နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Saturday, January 14, 2012

`အမည်နာမနဲ့ အပိုင်းအစများကြား´

ခါးသီးတဲ့ အဖြစ်အပျက်တွေဟာ
လူတယောက်ဆီမှာ ...
တိုးတိတ်စွာ မာကျောနေလေရဲ့။


နံရံပေါ်က ပြက္ခဒိန်ဟောင်းများ
တရွက်ပြီးတရွက်
တခုပြီးတခု
ခုန်ဆင်းသွားကြပြီးတဲ့နောက် ...
ပြက္ခဒိန်သစ်ရဲ့ နှစ်ဦးအစ
ဟန်ဆောင်မှု ကင်းကင်းနဲ့
ဒီနေ့မှာ ...
မိုးအုပ်တွေ ပြေးနေလေရဲ့။

ရုတ်တရက် မိုးရွာမလိုနဲ့
ခြေသံတွေ ပြင်းထန်
လေးညှင်းတွေ လှုပ်ရမ်း
အသက်ရှူသံတွေလည်း မောဟိုက်
တချိန်ထဲမှာ ...
ဝမ်းသားခြင်းများ
ကြည်နူးခြင်းများ
ပျော်ရွှင်ခြင်းများ
ပီတိအပြုံးများနဲ့ ငိုကြွေးသံတို့
မိုးလုံးပြည့်အောင် လျှံတတ်သွားလေရဲ့။

ခါးသီးတဲ့ အဖြစ်အပျက်တွေဟာ
လူတယောက်ဆီက ...
တိတ်တိတ်ကလေး ဖယ်ခွာသွားစေဖို့
ရိုးသားမှုနဲ့အတူ
အမည်နာမနဲ့ အပိုင်းအစများကြား
ကဗျာဆရာဟာ
ဘယ်လောက်ထိ အရေးကြီးသလဲဆိုတော့။

ဒီအချိန် ဒီကာလမှာ
လူတယောက် (ကဗျာဆရာ) ကို
ရဲရင့်ပြတ်သားစွာ ကူးခတ်လာနိုင်စေဖို့
အားပါလှတဲ့ ကဗျာ့အလှအပတွေဟာ
နေရာအနှံ့ ခုန်ပေါက်ကာ ဖြတ်ကျော်လာမယ့် အချိန်အခါကောင်းတရပ်ပါ။ ။

(မှတ်ချက်။ ။ ကိုကျော် (နေဘုန်းလတ်) ပြန်လာမှုအတွက် အဝေးတနေရာက နွေးထွေးစွာကြိုဆိုနိုင်ဖို့ ဒီကဗျာနဲ့ အတူ ကိုကျော် ကျန်းကျန်းမာမာနဲ့ ပျော်ရွှင်မှုအပေါင်းနဲ့ ပြည့်စုံပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။)

မာန်လှိုင်းငယ်
၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလ (၁၃) ရက်။

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes