နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Tuesday, October 16, 2007

အရိပ်မည်း

မကောင်းမှုပြုသူတို့ ခံစားရမယ့်အကြောင်းလေးပါ။ ဘုရား။ တရား။ သံဃာ။ မိဘ။ ဆရာတွေကို အစဉ်အမြဲ ဦးထိပ်ထားရမယ်။ နှလုံးသွင်းထားရမယ်ဆိုတဲ့ အကြောင်းကိုကိုလည်း ဒီပို့စ်လေးက ပြောပြနေပါတယ်။ မကောင်းတာလုပ်ရင် မကောင်းတဲ့အတိုင်းခံစားရမယ်ဆိုတာရယ်။ ကိုယ်ပြုခဲ့တဲ့ မကောင်းမှုတွေဟာ ဘုရားလည်း မကယ်နိုင်။ တရားလည်း မကူနိုင်။ သံဃာတော်တွေလည်း မလုပ်ပေးနိုင်ပါဘူး။ တခုတော့ရှိတာပေါ့ သူတို့စိတ်ချမ်းသာအောင်တော့ တရားပြပေးနိုင်ကြလိမ့်မယ် ထင်ပါတယ်။ ဒီပို့စ်လေးကို ခံစားဖတ်ကြည့်ကြပါ။ တင်ယုစိန်ရေးထားတဲ့ စာပါပဲ။ ကျနော်ကတော့ အားလုံးကို ဖတ်စေချင်တဲ့စိတ်နဲ့ အခုလို ပြန်ပြီးမိတ်ဆက်ပေးတာပါ။

“အရိပ်မည်း”


တင်ယုစိန်

သူသွားနေတယ်။ နှေးနှေးလား။ မြန်မြန်လားဆိုတာကိုတော့ သူကိုယ်တိုင် သိပုံမရဘူး။ သွားတော့ သွားနေတာပဲမနားဘူး။ တောက်တယ်။ခန္ဓာဝန်ဆိုတဲ့စကားကို သူကြားခဲ့ဖူးပါတယ်။ ခန္ဓာဝန်ဆိုတဲ့ သဘောတရားကို သူပထမဆုံးအကြိမ် ဆင်ခြင်မိလိုက်သည်။ နောက်ဆုံးလည်း ဖြစ်ချင်ဖြစ်နိုင်ပါလိမ့်မယ်။ သူသွားနေတယ်။ ခရီးမတွင်ဘူး။ တက်တယ်။ ဆင်းတယ်။ ပြီးထပ်တက်တယ်။ ကျောက်စရစ်ခဲ သေးသေးမှူန်မှူန်ကလေးတွေက နောက်ကို ပြန်ပြန်ပို့နေတယ်။ သူရောက်ချင်လှပြီ။ သူရောက်ချင်တဲ့နေရာက ပေါ်လာ လိုက် ပျောက်သွားလိုက်။ အတက်ခရီးမှာ မမြင်ရဘူး။ ကုန်းထိပ်ရောက်တော့ မြင်ရသည်။ တောင်းဆိုတဲ့ စကားကို အမှတ်ရနေတယ်။ တကယ်တော့ ထူးပြီးဝေးလှတော့ မဟုတ်ပါဘူး။ ပမာဏကြီး၊ အကာအကွယ် အတားအဆီးမဲ့ မြင်ရချိန်မှာ နီးတယ်လို့ ထင်ရတတ်တာပါပဲ။
တောင်ထီးတဲ့။ ရိုးမကြီးတခုက သွယ်တန်းဆင်းလာတဲ့ တောင်နှာမောင်းတစ်ခုရဲ့အဖျားမှာ အထီးတည်း ဖြစ်ပေါ်နေတဲ့တောင်ကုန်းကြီးတခု။ အဲ့ဒီတောင်ကုန်ကြီးပေါ်မှာ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း ရှိတယ်။ အဲ့ဒါကို သူသွားနေတယ်။ အဲဒီကျောင်းက တောထွက်ကျောင်းထိုင် ကိုယ်တော်ကြီးပျံလွန်တော်မူပြီး နောက် ကိုယ်တော်ကြီးတပည့် ငယ်ဖြူဦးဇင်းကလေးတစ်ပါး ကျောင်းထိုင်နေပါတယ်။ အထုံပါရမီရင့်သန်ပြီး၊ ဥပဓိရုပ် မွန်ရည်သန်ပြန့်တဲ့ ဦးဇင်းလေးဟာ တရားပြကလည်းကောင်း၊ ဇွဲလုံးလ၀ီရိယာတို့နဲ့လည်း ပြည့်စုံတာကြောင့် ကျောင်းကလေးဟာ တစ်နေ့တခြား တိုးတက်ထွန်းကားလာတယ်။ ဘေးပတ်ဝန်းကျင် နယ်သူနယ်သားတွေ ဟာ စိုက်ပျိုးရေးသမားတွေဖြစ်တာကြောင့် စိုက်ပျိုးရေးနားချိန်မှာ တရားထိုင်ကြ၊ လှူကြ တန်းကြနဲ့ စည်း ကားနေတတ်ပါတယ်။
ဦးဇင်းလေးဟာ တရားထိုင်သူတွေကို တရားပြကောင်းရုံတင်မက ကိုယ်တော်တိုင်လည်း တရားထူးတွေ.နေသူ၊ တရားအဆင့်မြင့် ပေါက်မြောက်နေသူအဖြစ်လည်း တီးတိုးတီးတိုး ကျော်ကြားနေပါ တယ်။ အဲဒီကို သူသွားနေတယ်။ ရောက်တော့မယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ရောက်ဖို့လိုသေးတယ်လို့ လည်း ပြောလို့ရပါတယ်။ ကျောင်းကလေးကို မြင်နေရပါပြီ။ အနိမ့်ဆင်းတွေ မရှိတော့ဘူး။ တောက်လျှောက် အတက်ဘဲ ရှိနေတော့တာဆိုတော့ မြင်ကွင်းထဲက ပျောက်မသွားတော့ဘူး ရောက်မှရောက်ပါတော့မလား လို့လည်း ဖျက်ခနဲတွေးလိုက်မိတယ်။ ဒါပေမဲ့ ရောက်မယ်ဆိုတာကိုတော့ သူသိနေတယ်။ သူတော်တော် မောနေပါပြီ။ မနားဘူးလို့လည်း သူဆုံးဖြတ်ထားတယ်။ ဒီခရီးကို မနားတမ်းသွားဖို့ သူ့မှာ အကြောင်းပြချက် က ခိုင်ခိုင်လုံလုံကို ရှိနေတယ်။ ဒါသူ့ရဲ့ ရည်မှန်းချက်ပဲလေ။ အရင်တုန်းက မရောက်ဖူးခဲ့ပါဘူး။ ခုမှသွား ချင်စိတ်ပေါ်လာတောပါ။
ပိုမိုနီးလာတာနဲ့အမျှ တောရိပ်တောင်ရိပ်တွေဟာ ပိုပြီးပီပြင်ထင်ရှားလာပါတယ်။ သစ်ကြီးဝါးကြီး တွေ ထူထူထဲထဲ မြင်တွေ.ရပါပြီ။ ဆောင်အကုန် နွေအကူး လေရူးက တသုန်သုန်။ မြူခိုးတွေက ရစ်သိုင်း၊ ထောက်ကြံ့ပင်ကြီးပေါ်က နွေဦးရဲ့တမန်တော် ဥသြကလေးက ချွှဲချွှဲနွဲ့နွဲ့အော်မြည်နေတယ်။ သဘာဝရဲ့ အလှအပ၊ လက်ဆောင်မွန်တို့ကို သူခံစားတတ်ရဲ့လား မသိနိုင်ပါဘူး။ လူမကြောက်တတ်တဲ့ ဥသြငှက်က လေးဟာ သူ့ကိုမြင်လိုက်ရတဲ့ တစ်ခဏမှာပဲ တွန်ကျူးခြင်းကို ရပ်လိုက်ပြီး အဝေးကို ပျံသန်းသွားပါတော့ တယ်။ ပိုပြီးနီးကပ်လာတာနဲ့အမျှ ကြီးမားထူထပ်သိပ်သည်းလှတဲ့ သစ်တောကြီးထဲကို ရောက်လာပါပြီ။ မြေပြန့်မှာသာ တွေ့ရတတ်တဲ့ ကုက္ကုပင်၊ ညောင်ပင် အုပ်အုပ်ဝိုင်းဝိုင်းကြီးတွေလိုမျိုး မရှိတော့ပါဘူး။ အလင်း ရောင်ရှိရာကို စုပြုံတိုးထွက်ရှည်လျားနေတဲ့ ကျွန်း၊ ပျဉ်းကတိုး၊ သစ်ရာ၊ အင်ကြင်း စတဲ့အပင်ဖြောင့်ဖြောင့် ကြီးတွေ နေပြောက်မထိုးနိုင်အောင် ပေါက်ရောက်နေတာကို တွေ့ရပါတော့တယ် သဘာဝတရားရဲ့ ကူညီ ဖေးမမှု၊ ဘုရားရိပ်၊ တရားရိပ်၊ သူတော်ကောင်းတို့ရဲ့ မေတ္တာဓာတ်လွှမ်းခြုံမှုတို့ကြောင့် အေးချမ်းတဲ့အရသာ ကို သူအနည်းငယ် ခံစားလိုက်ရတယ်။ အားအင်အသစ်တွေ အနည်းငယ် တိုးဝင်လာသလိုပဲ။
ဦးဇင်းကလေးရဲ.ကျောင်းမှာ ခုတလော လူရှင်းနေတယ်။ စိုက်ပျိုးရေး ပူနေချိန်ဖြစ်တဲ့အတွက် ကိုယ်ရင်က လေးတွေ ကျောင်းသားကလေးတွေပါ ယာယီကျောင်းထွက်ပြီး လုပ်ငန်းခွင်ဝင်နေကြပါတယ်။ ဆွမ်းဝတ်ပို့ ချိန်မှတပါး ကျန်အချိန်တွေ ဦးဇင်းလေးတစ်ပါးတည်းသာ သီတင်းသုံးနေတာ တွေ.ရတတ်ပါတယ်။ နယ်သူ နယ်သားတွေရဲ့ စေတနာထက်သန်မှုကြောင့် ဦးဇင်းလေးရဲ့ကျောင်းမှာ ဆွမ်းဘောဇဉ်တွေဟာ ပိုလျှံနေလေ့ရှို တယ်။ ဦးဇင်းကလေး နေ့ဆွမ်းဘုဉ်းနေပြီးချိန်မှာ ပိုလျှံနေတဲ့ ဆွမ်းတွေကို စမ်းချောင်းထဲက ငါးတွေကို တချို့ ကျွေးလိုက်တယ်။ ဆွမ်းကျန်တချို့ကို နွားစားကျင်းအဟောင်းကြီးတစ်ခုထဲကို ထည့်လိုက်တယ်။ ပြီးရင် သစ်သားတုတ်တစ်ချောင်းနဲ့ နွားစားကျင်းနံရံကို ဒုံးဒုံးမြည်အောင်ထုလိုက်တာပဲ။ အဲဒီအခါ ဝေါခနဲမြည် သံကြီး ပေါ်လာပြီး ငှက်တွေ တပျော်တပါးစားကြတော့တာပဲ။ ငှက်တွေစားပြီးရင် ကျန်တာကို မျေက်တွေနဲ့ ၀က်ဝံကြီးနှစ်ကောင် စားပြစ်လိုက်ကြတယ်။ ဦးဇင်းကလေးဟာ ငါးဖမ်းခြင်းနဲ့ တောလိုက်ခြင်းကိုလည်း အလှုခံထားတယ်။ ဦးဇင်းကလေးရဲ့မေတ္တာဓာတ်ကြောင့် ထင်ပါရဲ့၊ တောင်ထီးပတ်ဝန်းကျင်မှာ ငှက်တွေ၊ ငါးတွေ၊ သမင်တွေ၊ မျောက်တွေ၊ ၀က်ဝံတွေ၊ အကောင်ရေတိုးလာတယ်။ ၀က်ဝံတွေကလည်း လူတွေကို ရန်ရှာလေ့မရှိတော့ပါ့ဘူး။

အဲဒီကို သူသွားနေတယ်။ ရောက်ခါနီးပါပြီး။ မြင်နေရသားနဲ့ မရောက်နိုင်သေးတာဟာ သူ့ကို ပိုပြီးပင်ပန်း စေပါတယ်။ သူ့မြင်ကွင်းထဲမှာ သမင်ဖိုနဲ့ သမင်မကို တွေ့ရတယ်။ နီးလာတယ်။ သူတို့ထွက်မပြေးပါဘူး။ သမင်ဖိုကြီးက သူ့ကို သုန်မှူန်တဲ့မျက်နှာထားနဲ့ စိုက်ကြည့်နေပါတယ်။ သမင်မကတော့ အလွန်ကြောက်ရွံ တဲ့အသွင်နဲ့ သမင်ဖိုကြီးရဲ့ပေါင်ခြံထဲ မျက်နှာဝှက်ထားတယ်။ ပြီးတော့ ရှူးခနဲနှာမှူတ်သံနဲ့အတူ ဒရောသော ပါး ထွက်ပြေးသွားကြတယ်။ သူ့ရင်ထဲမှာ စစ်ခနဲနာကျင်သွားတယ်။ နောက်တစ်နေရာရောက်တော့ ၀က်ဝံမိသားစုကို တွေ့တယ်။ ၀က်ဝံမကြီးက တောင်သဖန်းသီးစားရင်း ကလေးနှစ်ကောင်ကို နို့တိုက်နေ တယ်။ ၀က်ဝံအထီးကြီးကတော့ အလွန်စက်ဆုပ်ရွံရှာတဲ့ အကြည့်နဲ့ သူ့ကို ကြည့်နေတယ်။ အနားနီးတော့ မျက်နှာလွဲသွားကြတယ်။ သူ့ရင်ထဲမှာ ထိန်းညီးတဲ့ မီးလျှံကြီးတောက်လောင်သလို ခံစားရတယ်။ နေမွန်း တိမ်းပါပြီး။ ဦးဇင်ကလေးလည်း တရားမှတ်ချိန်ရောက်ပြီမို့ စင်္ကြလျှောက်ရင်း တရားမှတ်နေတယ်။ ဦးဇင်းက လေး တရားမှတ်ပြီးဆို ဘယ်ကျေးငှက်တိရစ္ဆာန်မှ ကျောင်းဝန်းထဲမှာမနေတော့ပါဘူး။ တိတ်ဆိတ်ငြိမ်သက် နေပါတယ်။ သူကျောင်အ၀င်ကို ရောက်ပါပြီ။ အ၀င်မှာ အလွန်ဝဖြိုးတဲ့ ၀က်ဝံကြီးတစ်ကောင် ကန်လန့်ဖြတ် အိပ်ပျော်နေပါတယ်။ သူအရာရာကို ဆုံးဖြတ်ချက်ချပြီဖြစ်လို့ ကြောက်စိတ်မရှိတော့ပါဘူး။ဝက်ဝံကြီးကို ခွကျော်လိုက်တယ်။ ၀က်ဝံကြီးကလည်း နိုးလာပြီး အလွန်စက်ဆုပ်ရွံရှာတဲ့ မျက်နှာထားနဲ့ကြည့်ပြီး ပြန်အိပ် သွားပါတယ်။ သူကျောင်းဝန်းထဲကို သေသေချာချာရောက်သွားပါပြီ။ ကျောင်းဝန်းရဲ့အမြင့်မားဆုံးအပိုင်းမှာ ကြည်ညိုဖွယ်ရာ စေတီတော်မြတ်တစ်ဆူရှိပါတယ်။ စေတီရဲ့ထီးတော်မှ ဆည်းလည်းများဟာ လေဝှေ့လိုက် တိုင်း ကြည်နူးဖွယ်အသံကလေးတွေ လွင့်မျှောနေတယ်။ သူမကြုံစဖူး ထူးကဲတဲ့အရသာတစ်ခု ရင်ထဲမှာ သိမ့်ခနဲ စီးဆင်းသွားတယ်။ အုပ်ဆိုင်းနေတဲ့သပြေပင်ကြီး။ သပြေပင်ကြီးရဲ့အောက်မှာ ကျောက်ဖျာကြီး။ ကျောက်ဖျာကြီးပေါ်မှာ ဦးဇင်းလေး တရားထိုင်နေတယ်။ သူမြင်လိုက်ရပြီ။ သူရောက်ချင်လှပြီ။ သူဟာ အလွန်ကြံ့ခိုင်သန်စွမ်းခဲ့ပါတယ်။ ခုလည်း သန်စွမ်းဆဲပါပဲ။ ဒါပေမဲ့ ဘာမှမပြောပလောက်တဲ့ သူ့ခရီးဟာ သူ့ဘ၀မှာ အဝေးဆုံးဖြစ်ခဲ့ပြီ။ ခုဦးဇင်းကလေးနဲ့ သူ့အကွာအဝေးဟာလည်း အရှည်လျားဆုံးခရီး ဖြစ် နေပါပြီ။ သူမောလာပြီ။ ခြေလှမ်းကလေးအတိုင်း မသွားနိုင်တော့ပါဘူး။ သစ်ပင်ကြီးတွေကို လက်နဲ့လှမ်း ထိန်းပြီး အမောဖြေ။ ပြီးတော့ ဆက်သွား။ ပြင်းထန်တဲ့ အသက်ရှူသံ။ ပြီးတော့ ကြမ်းတမ်းတဲ့ ခြေနင်းသံ။ ပြီးတော့ သစ်ရွက်ခြောက်တွေ ကြေမွသံ။ ကျောက်ဖျာပေါ်မှာ ဦးဇင်းလေး တရားမှတ်နေပါတယ်။ စက္ခုက္ကုနြေ္ဒချထားတဲ့ ဦးဇင်းကလေးရဲ့မျက်နှာဟာ ဘာအရိပ်အယောင်၊ ဘာအခိုးအငွေ့မှ မမြင်ရဘဲ အသက်ကင်းမဲ့နေဟန်ကို ဖူးတွေ့ရပါတယ်။ သူဦးဇင်းကလေးရှေ့မှောက်ကို ရောက်ပါပြီ။ ဦးဇင်းကလေး တရားဖြုတ်ချိန်နဲ့ အကိုက်ပါပဲ။ ဦးဇင်းကလေးဟာ အံ့သြတွေဝေခြင်း၊ ထိတ်လန့်တုန်လှုပ်ခြင်း အလျဉ်းမရှိ ဘဲ သူ့ကို ကြည့်လိုက်တယ်။ သူဦးဇင်းကလေးရဲ့ ရှေ့မှောက်မှာ ရိုသေကြိုးနွံ့စွာ ဒူးတုပ်ထိုင်ချလိုက်တယ်။ မရပါဘူး။ သူ ဒူးတုပ်လို့မရဘူး။ သူ့ညာဘက်ပေါင်မှာ လှံတိုတစ်ချောင်း ထုတ်ချင်းပေါက် စိုက်ဝင်နေပါ တယ်။ သူ ဒူးကို ထောက်ရုံသာ ထောက်ထားပြီး ခါးကို ဆန့်ထားရပါတယ်။
ဒကာမကြီး၊ ဦးဇင်းနားလည်ပါတယ်။ အဆင်ပြေသလိုသာ နေပါတော့ ဒကာကြီး သူ့ လက်အုပ်ချီလိုက်ပါ တယ်။ မရဘူး။ သူ့ဘက်လက်မောင်းမှာ မြားတစ်စင်း၊ သူ့လည်ပင်း မေးစေ့အောက်နားမှာ မြားနှစ်စင်း စိုက်ဝင်နေပါတယ်။ သူ အဲဒီတခဏပဲ ကြီးစွာသော စိတ်ဖိစီးမှုဝေဒနာကို ခံစားလိုက်ရပါတယ်။ ဒကာကြီး ဆန္ဒကို ထုတ်ဖော်ပြောပါတော့ ဒကာကြီး သူ့လည်ချောင်းထဲက ဂူးဂဲဆိုတဲ့အသံကြီး ထွက်လာပြီး ပါးစပ်ထဲ က သွေးတွေ၊ အမြုပ်တွေ ထွက်ကျလာပါတယ်။ သူ ဦးဇင်းကလေးရဲ့မျက်နှာကို အငမ်းမရ ဖူးမြော်နေပုံ၊ တစ်စုံတစ်ခုကို ပြင်းပြစွာ လိုချင်တပ်မက်မှုရှိနေပုံတို့ကို ဦးဇင်းကလေး ကောင်းကောင်း အဓိပ္ပာယ်ဖော် လိုက်နိုင်ပါပြီ။
ကောင်းပြီ ...... ဒကာကြီး။ ဦးဇင်း အရာရာကို နားလည်လိုက်ပါပြီ။ ဒကာကြီးနဲ့ အသင့်တော်ဆုံး ဆောင်ရွက်ပေးဖွယ်ရှိတာကို ဆောင်ရွက်ပေးပါတော့မယ်။ ဘုရား၊ တရား၊ သံဃာဆိုတဲ့ သရဏဂုံသုံးပါးကို နှလုံးသွင်းပါတော့ ဒကာကြီး။ ဦးဇင်းရွတ်ဆိုပေးမယ်။ ဒကာကြီးစိတ်ထဲမှာ လေးလေးနက်နက် ရွတ်ဆိုပေးပါ

ဗုဒ္ဓံ သရဏံ ဂစ္ဆာ... ... ...မိ၊
ဓမ္မ သရဏံ ဂစ္ဆာ... ... ...မိ၊
သံဃံ သရဏံ ဂစ္ဆာ... ... ...မိ၊

ပြီ်းတော့ ဒကာကြီးအတွက် အသင့်တော်ဆုံး အလွယ်ကူဆုံးဖြစ်မဲ့ တရားကို စိတ်ထဲကဘဲ လေးလေး နက်နက် မြတ်မြတ်နိုးနိုး ရွတ်ဆိုလိုက်ပါဦး။

ဗုဒ္ဓေါမေ သရဏ အညံ နတ္ထိ၊
ဓမ္မောမေ သရဏ အညံ နတ္ထိ၊
သံဃောမေ သရဏ အညံ နတ္ထိ။

ဒကာကြီး ပြုခဲ့သမျှ ကောင်မှုကုသိုလ် အစုစုတို့ကို နှလုံးသွင်းဆင်ခြင်ပြီး အမျှဝေ သာဓုခေါ်ပါပေတော့
သူတွန့်ခနဲ့ဖြစ်သွားတယ်။ မျက်နှာမဲ့ ပုပ်ရူံမဲ့သွားတယ်။ နာကျင်သွားပြီး။ သူဟာ အလွန်ခက်ထန် မာကျောတဲ့ သူတစ်ယောက်ဖြစ်ခဲ့တယ်။ ဘ၀တစ်လျှောက်လုံး ထိုးနှက်တိုက်ခိုက်ခဲ့တယ်။ ပြန်လည်ထိုးနှက် ခြင်းကိုလည်း ခံခဲ့ရဖူးလှပြီး။ နာကျင်တယ်လို့ မထင်ခဲ့မိဘူး။ သူ့ခံနိုင်ရည်ကို သူဂုဏ်ယူခဲ့တယ်။ ဒီတစ်ခါ သူတော်တော်နာကျင်သွားပြီး။ မြားချက်၊ လှံချက်တွေ ကနာတာမဟုတပ်ပါဘူး။ နှလုံးသားက နာကျင်တာပါ။ ဦးဇင်းကလေးက ထပ်မံ သတိပေးပြန်ပါတယ်။
ဒကာကြီး ပြုခဲ့ဖူးသမျှ ကုသိုလ်အစုစုတို့ကို နှလုံးသွင်း အမျှဝေ သာဓုခေါ်ပေတော့ သူထွန့်ထွန့် လူးသွား တယ်။ သူ့အာရုံထဲမှာ အစီအရီိပေါ်လာတာကတော့ လူသတ်ခြင်း၊ ဓားပြတိုက်ခြင်း၊ မုဒိမ်းကျင့်ခြင်း။ အလိုမတူမယားများစွာ ထားရှိခဲ့ခြင်း၊ သားသမီးဘယ်နှယောက်ရှိမှန်း မသိခြင်း၊ ကာမစွမ်းအားအလို့ငှာ မျောက်အရှင်သွေးနဲ့ အရက်ရောစပ် သောက်ခြင်း၊ သမင်မရဲ့သားအိမ်ထဲက ကလေးငယ်ကို မီးကင်စားခြင်း၊
ဦးဇင်းကလေးရဲ့ မေတ္တာဓာတ်လွှမ်းခြုံရာ နယ်ပယ်အတွင်းက ၀က်ဝံမိသားစုကို ပစ်သတ်ခြင်း။ နောက်ထပ် ထွန့်ထွန့်လူးသွားပြီး သွေးတွေ ဗွမ်းခနဲ့အန်ချလိုက်ပြန်တယ်။ အဲဒီနောက်တော့ ရုပ်ပျက်ဆင်းပျက် အော်ဟစ်တွန့်လိမ် လူးလိမ့်ပြီး ကမ္ဘာမြေရဲ့ အရုဏ်သစ်ပေါင်းများစွာကို နှူတ်ခွန်းဆက်သဖို့ အခွင့်အရေး ဆုံးရှူံးသွားတော့တယ်။ ကမ္ဘာမြေနဲ့ အ၀န်းဖြစ်ပွားခဲ့ တဲ့လူသတ်ပွဲကြီးအပြီး တိုက်ခိုက်ရမ်းကားခဲ့တဲ့ လူဆိုး လူမိုက်တစ်ဦးရဲ့ စွန်ပစ်ခံသား၊ ရပ်မိရပ်ဖများနဲ့ တောထွက်ကိုယ်တော်ကြီးတစ်ပါးတို့ရဲ့ သွင်သင်ဆုံးမမှု အောက်မှာ ကြီးပြင်းခဲ့ရတဲ့ ငယ်ဖြူကိုယ်တော်လေးအဖို့တော့ ခန္ဓာအိမ်တည်ဆောက်မှုကို ဆန့်ကျင်၊ သံသရာကွင်းဆက်ကို ဖြတ်တောက်၊ အဆုံးသတ် အမှန်တရားဆီ သွားရာလမ်းကြောင်းပေါ်က မောင်းနှင်း အားဖြစ်ဖွယ်ရာ ပြကွက်တခု သာသာပါပဲ။
တစ်နေကုန် ဒေါသတကြီး ပူပြင်းလောင်ကျွမ်းနေတဲ့ နေလုံးကြီးကလည်း ပင်ပန်းနွမ်းသွားခဲ့ပြီ။

ဦးဇင်းကလေး မရဏနုဿ စီးဖြန်းနေဆဲ။
သူ ဦးပေသီး။ ဓားပြခေါင်း မဟုတ်တော့ပါဘူး။ ပညတ်တွေရှိခဲ့ဖူးတာကလွဲလို့ ခုတော့ ရုပ်မပျက်ဆင်းပျက် သေဆုံးနေတဲ့ အလောင်းကောင်သာ။ ဒါပေမဲ့ ဘယ်သူမဆိုဖြစ်နိုင်တယ်။ ဘယ်သူနဲ့မဆို ဆွေးမျိုးတော်စပ်နို င်တယ်။
နေလုံးကြီးကတော့ ကမ္ဘာမြေရဲ့ပခုံးသားပေါ် မှီအုံးသွားခဲ့ပြီ။ ဒီအချိန်ဟာ အရိပ်တွေ အရှည်လျားဆုံးပါပဲ။
ပြီးတော့ နှူတ်ခွန်းဆက်သ လာဦးမှာဖြစ်တဲ့ အရုဏ်ဦး မိုးကုပ်စက်ဝိုင်း ပေါင်းများစွာ။
ပြီးတော့ ဆည်းဆာအို မိုးကုပ်စက်ဝိုင်း ပေါင်းများစွာ။

တင်ယုစိန်

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes