွေနဲ့ရိုက် လုပ်နေကြတဲ့ Hell's Angels လမ်းသရဲဂိုဏ်းသား လူငယ်မျိုးတွေလား။
ဒီလိုလူငယ်မျိုးတွေကိုတော့ ကျွန်တော်တို့ အားမပေးနိုင်ပါဘူး။ တီထွင် ဆန်းသစ်တယ် ဆိုတိုင်းလည်း မထောက်ခံသင့်ပါဘူး။ အနုမြူဗုံးတို့၊ ဓာတုဗေဒနဲ့ အဆိပ်ငွေ့ဗုံးတို့၊ ရောဂါပိုးမွှားဗုံးတို့၊ နပန်းလောင်မီးဗုံးတို့ စတဲ့ တီထွင်မှုတွေကို ကျွန်တော်တို့ ထောက်ခံကြ ရမှာလား။ ဆန်းတိုင်း၊သစ်တိုင်း ထွင်တိုင်းလည်း ကောင်းတာမဟုတ်ပါဘူး။ လူသားတွေကို အကျိုးရှိစေတဲ့၊ ဆန်းသစ်တီထွင်မှုမျိုးသာ လိုလားအပ်ပါတယ်။
လူသားတွေရဲ့ ဦးဏှောက်ကို အဆိပ်ကျွေးတဲ့၊ အယူအဆမှန်သမျှ၊ ဝါဒမှန်သမျှ၊ လုပ်ရပ်မှန်သမျှ ရှုတ်ချကြရပါမယ်။ ကိုယ့်တယောလေး ကိုယ်ထိုးပြီး အေးအေးနေမယ်ဆိုရင် တော့ အဆိပ်ပင်လေးတွေ တနေ့တခြား ကြီးထွားလာပါလိမ့်မယ်။ မြွေပွေးလေးက မြွေပွေးကြီး ဖြစ်သွားပါ လိမ့်မယ်။ မြွေပွေးကြီးကနေ မြွေပွေးလေးတွေ အရာအထောင် ဖြစ်သွားပါ လိမ့်မယ်။
အဲဒီ အခြေခံအကြောင်းတရားတွေကြောင့် ကျွန်တော်ရဲ့ မေးခွန်းသုံးခု ပေါ်ထွက်လာရ တာပါ။
ဒီအခြေခံ အကြောင်းတရားတွေကို နက်နက်နဲနဲ ဆင်ခြင်ပြီး မေးခွန်းတွေကို ဖြေကြည့်လိုက်ပါ မိတ်ဆွေ။
မှန်တာနဲ့ မှားတာ၊ တရားတာနဲ့ မတရားတာတို့မှာ ကြားဆိုတာ မရှိပါဘူး။ ဓမ္မနဲ့ အဓမ္မတို့ မှာလည်း ကြားဆိုတာ မရှိပါဘူး။
ကဲ..... မိတ်ဆွေ......
ဘယ်လိုတွေးပြီး ဘယ်လိုလုပ်မလဲ။

လူထုစိန်ဝင်း။
မဏ္ဍိုင် မဂ္ဂဇင်း။ ၁၉၉၇၊ ဂျူလိုင်လ။

(မော်ဒန်လက်ဖက်ရည်ပန်းကန်ထဲက မုန်တိုင်းငယ်နှင့် အခြားဆောင်းပါးများ စာအုပ်၊ ပထမအကြိမ် ၁၉၉၉၊ စာမျက်နှာ ၈၁ မှ ကူးယူဖော်ပြပါတယ်)

Tuesday, October 28, 2008

နန္ဒောပနန္ဒနဂါးချွတ်တော်မူပုံ

ကျနော် ဆောင်းပါးတပုဒ်ကို တင်ပေးလိုက်ပါတယ်။ ဘလော့ဂ်မှာ စာမတင်တာ ကြာနေတော့ သူငယ်ချင်းတွေက ပြောနေကြတယ်။ အထူးသဖြင့် ကျနော်အခင်မင်ရဆုံးသူငယ်ချင်း တယောက်ကိုလည်း အားနာတာနဲ့ အမြဲအားပေးနေတဲ့ သူငယ်ချင်းလေးပါ။ အခု အဲဒီအတွက် တောင်းပန်တဲ့အနေနဲ့ စာတင်ပေးလိုက်ပါတယ်။ ကိုယ့်ကိုယ်ပိုင်စာတော့ မဟုတ်ပါဘူး၊ အီးမေးထဲကို ပို့လာပေးတဲ့ စာပါ၊ ဆရာကြီးလူထုစိန်ဝင်းရဲ့ စာပါ၊ မေတ္တာအကြောင်းကို ရေးဖွဲ့ ထားတဲ့ စာပါ၊ ဒီစာကို ဖတ်ရင်းနဲ့ သူငယ်ချင်းအားလုံး။ အချစ်ရဆုံးသူငယ်ချင်းကို ပေးဖတ်ချင်တာနဲ့ တင်ပေးလိုက်ပါတယ်။ အားလုံးပဲ ဒီဆောင်းပါးကို ဖတ်ပြီးကြသူတွေလည်း ရှိမှာပါ၊ ဒါပေမယ့် ကျနော် ပြန်တင်ပေးလိုက်တယ်ဗျာ၊ အားလုံး မေတ္တာထားခြင်းသည်း ကိုယ့်ကိုယ်လည်း မေတ္တာရောင်ပြန်သက်ရောက်လာပါလိမ့်မယ်ဗျာ၊


နန္ဒောပနန္ဒနဂါးချွတ်တော်မူပုံ
လူထုစိန်ဝင်း

''မေတ္တာ''ဆိုတဲ့ခေါင်းစဉ်နဲ့ စာတစ်ပုဒ်ရေးပေးဖို့လူငယ်တစ်ယောက်က မေတ္တာရပ်ခံလာပါတယ်။မေတ္တာ နဲ့ပတ်သက်တဲ့ စာရေးဆရာအသီးသီးရဲ့အမြင်များကို လုံးချင်းစာအုပ် ထုတ်ချင်လို့ပါလို့ဆိုပါတယ်။ စာမူတွေစုံသလောက်ရှိနေပြီမို့ ရုံးတင် တော့မှာလို့လည်းပြောတာကြောင့် သွက်သွက်ကလေးရေးပေးရမယ့် သဘောဖြစ်ပါတယ်။လူငယ်များကို တတ်စွမ်းသမျအားပေးနေကျဖြစ်တဲ့အတိုင်း ရေးပေးပါမယ်လို့ကတိပေး လိုက်ပါတယ်။


ရှာမှရှားတဲ့စိတ်ဓာတ်
ကတိသာပေးလိုက်တာ။ရေးဖို့တော့ တော်တော်လက်တွန့်ပါတယ်။အကြောင်းရာကလေးနက်လွန်း လေတော့ မရေးခင် အများကြီးချင့်ချိန်ရတယ်။ဘာသာတရားမှာ အလေးအနက်မွေ့လျောတဲ့ဘိုးဘွား မိဘများရဲ့အဆုံးအမအောက်မှာ ကြီးပြင်းခဲ့ရ တာဖြစ်တာကြောင့် မေတ္တာ၊ ကရုဏာ၊ စေတနာဆိုတဲ့စကား များကို ငယ်စဉ်ကတည်းက ရင်းနှီးယဉ်ပါးခဲ့ပါတယ်။ လေးလေးနက်နက်လည်း တန်ဖိုးထားခဲ့တယ်။ဒီစကား သုံးလုံးနဲ့ မြန်မာလူမျိုးတို့ရဲ့ဂုဏ်သိက္ခာ၊ ကမ္ဘာအလယ်မှာ ထင်ရှားဝင့်ကြွား နိုင်ခဲ့တာကိုလည်း သတိပြုမိတယ်။နိုင်ငံခြားသားများရေးတဲ့ မြန်မာအကြောင်း စာအုပ်တိုင်းလိုလိုမှာ မြန်မာလူမျိုးတို့ရဲ့''မေတ္တာ၊ စေတနာ၊ ကရုဏာ''တို့ဟာ ရှာမှရှားဆိုရလောက်အောင်ကို ထူးခြားမြင့်မြတ်လှကြောင်းရေးကြတာတွေကို တွေ့ရလေ့ရှိတယ်။
ခါးခါးသည်းမုန်းခဲ့ပေမယ့်
အထူးသဖြင့် စစ်အတွင်းကာလက စစ်ပြေးခေါ်ရာစစ်သားတွေရဲ့ ကုလားလူမျိုးတွေကို လမ်းခရီးတစ် လျောက်မှာရှိတဲ့ မြို့တွေရွာတွေက မြန်မာလူမျိုးများက ရက်ရက်ရောရောကျွေးကြမွေးကြစောင့်ရှောက်ကြ တာတွေကို အနောက်နိုင်ငံသား စာရေးဆရာများက တအံ့တသြရေးသားခဲ့ကြသလို၊ စစ်ပြန်ဂျပန်စာရေး ဆရာတွေကလည်း သူတို့စစ်ပြေး ဂျပန်စစ်သားတွေကို မြန်မာရွာသူရွာသားများက ကရုဏာအပြည့်နဲ့ စောင့်ရှောက်ကျွေးမွေးခဲ့တာများကို တသသနဲ့ကျေးဇူးတင်မဆုံးရေးသားခဲ့ကြတယ်။
စစ်မဖြစ်ခင်ကဆိုရင် ကိုယ့်လူမျိုးကို ''ထီးကျိုးစည်ပေါက်'' ဖြစ်အောင်လုပ်ခဲ့ကြတဲ့ နယ်ချဲ့တွေဆိုပြီး မျက်နှာဖြူမှန်သမျကို မြန်မာတွေက ခါးခါးသည်းမုန်းခဲ့ကြတာ။စစ်ဖြစ်ပြီးနောက် ရောက်လာတဲ့ ဂျပန်ဖက်ဆစ်တွေကလည်း မြန်မာတွေကို ပါးရိုက်၊ နားရိုက်၊ လက်သည်းခွံခွာနဲ့ ရိုင်းရိုင်းစိုင်းစိုင်း ကြမ်း ကြမ်းတမ်းတမ်းပြုမူကြလေတော့ အကြီးအကျယ်အော့နှလုံးနာခဲ့ကြတာ။ ဒီအထဲကတောင် သူတို့တတွေ ဒုက္ခရောက်ကြလေတော့ မြန်မာလူမျိုးများဟာ မျက်နှာလွှဲမနေနိုင်ကြဘဲ ကိုယ်တိုင် ဗုံးဒဏ်၊ စက်သေနတ်ဒဏ်ကြောက်နေရတဲ့ကြားက ရှိသမျလေး ခွဲဝေကျွေးမွေးပြီး ခိုအောင်းစရာရှာဖွေပေးခဲ့ကြ လေတယ်။
တုံ့ပြန်ကျေးဇူး
ဒီဘက်ခေတ်မှာလည်း မြန်မာပြည်ကိုရောက်ဖူးတဲ့ ဘယ်နိုင်ငံခြားသားကိုဖြစ်ဖြစ်၊ မြန်မာနိုင်ငံနဲ့ပတ်သက် ပြီးအမှတ်အရဆုံးအကြောင်းအရာဟာ ဘာပါလဲလို့မေးကြည့်လိုက်တိုင်း၊ မြန်မာလူမျိုးတို့ရဲ့မေတ္တာ စေတနာပါလို့ဖြေကြတာချည်းပါပဲ။ဗုဒ္ဓတရားတော်များရဲ့အဆုံးအမနဲ့ ကြီးပြင်းလာရတာကြောင့် မြန်မာလူ မျိုးတိုင်းဟာ မေတ္တာ၊ စေတနာတို့ရဲ့ မြင့်မြတ်မှုနဲ့ တန်ဖိုးစွမ်းအားကို ချွင်းချက်မရှိယုံကြည်ကြပါတယ်။
ကိုယ်တိုင်လည်း ကိစ္စများမြောင် လူတို့ဘောင်ရဲ့ ၀ိစိကိစ္ဆာအမျိုးမျိုးကြားမှာ ပွေလီရှုပ်ထွေးနေရတာကြောင့် ဘုရားရိပ်တရားရိပ်နဲ့ အလှမ်းကွာ ဝေးနေဆဲဖြစ်ပေမယ့် မေတ္တာ၊ စေတနာတို့ရဲ့ တန်ခိုးစွမ်းအားကိုတော့ အကြွင်းမဲ့ယုံကြည်ခဲ့ပါတယ်။၁၉၈၀ လောက်ကစပြီး ဒုက္ခိတဘ၀နဲ့ အိုးမကွာအိမ်မကွာလုပ်နိုင်တဲ့ စကားပြောသင်တန်းတော့ဖွင့်ထားခဲ့ရာမှာ ပညာနဲ့စီးပွားရှာစားတဲ့ ''ပညာ ရေးပွဲစား''မဖြစ်စေရဘူးဆိုတဲ့ အဓိဌာန်ခိုင်ခိုင်မာမာချပြီးလုပ်ခဲ့လေတော့ တုံ့ပြန်ကျေးဇူးတွေကို အတောမသပ် နိုင်အောင်ရရှိခံစားခဲ့ရတာကို လက်တွေ့ကြုံခဲ့ဖူးပါတယ်။၁၉၈၀ခုနှစ်လောက်က သင်တန်းကြေး ၃၀၀ိ/- နဲ့ မတတ်မချင်းကြိုက်သလောက် တတ်၊ ငါးနှစ်တက်တက်၊ ဆယ်နှစ်တက်တက် လခထပ်ပေးစရာမလိုဘူးလို့ဖွင့်ခဲ့တာဖြစ်လေတော့ ကျောင်းသားသစ်လက်မခံပါဆိုတဲ့ ဆိုင်းဘုတ်ဆယ့်နှစ်ရာသီချိတ်ဆွဲထားရလောက်အောင် သင်တန်းသားတွေ ကြိတ်ကြိတ်တိုးစည်ကားနေပေမယ့် သူများကျူရှင်ဆရာတွေလို သူဋ္ဌေးတော့မဖြစ်ခဲ့ဘူး။
ဒါပေမယ့် ဘယ် သူဌေးသူကြွယ်မင်းစိုးရာဇာတွေမှမရနိုင်တဲ့မေတ္တာစေတနာတွေကိုတော့ စာမသင်တာ အတော်ကြာနေပြီဖြစ် တာတောင် ဒီနေ့ထိအလျံပယ် ခံစားနေရဆဲဖြစ်တယ်။မေတ္တာပေးရင် မေတ္တာရ တယ်ဆိုတာကိုတော့ အကြွင်းမဲ့ယုံကြည်ခဲ့၊ ယုံကြည်ဆဲဖြစ်တယ်။
လူသားအားလုံး နားလည်ကြပါရဲ့လား
ကိုယ်ကမေတ္တာတရားကို အကြွင်းမဲ့ယုံကြည်ပြီး လောကကို မေတ္တာထားနေပေမယ့် လောကလူသားအား လုံးက မေတ္တာတရားကို နားလည်ကြပါရဲ့လား၊ပွားများနိုင်ကြပါရဲ့လား။ ခံယူနိုင်ပါရဲ့လား။သမိုင်းကြောင်းကို ပြန်လည်သုံးသပ်ပြီး လောကကိုမျော်မှန်းကြည့်ရှုလိုက်တော့ သတ္တလောကကြီးတစ်ခုလုံးဟာ ပစ္စန္တရာဇ်အရပ်သဖွယ် စရိုက်ညွှန်တောကြီးအတွင်း နစ်ပြီးရင်းနစ်နေတဲ့စက်ဆုပ်စရာလောကကြီးအဖြစ် သာမြင်နေရတော့တယ်။
ကောင်းဘွိုင်တွေနားလည်ပါ့မလား
သမိုင်းခေတ်တစ်ခေတ်တုန်းက ဟစ်တလာတို့ မူဆိုလီနီတို့ တိုဂျိုတို့လို လက်နက်အားကိုးတဲ့စစ်ဝါဒီများ ကို ယဉ်ကျေးတဲ့ကမ္ဘာတစ်ခုလုံးက မေတ္တာစကား၊ ငြိမ်းချမ်းရေးစကား တွေပြောပြီး ချစ်ကြည်ရေး၊ ငြိမ်းချမ်းရေးစာချုပ်တွေချုပ်ဆိုခဲ့ကြတာပဲ။ဒါပေမယ့် သူတို့တတွေ နားလည်တန်ဖိုးထားခဲ့ကြရဲ့လား။ အခုခေတ်မှာလည်း အီရတ်တို့အာဖဂန်နစ္စတန်တို့ကသားသည်မိခင်တွေက မေတ္တာစကား၊ ငြိမ်းချမ်းရေး စကားတွေမနားတမ်းပြောနေကြပြီး ဗုံးမိုးကျည် ဆံမိုးတွေရွာချနေတာကို ရပ်စဲဖို့ အသနားခံတောင်းပန် နေကြတာပဲ။
ဒါပေမယ့် မေတ္တာဆိုတာ မေတ္တာတရားအကြောင်းနားလည်တဲ့ သူတွေနဲ့တွေ့မှ တန်ဖိုးရှိတယ်လို့ ထင်မိတာပဲ။စွမ်းအားချင်းရင်ဆိုင်တာ မြန်မာလူမျိုး အများစုဟာ ရိုင်းစိုင်းကြမ်းတမ်းလှပြီး တန်ခိုးစွမ်းအားလည်းထက်မြက်လှတဲ့ နန္ဒောပနန္ဒနဂါးကြီးကို ဗုဒ္ဓဘုရားရှင်က ဘယ်လိုရင်ဆိုင်ခဲ့သလဲ ဆိုတာကို ကြားဖူးကြမှာပါ။ နဂါးကြီးဟာ ဘယ်လောက်များတန်ခိုးစွမ်းအားကြီးမားလိုက်သလဲဆိုရင် သူပါးပြင်းထောင်ထားရင် မြင့်မိုရ်တောင်နဲ့တကွ နတ်ပြည်ခြောက်ထပ်ကိုပါ မမြင်နိုင်အောင်ဖုံးကွယ် သွားပါသတဲ့။
မျက်စောင်းတချက်ထိုးလိုက်တာနဲ့ အရာရာဟာ ပြာဖြစ်သွားပါ သတဲ့။ အဲဒီနဂါးကြီးကို ရင်ဆိုင်ဖို့ မြတ်စွာဘုရားက ရှင်မောဂ္ဂယဉ်ကိုယ်တော်ကြီးကို အမိန့်တော်ရှိတဲ့အခါမှာ ရဟန္တာကိုယ်တော်ကြီးက နန္ဒောပနန္ဒထက် အဆပေါင်းများစွာကြီးတဲ့ နဂါးကြီးသဏ္ဍာန်ဖန်ဆင်းပြီး နဂါးကြီးကို ဆယ့်လေးပတ် ရစ်ပတ်ပြီးမှ မြင့်မိုရ်တောင်နဲ့ဖိကြိတ်ပါသတဲ့။နဂါးကြီးမှုတ်ထုတ်တဲ့အဆိပ်မီးထက် အပြန်တစ်ရာသာတဲ့ အဆိပ်မီးကို ထုတ်လွှတ်ပြီးနှိပ်နယ်ပါတယ်။ဒါတင်မက နဂါးကြီးရဲ့ဘယ်ဘက်နားက၀င်ပြီး ညာဘက်နားကထွက်၊ နဂါးကြီးရဲ့အာခံတွင်းက၀င်ပြီး အစာအိမ်ထဲမှာ စင်္ကြန်ကြွလုပ်ပြီး တန်ခိုးပြတော်မူပါတယ်။အဲဒီလိုအကြိမ်ကြိမ်အထပ်ထပ် သူ့ထက်အဆမတန်အင်အားကြီးမားတဲ့ တန်ခိုးစွမ်းအားကိုပြသပါမှပဲ နဂါးကြီးဟာ အားမတန်မာန်လျော့ပြီး မြတ်စွာဘုရားရဲ့ခြေတော်ရင်းမှဝပ် စင်းလာရပါတော့တယ်။
နဂါးနိုင်လက်နက်သုံးဖို့လို
ဗုဒ္ဓဘုရားရှင်ဆိုတာ မေတ္တာအရှင်၊ ကရုဏာသခင်ဖြစ်ပါတယ်။ဗုဒ္ဓဘာသာဝင်တိုင်း ဘုရားရှင်ရဲ့ တရားကို ဦးထိပ်ပန်ဆင်ပြီး မေတ္တာတရားကို လက်ကိုင်ထားပွားများကြပါတယ်။ဒါပေမယ့်လို့မေတ္တာတရား ကိုနားမလည်တဲ့နန္ဒောပနန္ဒနဂါးမင်း လို အရိုင်းအစိုင်းကိုရင်ဆိုင်တဲ့အခါကျတော့ ဗုဒ္ဓဘုရားသခင်ပင်လျင် နဂါးနားလည်တဲ့ဘာသာစကားဖြစ်တဲ့ တန်ခိုးစွမ်းအားကို သူထက်အဆ ပေါင်းများစွာသာလွန်ကြောင်းပြသ မာန်စွယ်ကျိုးစေပြီးမှ တရားပြချွတ်တော်မူခဲ့တာဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

Thursday, October 9, 2008

ထိတွေ့ခံစားပြီး

ထိတွေ့ခံစားပြီး

မာန်လှိုင်းငယ်

လေပြေလေညင်းလေတွေက
လတ်လတ်ဆတ်ဆတ်ပါ
ထိတွေ့ခံစားပြီး
အတိတ်က အကြောင်းအရာတွေကို
ခဏလေးဖြစ်ဖြစ်၊ စက္ကန့်ဝက်လေးဖြစ်ဖြစ် ရှာကြည့်ပါ။


လေပြေလေညင်းလေးတွေက
လတ်လတ်ဆတ်ဆတ်ပါ
ထိတွေ့ခံစားပြီး
ပစ္စုပ္ပန်အတွက် ဘာတွေများလုပ်ပေးသင့်သလဲ
ခဏလေးဖြစ်ဖြစ်၊ စက္ကန့်ဝက်လေးဖြစ်ဖြစ် စဉ်းစားကြည့်ပါ။

လေပြေလေညင်းလေးတွေက
လတ်လတ်ဆတ်ဆတ်ပါ
ထိတွေ့ခံစားပြီး
အနာဂတ်မှာ ကိုယ့်သမိုင်းအတွက်
ဘယ်လိုရေးထိုးထွင်းထုကြမလဲ
ခဏလေးဖြစ်ဖြစ်၊ စက္ကန့်ဝက်လေးဖြစ်ဖြစ် တွေးကြည့်ပါ။

2008 ခုနှစ်၊ အောက်တိုဘာလ (9)ရက်။

Monday, July 21, 2008

မိုးကုတ်စက်ဝိုင်း ရှိနေသမျှ ကိုယ် …

မာန်လှိုင်းငယ်

"မိုးကုတ်စက်ဝိုင်း ရှိနေသမျှ ကိုယ် …"

လေပြည်လေနုတွေက
ရှေ့က မည်းမည်းမြင်ရာမှန်သမျှ
အဆီးအတားမဲ့ ထိုးဖောက်သလိုမျိုး
သွေးတွေက
ခန္ဓာကိုယ်သွေးကြောထဲ ဟိုဝင်ဒီထွက်
ကွေ့ကွေ့ကောက်ကောက် တိုးဝှေ့သလိုမျိုး
ကိုယ်လည်းလေ
မင်းကို အချိန်တိုင်း … အချိန်တိုင်း တွေ့ချင်နေတယ်။


ပင်လယ်က
လရောင်ကို မော်ကြည့်နေသလိုမျိုး
လှိုင်းတွေက
လကို လိုက်တမ်းပြေးတမ်းနဲ့
စိန်ခေါ်ကာ လိုက်ဖမ်းနေသလိုမျိုး
ကိုယ်လည်းပဲ
မင်းကို မနက်နေထွက် … ညနေ၀င်တိုင်း
တမ်းတမ်းတတနဲ့ လွမ်းဆွတ်နေတယ်။

မိုးကုတ်စက်ဝိုင်း
ဝန်ရိုးစွန်းတွေ ရှိနေသမျှ
ကိုယ် …
မင်းကို ရာသီတွေ ပြောင်းလဲသွားလဲ စောင့်မျှော်နေပါတယ်။ ။

မာန်လှိုင်းငယ်
၂၀၀၈ ခုနှစ်၊ ဇူလိုင်လ (၂၀)ရက်။

Monday, July 14, 2008

ဝါဆိုလပြည့်

ဝါဆိုလပြည့်
အခုလာမယ့် (၁၇)ရက်နေ့မှာ ၀ါးတွင်းကာလ။ လပြည့်နေ့ဖြစ်ပါတယ်၊ အခုလို ၀ါတွင်းကာလရောက်တော့မယ်ဆိုရင်ဘဲ မြတ်စွာဘုရားရှင်ရဲ့ သားတော်တွေဖြစ်တဲ့ ရဟန်း သံဃာတော်တွေကို ဆွမ်းတွေ လောင်း၊ ၀တ္ထုအစုစုတို့ကို လှူတဲ့မြင်ကွင်း။ ဘုန်းကြီးကျောင်း မှာ တရားဘာဝနာသွားရောက်အားထုတ်တာကိုလည်း ပြန်ပြီးတွေ့မြင်ရမယ့် ဒီဝါတွင်းကာလ မှာ ကြည်ညိုဖွယ် တွေ့မြင်ရမှာကို တွေးပြီး တအားကို ၀မ်းသာအားရ ကြည်နူးမိမှာ အမှန်ပါပဲ။
ဒါပေမယ့်ဗျာ ဒီဝါတွင်းကာလမှာ ကျနော်က အလှူတွေလုပ်နိုင်ပါ့မလား၊ ဒါမှမဟုတ် တရားဘာဝနာများ ပွားများနိုင်ပါ့မလား၊

ဘာပဲဖြစ်ဖြစ်ပါ၊ ဖြစ်နိုင်ရင်တော့ မြန်မာပြည်မှာ နာဂစ်မုန်းတိုင်းဒဏ်ခံထားရတဲ့ လူတွေအတွက်တော့ ကျနော် ဆုတောင်းပေးနေမှာပါ။ သူတို့တွေရဲ့ ဘ၀ဟာ အင်မတန်မှကို ချွတ်ချုံကျသွားတဲ့ ဘ၀ပါပဲ။ သူတို့တွေရဲ့ ဘ၀အသစ်တဖန်တိုးတက်လာစေဖို့အတွက် ကျနော် ဒီဝါတွင်းကာလမှာ ဆုတောင်းမေတ္တာပို့မယ်။ ကျနော်ဟာ သူတို့တွေအတွက် ဆုတောင်းပေး နိုင်ရုံသက်သက်ပဲ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အခုလို ဒီစကားကိုပဲ သုံးဖြစ်တာပါ။
မြန်မာပြည်က လေဘေးသင့်ပြည်သူတွေကော ဒီဝါတွင်းကာလမှာ ဘာတွေများ လုပ် ဆောင်နိုင်ပါ့မလဲ၊ သူတို့ရုန်းကန်နေရတဲ့ဘ၀အတွက် ကုသိုလ်ကောင်းမှုတွေကော ယူနိုင်ကြပါ့ မလား။ ကျနော် တွေးမိပါတယ်ဗျာ။
နောက်ပြီး နာဂစ်ဒဏ်ခံ ကလေးတွေအတွက်ဆိုရင် ပိုမိုပြီး ဆုတောင်းလုပ်ဆောင်ပေးရ မှာပါ၊ ဒီဝါတွင်းကာမှာပေါ့ဗျာ၊ ဒါကြောင့် အားလုံးသော လူသားအားလုံး ကိုယ်တတ်နိုင်တဲ့ ဘက်။ ကိုယ်လုပ်နိုင်တဲ့ အရာလေးနဲ့ ဒီဝါတွင်းကာလမှာပဲ လုပ်ဆောင်ပေးကြပါလို့ တိုက်တွန်း ချင်တယ်ဗျာ။
အားလုံးသော မိတ်ဆွေသူငယ်ချင်းများအားလုံးလဲ ဒီဝါတွင်းကာလမှာ ပျော်ပျော်ရွှင်ရွှင် နဲ့ ကုသိုလ်ကောင်းမှု အစုစုတို့ကို ရယူနိုင်ကြပြီး စိတ်နှလုံးပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ်ဗျာ။

Thursday, June 19, 2008

မေမေ ဘယ်လိုနေရှာမလဲ

မာန်လှိုင်းငယ်

မေမေ ဘယ်လိုနေရှာမလဲ

ဒီနေ့၊ ဒီအချိန်
အပြင်ဘက်မှာတော့
အားလုံး၊ အားလုံးသော သားသမီးတွေ
မေမေ့ပုံပါတဲ့ တီရှပ်အင်္ကျီကို ၀တ်ဆင်ထားရင်း
မွေးနေ့ပွဲကို ကျင်းပနေကြလေရဲ့။

ဒီအချိန်မှာ
မေမေ ဘယ်လိုများရှိနေရှာမလဲ …။


မေမေဟာ
ဒီလိုနေ့မျိုးမှာ
အိမ်ပြတင်းပေါက်နံဘေး
ကုလာထိုင်ပေါ် ထိုင်နေရင်း
ကမ္ဘာ့အနှံ့ပြုလုပ်နေတဲ့
မေမေ့မွေးနေ့တွေဆီကို
အာရုံတွေ ဖြန့်လွှတ်ထားလိမ့်မယ်လို့ မြင်မိလေရဲ့။

သည်လိုနဲ့
မေမေ့နှလုံးသားက မပြုံးရယ်နိုင်ခဲ့တာ
ကြာလှရောပေါ့ … ။

ဒါပေမယ့်
မေမေ့အပြုံးတွေက
မိုးတွေရွာတိုင်း "ထ" ပွင့်တဲ့ ပန်းတွေလိုမျိုး
ကမ္ဘာ့အနှံ့ ကြဲပက်ထားလေရဲ့။

လင်းယုန်တောင်ပံလို
တအိအိနဲ့ ရိုက်ခက်ရွေ့လျားနေတဲ့
ပင်လယ်လှိုင်းခက်တွေကြား
ဘယ်သောအခါမှ နစ်မြုပ်သွားမှာမဟုတ်တဲ့
မေမေ့ရဲ့ ရဲရင့်တဲ့သတ္တိသွေးတွေ …
မေမေ့ရဲ့ ငြိမ်းချမ်းခြင်း ဂရုဏာတွေ …
မေမေ့ရဲ့ ပြည်သူနဲ့ နိုင်ငံအပေါ်ထားရှိတဲ့ မေတ္တာတရားတွေ …
အားလုံး …
ရေပြင်ပေါ်မှာ တဖွေးဖွေးနဲ့
ကြယ်တာရာတွေ ထွန်းတောက်လတ်နေသလို
ကမ္ဘာပေါ်မှာ ထာဝရအောင်ပွဲခံနိုင်တုန်း ရှိလေရဲ့။

ဒီနေ့ …
မေမေ့အသက် (၆၃)နှစ်ပြည့်ပါပြီ။

မေမေ …
ပါးရည်တွေ တွန့်နေပါစေ …
မေမေ သက်ကျော်ရာကျော်ရှည်နိုင်စေဖို့
သားတို့ ဒီနေ့ချိန်ခါရောက်တိုင်း
မေမေ့အတွက် မွေးနေ့မင်္ဂလာပွဲကို ကျင်းပရင်း ဂုဏ်ပြုသွားမှာပါ။

ဒီနေ့
မိုးတိမ်တွေက မကြည်လင်
ညို့မှိုင်းမှိုင်း ကောင်းကင်အောက်မှာ
မေမေစု "သက်ကျော်ရာကျော်ရှည်ပါစေ"
မေမေစု "အမြန်ဆုံး လွတ်မြောက်ပါစေ"
"မေမေစုကို ချက်ချင်းလွတ် …
ချက်ချင်းလွှတ်" တခဲနက်ကြွေးကြော်သံတွေ
မေမေ့ကိုချစ်တဲ့ သားသမီးအားလုံးရဲ့
ရင်ထဲကဆန္ဒတွေ
စကြာဝဠာတခွင်လုံး ဘ၀ဂ်ညံလို့
တမိုးလုံး ဟိန်းလျှံတက်သွားခဲ့တယ်
နှလုံးသားချင်း နားလည်ခံစား
မေမေ…ကြားနိုင်ပါစေသား။ ။

မာန်လှိုင်းငယ်
၂၀၀၈ ခုနှစ်၊ ဇွန်လ (၁၉)ရက်။

Friday, June 6, 2008

မအိုသော၊ မနာသော၊ မသေဆုံးသော …

မာန်လှိုင်းငယ်

မအိုသော၊ မနာသော၊ မသေဆုံးသော …

မိခင်ဆိုတာ ကျနော့်ဘ၀နဲ့ယှဉ်ပြောရရင် ဖ၀ါးလက်နှလုံး၊ ပခုံးလက်နှသစ်ကတည်း က အရာရာကို ထိန်းသိမ်းပဲ့ပြင်၊ ပြုစုယုယခဲ့သူဖြစ်တာကြောင့် အရမ်းကို အနှိုင်းမဲ့ဖြစ်ပါ တယ်။ အင်မတန်ကိုလည်း ကျေးဇူးကြီးမားလှပါတယ်။ သားသမီးတွေအတွက်ဆိုရင် အသက်ပေးပြီး မွေးခဲ့တဲ့၊ ချစ်ခဲ့တဲ့ မိခင်ပဲဖြစ်ပါတယ်။ ကျနော်တို့အတွက်တော့ မိခင်တွေရဲ့ အနှိုင်းမဲ့မှုကို စာလုံးတွေနဲ့ ဖော်ကျူးလို့ ဘယ်လိုမှ ပြည့်စုံလုံလောက်နိုင်မယ် မဟုတ်ဘူး လို့ပဲ ပြောရမှာပါ။

မိခင်လို့ ဆိုလိုက်တာနဲ့ ကျနော်တို့တွေရဲ့ ဦးနှောက်ထဲမှာ "ငါတို့ရဲ့ မိခင်"၊ "ငါတို့ရဲ့ မွေးမိခင်"၊ "ငါတို့ရဲ့ ကျေးဇူးရှင် မေမေ" လို့ ကိုယ့်မိခင်လို့သာ အတွေးက ၀င်လာကြတယ်။ ပြောဆိုကြတယ်။ ဟုတ်ပါတယ်။ ကျနော်တို့မှာ ဒီမိခင်၊ ဒီမိဘက ပေးခဲ့လို့၊ မွေးခဲ့လို့၊ လူ့လောကကြီးထဲကို ရောက်လာကြရတာပဲမဟုတ်လား။ ဒါဟာ တကယ့်ကို မှန်ကန်နေတဲ့ အရာပါ။

ကျနော် .. မိခင်တို့ရဲ့ အကြောင်းကို မပြေခင် အင်္ဂလိပ်စာလုံးဖြစ်တဲ့ (Mother) မြန်မာလို (မိခင်)ဆိုတဲ့အက္ခရာကို အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်။ လူတိုင်းတော့ သိပြီးသား ပါ၊ ဒါပေမယ့် ကျနော် သိသလောက်၊ နားလည်သလို ပြန်ရေးလိုက်ပါတယ်။ မြန်မာလိုပြန် အဆင်ချောအောင် ရေးထားပါတယ်။ အင်္ဂလိပ်စာလုံးတွေကတော့ သူငယ်ချင်းဆီကတ ဆင့် ရထားလို့ ပြန်ဖော်ပြလိုက်တာပါ။ ဖတ်ကြည့်ပါဦး။

Mother (မိခင်ဆိုတဲ့ အဓိပ္ပါယ်)

M = is for the millions things she gives us.
မိခင်ဟာ ကျနော်တို့ကို သန်းပေါင်းများစွာသော ထိုက်တန်တဲ့အရာကို ပေးခဲ့သူပါ။
O = means only that she's growing old.
မိခင်ဟာ သားသမီးတွေရှင်သန်ဖို့အတွက် ပေးဆပ်ရင်း အိုမင်းရင့်ရော်သွားခဲ့သူပါ။
T = is for tears she to save us.
မိခင်ဟာ သားသမီးတွေရဲ့ နောင်ရေးအတွက် ကျမျက်ရည်များခဲ့ရသူပါ။
H = is for heart of purest gold.
မိခင်ဟာ ကျနော်တို့အတွက်တော့ ဖြူစင်အေးမြတဲ့ ရွှေစင်နှလုံးသားပိုင်ရှင်ပါ။
E = is for her eyes, with love sight.
မိခင်ဟာ ကျနော်တို့ကို ဂရုဏာများနဲ့ ကြီးမားတဲ့မေတ္တာ၊ အကြင်နာတွေနဲ့ ကြည့်ရှု ပြုစုစောင့်ရှောက်ခဲ့သူပါ။
R = means right she'll always be.
မိခင်ဟာ ကျနော်တို့အတွက် အမြဲတမ်းမှန်ကန်တဲ့ စကားတွေကိုတာ ပြောဆိုတတ် တဲ့ သူပါ။


ကျနော် ဒီစာကိုဖတ်လိုက်တိုင်း မိခင်တိုင်းကို စာနာလာမိတယ်၊ ပိုမိုနားလည်လာ တယ်၊ မိခင်တိုင်းဟာ သားသမီးတွေ ကောင်းစားဖို့အတွက်၊ သားသမီးတွေ လူတလုံး၊ သူတလုံးဖြစ်လာဖို့အတွက်၊ သားသမီးတွေ ပညာတတ်ကြီး ဖြစ်လာဖို့အတွက်ကို ကျားကုတ်ကျားခဲ၊ ကိုယ်ဖိရင်ဖိ၊ မအိပ်မနေ စွန့်လွှတ်အနစ်နာခံပြီး ကျွေးမွေးခဲ့တာတွေ၊ ပြုစုစောင့်ရှေက်ခဲ့တာတွေ၊ ဒီသားတွေ၊ ဒီသမီးတွေ အတောင်စုံအောင် ဖြည့်ဆည်းပေးခဲ့ တာတွေဟာ မိခင်တိုင်းရဲ့ မေတ္တာ၊ မိခင်တိုင်းရဲ့ မျှော်မှန်းချက်တွေပါပဲ။

မိခင်တွေကို ကြည့်လိုက်ပါ။ သားသမီးတွေအပေါ်ဘယ်လောက်ထိအောင် ချစ်လဲ ဆိုရင် သားသမီးတွေရဲ့အသက်ကို သူတို့ရဲ့ အသက်ထက်တောင် တန်ဖိုးထား ပုံအောပြီး ချစ်ကြတာပါ။

ဘာကြောင့် ကျနော် ဒီလိုပြောရသလဲဆိုရင် ကျနော့်ကိုယ်တွေ့ ဖြစ်ရပ်ရှိခဲ့လို့ပါပဲ။ ကျနော် ပြန်ပြောပြချင်တယ်။

"ကျနော် ဆယ်တန်းနှစ်တုန်းကပါ၊ ကျနော့်အမေ နေမကောင်းဖြစ်နေတာ၊ ဖြစ်နေတာက ရိုးရိးမဟုတ်ပါဘူး၊ အိပ်ယာထဲကတောင် မထနိုင်တဲ့အခြေအနေမှာ၊ ဖြစ်ချင် တော့ ကျနော် ကျောင်းတတ်နေရင်း အဖျားဝင်လာလို့ ဆေးခန်းသွာပြတယ်၊ ပြီးတာနဲ့ အိမ်မှာအနားပြန်ယူခဲ့တယ်။ အမေတို့ရော၊ ဆရာဝန်တို့ပါ ကျနော်အဖျားဝင်တာ ရိုးရိုးပဲဆို ပြီး စိုးရိမ်စိတ်သိပ်မရှိသေးပါဘူး။ တရက်လောက်နေပြီးတာနဲ့ မနက်မှာပဲ ဆေးသောက်ဖို့ ဆိုပြီး ညီမလေးလာနိုးတယ်၊ အဲဒီမှာ ကျနော်ထလို့မရတော့ပါဘူး။ ခြေတွေလက်တွေ လှုပ်လို့ကိုမရတော့ဘူးလေ၊ ပိုဆိုးတာက ခြေထောက်ပါ၊ လမ်းလျှောက်လို့ကိုမရတော့ဘူး။ အဲဒီအကြောင်းကို အဖေရော၊ အမေပါသိတော့ တော်တော်လေးကို စိုးရိမ်ကြပါတယ်။ အဆိုးဆုံးက အမေပါ။ အိပ်ယာထဲက မထနိုင်တဲ့ အမေဟာ သားသမီးဇောနဲ့ ထလာတယ်၊ ကျနော့်အနေားမှာ လာနေတယ်၊ ကျနော်စားချင်တဲ့ အရာတွေကို မေးတယ်၊ ကျနော် စားချင်၊ ဖြစ်ချင်တာတွေ အကုန်လုပ်ပေးဖို့အတွက်ပေါ့။ သူ့ရောဂါတောင် သူမကြည့်တော့ ပါဘူး၊ ကျနော့်အတွက်ကိုပဲ ဂရုစိုက်တယ်၊ ကျနော်ရော၊ အကိုရော၊ ညီမလေးရော အဖေပါ ၀ိုင်းပြောကြတယ်၊ အမေ အိမ်ယာထဲမှာပဲ နေပေါ့၊ မစိုးရိမ်ပါနဲ့လို့ မရပါဘူး၊ ကျနော့်အနား မှာ နေပြီး ကျနော့်ရဲ့ ဝေယျာဝစ္စတွေကို လုပ်ပေးတယ်။ ရေပတ်တိုက်ပေးတယ်။ ခြေထောက်ပြန်ကောင်းလာအောင် နှိပ်နှယ်ပေးတယ်။ နောက်ဆုံးအားမရလို့ အနှိပ်ကျွမ်း ကျင်တဲ့ အဒေါ်တယောက်ကို ခေါ်ပြီး နှိပ်ခိုင်းတယ်။ ဒါတွေဟာ ကျနော့်အတွက်ပေါ့၊ တကယ်ဆိုရင် အမေလည်း ကျန်းမာရေးမကောင်းဘူး၊ ဒီလို ကျန်းမာရေးမကောင်းတဲ့ကြား က၊ အိပ်ယာထဲက မထနိုင်တဲ့ကြားက အမေဟာ ကျနော့်အတွက်ကို လာလုပ်ပေးတယ်၊ ဂရုဏာတွေ ပေးတယ်။ သူ့ရင်ခွင်ထဲမှာ ထည့်ထးတယ်။ ဒါဟာ ကျနော်တို့ကို ချစ်တဲ့၊ သားသမီးကို ချစ်တဲ့ မိခင်ပါ။ သူဘာဖြစ်နေနေ ဂရုမစိုက်ဘူး၊ သားသမီးကောင်းဖို့၊ သားသမီးအတွက်ကိုတာ ကြည့်တတ်တဲ့၊ စိုးရိမ်ပူပန်တဲ့ မိခင်ပါ။"

ကျနော့်အဖြစ်အပျက်ကို ပြောရင်း ကျနော့်မိခင်ကို ဖော်ကျူးနေတယ်လို့ပဲ ပြော ပြော၊ ချီးမွန်းခန်းတွေ ဖွင့်နေတယ်လို့ပဲ ဆိုဆို၊ ကျနော်ကတော့ ကျနော့်မိခင်ရဲ့ သားသမီး တွေအပေါ် ချစ်တတ်တဲ့၊ သားသမီးတွေအတွက် စိုးရိမ်ပူပန်တတ်တဲ့၊ သားသမီးတွေအပေါ် ဂရုဏာတရား၊ မေတ္တာတရားပြည့်ဝတဲ့ ကျနော့်မိခင်ကို ကျနော် အလွန်တရာကိုမှ စာဖွဲ့လို့ ကို မကုန်နိုင်တဲ့၊ ခိုင်းနှိုင်းလို့ကို မယှဉ်တာတဲ့ မိခင်ပါပဲလို့ ပြောချင်ပါတယ်။ စာဖတ်သူအား လုံးလည်း ကိုယ့်ရဲ့မိခင်တွေကို ဒီလိုပဲ ဖွင့်ဆို၊ ပြောချင်မှာပဲ၊ မပြောချင်ရင်တောင် ရင်ထဲမှာ သိမ်းထားမယ်လို့ ကျနော် အခိုင်အမာ ယုံကြည်လက်ခံတယ်။

တချို့သော လူတွေဆို မိခင်ကို ဖော်ကျူးဖွဲ့ဆိုတာတွေ၊ ရေးကြတာတွေ၊ ပြောကြ တာတွေ တပုံ တပုံကြီးပါပဲ။ ကျနော်ထပ်ပြောချင်ပါသေးတယ်။ အဲဒါကတော့ ကျနော့်မိခင် ကိုတာ ဖွဲ့ဆို၊ ပြောဆိုပြီး တခြားသော မိခင်တွေကို မပြောရကောင်းလားလို့တော့ မမြင်ပါနဲ့၊ ကျနော် … ကျနော့်မိခင်အပါအ၀င် ကမ္ဘာပေါ်မှာရှိတဲ့ မိခင်တိုင်းကို ကျနော့်မိခင်ကို ပြောသ လို အားလုံးသော မိခင်တို့ကိုလည်း ပြောဆို၊ ဖွဲ့ဆို၊ ရေးပြချင်ပါတယ်။ မိခင်ကို ချစ်တတ်တဲ့ သားသမီးတိုင်းရဲ့ ကိုယ်စား ကျနော် ဒီနေရာကနေ ပြောချင်ပါသေးတယ်။

မိခင်တိုင်း … မိခင်တိုင်းဟာ သားသမီးတွေကို အသက်ပေးပြီး မွေးခဲ့၊ ချစ်ခဲ့တဲ့ သူ တွေပါ။ မိခင်တွေဟာ သားသမီးတွေအတွက် ဘယ်လောက်ထိ ပေးဆပ်သလဲ၊ ဘယ်လို ရပ်တည်ခဲ့သလဲဆိုတာကို ပြောပြချင်တယ်။ ကျနော်တို့ ဘေးအိမ်က အဒေါ်တယောက်ရဲ့ ရပ်တည်ချက်၊ သားသမီးအတွက် ပေးဆပ်တဲ့အကြောင်းလေးကို ပြောပြမယ်။

သူမမှာ သားသမီး ဘယ်နှစ်ယောက်ရှိတယ်ဆိုတာ ကျနော် မသိဘူး။ ဒါပေမယ့် ကျနော် မြင်နေတာက သူမရဲ့ သားသမီးတွေအတွက် တနေ့တာ ရုန်းကန်နေတာကိုပါ။ ကျနော် သတိထားမိတာ တခုရှိတယ်။ သူမမှာ ယောင်္ကျားမရှိတော့တာလား။ ဒါမှမဟုတ် အမျိုးမျိုးရှိနိုင်တယ်၊ သေချာတာကတော့ သူမအနားမှာ သူမယောင်္ကျားမရှိတာကိုတော့ ကျနော်တွေ့ရတယ်၊ ကျနော်တို့နိုင်ငံမှာ အခြေအနေတွေက တော်တော်ကို ဆိုးဆိုးရွားရွား ဖြစ်နေတော့ တဖက်နိုင်ငံမှာလာပြီး အလုပ်လာလုပ်နေရတဲ့ သူမပါ။ အဲဒါဟာ သားသမီးအ တွက်ပဲလို့ ကျနော် မြင်ပါတယ်။ သူမဟာ လင်ယောင်္ကျားမပါပဲနဲ့ တဖက်နိုင်ငံမှာ လာပြီး လုပ်ဝံ့တဲ့ သူမဟာ ဘယ်သူ့အတွက် ဖြစ်နိုင်မလဲ … စာဖတ်သူတွေ ဖတ်ရင်းနဲ့တောင် တွေး လို့ရပါတယ်။ အဲဒါဟာ သူ့ရဲ့ သာားသမီးတွေရဲ့ ရှေ့ရေး၊ အနာဂတ်အတွက်ပဲ ဖြစ်ပါလိမ့် မယ်။

ကြည့်ပါဦး၊ သူမဟာ မနက်မိုးလင်းတာနဲ့ သားသမီးတွေ ကျောင်းသွားဖို့အတွက် စောစောထပြီး လုပ်ပေးရတယ်။ သားသမီးတွေ ကျောင်းသွားပြီးတဲ့အခါ သူမကိုယ်တိုင် အလုပ်ကို စက်ဘီးလေးနဲ့ ပြေးနေရတယ်။ ညနေဆို ငါးနာရီခွဲလောက်မှ အိမ်ပြန်ရောက် တယ်။ အဲဒီအချိန်မှာ ကလေးတွေက အိမ်မှာ ရှိနေပါပြီ၊ သူမ အိမ်ရောက်တာနဲ့ ကလေး တွေအတွက် ထမင်းချက်ပြုတ်ရ၊ ကလေးတွေရဲ့ အ၀တ်အစားတွေ လျှော်ရဖွတ်ရတယ်။ သားသမီးတွေ မျက်နှာမငယ်ရအောင်၊ တခြားကလေးတွေနဲ့ တန်းတူ သူမကလေးတွေ နေရအောင် အလုပ်တဖက်နဲ့ မနားရအောင် လုပ်ကိုင်နေတာ၊ ကလေးတွေကို ကြည့်ရှု စောင့်ရှောက်နေရပါတယ်။ ဒါဟာ သူမရဲ့ တနေ့တာ အချိန်အတွင်းမှာ လုပ်ကိုင်ဆောင် ရွက်နေရတဲ့ အကြောင်းကို ပြောပြတာပါ။

ကျနော် စဉ်းစားကြည့်မိခဲ့တာတွေကို ပြောချင်ပါတယ်။

တကယ်ဆိုရင် ဒီမှာလာပြီး အလုပ်လုပ်နေတာ တယ်မလွယ်ပါဘူး။ သူမ ပိုက်ဆံ ဘယ်လောက်ရသလဲ၊ ရတဲ့ပိုက်ဆံလေးနဲ့ အိမ်လခ ပေးရတာရယ်၊ မီးခ ပေးရတာရယ်၊ ရေခ ပေးရတာရယ်၊ ကလေးတွေရဲ့ မုန့်ဖိုးပဲဖိုး ပေးရတာရယ်၊ ၀မ်းစားအတွက်ရယ်၊ တကယ်တွက်ကြည့်ရင် လောက်ချင်မှလည်း လောက်မှာပါ။ ဒါပေမယ့် သူမဟာ ကလေး တွေကို တင့်တင့်တယ်တယ်ထားနိုင်တာကို ကျနော် လေးစားပါတယ်။ ချီးကျူးပါတယ်။ သူမနေရာမှာ ကျနော့်မိခင်ကို အစားထိုးပြီး စဉ်းစားကြည့်တော့လည်း ထပ်တူမကျရင် တောင် ကျနော့်မိခင်လည်း ဒီလိုပဲ ရုန်းကန်ခဲ့ရမှာပဲ၊ ကျနော်တို့အတွက်ပေါ့။ တခုသာတာ က ကျနော်တို့ မိသားစုထဲမှာ၊ ကျနော့်မိခင်နားမှာ အဖေရှိခဲ့တော့ အမေဟာ သူမလောက် တော့ မပင်ပန်းခဲ့လောက်ဘူးပေါ့၊ ကျနော် ပြောသလိုပါပဲ၊ ထပ်တူမကျလောက်ဘူးဆိုတာ လေ၊ ဒါပေမယ့် တူတာတခုရှိတယ်၊ အဲဒါကတော့ မိခင်တိုင်း သားသမီးတွေအပေါ်ထားတဲ့ မေတ္တာ၊ ဂရုဏာ၊ အချစ် အဲဒါတွေ ဖြစ်နိုင်၊ တူနိုင်ပါတယ်။ မိခင်တိုင်းဟာ သူတို့သားသမီး တွေကို ချစ်တဲ့အချစ်တွေဟာ အားလုံးတူညီနေကြတယ်လို့ ကျနော် ယုံကြည့်ပါတယ်။

စာဖတ်သူတွေကို ကျနော် မေးခွန်းတွေ မေးချင်ပါတယ်။ ကိုယ့်ဟာကိုယ် ဝေဖန် ပိုင်းစစ်၊ စမ်းစစ်ဖို့ပါပဲ။ ကျနော်လည်း စမ်းစစ်ပါမယ်။

မိခင်လို့ ဆိုလိုက်တာနဲ့
၁။ ကိုယ့်ရဲ့ မိခင်သာလျှင် အမြင့်မြတ်ဆုံးလို့ ထင်သလား။
၂။ တခြားသော မိခင်တွေကို ကိုယ့်ရဲ့ မိခင်လို့ လက်ခံနိုင်သလား။
၃။ ဘယ်လို မိခင်မျိုးကိုမှ ကိုယ့်ရဲ့ မိခင်လို့ သတ်မှတ်ပါသလဲ။

အဲဒီမွေးခွန်းသုံးခုကို ဖြေကြည့်ကြရင်း၊ စဉ်းစားကြည့်ကြရင်း ကိုယ့်ရဲ့သဘောထား တွေကိုလည်း ပြောခဲ့ကြပါ။ ကဲ … စာဖတ်သူတွေပဲ စဉ်းစားလို့၊ ဖြေကြည့်လို့လဲ မပြီးပါဘူး။ ကျနော်ကိုယ်တိုင်လည်း ဖြေကြည့်ပါမယ်၊ စဉ်းစားပြီး ကျနော့်သဘောထားကို ပြောပါမယ်။

၁။ ကိုယ့်ရဲ့ မိခင်သာလျှင် အမြင့်မြတ်ဆုံးလို့ ထင်သလား။

ကျနော် ငယ်ငယ်တုန်းကတော့ ကျနော့်မိခင်သာလျှင် အမြင့်မြတ်ဆုံးလို့ ထင်ခဲ့တယ်။ သူများတွေကို မပြောရင်တောင် ကျနော့်ရဲ့ စိတ်ထဲမှာ အဲဒီလို ထင်ခဲ့ပါတယ်။ ဒါပေမယ့် ကျနော် ဒီအသက်အရွယ်ထိရောက်လာတဲ့အချိန်မှာ ဒီမေးခွန်းလေးကို ပြန်စဉ်း စားကြည့်မိတယ်။ - ငါ ငယ်ငယ်တုန်းက ထင်ခဲ့သလို မဟုတ်ပါလားဆိုတာ သိလာရတယ်။ မြင်လာတယ်။ သူစိမ်းနယ်ထဲကို ခြေချလာခဲ့တာရယ်၊ ကျနော့်ရဲ့ အတွေ့အကြုံအရလည်း သိလာရပါတယ်။

ကိုယ့်ရဲ့ မိခင်သာလျှင် အမြင့်မြတ်ဆုံး မဟုတ်တော့ပါဘူး၊ မိခင်တိုင်း၊ မိခင် တိုင်းဟာ မြင့်မြတ်ကြပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ မိခင်တိုင်းဟာ သားသမီးတွေအတွက် တော့ အမြင့်မြတ်ဆုံးပါပဲ။ မိခင်တိုင်းရဲ့ မြင့်မြတ်ပုံချင်း မတူညီတာပဲ ကွာမယ်။ ကျနော် ထပ်ပြောပါရစေ … မိခင်တိုင်း … မိခင်တိုင်းဟာ ဘာသာလူမျိုးကွဲပြားပါစေ၊ အသားအ ရောင် ကွဲပြားပါစေ၊ မိခင်ဟာ မိခင်ပါပဲ။ ဒါကြောင့် အားလုံးသော မိခင်တွေဟာ အမြင့်မြတ် ဆုံးပါပဲလို့ ကျနော် အဲဒီလို ရဲရဲကြီးကို ယုံကြည်တယ်။ လက်လည်း လက်ခံပါတယ်။

၂။ တခြားသော မိခင်တွေကို ကိုယ့်ရဲ့ မိခင်လို့ လက်ခံနိုင်ပါသလား။

ဒီမေးခွန်းကို လူတိုင်း ဘယ်လိုဖြေကြမလဲတော့ မသိဘူးဗျ၊ ကျနော်က လည်း တော်တော့ကို စဉ်းစားယူရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်လည်း လူသား ထဲက လူတယောက်မို့လို့ပါပဲ။ ကိုယ့်မိခင်ကလွဲပြီး တခြားသော မိခင်တွေကို ဘယ်သူတွေ က လက်ခံနိုင်ပါ့မလဲ။ အနည်းအများပေါ်မှာလဲ မူတည်ပါတယ်။ သေချာတာတခုတော့ ရှိ တယ်။ အဲဒါကတော့ ကျနော် အမှန်အတိုင်းဝန်ခံရရင် တခြားသော မိခင်တိုင်းကို ကိုယ့်ရဲ့ မိခင်ရယ်လို့ လက်မခံထားနိုင်သည့်တိုင် စဉ်းစားပြီး သဘောထားပြည့်ဝစွာ စာနာနားလည် ပြီး လက်ခံနိုင်ပါတယ်။

ဒီလိုပြောလိုက်လို့ အံ့သြမသွားကြပါနဲ့ ကျနော် အထက်က မိခင်တို့ရဲ့အ ကြောင်းကို ပြောခဲ့သလိုပါပဲ၊ မိခင်တွေ စာနာတယ်၊ နားလည်တယ်၊ မိခင်တိုင်းကို ကိုယ့်ရဲ့ မိခင်လို့ သဘေားထားပြီး ခွင့်လွတ်နားလည်ပေးနိုင်လိမ့်မယ်လို့ ကျနော့်ကိုယ် ကျနော် အဲဒီ လို လက်ခံယုံကြည်ပါတယ်။ အပြည့်အ၀တော့ ဖြစ်ချင်မှလည်း ဖြစ်မှာပါ။

စာဖတ်သူတွေအားလုံး စဉ်းစားကြပါ။ ငါက ဘယ်လိုရှိတယ်၊ ငါ့ခံစားချက် က ဒီလိုပဲလားဆိုတာတွေကို ကိုယ့်ဖာသာကိုယ် စဉ်းစားပြီး ဖြေကြည့်စေချင်ပါတယ်။

၃။ ဘယ်လို မိခင်မျိုးကိုမှ ကိုယ့်ရဲ့ မိခင်လို့ သတ်မှတ်ပါသလဲ။

ကျနော်ကိုယ်တိုင် မေးလိုက်တဲ့ မေးခွန်းကို ကျနော် ဘယ်လို ပြန်ဖြေရမလဲ မသိတော့ဘူး၊ မေးခွန်းက နည်းနည်းခက်သွားတယ်လို့ ထင်တယ်။ ဒါပေမယ့် ကျနော် ကြိုး စားပြီး ဖြေပေးပါ့မယ်။

ကျနော် ငယ်ငယ်တုန်းကတော့ အတွေးကို ပြောပြချင်တယ်။ ကျနော့်မိခင် ဟာ ကျနော်တို့အပေါ်မှာ ယုယမှုတွေ ပေးတဲ့၊ ဂရုဏာတရား ပေးတဲ့၊ အလိုလိုက်တတ်တဲ့ စသည်ဖြင့်ပါပဲ၊ အဲဒီလို မိခင်မျိုးကို ဖြစ်စေချင်ခဲ့တာလေ။ အဲဒီလို တွေးထင်ခဲ့တာတွေ၊ ဖြစ်စေချင်တာတွေဟာ ကျနော်တို့အပေါ်မှာ တကယ်ပဲ အဲဒီလို ဖြစ်စေခဲ့ပါတယ်။

နောက်တခုရှိသေးတယ်၊ လူသားအားလုံး သို့မဟုတ် သားသမီးတိုင်းအား လုံးဟာ ကိုယ့်ရဲ့ မိခင်ကိုတော့ မိခင်ကောင်း၊ မိခင်မြတ်ဖြစ်စေချင်ကြတာချည်းပါပဲ။ "အို မိခင် ခွင့်လွတ်ပါ" ကျနော်ပြောမယ့် စကားလုံးအသုံးအနှုန်းအတွက် နားနဲ့မနာ၊ ဖ၀ါးနဲ့သာ နာပါလို့ ပြောပါရစေ။ တချို့သော လူသားတွေဟာ ကိုယ့်ရဲ့ မိခင် မကောင်းတဲ့ မိခင်ဖြစ် ကြည့်၊ ဆိုးသွမ်းတဲ့ မိခင်ဖြစ်ကြည့် သူတို့တွေဟာ ကိုယ့်မိခင်ပါလို့ သူတပါးကို ပြောဆိုပြဖို့ ရာ ခက်ခဲကြမယ်လို့ ကျနော်ထင်တယ်။ တချို့သော လူသားတွေနော်။

ကျနော်ကိုယ်တိုင်ရော အဲဒီလိုမျိုးသာ ကိုယ့်မိခင်ဖြစ်ရင် ဘယ်လို လုပ်မလဲ၊ ကျနော်ကတော့ ကိုယ့်မိခင် ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ထာဝစဉ်သာ ကိုယ့်မိခင်ပါပဲ။ ကျနော့်ရဲ့ ဦးထိပ်မှာ မိခင်ကို ထားပါ့မယ်။ ဒါဟာ ကျနော့်ရဲ့ နှလုံးသားက သတ်မှတ်တဲ့ ခံစားချက်စကားတွေပါပဲ။ စာဖတ်သူတွေရော ဘယ်လိုမျိုး သတ်မှတ်မလဲ၊ ကိုယ့်ဖာသာကိုယ် စဉ်းစားကြည့်မယ်ဆိုရင်ပေါ့။

မိခင်တွေဟာ အိုမင်းမစွမ်းဖြစ်သွားတာတောင် သားမီးတွေကို ဘယ်လောက်ချစ်သ လဲ။ သူတို့ အိုမင်းသွားရင်၊ သေဆုံးသွားရင်တောင် သူတို့မေတ္တာဟာ အိုမင်းသွားမယ် မဟုတ်ပါ၊ သေဆုံးသွားမယ်မဟုတ်ပါ၊ အမြဲထာဝရသစ်လွင်ရှင်သန်နေမယ်ဆိုတာ ကျနော် ယုံယုံကြည်ကြည် ပြောချင်ပါတယ်။ အခု သူငယ်ချင်းတယောက်ဆီက ရခဲ့တဲ့ စာသားလေး တချို့ကို ပြန်ပြောပြချင်ပါသေးတယ်။ အဲဒီ မိခင်ရေးထားတဲ့စာက "ငါ အိုသွားတဲ့ အခါ"တဲ့။

ငါ အိုသွားတဲ့ အခါ

"တနေ့ထက် တနေ့ အိုစာသွားတဲ့ ငါ့ကိုကြည့်ပြီး ၀မ်းမနည်းပါနဲ့၊ နားလည် ပေးပါ၊ အားပေးပါ၊ အရင်တုန်းက လူ့ဘ၀သက်တမ်းအတွက် ငါ လမ်းညွန်ခဲ့သလို အခုအ ချိန်မှာ ငါ့ဘ၀ နောက်ဆုံးအချိန်တွေအတွက် အဖော်ပြုပေးပါ။ အချစ်နဲ့ အေးမြမှုတွေကို ငါ ပြုံးပြုံးလေး လက်ခံမှာပါ။ အဲဒီအပြုံးတွေထဲမှာ မဆုံးတဲ့ ငါ့ မေတ္တာတွေ တွေ့ရမှာပါ။"တဲ့။

ဒီစာသားလေးကို မိခင်တယောက်ရေးခဲ့တဲ့ စာသားလေးပါ။ စာဖတ်သူအားလုံးကို ဝေမျှပေးလိုက်ပါတယ်။ ကိုယ့်ရဲ့ မိခင်တွေကို အဲဒီလိုမျိုး ပြောထားတဲ့အတိုင်းတာ လျှောက်သွားမယ်ဆိုရင် မိခင်တိုင်းရဲ့ အပြုံးတွေ ဝေေ၀ဆာဆာ ပွင့်နေမှာ အမှန်ပါပဲ။

ကျနော်နဲ့ လုပ်ဖော်ကိုင်ဖက် အမတယောက်ဟာ သားသမီးတယောက်ရဲ့ ခံစား ချက်လေးကို ပြောပြပါတယ်။ ဒီမှာ ကျနော် ပြန်ရေးပေးလိုက်ပါတယ်။ ဖတ်ကြည့်ကြပါဦး။

"ကမ္ဘာပေါ်မှာရှိတဲ့ မိခင်တိုင်း … မိခင်တိုင်းရဲ့ မေတ္တာ၊ စေတနာတွေဟာ ဘာနဲ့မှ နှိုင်းယှဉ်လို့မှမရအောင် ကြီးမားပါတယ်။ ကျမအကြောက်ဆုံးကတော့ ကျမဘေးနားမှာ အမေမရှိတော့မှာကိုပါဘဲ၊ ကျမဘေးနားမှာ အမေရှိနေရင် လုံခြုံစိတ်ချပြီး ပြည့်စုံပြီလို့ ယုံ ကြည်တယ်။ အသက်အရွယ်ကြီးလာလေ အမေတယောက်ရဲ့ မေတ္တာကြီးမားမှုကို ပိုပြီးနား လည်ခဲ့ရလေ ဖြစ်ပါတယ်။"

အိုခြင်း၊ နားခြင်း၊ သေခြင်းဆိုတဲ့ အနိစ္စတရားကို ဘယ်သူမှ၊ ဘယ်အရာကမှ မကျော်လွှားနိုင်ဟု ဗုဒ္ဓမြတ်စွာက ဟောကြားတော်မူခဲ့ပါတယ်။

မိခင်တို့ရဲ့ မေတ္တာဟာ အနိစ္စတရားကို ကျော်လွန်နိုင်စွမ်းရှိတယ်လို့ ကျနော် ယုံ ကြည်နေမိတယ်။

မိခင်တို့ရဲ့ မေတ္တာဟာ ဘယ်အခါမှာမှ မအိုမင်း …
မိခင်တို့ရဲ့ မေတ္တာဟာ ဘယ်အခါမှာမှ မထိခိုက်နိုင် …
မိခင်တို့ရဲ့ မေတ္တာဟာ ဘယ်အခါမှာမှ သေဆုံးသွားလိမ့်မယ် မဟုတ်ပါ။


မာန်လှိုင်းငယ်
၂၀၀၈ ခုနှစ်။ မေလ (၂)ရက်။

Thursday, May 1, 2008

Monday, April 7, 2008

အဖွားမာ (ခ) လူထုဒေါ်အမာ ကွယ်လွန်



သတင်းစာဆရာမ၊ စာရေးဆရာမကြီး လူထုဒေါ်အမာ (ခ) အဖွားမာ ကွယ်လွန်
သတင်းစာဆရာမ၊ စာရေးးဆရာမကြီး လူထုဒေါ်အမာ (ခ) အဖွားမာ အသက် (၉၃) နှစ်သည် ယနေ့နံနက်
(၈) နာရီ (၃၇) မိနစ်တွင် မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်သွားသည်။


သားဖြစ်သူ ကိုညီပုလေးက “ယခု (၈) နာရီ (၃၇) မိနစ်က ဆေးရုံမှာ ဆုံးတယ်ခင်ဗျ။
မန္တလေးဆေးရုံ နှလုံးရောဂါအထူးကုဆောင်မှာပါ” ဟု ပြောသည်။

Saturday, March 15, 2008

ကန့်ကွက်မဲတွေ ပေးကြ

ကန့်ကွက်မဲတွေ ပေးကြပါ ...



World Poetry Day နေ့

ဒီနေ့ည ဒေါင်းရင်ပြင်မှာ ကျင်းပပြုလုပ်မယ့် World Poetry Day နေ့ အခမ်းအနား ဖိတ်ကြားလွှာ



Monday, February 25, 2008

ကြယ်နီတပွင့် ကြွေလွှင့်ခြင်း

ကြယ်နီတပွင့် ကြွေလွှင့်ခြင်း

ဆန်းစ တန်ပို့တွဲမှာ
ကြယ်တပွင့် ကြွေကျ မြေခခဲ့တယ်
သူဟာ အနီရဲရဲ ကြယ်ဖြစ်တယ်။

အမျိုးသားတန်းတူရေးနဲ့
ဒီမိုကရေစီရေးတိုက်ပွဲအတွက်
လင်းလက်တဲ့ ရဲရဲနီကြယ်ဖြစ်တယ်
ကြွေချိန်မတန်ပဲ ကြွေလွှင့်ခဲ့တဲ့ ကြယ်နီရေ ...
တိုင်းရင်းသားများ
ဒီမိုကရေစီတိုက်ပွဲဝင်ရဲဘော်များ
ပြီးတော့ ...
မြန်မာပြည်သူလူထုများ
သူတို့ ...
သူတို့ အားလုံးရဲ့ ရင်ဘတ်ကြီး
မီးဟုန်းဟုန်းတောက်လောင်ပြီ။


သူ့ကို ...
လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့
ကောင်းကင်ကြီးလည်း
ရင်ထုမနာဖြစ်လို့
လက်ခံရမဲ့ ၀သုန်မြေလည်း
ငိုကြွေးလို့
တော်လှန်သောင်ရင်းလည်း
ခံပြင်းဝေဆူလို့
မိုးမခတောလည်း
ရှိုက်သံစွက်လို့။

အဲဒီ ဝေဒနာတွေကြားက
အကျွန်တို့
ရန်သူကို
ဘယ်သောအခါမှ
ဒူးထောက်အညံ့ခံကြလိမ့်မည်မဟုတ်
ကတိပေးပါတယ် ကြယ်နီ ...။

အို ...
အကြွေစောတဲ့
မြန်မာပြည်ရဲ့
သူရဲကောင်း အာဇာနည်ရေ ...
စိတ်ချစွာ လဲလျောင်းပါတော့။

(၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် လုပ်ကြံသတ်ဖြတ်ခံရသော အမျိုးသား သူရဲကောင်း တီးမန်းရှာသို့)

ထနောင်း (၁၆၊ ၂၊ ၂၀၀၈)

အတီးရေ ... စိမ်းညိုနေတဲ့ မိုးမခတောတွေလည်း ချက်ချင်း ၀ါကျင်ကျင်ဖြစ်လို့သွားတယ်။ တော်လှန်သောင်ရင်းရဲ့ ရေအလျင်တွေလည်း ရပ်ဆိုင်းသွားတယ်။ ဆောင်းနှောင်း နွေဦးမှာ မိုးခြိမ်းသံတခုကို ကြားလိုက်ရတယ်။ ကမ္ဘာမြေတခွင်လုံး ချက်ချင်းဆွံ့အသွားတယ်။ မဟာပထ၀ီမြေကြီး အိုးထိမ်းစက်ပမာ သွက်သွက်လည်ခဲ့ပေါ့။

Thursday, February 7, 2008

ကိုနေဘုန်းလတ်ဖမ်းဆီးခံထားရခြင်းအပေါ် ဘလော့ဂ်ဂါအချို့ရဲ့ ခံစားချက်အမြင်များ

ကိုနေဘုန်းလတ်ဖမ်းဆီးခံထားရခြင်းအပေါ် ဘလော့ဂ်ဂါအချို့ရဲ့ ခံစားချက်အမြင်များ

DVB television မှ ပြန်လည်ကူးယူ တင်ပြလိုက်ပါတယ်




လွတ်ကျခဲ့တဲ့ မြို့တော်က ကိုကြီးနေဘုန်းလတ်သို့

မာန်လှိုင်းငယ်



ကျနော် ကိုကြီးနေဘုန်းလတ် အဖမ်းခံတယ်ကြားကြားချင်း ကိုကြီးနေဘုန်းလတ်အတွက် ပို့စ်တင်ပေးဖို့ရာ။ ကျနော်လည်း မအားလပ်တာကြောင့် ဘလော့ဂ်ဘက်ကို မလှည့်ဖြစ်ခဲ့ ဘူး။ အခုတော့ ကိုကြီးနေဘုန်းရဲ့ တနှစ်ပြည့် အထိမ်းအမှတ်အတွက် ဆုတောင်းပို့တွေ ရေးနေကြတာ သိရတော့ ကျနော် ၀မ်းသားတယ်ဗျာ။ ဒါနဲ့ ကျနော်လည်း လိုက်ဖတ်ရင်း ကိုကြီးနေဘုန်းအတွက် ဆုတောင်းပေးဖို့ လုပ်ပါပြီဗျာ။ ကျနော်နဲ့ ကိုကြီးနေဘုန်း ခင်မင်ခဲ့တဲ့ အကြောင်းလေးကို နည်းနည်း ပြောပြချင်ပါတယ်ဗျာ။

ကျနော် ကိုကြီးနေဘုန်းရဲ့ မြို့တော်ကို သွားရောက်ပြီး ရသ။ သုတ။ ဗဟုသုတဟင်းအိုးကြီးကို သွားရောက်နှိုက်နေတာ တော်တော်ကြာပါပြီ။ စီဘောက်မှာတော့ စာတွေ မရေးဖြစ်ခဲ့ပါဘူး။ ရံဖန်ရံခါမှတာ ကျနော် ရေးသွားခဲ့ပါတယ်။

ကျနော် ကိုကြီးနေဘုန်းနဲ့ ရင်းနှီးကျွမ်းဝင်ခဲ့တာ သိပ်မကြာသေးပါဘူး။ ကိုကြီးနေဘုန်း အဖမ်းမခံရမီ အချိန် ရက်အနည်းငယ်ကပါ။ ကိုကြီးနေဘုန်းနဲ့ ကျနော် စကားပြောဖြစ်ခဲ့တာ တရက်ထဲပါပဲ။ ဘယ်လောက်မှမကြာဖြစ်ခဲ့ပါဘူး။ အဲဒီအချိန်အတွင်းမှာ ကိုကြီးနေဘုန်းကို ကျနော်လေးစားတယ်။ အားကျတယ်။ ကိုကြီးနေဘုန်းဟာ အရမ်းကို ခင်မင်စရာကောင်းတဲ့ လူပါပဲ။ ကျနော်တို့နဲ့စကားပြောရင် ပေါ့ပေါ့ပါးပါးလေးနဲ့ ရင်ထဲရောက်အောင် ပြောနိုင်တဲ့ လူပါ။ နောက်ထပ်ရှိပါသေးတယ် ကိုကြီးနေဘုန်း စိတ်ဓါတ်ကိုပါ။ သူက လူငယ်လူရွယ်တွေကို အသိပညာတိုးပွားစေချင်တဲ့ စိတ်ရယ်။ ဘလော့ဂ်နည်းပညာ ပြန့်ပွားရေးကို အားစိုက်လုပ်ကိုင်တတ်တဲ့ စိတ်ကို ကျနော် လေးစား ဂုဏ်ယူပါကြောင်း ဒီမှာ ပြောပြလိုက်ပါတယ်။ ကိုကြီးနေဘုန်းရေ … ညီလေး မျှော်နေပါတယ်။ ကျန်းမာစွာနဲ့ အမြန်ဆုံး လွတ်မြောက်ပါစေလို့ ဆုတောင်းပေးနေပါတယ်။


လွတ်ကျခဲ့တဲ့ မြို့တော်က ကိုကြီးနေဘုန်းလတ်သို့ ….

ဘလော့ဂ်ဂါမောင်နှမတွေအကြား ချစ်ခင်ရင်းနှီးစွာ စနောက်ကြရင်း
"မြို့စားကြီးနေဘုန်းလတ်" လို့ နာမည်တွင်ခဲ့တဲ့သူ။ မနှစ်က ဒီလိုနေ့မှာပဲ
"လွတ်ကျခဲ့တဲ့မြို့တော်" ဘလော့ဂ်လေးကို သူကိုယ်တိုင် အသက်သွင်းခဲ့တယ်။
ဒီနေ့ တော့ တစ်နှစ်တင်းတင်း ပြည့်သွားပြီပေါ့။ မှတ်မှတ်ရရ သူ့ 
ဘလော့ဂ်မှာ ပထမဆုံးတင်လိုက်တဲ့ ပို့စ်နာမည်ကလည်း "လွတ်ကျခဲ့တဲ့မြို့တော်"
တဲ့။ လက်တွေ့ဘဝမှာ သူလွတ်ကျခဲ့တဲ့ စာရေးဆရာ၊ ဒါမှမဟုတ် အနုပညာသမားဆိုတဲ့
အမည်နာမတွေအတွက် သူ့ ဘလော့ဂ်ဟာ သစ္စာရှိတဲ့ လူယုံ၊ အစွမ်းထက်တဲ့ လက်နက်၊
အရိပ်ကောင်းတဲ့ ညောင်သစ်ပင်လို အသုံးတော်ခံခဲ့တယ်။ ရက်ပေါင်း ၃၆၅
ရက်အတွင်းမှာ သူ့ မြို့တော်က စာကောင်းစာသန့် ၁၂၂ ပုဒ်
မွေးထုတ်ပေးခဲ့ပြီးပြီ။ ဒီစာတွေကြောင့် ဖတ်သူတွေအတွက် သုတပန်းတွေ
လန်းလာခဲ့တယ် ၊ ရသလမ်းတွေ ဆန်းလာခဲ့တယ် ၊ ပညာမီးတွေ လင်းပလာခဲ့တယ် ။
သူကတော့ သတိထားမိချင်မှ ထားမိလိမ့်မယ်။

ဘလော့ဂ်ဂါတွေ အတွက် ပထမဆုံးဆိုတဲ့ စကားလုံးတော်တော်များများမှာ သူနဲ့
လွတ်ကျခဲ့တဲ့မြို့တော်လည်း ရင်းနှီးကျွမ်းဝင်ခဲ့တယ်။
ဘလော့ဂ်ပို့စ်တွေကို ပထမဆုံး ပုံနှိပ်မယ့်စာအုပ်အတွက် တက်တက်ကြွကြွနဲ့ သူ
အစွမ်းကုန်ကြိုးစားခဲ့တယ်။ စာအုပ်ကိစ္စ ဆွေးနွေးပွဲတိုင်းကို
မပျက်မကွက်တက်ရောက်ခဲ့သူဟာလည်း သူ တစ်ဦးတည်း ရှိခဲ့တယ်။ နောက်ပြီး
ရန်ကုန်မှာ ပထမဆုံးကျင်းပခဲ့တဲ့ Blog Day Seminar အတွက်လည်း သူ
ပါဝင်ခဲ့တယ်။ MRTV4 နဲ့ အခြားသော မီဒီယာတွေအကြားမှာ ဘလော့ဂ်လောက
အကြောင်းကို သူချပြရဲခဲ့တယ်။ ဝေဖန်မှုတွေကို လက်ခံခဲ့တယ်။ မေးခွန်းတွေကို
အပြုံးနဲ့ ဖြေကြားပေးနိုင်ခဲ့တယ်။

မြန်မာဘလော့ဂ်ဂါရပ်ဝန်းမှာ ဓလေ့ထုံးတမ်းတစ်ခုရှိတာက ဘလော့ဂ်တစ်ခု
ဒါမှမဟုတ် ဘလော့ဂ်ဂါတစ်ယောက်ရဲ့ အထိမ်းအမှတ်နေ့တွေမှာ အထူးရေးသားတဲ့
ပို့စ်တွေ တင်တတ်ကြတယ်၊ သူငယ်ချင်းတွေက လာနှုတ်ဆက်ကြတယ်၊ Comment တွေ
ချီးမြှင့်ကြတယ်။

ဒီနေ့ သူ့ ရင်နဲ့ တည်ထားတဲ့ မြို့တော်ကြီး တစ်နှစ်ပြည့်တယ်။
ခုလိုအချိန်မှာ သူသာ လွတ်လွတ်လပ်လပ်ရေးသားခွင့်ရမယ်ဆိုရင်
သူ့ဘလော့ဂ်အတွက် အထိမ်းအမှတ်ပို့စ်တင်မယ့် အစီအစဉ်ရှိမယ်ဆိုတာ အသေအချာပဲ။
ဒါပေမယ့် သူ … ဘယ်မှာလဲ ။ သူရေးမယ့် ပို့စ်မှာ Comment ရေးဖို့
ဘလောဂါ့ရပ်ဝန်းက သူငယ်ချင်းတွေ သူ့ရဲ့ စာဖတ်ပရိသတ်တွေ မျှော်လင့်တကြီး
စောင့်နေကြတယ်။ " မြို့စားကြီး " လို့ စနောက်ကြဖို့ စောင့်နေကြတယ် …
ဇန်နဝါရီ ၂၉ ကတည်းက ခြောက်သွေ့နေခဲ့ရတဲ့ သူ့ မြို့တော်မှာ အပြုံးတွေနဲ့
ဖုံးလွှမ်းနေစေချင်တာ … ရယ်သံတွေနဲ့ စည်ညံနေစေချင်တာ … ဒါတွေအတွက်
အားလုံးက စောင့်မျှော်နေဆဲပါ ..။

ဘလော့ဂ်ဂါတွေကို ချစ်ကြည်စေချင်တဲ့ သူ့အတွက်၊ လူငယ်တွေကို
ကောင်းစေချင်တဲ့ သူ့ အတွက်၊ တိုင်းပြည်ကို တကယ်ချစ်တဲ့ သူ့ အတွက်
ဘေးဒုက္ခဆိုတာ မြူတစ်မှုန်စာတောင် ကျရောက်မလာစေဖို့ ဘလောဂါ့ရပ်ဝန်းမှ
ညီအကိုမောင်နှမအားလုံးက ဒီအမှတ်တရ ပို့စ်လေးနဲ့ ဆုတောင်းလိုက်ပါတယ်။

နေ့တနေ့ မနက်ခင်းလေး အဆုံး

မာန်လှိုင်းငယ်

နေ့တနေ့ မနက်ခင်းလေး အဆုံး

ခရောင်းလမ်းကို လျှောက်
ဒုက္ခကို ခံစည်းရင်း
လွမ်းဆွတ်တဲ့ သီချင်းနဲ့
ဘ၀ကို ရုန်းကန်ခဲ့သေးတာ
ဒီလမ်းကို
လေးရူးတွေနဲ့
ငါလျှောက်မယ့် လမ်းမှာ
ငါ့ကိုယ်ငါ အသုံးချ …
ခရောင်းလမ်း တခုမှာ။

ပန်းခင်းလမ်းကို ရောက်
သုခကို စံမြန်းရင်း
တက်ကြွတဲ့ ခြေလှမ်းနဲ့
ဘ၀အနာဂတ်ဆီ
အရုဏ်ကျင်း နေခြည်နဲ့
ဘ၀မှာ ပျော်ဖူးခဲ့သေးတာ
ဒီလမ်းကို
နေ့တနေ့ မနက်ခင်းမှာ
လန်းဆန်းမှုနဲ့
ငါရွေးမယ့် လမ်းမှာ
ငါ့ကိုယ်ငါ အသုံးချ …
ပန်းခင်းလမ်း တခုမှာ။

ခရောင်းလမ်းကို
ဘယ်သူ လျှောက်သလဲ …
ပန်းခင်းလမ်းကို
ဘယ်သူ ရောက်သလဲ …
ခရောင်းနဲ့ ပန်းခင်းမှာ
ဘယ်သူ … လျှောက် … လျှောက်
ဘယ်သူ … ရောက် … ရောက်
နေ့တနေ့ မနက်ခင်းလေး အဆုံး …
ငါ့ကိုယ်ငါတော့
ဒီလမ်းကို အသုံးချမြဲ။ ။
nohappy

Wednesday, January 23, 2008

ဒါပေမယ့် …

မာန်လှိုင်းငယ်

ဒါပေမယ့် …

ငယ်ငယ်တုန်းက
ငါ ကဗျာတွေ ရေးတော့
မေမေက ချီးမွန်းတယ်


ဖေဖေက အားပေးအပြုံးနဲ့ ကြည့်တယ်
ကိုကြီးက လှိုက်လှဲစွာ တွန်းပို့တယ်
ညီမလေးက ကဗျာရူးလို့ အရယ်မျက်နှာနဲ့ ပြောတယ်။

ခုလည်း …
ငါ ကဗျာတွေ ရေးနေတုန်းပဲ
အဲဒီမျက်နှာတွေကို ငါ မြင်နေတုန်းပါပဲ
ဒါပေမယ့် … … ဒါပေမယ့် … …
happy

Wednesday, January 16, 2008

ဝမ်းစာ နှင့် အလုပ်

မာန်လှိုင်းငယ်

ဒီစာစုလေးကိုလည်း ဒိုင်ယာရီအဟောင်းလေးက ဆွဲထုတ်တင်ပြလိုက်ပါတယ်ဗျာ။

ဝမ်းစာ နှင့် အလုပ်

`အလုပ်က
ဝမ်းရေးအလှ၊
ဝမ်းတွင်းကိစ္စ၊
ပြတ်ပြတ်လုပ်သော်၊
ပြုံးရွှင်ဖွယ်ရာ၊
စားရေးဖူလုံ၊
နောင်ရေးကိစ္စ၊ ပြေလည်မည်´

ကျွန်တော်ပြောချင်၊ ဆိုချင်၊ ရေးချင်သည့် အကြောင်းအရာတစ်ခုရှိပါတယ်။ အဲဒီအကြောင်းအရာ များသည် လူ့လောကတွင် အစဉ်မပျက် လည်ပတ်စီးဆင်းနေ့သည့် အရာတစ်ခု ဖြစ်တယ်။ ထိုအရာသည် `၀မ်းစာ နှင့် အလုပ် ` ဖြစ်ပါပဲ။

ဝမ်းစာ နှင့် အလုပ်သည် အမြဲပင် ဒွန်တွဲနေသည်မှာ မှန်မမှန် သိချင်လျှင် နေ၏အလင်းရောင် ပေါ်လာသည်မှ ကွယ်သွားသည့်အထိ ကိုယ်တိုင် စောင့်ကြည့်မနေဘဲ လက်တွေ့လုပ်ဆောင်ပါက သိရှိလာ မည်မှာ အမှန်ပင်သည်။ သိရှိသည်ထက် ကိုယ်တိုင်တွေ့ကြုံ၊ ဖြတ်ကျော်နေရသည်ဟု ပြောဆိုရင် ပိုမှန်ပါ လိမ့်မည်။

အကြောင်းမှာမူ လူများသည် လူ့လောကထဲ ရောက်လာသည်ဟု သိစအရွယ်က သေသည့်အချိန် ထိ အလုပ်ကို လုပ်ပြီး၊ ၀မ်းစာအတွက် ဖြည့်ကြရသည်။

သာဓကအနေနဲ့ ကလေးတစ်ယောက်သည် မွေးစအရွယ်က အသက်(၂)နှစ်အထိ မိခင်၏ နို့ရည်ကို သောက်နေရသည်ပင် ကတည်းက ထိုမှတဆင့် အသက်(၃) နှစ်မှအစ လူလတ်ပိုင်း၊ လူကြီးပိုင်း ရောက်သည့်အချိန်ထိ အစားအစာသောက် ရေနှင့် ပဲသရေစာများကို နေ့စဉ်မပျက် အမြဲလိုလို စားသောက် နေထိုင်ရခြင်းပင်။ အလုပ်ကိုလည်း ရေကုန်ရေခန်း လုပ်ကြရသည်။

အလုပ်လုပ်မှ ၀မ်းစာအတွက် ဖြည့်ဆည်းရသလို၊ ၀မ်းစာပြည့်တင်းမှ အလုပ်လုပ်နိုင်မည်။ ၀မ်းစာမပြည့်တင်းဘဲနှင့်တော့ အလုပ်လုပ် နိုင်မည်မဟုတ်ချေ။ အလားတူပင် အလုပ်ကိုလည်း အစဉ်မပျက် လုပ်ဆောင်မှသာလျှင် ၀မ်းစာအတွက် ပြည့်တင်းသိုလှောင်လို့ ရမည်ဖြစ်သည်။

ဤအထက်ပါအကြောင်းအရာနှင့်ပတ်သက်ပြီး သာဓကတစ်ခုကို တင်ဆက်ပါမည်။ ဆရာဝန် ဖြစ်ဖြစ်၊ ကျောင်းဆရာဖြစ်ဖြစ်၊ တစ်ခုခုကို တင်ဆက်ပါမည်။

ဆရာဝန်တစ်ယောက်သည် သူ၏တာဝန်ကို နေ့တိုင်းမပျက် လုပ်ခြင်းသည် ငွေကို ရဖို့လိုလည်း မဟုတ် မိသားစုအတွက် သော်လည်းကောင်း၊ နောင်ရေးအတွက်သော်လည်းကောင်း၊ ၀မ်းစာအတွက် သော်ကောင်း၊ ငွေကိုရမှသာလျှင် ၀မ်းစာအတွက်၊ မိသားအတွက်နှင့် သူ၏ နောင်ရေးတို့ကို ဖူလုံစေသည်။

သူ၏ အတတ်ပညာဖြစ်သည့် ဆရာဝန်ဆိုသည့်အလုပ် မရှိဘဲနှင့်တော့ ၀မ်းစာအတွက်ကော၊ မိသားစုအတွက်နှင့် နောင်ရေးအတွက်ကိုပါ စိုးရိမ်ဖွယ်ရှိပါသည်။ အဘယ့်ကြောင့်ဆိုသော် အလုပ်ကို အစဉ်အပျက် မလုပ်ဆောင်နိုင်ဘဲနှင့်တော့ ၀မ်းစာအတွက် ဖြည့်တင်းနိုင်မည်မဟုတ်ချေ။

အစာရေစာပျက်ပြီး သေကြပါလိမ့်မည် ဖြစ်သည်။ ဆိုရိုးစကားတော့ ရှိပါတယ်။ ဘာတဲ့ `ထမင်း ခုနစ်ရက်မစားရလည်း မသေနိုင်သေးပါဘူး။ ရေသောက်ရင်တောင် အသက်ရှင်ပါတယ်တဲ့´ ဟုတ်မှာပါလေ။ ဒါကတော့ သူတို့တွေရဲ့ အမြင်တွေကိုး။ မှန်တယ်လို့လည်း မပြောလို။ မှားတယ်လို့လဲ မဝေဖန်လိုပါဘူး။

ကျနော်ပြောချင်တာကိုတော့ ကျနော်ဆက်ပြောပါမယ်။ အလုပ်မလုပ်ချင်ဘဲထားဦးတော့ ၀မ်းစာ အတွက် ဖြည့်တင်းနိုင်မည်မဟုတ်ချေ။ အလားတူပင် ကျောင်းဆရာအလုပ်၊ စာရေးအလုပ်၊ အင်ဂျင်နီယာ အလုပ် စသည့်အလုပ်ကို လုပ်ဆောင်သည့် လူများသည် ထိုသို့ပင်တည်း။

အလားတူနာမည်ကျော် နိုင်ငံရေးပုဂ္ဂိုလ်တွေ၊ စီးပွားရေးအောင်မြင်သည့် ပုဂ္ဂိုလ်များသည် ၀မ်းစာမရှိ ဘဲနှင့် နာမည်မကျော်နိုင်၊ အလုပ်မဖြစ်ဘဲနှင့်လည်း မတက်နိုင်ချေ။ မည်မျှလောက်ပင် နာမည်ကျော်စေဦး ထိုအလုပ်နှင့် ၀မ်းစာမရှိလျှင် နာမည်ကျော်ကြားနိုင်မည်မဟုတ်သေးပေ။

အလုပ်သည် လူတွေအတွက် အလွန်ကိုမှ လိုအပ်သော အရာပင်ဖြစ်သည်။ ၀မ်းစာမှရှိဘဲနှင့်လည်း ၀မ်းစာအတွက်ဖြည့်တင်းနိုင်မည်မဟုတ်ချေ။

ထိုကြောင့် `၀မ်းစာ နှင့် အလုပ်` သည် အမြဲပင် ဒွန်တွဲနေပေသည်။ အလွန်မှလည်း အရေးကြီးပြီး လိုအပ်သည့်အရာလည်း ဖြစ်ပေသည်။

`အလုပ်က
ဝမ်းရေးအလှ၊
ဝမ်းတွင်းကိစ္စ၊
ပြတ်ပြတ်လုပ်သော်၊
ပြုံးရွှင်ဖွယ်ရာ၊
စားရေးဖူလုံ၊
နောင်ရေးကိစ္စ၊ ပြေလည်မည်´

ဒီစကားလေးနဲ့ ပဲ အဆုံးသတ်လိုက်ပါသည်။

Tuesday, January 15, 2008

ချိပ်ပိတ်ခံထားရတဲ့ ပြတင်းတံခါး

မာန်လှိုင်းငယ်

ချိပ်ပိတ်ခံထားရတဲ့ ပြတင်းတံခါး

ပြတင်းတံခါးက
အခုအခါမှာ
ချိပ်ပိတ်လို့ ခံနေရပြီ။

ချမ်းအေးတုန်ခိုက်
ညအမှောင်တောင် ထိုင်မကြည့်နိုင်ပြီ။

ဒီလိုပဲ …
ငါဟာ အတိတ်ကို အတိတ်မှာ ထားခဲ့ဖို့
နောက်လည့်ကြည့်စရာ မလိုအောင်
ငါ …
၂၀၀၇ နဲ့ ၂၀၀၈ ကို ခြားနားပေးလိုက်ပါပြီ။

တချို့သော သူတွေက
၂၀၀၈ ကို တခမ်းတနား ကြိုဆိုကြ
အချို့သော သူများက
၂၀၀၈ ထဲ မရဲတရဲ လှမ်းဝင်ကြ
ငါကတော့
ပြတင်းဝကို လိုက်ကာနဲ့ ပိတ်လိုက်သလို
၂၀၀၇ ကို ဖုံးပိတ်
၂၀၀၈ ကိုတော့ မြေလှန်တူးဆွနေရပြီ။

ခု …
ညများမှာတော့
ချမ်းအေးတုန်ခိုက်
ညအမှောင်တောင် ထိုင်မကြည့်နိုင်ပြီမို့
ချိပ်ပိတ်ခံထားရတဲ့ ပြတင်းတံခါးကိုပဲ ငေးကြည့်နေရ… ။ ။

Smart Mom

Smart Mom

A mother was walking with her four year old daughter one day when the daughter picked up something off the ground and started to put it into her mouth. The mother stopped her and said she shouldn't do that.

"Why," asked the little girl.

"Because it’s dirty. It's been on the ground. You don't know where it's been. It probably has germs."

The little girl looked up at her mom with admiration and asked, "How do you know so much?"

Thinking quickly, the mother said, "All moms know so much. We have to. It's on the Mommy Test. If you don't know it, you don't get to be a mommy."

The little girl pondered this for a few minutes, then her face brightened. "I get it!" she said. "If you don't pass the test, you get to be a daddy!"

"Yup," said the mom.

Monday, January 14, 2008

အိပ်မက်နှင့် အနာဂတ်

မာန်လှိုင်းငယ်

ဒီအိမ်မက်နှင့် အနာဂတ်လေး စာစုလေးကို ကျနော် ဒိုင်ယာရီအဟောင်းလေးကို ပြန်လှန်နေတုန်းတွေ့လို့ ဒီမှာ သယ်ရင်းများအားလုံးကို ဖတ်စေချင်တာနဲ့ တင်ပေးလိုက်ပါတယ်ဗျာ။

အိပ်မက်နှင့် အနာဂတ်

လူတွေဟာ နေ့စဉ်လိုလို သွားလာလှုပ်ရှားကြ အလုပ်ကိုယ်စီသွားကြ တနေ့တာလုပ် ဆောင်ရမည့် အလုပ်ကိုလည်း လုပ်ဆောင်ကြနဲ့ ။

နေကွယ်လာပြီးဆိုတာနဲ့ ငါတို့ဟာ အိပ်စက်အနားယူရမယ့် အချိန်တော် ရောက်လာတော့မှာ လား လို့ပြော ကြတယ်။အဲဒီလို အိပ်ယာဝင်တော့မယ်ဆိုရင် လူတွေဟာ တွေးပြီး စဉ်းစားကြမှာဘဲ။

ငါတို့ရဲ့ အနာဂတ်ကို ငါတို့ ဘယ်လို လျှောက်လှမ်းရမလဲ။ လုပ်ဆောင်ရမလဲ ဆိုတာကို ဘဲ စဉ်းစား မိကြမှာပါ။ ဒီလိုပဲ စဉ်းစားပြီး တွေးပူနေ ကြလိမ့်မယ်။

ငါလည်းဘဲ ဒီလိုလူမျိုးတွေလို ဖြစ်ရင်လည်း အနာဂတ်အတွက် စဉ်းစားရင်း ပူပန်မိမှာဘဲ။

ဒီလိုဘဲ နေထွက်လာရင် နေ့ရဲ့အလင်းရောင်ကို ခံစားရလိမ့်မယ်။ နေကွယ်လာရင်လည်း ညရဲ့အမှောင်ထုကြီးကိုဘဲ ခံစားရမှာပါ။ ဒါတွေဟာ ဖြစ်မြဲတရား တွေပါ။ လူတွေဟာလည်း ဒီလိုသဘောမျိုး သက်ရောက်တာဘဲ။ နေ့အလင်းရောင်ကို မြင်ရတာနဲ့ လူတွေဟာ ပျာယာခတ်ပြီး၊ ကိုယ့်မှာရှိသမျှ အလုပ်ကို ကုန်းကုန်းပြီး လုပ်ကြနဲ့ ရင်မောစရာ ပါဘဲ။

ဒီလိုကြားထဲမှာ လူတွေဟာ အနားယူဖို့ ၊စိတ်ကို အနားပေးဖို့ မစဉ်းစားမိ ကြဘူးလား၊စဉ်းစားမိ ကြလားဆိုတာတော့ မပြောတတ်။ တချို့လူတွေကတော့ စဉ်းစားမိကြမှာဘဲ။ မစဉ်းစာမိတဲ့ လူများလည်းရှိမှာပါ။ စဉ်းစားမိသည် ဖြစ်စေ၊ မစဉ်းစားမိသည် ဖြစ်စေ၊ကိုယ်စိတ်နှလုံးကိုတော့ အနားပေးရမှန် ပဲ။

ဒီလို အနားယူမှဘဲ အိပ်ယာဝင်တဲ့အခါ အိပ်မက်လှလှလေးတွေလည်း မက်တတ်တယ်။ မလှတဲ့ အိပ်မက်လည်း မက်တတ်တယ်။

ဒီလိုအိပ်မက်တွေ မက်ကြတဲ့အခါ လူတွေဟာ အိပ်မက်အကြောင်းတွေကို ပြန်စဉ်းစားမိလျှင် ၀မ်းသာပီတိ ဖြစ်သလား။ ကောင်းကောင်း မက်ရင်ဖြစ်စေ၊ အဆိုးမက်သည်ဖြစ်စေ၊ ဒီအပေါ် ၀မ်းသာပီတိ ဖြစ်သလား။

အလားတူဘဲ အနာဂတ်အတွက် ရင်ဆိုင်ရမဲ့ ပြသနာတွေကို ကျော်လွှားဖြတ်သန်း နိုင်သည် ဖြစ်စေ၊ လူတွေဟာ ဘယ်လိုမျိုး ခံစားရသလဲ။ ငါ့အနေနဲ့ စဉ်းစားမိတယ်။ အနာဂတ်မှာ ရင်ဆိုင်ရမဲ့ ပြသနာတွေကို ကောင်းကောင်းမွန်မွန် နဲ့ ကျော်လွှားဖြတ်သန်း နိုင်ခဲ့လျှင် မုချ ၀မ်းသာပီတိ ဖြစ်မိမှာပါ။

ကောင်းကောင်းမွန်မွန် မရင်ဆိုင်နိုင်ဘူးဆိုရင် လူတွေဟာ မှဲ့ကြမှာဘဲ။ ငါလည်း ဒီလိုဖြစ်မိ မှာပဲလေ။ ဒီလိုက ဘဲ လူတွေရဲ့ ဘ၀တွေဟာ အိပ်မက်လော အနာဂတ်လော ။ အိပ်မက် နှင့် အနာဂတ်ဟာ တူကြပါသလား။

Saturday, January 12, 2008

What should we do?

Mhan Hlaine Nge

What should we do?

If we were waves,
They are the stone (piece of rock).
They can not control upon our.
So, We can win theim, oneday.

If they were waves,
We are the stone (piece of rock).
They can control upon our,
What should we do?

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes