နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Thursday, November 1, 2007

အစိမ်းသေလား၊ သရဲလား ....

မာန်လှိုင်းငယ်

“အစိမ်းသေလား၊ သရဲလား ....”

ကိုရန်ကြီးက စလိုက်တဲ့ ဇာတ်လမ်းဟာ အခုဆို တော်တော်ပျံ့နေပါပြီ။ ကျနော် လိုက်ဖတ်ရင်း ကျောချမ်းတယ်ဗျ။ ကိုယ့်နောက်ကျောကို မလုံခြုံဘူးလို့ အဲဒီလို ခံစားနေရတယ်။ သရဲ ကြောက်ပါတယ်ဆိုမှ ဖတ်ချင်စိတ်ကို မတားနိုင်တော့ မျက်စေ့ကို မှေး၊ ကွန်ပျူတာနဲ့ ခပ်ခွာခွာ နေပြီး ဖတ်နေရတယ်။ ကိုယ့်ကိုယ်ကို မှန်နဲ့ ပြန်ကြည့်တော့ မျက်လုံးပေါက်တွေ ကျဉ်းလာသလိုပါပဲ။

ကဲ ကျနော်လည်း အထိမခံ ကြွေပန်းကန်ပေါ့။ အာ .. မဟုတ်ပါဘူး။ မှားသွားပြီ။ အားကျမခံ ပြောပြမယ်လေ။ ကိုယ်တွေ့ ဇာတ်လမ်းရော။ သူများတွေ့ ဇာတ်လမ်းရော။ နည်းနည်းစီ ပြောမှမယ်။ နားတွေထောင်၊ မျက်စိကို ဖွင့်ပြီး ဘေးဘယ်ညာ ကြည့်ပြီး ဖတ်ကြပါပေတော့ ..... ။

လိုက်ကာ ဖွင့်ပြီနော် ....

ကျနော် ငယ်ငယ်က (ငယ်ငယ်ကလို့ ဆိုပေမယ့် အသက်ကတော့ ၁၆၊ ၁၇၊ ၀န်းကျင်လောက်ပေါ့)။ ကျနော် အရမ်းခင်မင်ရတဲ့ အစ်ကိုတယောက်ရှိတယ်။ သူကလည်း ကျနော့်ကို အရမ်းချစ်တတ်တယ်။ ကျနော့် တယောက်ထဲ မဟုတ်ပါဘူး။ ကလေးအားလုံးကို ချစ်တဲ့၊ ချစ်တတ်တဲ့ အကိုတယောက်ပါ။ သူက ကျနော့်အကိုအရင်းမဟုတ်ပါဘူး။

မိုးတွင်းအချိန်ကာလပါပဲ။ အကိုတယောက်က ခရီးထွက်တော့မယ်။ မထွက်ခွာခင် ကျနော်တို့ကို ပြောလိုက်တယ်ဗျ။ ညီလေးတို့၊ မင်းတို့ကို အကိုနှုတ်ဆက်ခဲ့ပါတယ်၊ နောက်ဆို ပြန်တော့ရတော့မှာ မဟုတ်တော့ဘူးတဲ့ဗျာ။

ကျနော်တို့လည်း ...
ဟာ မဟုတ်တာ အကိုရာ ကျနော်တို့နဲ့ အကို ပြန်တွေ့မှာပါ။ နိမိတ်မရှိ၊ နမာမရှိ၊ ဖွီး၊ ဖွား။ ဟုန်၊ ဖွ။ ဆိုပြီး လုပ်လိုက်ကြသေးတယ်။

ဒါပေမယ့် သူသွားတာက ကရင်ပြည်နယ်ကိုသွားတယ်။ လှေစီးပြီးသွားရမှာလေ။ သံလွင်မြစ်ကို သိကြမှာပေါ့။ မိုးတွင်းဆိုတော့ ရေတွေက နှောက်ကျစ်နေတာပဲ။ ရေတွေကလည်း တဖြည်းဖြည်းနဲ့ အမြင့်တွေဆီ တတ်လာလိုက်တာ မပြောနဲ့ဗျ။ ကြောက်စရာကြီးပေါ့။

သူက ကျနော်တို့ကို လှေပေါ်ကနေ လက်ပြနှုတ်ဆက်ပါတယ်။ အဲဒီအချိန်ကလည်း မိုးတွေကလည်း ရွာနေတဲ့အချိန်ဆိုတော့ လှေကလေးနဲ့ သူထွက်သွားတာ ကျနော်တို့ ကြည့်နေကြပါတယ်။ ကျနော်တို့ မြင်ကွင်းကနေ မပျောက်သေးပါဘူး။ လှေဘာဖြစ်သွားတယ်ဆိုတာ ကျနော်တို့ မသိလိုက်ဘူးဗျ။ အော် သံတွေကြားရတော့ ကျနော်တို့လည်း ကုန်းပေါ်ကနေ ပြေးလိုက်သွားကြတာပေါ့ဗျာ။ ဘာဖြစ်ဘာလိမ့် ပေါ့။ တို့လော။ တို့လောနဲ့ ပြေးသွားကြတာ။ အဲဒီမှာပဲ ကျနော်တို့ သိပ်ချစ်ရတဲ့ အကိုဟာ လှေပေါ်က နေခုန်ဆင်းပြီး ရေးကူးတယ်။ ဖြစ်ချင်တော့ သူကလည်း ရေမကူးတတ်ဘူး။ ကမ်းစပ်ကိုရောက်ဖို့ အားကုန် ကူးနေတယ်လေ။ ကျနော်တို့လည်း ဘာမှမလုပ်ပေးနိုင်ပါဘူး။ ရေတွေ ဒီလောက်ကြီးနေတာ ဘယ်လိုလုပ် ဆင်းရဲမလဲ။ သူလည်း ကမ်းစပ်ကို တော်တော် ကြိုးစားကူးနေရှာတယ်။ ကမ်းနဲ့ နီးနီးလေးပဲ ကျန်ပါတော့တယ်။ ဒါပေမယ့်ဗျာ သူ တော်တော် ကံဆိုးရှာတယ်။ ရေလှိုင်းတွေက သူ့ကို လွှမ်းသွားတယ်။ သူလည်း ဆွဲမိဆွဲရာ ဆွဲလိုက်တာပဲ ဒါပေမယ့် သူ့ကို ကျနော်တို့ မတွေ့တော့ဘူး ဖြစ်သွားတယ်။ တကယ်လည်း မတွေ့တော့ဘူး။ ကျနော်တို့လည်း နာရီဝက်လောက်တော့ စောင့်နေကြသေးတယ်။ ဒါပေမယ့် သူ ဘယ်လိုမှ ပြန်မပေါ်လာတော့ဘူး။ ကျနော်တို့ ကလေးအားလုံးလည်း ရှုံးပွဲချ ငိုတယ်။ သူ သွားခါနီးမှာ ပြောသွားတဲ့ စကားကို ပြန်ပြီးအမှတ်ရမိတယ်ဗျ။ ဘယ်လိုမှ မယုံကြည်နိုင်အောင်ပဲ။ မျက်မြင်ကိုယ်တွေ့မို့ပါ။ တကယ်ဆို ကျနော် မယုံချင်ဘူး။ အဟုတ်ပါ။

ကဲ ဆက်ပြေမယ်နော် ...
နောက်နေ့မနက်မှာ ကျနော်တို့အားလုံး ပြန်လိုက်ရှာတယ်ဗျ။ အဲဒီအချိန်ကလည်း ရေတွေ ပြန်ကျနေပြီဆိုတော့။ ကျနော်တို့ အားလုံး လိုက်ရှာကြတယ်။ တွေ့ပါပြီး ညီငယ်တစ်ယောက် အရင်တွေ့တယ်။ သူအော်လိုက်တော့ ကျနော်တို့ကလည်း သူ့ဆီပြေးသွားကြတယ်။ တွေ့ပါပြီး တကယ့်မှ ကျနော်တို့ အကိုပါပဲ။ ဘယ်လိုမှ မထင်ဘူးလေ။ သူဆွဲထားတာက ဆူးကိုင်းပဲတွေပါ။ သူ့ကို ကျနော်တို့ မကြည့်ရဲတော့ဘူး။ တကိုယ်လုံးလည်း ရေတွေ ၀င်ထားလို့ ပွ၊ ပွကြီးဖြစ်နေတယ်။ လူကြီးတွေက သူကို သယ်ပြီး သူနေတဲ့နေရာကို ပြန်ယူသွားကြတယ်။ နေရာ တော်တော်ဝေးတယ်။ ရောက်တော့ အချိန်က နေမွန်းတတ်နေပြီလေ။ ဘယ်လိုမှ မခံနိုင်တော့ဘူး။ အနံ့တွေက။ ဒါနဲ့ လူကြီးတွေက ချက်ချင်း မြေကျင်းသွားတူးခိုင်းတယ်။ ကျနော်တို့လည်း ပါတာပေါ့။ တူး ကြပါတယ်။ တရားတောင် မနာအားဘူး။ မြေမြုပ်ပစ်လိုက်ကြတယ်။ ဘယ်လိုပြောမလဲ။ မြေမြုပ်ပြီး နောက်နေ့ညမှာပဲ သူက ကျနော်တို့ဆီ လာပြီဗျ။

ဇာတ်အိမ်ရောက်ပြီနော် ....
ကျနော်တို့ ကလေးတွေအားလုံး အိမ်တလုံးမှာ ဘားတိုက်ပေါ့။ အဲဒီမှာ တန်းစီပြီး အိပ်ကြရတယ်။ ည ၉ နာရီ၊ ၁၀ နာရီလောက်ရှိတော့မယ်။ အငယ်ဆုံး ကလေးကို သူက ပွေ့ဆီပြီး ခွေးအိပ်တဲ့ နေရာမှာ သွားထားတယ်။ ပြီးတော့ ကျနော်တို့စောင်တွေကို လာဆွဲပြီး စောင်တွေအားလုံးကို ၀ါးလုံးတန်းပေါ်မှာ တင်သွားတယ်လေ။ ကျနော်တို့ကလည်း အေးတာနဲ့ စောင်တွေ လိုက်ရှာတယ်။ မျက်လုံးကတော့ မဖွင့်ကြဘူး။ ကျနော်အပါအ၀င်ပေါ့။ စောင်ကို မတွေ့တော့ မျက်လုံးဖွင့်ရှာတော့မှ စောင်ကိုတွေ့တယ်။ အားပါးပါး ကျောချမ်းသွားပါတယ်။ ဘယ်က ဘယ်လို စောင်တွေအားလုံးက တန်းပေါ်ရောက်နေလဲ ပေါ့။ (အဲဒီအချိန်က ကျောပဲ ချမ်းသေးတယ်။ တကယ်မကြောက်သေးဘူး။) လူလိုက်စစ်တော့ လူလျော့နေတယ်။ ကလေးနှစ်ယောက် တယောက်က ခွေးအိပ်တဲ့ နေရာမှာ (လိုက်ရှာမှ တွေ့တာပါ) တွေ့တယ်။ နောက်တယောက်ကတော့ ဘယ်မှာလို့ ထင်လဲ။ စဉ်းစားကြည့်ပါ။ ........ ဘားတိုက်အောက်မှာပေါ့။ အဲဒီမှာ ပိုပြီးကျောချမ်းလာတယ်။ ပြန်အိပ်လို့လည်း မရတော့ဘူး။ တယောက်ကို တယောက် လှုပ်နိုးလိုက်။ နေလိုက်နဲ့ပေါ့။ အဲဒီအခါမှာမှ ဒုက္ဒနဲ့ကို တိုးတော့တာပဲ။ အိမ်နာကသွားချင်လာတာကိုး။ အဖော်တွေ ခေါ်တောလည်း မလိုက်။ ဘယ်သူ့နိုးနိုး မလိုက်ကြဘူး။

ဒါနဲ့ ကျနော် ကြောက်ကြောက်နဲ့ (သတ္တိတော့ ရှိသေးတယ်ဗျ) သွားတယ်။ အိမ်နာနားရောက်တော့ ...
ဟေ့ ညီလေ မင်း အိမ်သာတတ်မလို့လားတဲ့။ အားပါးပါး။ မလွဲဘူး။ အသံကို မှတ်မိနေတာကိုး။ မြေမြုပ်ပြီး သင်္ဂျိုလ်တာလည်း မကြာသေးဘူး။ အခု အသံကြားရတော့ လန့်တာပေါ့။ နဂိုကမှ ကြောက်စိတ် ရှိနေတာကိုး။ သတ္တိခဲပါပဲ။ ဒါတောင် မကြောက်သေးဘူး။ အိမ်သာထဲက ကြားသာဆိုတော့ (မှတ်ချက်။ ။ ကျနော်တို့ အိမ်သာက တံခါးကို ဆန်တွေထည့်တဲ့ အိပ်နဲ့ လုပ်ထားတာ) တံခါးကို ဖွင့်လိုက်တယ်။ အောင်မလေး ..... ဘုရားတယ်။ အမေ။ အဖေတွေကို တမ်းမိတယ်။ လူမှ မတွေ့ရတာ ဆေးလိပ်ဖွာနေတာပဲ တွေ့ရတယ်။ ဆေးလိပ်မီးလေ။ ကျနော်လည် မကြည့်ရဲတော့ တခါးတည်း အိမ်ကိုတန်းပြေး။ လူအများကြားမှာ တိုးအိပ်။ စောင်ကို ခေါင်းထိ ခြုံပြီး ကြောက်ကြောက်နဲ့ နေနေရတယ်။ အိပ်တောင် မပျော်တော့ဘူး။ အသားတွေက တုန်နေတာပဲ။ နတ်ဝင်ပူးသလိုပဲဗျ။

ဒါတောင် အားမရသေးဘူးထင်တယ်။ အိမ်ပေါ်ကို ခဲနဲ့ပေါက်ပြီး လုပ်သေးတယ်ဗျ။ ဒီတခါတော့ ကျနော့်တယောက်ထဲမဟုတ်တော့ဘူး။ ကလေးအားလုံး နိုးကုန်ပြီလေ။ ဘယ်သူမှလည်း မအော်ရဲကြဘူး။ ခဲနဲ့ အဆက်မပျက် ပေါက်တယ်။ အိမ်ဘေးပတ်ပတ်လည် လှမ်းလျှောက်သံတွေက ညံနေတာပဲ။ ဒါနဲ့ ကျနော်တို့လည်း မိုး မြန်မြန်လင်းပါစေလို့ ဘုရားတပြီး ဆုတောင်း နေကြရတယ် ..............။ ။

ဒီလောက်ပါပဲ။ အဲဒါကတော့ ကျနော့်ကိုယ်တွေ့လေးပါ။ စာတော့ မရေးတတ်ဘူး။ အခုတောင် ကြောက်စိတ်ရှိသေးတယ်။ ကျောချမ်းတယ်ဗျ။ ကြောက်ကြောက်နဲ့ပဲ ပြန်ရေးနေရတယ်ဗျာ။

4 comments:

Totto Chan - တော့တိုးချန် said...

အဟားဟား .. ကြောက်စရာကြီး။ ရီလဲရီရတယ်။ တော့တိုးတော့ တစ်ခါမှ မတွေ့ဘူးသေးဘူး။ ကြုံလဲ မကြုံဖူးသေးဘူး။ နဲနဲတော့ ကြောက်တတ်ပါတယ်။ ကိုယ့် ကိုယ်ကို လျှောက်တွေးပြီးတော့လေ။ အားပေးနေလျှက်နော် ..

ဂျေဂျေ said...

စိတ်မကောင်းစရာဘဲ စကားနောက် တရားပါတာဘဲနော်။ သူ့ အတွက် အလျှုပေး အမျှဝေပါလား။ ကြောက်ရင် ကိုယ့်ဘလော့မှာ ရေးပေးထားတဲ့ ဂါထာရွတ်ပေါ့။ နောက်ထပ်ဘာဖြစ်သေး သလဲ။ တခုတော့စဉ်းစားမိတယ် တော်ရုံဆိုရင် အရိပ်ရောင်ပြဖို့ မျက်မြင်အရာဝထုကို ဆွဲဖို့ မလွယ်ဘူး။ ခုလိုဆွဲတာ ပြတာ ဆို နဲနဲ အဆင့်မြင့်တဲ့ ဘုံရောက်လို့ထင်တယ်။ ကုသိုလ်များများ လုပ်ပေးလိုက်ပါ။ ဒီကိစမျိုး မရီနိုင်ပါဘူး။ သူပြုခဲ့တဲ့ ကုသိုလ်ကို သူမှတ်မိအောင် ပြောပေးသင့်တယ်။ ဒါမှသူကျွတ်မယ်လေ။

ဂျေဂျေ said...

ဖြစ်ရပ်မှန်တခုဖတ်ဘူးတယ်။ ညဘက် လယ်ထဲကအပြန် ရွာထဲက အမျိုးသမီးသစ်ပင်အောက်က လက်ရပ်ခေါ်လို့ သွားမိမှ မီးဖွားရင်းဆုံးတဲ့ ရွာသူမှန်းသိလို့ ထွက်ပြေးတာ အတင်းဆွဲ ခံရသတဲ့။ အဲဒီမှာ ညောင်ပင်ပေါ်က အလင်းရောင် ဖြာကျလာပြီး ဆုံးသွားတဲ့ သူငယ်ချင်း ရုပ်ကစိုးက ၀င်ကယ်လို့လွတ်သွားတဲ့ လယ်သမား တယောက် အကြောင်းပါ။ ဗုဒဘာသာပီပီ ကုသိုလ်ပွား အမျှဝေပါ။ သူတို့ အသက်ရှင်စဉ်က ပြုခဲ့တဲ့ ကုသိုလ်တွေ မှတ်မိအောင် ဝေပေးပါ။ ဒီဘုံဘ၀က ကျွတ်အောင် ကူညီလိုက်ပါ။

ဂျေဂျေ said...

နောက်တခုက ဘုရားတရား ကြည်ညိုလွန်းတဲ့ အဖိုးကြီးက ရွာနားက ရေကန်ကို အမြဲသန့်ရှင်းပေး ခဲ့တယ်။ သူကုသိုလ်လုပ်တာ ဖြစ်ပေမဲ့ သေခါနီး တွေးမိတာ သူမရှိတော့ရင် ဘယ်သူ ဆက်လုပ်မလဲဆိုတဲ့ အတွေးကြောင့် ရေကန်မှာ အစောင့်သွားဖြစ်တယ်။ တနစ်လောက်ကြာမှ အစွမ်းရှိလာပြီး ရေကန်နားဖြတ်သွား တဲ့ သားမက် ထဲဝင်ပူးပြီး အိမ်ထဲပြောတာက အလျှုလုပ်ပေးပါ။ ငါဘယ်မှသွားမရဘူးဆိုမှ အိမ်က အလျှု လုပ်ပေးရတယ်။ သေခါနီး ဇောကြောင့် ပြုခဲ့တဲ့ ကုသိုလ်တောင် မကယ်နိုင်ဘူး။ ဒါကိုကြည့်ပြီး ဘေးက ပံ့ပိုးပေးသင့်ပါတယ်။ ရေရှည် ခံစား နေရမဲ့သူတို့ အတွက် မြန်မြန် ကောင်းတဲ့ဘုံရောက်ဖို့ ဘေးကလူတွေကသာ ကုသိုလ်လုပ် ကူညီပေး နိုင်တာပါ။

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes