နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Friday, June 6, 2008

မအိုသော၊ မနာသော၊ မသေဆုံးသော …

မာန်လှိုင်းငယ်

မအိုသော၊ မနာသော၊ မသေဆုံးသော …

မိခင်ဆိုတာ ကျနော့်ဘ၀နဲ့ယှဉ်ပြောရရင် ဖ၀ါးလက်နှလုံး၊ ပခုံးလက်နှသစ်ကတည်း က အရာရာကို ထိန်းသိမ်းပဲ့ပြင်၊ ပြုစုယုယခဲ့သူဖြစ်တာကြောင့် အရမ်းကို အနှိုင်းမဲ့ဖြစ်ပါ တယ်။ အင်မတန်ကိုလည်း ကျေးဇူးကြီးမားလှပါတယ်။ သားသမီးတွေအတွက်ဆိုရင် အသက်ပေးပြီး မွေးခဲ့တဲ့၊ ချစ်ခဲ့တဲ့ မိခင်ပဲဖြစ်ပါတယ်။ ကျနော်တို့အတွက်တော့ မိခင်တွေရဲ့ အနှိုင်းမဲ့မှုကို စာလုံးတွေနဲ့ ဖော်ကျူးလို့ ဘယ်လိုမှ ပြည့်စုံလုံလောက်နိုင်မယ် မဟုတ်ဘူး လို့ပဲ ပြောရမှာပါ။

မိခင်လို့ ဆိုလိုက်တာနဲ့ ကျနော်တို့တွေရဲ့ ဦးနှောက်ထဲမှာ "ငါတို့ရဲ့ မိခင်"၊ "ငါတို့ရဲ့ မွေးမိခင်"၊ "ငါတို့ရဲ့ ကျေးဇူးရှင် မေမေ" လို့ ကိုယ့်မိခင်လို့သာ အတွေးက ၀င်လာကြတယ်။ ပြောဆိုကြတယ်။ ဟုတ်ပါတယ်။ ကျနော်တို့မှာ ဒီမိခင်၊ ဒီမိဘက ပေးခဲ့လို့၊ မွေးခဲ့လို့၊ လူ့လောကကြီးထဲကို ရောက်လာကြရတာပဲမဟုတ်လား။ ဒါဟာ တကယ့်ကို မှန်ကန်နေတဲ့ အရာပါ။

ကျနော် .. မိခင်တို့ရဲ့ အကြောင်းကို မပြေခင် အင်္ဂလိပ်စာလုံးဖြစ်တဲ့ (Mother) မြန်မာလို (မိခင်)ဆိုတဲ့အက္ခရာကို အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်။ လူတိုင်းတော့ သိပြီးသား ပါ၊ ဒါပေမယ့် ကျနော် သိသလောက်၊ နားလည်သလို ပြန်ရေးလိုက်ပါတယ်။ မြန်မာလိုပြန် အဆင်ချောအောင် ရေးထားပါတယ်။ အင်္ဂလိပ်စာလုံးတွေကတော့ သူငယ်ချင်းဆီကတ ဆင့် ရထားလို့ ပြန်ဖော်ပြလိုက်တာပါ။ ဖတ်ကြည့်ပါဦး။

Mother (မိခင်ဆိုတဲ့ အဓိပ္ပါယ်)

M = is for the millions things she gives us.
မိခင်ဟာ ကျနော်တို့ကို သန်းပေါင်းများစွာသော ထိုက်တန်တဲ့အရာကို ပေးခဲ့သူပါ။
O = means only that she's growing old.
မိခင်ဟာ သားသမီးတွေရှင်သန်ဖို့အတွက် ပေးဆပ်ရင်း အိုမင်းရင့်ရော်သွားခဲ့သူပါ။
T = is for tears she to save us.
မိခင်ဟာ သားသမီးတွေရဲ့ နောင်ရေးအတွက် ကျမျက်ရည်များခဲ့ရသူပါ။
H = is for heart of purest gold.
မိခင်ဟာ ကျနော်တို့အတွက်တော့ ဖြူစင်အေးမြတဲ့ ရွှေစင်နှလုံးသားပိုင်ရှင်ပါ။
E = is for her eyes, with love sight.
မိခင်ဟာ ကျနော်တို့ကို ဂရုဏာများနဲ့ ကြီးမားတဲ့မေတ္တာ၊ အကြင်နာတွေနဲ့ ကြည့်ရှု ပြုစုစောင့်ရှောက်ခဲ့သူပါ။
R = means right she'll always be.
မိခင်ဟာ ကျနော်တို့အတွက် အမြဲတမ်းမှန်ကန်တဲ့ စကားတွေကိုတာ ပြောဆိုတတ် တဲ့ သူပါ။


ကျနော် ဒီစာကိုဖတ်လိုက်တိုင်း မိခင်တိုင်းကို စာနာလာမိတယ်၊ ပိုမိုနားလည်လာ တယ်၊ မိခင်တိုင်းဟာ သားသမီးတွေ ကောင်းစားဖို့အတွက်၊ သားသမီးတွေ လူတလုံး၊ သူတလုံးဖြစ်လာဖို့အတွက်၊ သားသမီးတွေ ပညာတတ်ကြီး ဖြစ်လာဖို့အတွက်ကို ကျားကုတ်ကျားခဲ၊ ကိုယ်ဖိရင်ဖိ၊ မအိပ်မနေ စွန့်လွှတ်အနစ်နာခံပြီး ကျွေးမွေးခဲ့တာတွေ၊ ပြုစုစောင့်ရှေက်ခဲ့တာတွေ၊ ဒီသားတွေ၊ ဒီသမီးတွေ အတောင်စုံအောင် ဖြည့်ဆည်းပေးခဲ့ တာတွေဟာ မိခင်တိုင်းရဲ့ မေတ္တာ၊ မိခင်တိုင်းရဲ့ မျှော်မှန်းချက်တွေပါပဲ။

မိခင်တွေကို ကြည့်လိုက်ပါ။ သားသမီးတွေအပေါ်ဘယ်လောက်ထိအောင် ချစ်လဲ ဆိုရင် သားသမီးတွေရဲ့အသက်ကို သူတို့ရဲ့ အသက်ထက်တောင် တန်ဖိုးထား ပုံအောပြီး ချစ်ကြတာပါ။

ဘာကြောင့် ကျနော် ဒီလိုပြောရသလဲဆိုရင် ကျနော့်ကိုယ်တွေ့ ဖြစ်ရပ်ရှိခဲ့လို့ပါပဲ။ ကျနော် ပြန်ပြောပြချင်တယ်။

"ကျနော် ဆယ်တန်းနှစ်တုန်းကပါ၊ ကျနော့်အမေ နေမကောင်းဖြစ်နေတာ၊ ဖြစ်နေတာက ရိုးရိးမဟုတ်ပါဘူး၊ အိပ်ယာထဲကတောင် မထနိုင်တဲ့အခြေအနေမှာ၊ ဖြစ်ချင် တော့ ကျနော် ကျောင်းတတ်နေရင်း အဖျားဝင်လာလို့ ဆေးခန်းသွာပြတယ်၊ ပြီးတာနဲ့ အိမ်မှာအနားပြန်ယူခဲ့တယ်။ အမေတို့ရော၊ ဆရာဝန်တို့ပါ ကျနော်အဖျားဝင်တာ ရိုးရိုးပဲဆို ပြီး စိုးရိမ်စိတ်သိပ်မရှိသေးပါဘူး။ တရက်လောက်နေပြီးတာနဲ့ မနက်မှာပဲ ဆေးသောက်ဖို့ ဆိုပြီး ညီမလေးလာနိုးတယ်၊ အဲဒီမှာ ကျနော်ထလို့မရတော့ပါဘူး။ ခြေတွေလက်တွေ လှုပ်လို့ကိုမရတော့ဘူးလေ၊ ပိုဆိုးတာက ခြေထောက်ပါ၊ လမ်းလျှောက်လို့ကိုမရတော့ဘူး။ အဲဒီအကြောင်းကို အဖေရော၊ အမေပါသိတော့ တော်တော်လေးကို စိုးရိမ်ကြပါတယ်။ အဆိုးဆုံးက အမေပါ။ အိပ်ယာထဲက မထနိုင်တဲ့ အမေဟာ သားသမီးဇောနဲ့ ထလာတယ်၊ ကျနော့်အနေားမှာ လာနေတယ်၊ ကျနော်စားချင်တဲ့ အရာတွေကို မေးတယ်၊ ကျနော် စားချင်၊ ဖြစ်ချင်တာတွေ အကုန်လုပ်ပေးဖို့အတွက်ပေါ့။ သူ့ရောဂါတောင် သူမကြည့်တော့ ပါဘူး၊ ကျနော့်အတွက်ကိုပဲ ဂရုစိုက်တယ်၊ ကျနော်ရော၊ အကိုရော၊ ညီမလေးရော အဖေပါ ၀ိုင်းပြောကြတယ်၊ အမေ အိမ်ယာထဲမှာပဲ နေပေါ့၊ မစိုးရိမ်ပါနဲ့လို့ မရပါဘူး၊ ကျနော့်အနား မှာ နေပြီး ကျနော့်ရဲ့ ဝေယျာဝစ္စတွေကို လုပ်ပေးတယ်။ ရေပတ်တိုက်ပေးတယ်။ ခြေထောက်ပြန်ကောင်းလာအောင် နှိပ်နှယ်ပေးတယ်။ နောက်ဆုံးအားမရလို့ အနှိပ်ကျွမ်း ကျင်တဲ့ အဒေါ်တယောက်ကို ခေါ်ပြီး နှိပ်ခိုင်းတယ်။ ဒါတွေဟာ ကျနော့်အတွက်ပေါ့၊ တကယ်ဆိုရင် အမေလည်း ကျန်းမာရေးမကောင်းဘူး၊ ဒီလို ကျန်းမာရေးမကောင်းတဲ့ကြား က၊ အိပ်ယာထဲက မထနိုင်တဲ့ကြားက အမေဟာ ကျနော့်အတွက်ကို လာလုပ်ပေးတယ်၊ ဂရုဏာတွေ ပေးတယ်။ သူ့ရင်ခွင်ထဲမှာ ထည့်ထးတယ်။ ဒါဟာ ကျနော်တို့ကို ချစ်တဲ့၊ သားသမီးကို ချစ်တဲ့ မိခင်ပါ။ သူဘာဖြစ်နေနေ ဂရုမစိုက်ဘူး၊ သားသမီးကောင်းဖို့၊ သားသမီးအတွက်ကိုတာ ကြည့်တတ်တဲ့၊ စိုးရိမ်ပူပန်တဲ့ မိခင်ပါ။"

ကျနော့်အဖြစ်အပျက်ကို ပြောရင်း ကျနော့်မိခင်ကို ဖော်ကျူးနေတယ်လို့ပဲ ပြော ပြော၊ ချီးမွန်းခန်းတွေ ဖွင့်နေတယ်လို့ပဲ ဆိုဆို၊ ကျနော်ကတော့ ကျနော့်မိခင်ရဲ့ သားသမီး တွေအပေါ် ချစ်တတ်တဲ့၊ သားသမီးတွေအတွက် စိုးရိမ်ပူပန်တတ်တဲ့၊ သားသမီးတွေအပေါ် ဂရုဏာတရား၊ မေတ္တာတရားပြည့်ဝတဲ့ ကျနော့်မိခင်ကို ကျနော် အလွန်တရာကိုမှ စာဖွဲ့လို့ ကို မကုန်နိုင်တဲ့၊ ခိုင်းနှိုင်းလို့ကို မယှဉ်တာတဲ့ မိခင်ပါပဲလို့ ပြောချင်ပါတယ်။ စာဖတ်သူအား လုံးလည်း ကိုယ့်ရဲ့မိခင်တွေကို ဒီလိုပဲ ဖွင့်ဆို၊ ပြောချင်မှာပဲ၊ မပြောချင်ရင်တောင် ရင်ထဲမှာ သိမ်းထားမယ်လို့ ကျနော် အခိုင်အမာ ယုံကြည်လက်ခံတယ်။

တချို့သော လူတွေဆို မိခင်ကို ဖော်ကျူးဖွဲ့ဆိုတာတွေ၊ ရေးကြတာတွေ၊ ပြောကြ တာတွေ တပုံ တပုံကြီးပါပဲ။ ကျနော်ထပ်ပြောချင်ပါသေးတယ်။ အဲဒါကတော့ ကျနော့်မိခင် ကိုတာ ဖွဲ့ဆို၊ ပြောဆိုပြီး တခြားသော မိခင်တွေကို မပြောရကောင်းလားလို့တော့ မမြင်ပါနဲ့၊ ကျနော် … ကျနော့်မိခင်အပါအ၀င် ကမ္ဘာပေါ်မှာရှိတဲ့ မိခင်တိုင်းကို ကျနော့်မိခင်ကို ပြောသ လို အားလုံးသော မိခင်တို့ကိုလည်း ပြောဆို၊ ဖွဲ့ဆို၊ ရေးပြချင်ပါတယ်။ မိခင်ကို ချစ်တတ်တဲ့ သားသမီးတိုင်းရဲ့ ကိုယ်စား ကျနော် ဒီနေရာကနေ ပြောချင်ပါသေးတယ်။

မိခင်တိုင်း … မိခင်တိုင်းဟာ သားသမီးတွေကို အသက်ပေးပြီး မွေးခဲ့၊ ချစ်ခဲ့တဲ့ သူ တွေပါ။ မိခင်တွေဟာ သားသမီးတွေအတွက် ဘယ်လောက်ထိ ပေးဆပ်သလဲ၊ ဘယ်လို ရပ်တည်ခဲ့သလဲဆိုတာကို ပြောပြချင်တယ်။ ကျနော်တို့ ဘေးအိမ်က အဒေါ်တယောက်ရဲ့ ရပ်တည်ချက်၊ သားသမီးအတွက် ပေးဆပ်တဲ့အကြောင်းလေးကို ပြောပြမယ်။

သူမမှာ သားသမီး ဘယ်နှစ်ယောက်ရှိတယ်ဆိုတာ ကျနော် မသိဘူး။ ဒါပေမယ့် ကျနော် မြင်နေတာက သူမရဲ့ သားသမီးတွေအတွက် တနေ့တာ ရုန်းကန်နေတာကိုပါ။ ကျနော် သတိထားမိတာ တခုရှိတယ်။ သူမမှာ ယောင်္ကျားမရှိတော့တာလား။ ဒါမှမဟုတ် အမျိုးမျိုးရှိနိုင်တယ်၊ သေချာတာကတော့ သူမအနားမှာ သူမယောင်္ကျားမရှိတာကိုတော့ ကျနော်တွေ့ရတယ်၊ ကျနော်တို့နိုင်ငံမှာ အခြေအနေတွေက တော်တော်ကို ဆိုးဆိုးရွားရွား ဖြစ်နေတော့ တဖက်နိုင်ငံမှာလာပြီး အလုပ်လာလုပ်နေရတဲ့ သူမပါ။ အဲဒါဟာ သားသမီးအ တွက်ပဲလို့ ကျနော် မြင်ပါတယ်။ သူမဟာ လင်ယောင်္ကျားမပါပဲနဲ့ တဖက်နိုင်ငံမှာ လာပြီး လုပ်ဝံ့တဲ့ သူမဟာ ဘယ်သူ့အတွက် ဖြစ်နိုင်မလဲ … စာဖတ်သူတွေ ဖတ်ရင်းနဲ့တောင် တွေး လို့ရပါတယ်။ အဲဒါဟာ သူ့ရဲ့ သာားသမီးတွေရဲ့ ရှေ့ရေး၊ အနာဂတ်အတွက်ပဲ ဖြစ်ပါလိမ့် မယ်။

ကြည့်ပါဦး၊ သူမဟာ မနက်မိုးလင်းတာနဲ့ သားသမီးတွေ ကျောင်းသွားဖို့အတွက် စောစောထပြီး လုပ်ပေးရတယ်။ သားသမီးတွေ ကျောင်းသွားပြီးတဲ့အခါ သူမကိုယ်တိုင် အလုပ်ကို စက်ဘီးလေးနဲ့ ပြေးနေရတယ်။ ညနေဆို ငါးနာရီခွဲလောက်မှ အိမ်ပြန်ရောက် တယ်။ အဲဒီအချိန်မှာ ကလေးတွေက အိမ်မှာ ရှိနေပါပြီ၊ သူမ အိမ်ရောက်တာနဲ့ ကလေး တွေအတွက် ထမင်းချက်ပြုတ်ရ၊ ကလေးတွေရဲ့ အ၀တ်အစားတွေ လျှော်ရဖွတ်ရတယ်။ သားသမီးတွေ မျက်နှာမငယ်ရအောင်၊ တခြားကလေးတွေနဲ့ တန်းတူ သူမကလေးတွေ နေရအောင် အလုပ်တဖက်နဲ့ မနားရအောင် လုပ်ကိုင်နေတာ၊ ကလေးတွေကို ကြည့်ရှု စောင့်ရှောက်နေရပါတယ်။ ဒါဟာ သူမရဲ့ တနေ့တာ အချိန်အတွင်းမှာ လုပ်ကိုင်ဆောင် ရွက်နေရတဲ့ အကြောင်းကို ပြောပြတာပါ။

ကျနော် စဉ်းစားကြည့်မိခဲ့တာတွေကို ပြောချင်ပါတယ်။

တကယ်ဆိုရင် ဒီမှာလာပြီး အလုပ်လုပ်နေတာ တယ်မလွယ်ပါဘူး။ သူမ ပိုက်ဆံ ဘယ်လောက်ရသလဲ၊ ရတဲ့ပိုက်ဆံလေးနဲ့ အိမ်လခ ပေးရတာရယ်၊ မီးခ ပေးရတာရယ်၊ ရေခ ပေးရတာရယ်၊ ကလေးတွေရဲ့ မုန့်ဖိုးပဲဖိုး ပေးရတာရယ်၊ ၀မ်းစားအတွက်ရယ်၊ တကယ်တွက်ကြည့်ရင် လောက်ချင်မှလည်း လောက်မှာပါ။ ဒါပေမယ့် သူမဟာ ကလေး တွေကို တင့်တင့်တယ်တယ်ထားနိုင်တာကို ကျနော် လေးစားပါတယ်။ ချီးကျူးပါတယ်။ သူမနေရာမှာ ကျနော့်မိခင်ကို အစားထိုးပြီး စဉ်းစားကြည့်တော့လည်း ထပ်တူမကျရင် တောင် ကျနော့်မိခင်လည်း ဒီလိုပဲ ရုန်းကန်ခဲ့ရမှာပဲ၊ ကျနော်တို့အတွက်ပေါ့။ တခုသာတာ က ကျနော်တို့ မိသားစုထဲမှာ၊ ကျနော့်မိခင်နားမှာ အဖေရှိခဲ့တော့ အမေဟာ သူမလောက် တော့ မပင်ပန်းခဲ့လောက်ဘူးပေါ့၊ ကျနော် ပြောသလိုပါပဲ၊ ထပ်တူမကျလောက်ဘူးဆိုတာ လေ၊ ဒါပေမယ့် တူတာတခုရှိတယ်၊ အဲဒါကတော့ မိခင်တိုင်း သားသမီးတွေအပေါ်ထားတဲ့ မေတ္တာ၊ ဂရုဏာ၊ အချစ် အဲဒါတွေ ဖြစ်နိုင်၊ တူနိုင်ပါတယ်။ မိခင်တိုင်းဟာ သူတို့သားသမီး တွေကို ချစ်တဲ့အချစ်တွေဟာ အားလုံးတူညီနေကြတယ်လို့ ကျနော် ယုံကြည့်ပါတယ်။

စာဖတ်သူတွေကို ကျနော် မေးခွန်းတွေ မေးချင်ပါတယ်။ ကိုယ့်ဟာကိုယ် ဝေဖန် ပိုင်းစစ်၊ စမ်းစစ်ဖို့ပါပဲ။ ကျနော်လည်း စမ်းစစ်ပါမယ်။

မိခင်လို့ ဆိုလိုက်တာနဲ့
၁။ ကိုယ့်ရဲ့ မိခင်သာလျှင် အမြင့်မြတ်ဆုံးလို့ ထင်သလား။
၂။ တခြားသော မိခင်တွေကို ကိုယ့်ရဲ့ မိခင်လို့ လက်ခံနိုင်သလား။
၃။ ဘယ်လို မိခင်မျိုးကိုမှ ကိုယ့်ရဲ့ မိခင်လို့ သတ်မှတ်ပါသလဲ။

အဲဒီမွေးခွန်းသုံးခုကို ဖြေကြည့်ကြရင်း၊ စဉ်းစားကြည့်ကြရင်း ကိုယ့်ရဲ့သဘောထား တွေကိုလည်း ပြောခဲ့ကြပါ။ ကဲ … စာဖတ်သူတွေပဲ စဉ်းစားလို့၊ ဖြေကြည့်လို့လဲ မပြီးပါဘူး။ ကျနော်ကိုယ်တိုင်လည်း ဖြေကြည့်ပါမယ်၊ စဉ်းစားပြီး ကျနော့်သဘောထားကို ပြောပါမယ်။

၁။ ကိုယ့်ရဲ့ မိခင်သာလျှင် အမြင့်မြတ်ဆုံးလို့ ထင်သလား။

ကျနော် ငယ်ငယ်တုန်းကတော့ ကျနော့်မိခင်သာလျှင် အမြင့်မြတ်ဆုံးလို့ ထင်ခဲ့တယ်။ သူများတွေကို မပြောရင်တောင် ကျနော့်ရဲ့ စိတ်ထဲမှာ အဲဒီလို ထင်ခဲ့ပါတယ်။ ဒါပေမယ့် ကျနော် ဒီအသက်အရွယ်ထိရောက်လာတဲ့အချိန်မှာ ဒီမေးခွန်းလေးကို ပြန်စဉ်း စားကြည့်မိတယ်။ - ငါ ငယ်ငယ်တုန်းက ထင်ခဲ့သလို မဟုတ်ပါလားဆိုတာ သိလာရတယ်။ မြင်လာတယ်။ သူစိမ်းနယ်ထဲကို ခြေချလာခဲ့တာရယ်၊ ကျနော့်ရဲ့ အတွေ့အကြုံအရလည်း သိလာရပါတယ်။

ကိုယ့်ရဲ့ မိခင်သာလျှင် အမြင့်မြတ်ဆုံး မဟုတ်တော့ပါဘူး၊ မိခင်တိုင်း၊ မိခင် တိုင်းဟာ မြင့်မြတ်ကြပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ မိခင်တိုင်းဟာ သားသမီးတွေအတွက် တော့ အမြင့်မြတ်ဆုံးပါပဲ။ မိခင်တိုင်းရဲ့ မြင့်မြတ်ပုံချင်း မတူညီတာပဲ ကွာမယ်။ ကျနော် ထပ်ပြောပါရစေ … မိခင်တိုင်း … မိခင်တိုင်းဟာ ဘာသာလူမျိုးကွဲပြားပါစေ၊ အသားအ ရောင် ကွဲပြားပါစေ၊ မိခင်ဟာ မိခင်ပါပဲ။ ဒါကြောင့် အားလုံးသော မိခင်တွေဟာ အမြင့်မြတ် ဆုံးပါပဲလို့ ကျနော် အဲဒီလို ရဲရဲကြီးကို ယုံကြည်တယ်။ လက်လည်း လက်ခံပါတယ်။

၂။ တခြားသော မိခင်တွေကို ကိုယ့်ရဲ့ မိခင်လို့ လက်ခံနိုင်ပါသလား။

ဒီမေးခွန်းကို လူတိုင်း ဘယ်လိုဖြေကြမလဲတော့ မသိဘူးဗျ၊ ကျနော်က လည်း တော်တော့ကို စဉ်းစားယူရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်လည်း လူသား ထဲက လူတယောက်မို့လို့ပါပဲ။ ကိုယ့်မိခင်ကလွဲပြီး တခြားသော မိခင်တွေကို ဘယ်သူတွေ က လက်ခံနိုင်ပါ့မလဲ။ အနည်းအများပေါ်မှာလဲ မူတည်ပါတယ်။ သေချာတာတခုတော့ ရှိ တယ်။ အဲဒါကတော့ ကျနော် အမှန်အတိုင်းဝန်ခံရရင် တခြားသော မိခင်တိုင်းကို ကိုယ့်ရဲ့ မိခင်ရယ်လို့ လက်မခံထားနိုင်သည့်တိုင် စဉ်းစားပြီး သဘောထားပြည့်ဝစွာ စာနာနားလည် ပြီး လက်ခံနိုင်ပါတယ်။

ဒီလိုပြောလိုက်လို့ အံ့သြမသွားကြပါနဲ့ ကျနော် အထက်က မိခင်တို့ရဲ့အ ကြောင်းကို ပြောခဲ့သလိုပါပဲ၊ မိခင်တွေ စာနာတယ်၊ နားလည်တယ်၊ မိခင်တိုင်းကို ကိုယ့်ရဲ့ မိခင်လို့ သဘေားထားပြီး ခွင့်လွတ်နားလည်ပေးနိုင်လိမ့်မယ်လို့ ကျနော့်ကိုယ် ကျနော် အဲဒီ လို လက်ခံယုံကြည်ပါတယ်။ အပြည့်အ၀တော့ ဖြစ်ချင်မှလည်း ဖြစ်မှာပါ။

စာဖတ်သူတွေအားလုံး စဉ်းစားကြပါ။ ငါက ဘယ်လိုရှိတယ်၊ ငါ့ခံစားချက် က ဒီလိုပဲလားဆိုတာတွေကို ကိုယ့်ဖာသာကိုယ် စဉ်းစားပြီး ဖြေကြည့်စေချင်ပါတယ်။

၃။ ဘယ်လို မိခင်မျိုးကိုမှ ကိုယ့်ရဲ့ မိခင်လို့ သတ်မှတ်ပါသလဲ။

ကျနော်ကိုယ်တိုင် မေးလိုက်တဲ့ မေးခွန်းကို ကျနော် ဘယ်လို ပြန်ဖြေရမလဲ မသိတော့ဘူး၊ မေးခွန်းက နည်းနည်းခက်သွားတယ်လို့ ထင်တယ်။ ဒါပေမယ့် ကျနော် ကြိုး စားပြီး ဖြေပေးပါ့မယ်။

ကျနော် ငယ်ငယ်တုန်းကတော့ အတွေးကို ပြောပြချင်တယ်။ ကျနော့်မိခင် ဟာ ကျနော်တို့အပေါ်မှာ ယုယမှုတွေ ပေးတဲ့၊ ဂရုဏာတရား ပေးတဲ့၊ အလိုလိုက်တတ်တဲ့ စသည်ဖြင့်ပါပဲ၊ အဲဒီလို မိခင်မျိုးကို ဖြစ်စေချင်ခဲ့တာလေ။ အဲဒီလို တွေးထင်ခဲ့တာတွေ၊ ဖြစ်စေချင်တာတွေဟာ ကျနော်တို့အပေါ်မှာ တကယ်ပဲ အဲဒီလို ဖြစ်စေခဲ့ပါတယ်။

နောက်တခုရှိသေးတယ်၊ လူသားအားလုံး သို့မဟုတ် သားသမီးတိုင်းအား လုံးဟာ ကိုယ့်ရဲ့ မိခင်ကိုတော့ မိခင်ကောင်း၊ မိခင်မြတ်ဖြစ်စေချင်ကြတာချည်းပါပဲ။ "အို မိခင် ခွင့်လွတ်ပါ" ကျနော်ပြောမယ့် စကားလုံးအသုံးအနှုန်းအတွက် နားနဲ့မနာ၊ ဖ၀ါးနဲ့သာ နာပါလို့ ပြောပါရစေ။ တချို့သော လူသားတွေဟာ ကိုယ့်ရဲ့ မိခင် မကောင်းတဲ့ မိခင်ဖြစ် ကြည့်၊ ဆိုးသွမ်းတဲ့ မိခင်ဖြစ်ကြည့် သူတို့တွေဟာ ကိုယ့်မိခင်ပါလို့ သူတပါးကို ပြောဆိုပြဖို့ ရာ ခက်ခဲကြမယ်လို့ ကျနော်ထင်တယ်။ တချို့သော လူသားတွေနော်။

ကျနော်ကိုယ်တိုင်ရော အဲဒီလိုမျိုးသာ ကိုယ့်မိခင်ဖြစ်ရင် ဘယ်လို လုပ်မလဲ၊ ကျနော်ကတော့ ကိုယ့်မိခင် ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ထာဝစဉ်သာ ကိုယ့်မိခင်ပါပဲ။ ကျနော့်ရဲ့ ဦးထိပ်မှာ မိခင်ကို ထားပါ့မယ်။ ဒါဟာ ကျနော့်ရဲ့ နှလုံးသားက သတ်မှတ်တဲ့ ခံစားချက်စကားတွေပါပဲ။ စာဖတ်သူတွေရော ဘယ်လိုမျိုး သတ်မှတ်မလဲ၊ ကိုယ့်ဖာသာကိုယ် စဉ်းစားကြည့်မယ်ဆိုရင်ပေါ့။

မိခင်တွေဟာ အိုမင်းမစွမ်းဖြစ်သွားတာတောင် သားမီးတွေကို ဘယ်လောက်ချစ်သ လဲ။ သူတို့ အိုမင်းသွားရင်၊ သေဆုံးသွားရင်တောင် သူတို့မေတ္တာဟာ အိုမင်းသွားမယ် မဟုတ်ပါ၊ သေဆုံးသွားမယ်မဟုတ်ပါ၊ အမြဲထာဝရသစ်လွင်ရှင်သန်နေမယ်ဆိုတာ ကျနော် ယုံယုံကြည်ကြည် ပြောချင်ပါတယ်။ အခု သူငယ်ချင်းတယောက်ဆီက ရခဲ့တဲ့ စာသားလေး တချို့ကို ပြန်ပြောပြချင်ပါသေးတယ်။ အဲဒီ မိခင်ရေးထားတဲ့စာက "ငါ အိုသွားတဲ့ အခါ"တဲ့။

ငါ အိုသွားတဲ့ အခါ

"တနေ့ထက် တနေ့ အိုစာသွားတဲ့ ငါ့ကိုကြည့်ပြီး ၀မ်းမနည်းပါနဲ့၊ နားလည် ပေးပါ၊ အားပေးပါ၊ အရင်တုန်းက လူ့ဘ၀သက်တမ်းအတွက် ငါ လမ်းညွန်ခဲ့သလို အခုအ ချိန်မှာ ငါ့ဘ၀ နောက်ဆုံးအချိန်တွေအတွက် အဖော်ပြုပေးပါ။ အချစ်နဲ့ အေးမြမှုတွေကို ငါ ပြုံးပြုံးလေး လက်ခံမှာပါ။ အဲဒီအပြုံးတွေထဲမှာ မဆုံးတဲ့ ငါ့ မေတ္တာတွေ တွေ့ရမှာပါ။"တဲ့။

ဒီစာသားလေးကို မိခင်တယောက်ရေးခဲ့တဲ့ စာသားလေးပါ။ စာဖတ်သူအားလုံးကို ဝေမျှပေးလိုက်ပါတယ်။ ကိုယ့်ရဲ့ မိခင်တွေကို အဲဒီလိုမျိုး ပြောထားတဲ့အတိုင်းတာ လျှောက်သွားမယ်ဆိုရင် မိခင်တိုင်းရဲ့ အပြုံးတွေ ဝေေ၀ဆာဆာ ပွင့်နေမှာ အမှန်ပါပဲ။

ကျနော်နဲ့ လုပ်ဖော်ကိုင်ဖက် အမတယောက်ဟာ သားသမီးတယောက်ရဲ့ ခံစား ချက်လေးကို ပြောပြပါတယ်။ ဒီမှာ ကျနော် ပြန်ရေးပေးလိုက်ပါတယ်။ ဖတ်ကြည့်ကြပါဦး။

"ကမ္ဘာပေါ်မှာရှိတဲ့ မိခင်တိုင်း … မိခင်တိုင်းရဲ့ မေတ္တာ၊ စေတနာတွေဟာ ဘာနဲ့မှ နှိုင်းယှဉ်လို့မှမရအောင် ကြီးမားပါတယ်။ ကျမအကြောက်ဆုံးကတော့ ကျမဘေးနားမှာ အမေမရှိတော့မှာကိုပါဘဲ၊ ကျမဘေးနားမှာ အမေရှိနေရင် လုံခြုံစိတ်ချပြီး ပြည့်စုံပြီလို့ ယုံ ကြည်တယ်။ အသက်အရွယ်ကြီးလာလေ အမေတယောက်ရဲ့ မေတ္တာကြီးမားမှုကို ပိုပြီးနား လည်ခဲ့ရလေ ဖြစ်ပါတယ်။"

အိုခြင်း၊ နားခြင်း၊ သေခြင်းဆိုတဲ့ အနိစ္စတရားကို ဘယ်သူမှ၊ ဘယ်အရာကမှ မကျော်လွှားနိုင်ဟု ဗုဒ္ဓမြတ်စွာက ဟောကြားတော်မူခဲ့ပါတယ်။

မိခင်တို့ရဲ့ မေတ္တာဟာ အနိစ္စတရားကို ကျော်လွန်နိုင်စွမ်းရှိတယ်လို့ ကျနော် ယုံ ကြည်နေမိတယ်။

မိခင်တို့ရဲ့ မေတ္တာဟာ ဘယ်အခါမှာမှ မအိုမင်း …
မိခင်တို့ရဲ့ မေတ္တာဟာ ဘယ်အခါမှာမှ မထိခိုက်နိုင် …
မိခင်တို့ရဲ့ မေတ္တာဟာ ဘယ်အခါမှာမှ သေဆုံးသွားလိမ့်မယ် မဟုတ်ပါ။


မာန်လှိုင်းငယ်
၂၀၀၈ ခုနှစ်။ မေလ (၂)ရက်။

3 comments:

မေပျို said...

ကိုညီပြောတဲ့ ငါအိုသွားတဲ့အခါကို သဲလည်း ဖတ်ဖူးတယ်သိလား။ အဲဒါဖတ်ပြီး တစ်မျိုးကြီး ခံစားရတယ်။ ပြောတောင် မပြတတ်ဘူး။ သဲလည်း အမေ့ကို အချစ်ဆုံးပါပဲ။ ပျော်ရွှင်ပါစေ ကိုညီ။

လေးစားစွာဖြင့်
မေပျို

su wai said...

ကိုမာန်လှိုင်းရေ…အမေအကြောင်း ဆောင်းပါးလေးကို လာဖတ်တဲ့ရက်တုန်းက အချိန်သိပ်မရလို့ ကော်မန့်မပေးဖြစ်ခဲ့တာပါ။ ဒါပေမယ့် ကိုမာန်လှိုင်းရဲ့ ကိုယ့်မိခင်အကြောင်းနဲ့ တခြားတခြားသောသူတွေရဲ့ မိခင်တွေအကြောင်း ဖွဲ့နွဲ့ရေးပြထားတာကို အရမ်းသဘောကျမိတယ်။ Mother ဆိုတဲ့ စကားလုံးလေးရဲ့ ဖွင့်ဆိုချက်တွေကိုလဲ အရင်က ကြားဖူးပေမယ့် အခုမှ အသေအချာသိသွားတယ်လို့ ပြောရပါမယ်။ အဲဒီဆောင်းပါးထဲမှာ ကိုမာန်လှိုင်း မေးထားတဲ့ မေးခွန်းသုံးခုကို ဆုဝေ ခံစားမိသလို ဖြေကြည့်မယ်နော်။

(၁) ဆုဝေအတွက် မေမေဟာ အမြင့်မြတ်ဆုံး လူသားတစ်ယောက်ပါ။ လူတိုင်းအတွက်လဲ ဒီလိုပဲ နေမှာပါပဲ။ လူတစ်ယောက်ချင်းစီအတွက် သူ့ရဲ့မိခင်ဟာ အမြင့်မြတ်ဆုံး ဖြစ်နေတာကြောင့် ကိုယ့်မိခင်မှ မဟုတ်ပဲ မိခင်တိုင်းဟာ အမြင့်မြတ်ဆုံးဖြစ်မှာ အမှန်ပါပဲ။
(၂) တခြားသော မိခင်တွေကို ကိုယ့်ရဲ့မိခင်လို့ လက်ခံနိုင်ပါသလားဆိုရင်တော့ လက်မခံနိုင်ဘူးလို့ ဖြေရမှာပါပဲ။ တခြားသူတွေရဲ့ မိခင်နဲ့ ကိုယ့်မိခင်အပေါ်မှာ ထားတဲ့ ခံစားချက်ချင်း၊ အချစ်ချင်း ဘယ်လိုမှ မတူနိုင်ပါဘူး။ ဒါပေမယ့်လဲ တခါတလေမှာတော့ ရပ်ဝေးမြေခြားတစ်နေရာမှာ တခြားသူတစ်ယောက်က ကိုယ့်ကို သားသမီးအရင်းအချာလို နွေးထွေးစွာ စောင့်ရှောက်ပေးတဲ့ အခြေအနေမျိုးနဲ့ ကြုံရနိုင်ပါတယ်။ အဲလိုအချိန်မျိုးမှာဆိုရင်တော့ ကိုယ့်ရဲ့မွေးမိခင်တစ်ယောက် မဟုတ်ပေမယ့် အမေတစ်ယောက်လို ခံစားမိပြီး အမေ့ကိုယ်စား ချစ်ခင်သွားမိနိုင်ပါတယ်။
(၃) ဘယ်လိုမိခင်မျိုးကိုမှ ကိုယ့်ရဲ့မိခင်လို့ သတ်မှတ်ပါသလဲ ဆိုရင်တော့ ကိုယ့်ကိုမွေးထုတ်ပေးလိုက်တဲ့ အမေကို ကိုယ့်အမေအဖြစ် သတ်မှတ်ပါတယ်။ အမေဆိုတာ ရွေးချယ်ခွင့် မရှိတဲ့အရာပါ။ ကိုယ့်အမေက သူများလက်ညှိုးထိုး ကဲ့ရဲ့စရာ လူတစ်ယောက် ဖြစ်နေခဲ့မယ်ဆိုရင်လဲ ဒါကိုလက်ခံရမှာပါပဲ။ ဘယ်လိုလူတန်းစားမျိုးပဲဖြစ်ဖြစ် မိခင်တစ်ယောက်မှာ မိခင်စိတ်အပြည့်အ၀ ရှိနေလိမ့်မယ်လို့လဲ အကြွင်းမဲ့ ယုံကြည်ထားပါတယ်။

Ta'ang Laday said...

အမေဆိုတဲ့ ပိုစ်ကကို ဖတ်ရတာ ရင်ထဲမှာ ကြည်နူးခြင်းနဲပအတူ ၀မ်းနည်းမိတယ်။

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes