နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Monday, September 24, 2007

မေတ္တာတရားရှေ့ထားပြီးပြုလုပ်တဲ့ ဆန္ဒပြပွဲတွေမှာ တပ်မတော်သားတွေပါ ပါဝင်ကြဖို့ ဇာဂနာ တိုက်တွန်း

ဗွီအိုအေသတင်းဌာနမှတဆင့် ကူးယူဖော်ပြထားပါတယ်။ ပြည်သူတွေပါကမ အနုပညာရှင်တွေ ပါ တတတ်တအား ပါဝင်ပူးပေါင်းလာတဲ့အတွက် သံဃာတော်အရှင်မြတ်တို့ကိုယ်စား ကျနော် ၀မ်းသားဂုဏ်ပြုလိုက်ပါတယ်ဗျာ။

“မေတ္တာတရားရှေ့ထားပြီးပြုလုပ်တဲ့ ဆန္ဒပြပွဲတွေမှာ တပ်မတော်သားတွေပါ ပါဝင်ကြဖို့ ဇာဂနာ တိုက်တွန်း”

၂၄ စက်တင်ဘာလ

ဗွီအိုအေ။ ။ သံဃာတော်တွေရဲ့ သပိတ်မှောက်ကံဆောင်မှုမှာ အနုပညာသမားတွေက လည်း တတတ်တအားနဲ့ ပါဝင်လာနေကြပါပြီ။ ဒီအနုပညာရှင်တွေရဲ့ နောက်ဆုံးအခြေအနေ တွေကို လူရွှင်တော်၊ မင်းသား ဇာဂနာနဲ့ ဆက်သွယ်မေးမြန်းပြီး ဦးကျော်အောင်လွင်က တင်ပြ ထားပါတယ်။

ဇာဂနာ။ ။ “ကျနော်တို့ အနုပညာရှင်တွေ၊ စာပေအနုပညာရှင်တွေ၊ ဂီတအနုပညာရှင် တွေ၊ ဒီလူတွေအကုန်လုံးကလည်း သူ့အလိုအလျောက်ကို ဟေ့ဘယ်မှာလဲ၊ ဘယ်လိုလုပ်ကြမ လဲဆိုတာ သူ့အလိုအလျောက်ကို ဆန္ဒပြပြီးတော့ ၀င်ရောက်ပါဝင်လာကြတဲ့ လူတွေချည်းပဲ ဖြစ်ကုန်ကြတယ်။ ကျနော်တို့တတွေက မပါရလို့ဆိုပြီး စိတ်မကောင်းဖြစ်တဲ့လူက ရှိသေး တယ်။ ဆရာတော် သံဃာတော်များကို ကြည့်ပြီးတော့ ငိုကြီးချက်မနဲ့ ကျနော်တို့ဆီ ရောက် လာတဲ့ လူတွေကလည်း ရှိသေးတယ်။ အဲဒီတော့ အဲလိုမျိုးတွေနဲ့ ကျနော်တို့တတွေက ပူးပေါင်းလာတဲ့အခါမှာ အခုအနုပညာရှင်တွေဖြစ်တဲ့ ဆန္ဒက ဆရာတော်ကြီးများရဲ့ အမိန့်သြ ဇာအောက်မှာပဲ ကျနော် တို့ သွားမယ်။ ကျနော်တို့ အရင်တုန်းကလို ကျနော်တို့ ဟုတ်လား၊ စာပေပညာရှင်များ၊ အနုပညာရှင်များသမဂ္ဂတွေ ဘာတွေ အလံမထောင်ဘူး။ ပြည်သူတွေနဲ့ အတူတူပဲ ကျနော်တို့ က သွားမယ်။ သံဃာ့အလံပဲ ကိုင်မယ်။ ဘာဆိုင်းဘုတ်မှ မကိုင်ဘူး။ ကျနော်တို့က ပြည်သူထဲက ပြည်သူတွေအနေနဲ့ပဲ အတူတူ ရှိနေကြမယ်။ ဒါက တစ်အချက် ပေါ့နော်။ နောက်တခုကတော့ ဆရာတော်ဘုရားကြီးများက တကယ်တမ်း အခုလို (၁)ရက်က (၂)ရက် မဟုတ်ဘူး။ (၃)ရက်၊ (၄)ရက်၊ (၅)ရက်၊ (၆)ရက် ဖြစ်လာတဲ့အခါမှာ ဆရာတော် ဘုရာကြီး တွေရဲ့ ဆွမ်းကွမ်း ကျန်းမာရေး အရမ်းအခက်အခဲဖြစ်လာပြီ။ ဒီ့အတွက်ကြောင့် ကျနော်တို့ အားလုံး အနုပညာရှင်တွေ အကုန်လုံးစုပြီးတော့မှ ကျနော်တို့ ဆရာတော် သံဃာတော်ကြီးများ ကို ဆွမ်းကွမ်းနဲ့ ပတ်သက်တဲ့ ကျနော်တို့ ဝေယျာဝစ္စကို ထောက်ပံ့တဲ့ ကူညီတဲ့ဝေယျာဝစ္စ ကော်မတီလေးတခုကို ကျနော်တို့ ဖွဲ့လိုက်ကြတယ်။ ဖွဲ့ပြီး ကျနော်တို့ အထဲကလူတွေပဲ အနုပညာရှင်တွေ အကုန်လုံးကလည်းပဲ သူတို့ရဲ့ ပိုက်ဆံတွေကို စုပြီးတော့ ထည့်ပေးကြတယ် အတော်များများလည်း ရပါတယ်။ ဒီနေ့မနက်က စပြီးတော့ ဆရာတော် တွေကို ဆွမ်းကပ်နိုင် တယ်။ သင်္ကန်းတွေဆိုရင်လည်း အခုဆိုရင် တယောက်ထဲနဲ့ သင်္ကန်းအစုံ (၂၀၀)လှူတဲ့ လူတောင် ရှိပါတယ်။ ကျနော်တို့ဆီမှာ ဆေးဝယ်တယ်။ နောက်ပြီးတော့ ဆရာဝန်တွေပါ ပူးပေါင်းပြီး ပါဝင်ပေးတယ်။ ဒီမော်ဒယ်လ် တချို့ကလေးတွေ ထဲမှာ ဆရာဝန်ကလေးတွေ၊ အဆိုတော်ကလေးတွေထဲမှာ ဆရာဝန်ကလေးတွေ ရှိတယ်။ သူတို့တွေကိုယ်တိုင်ကလည်း အခု ဒီနေ့ဆိုလည်းပဲ ဆရာမ သန်းမြင့်အောင်တို့၊ ဆရာမ မသီတာ စမ်းချောင်းတို့ရဲ့ ဦးဆောင် မှုနဲ့အတူတူ သူတို့တွေ ဆရာတော်ကြီးများကို လိုက်ပြီးတော့ ဆေးကုပေးတယ်။ အရုဏ်ဆွမ်း က အစကပ်မှာလေ။ ကျနော်တို့က အခုမနက် (၁၀)နာရီမှာ ကျနော်တို့ နေ့ဆွမ်းကို ကပ်မယ်။ ဒါကို ကျနော်တို့ နေ့တိုင်းလုပ်သွားမယ်။ ဆရာတော်ကြီးများအတွက်၊ ကျန်းမာရေး စောင့်ရှောက်မှုကိုလည်း နေ့တိုင်းလုပ်သွားမယ်။ ဆွမ်းကွမ်း ဝေယျာဝစ္စကိုလည်း နေ့တိုင်း လုပ်သွားမယ်။”

ဗွီအိုအေ။ ။ ဟုတ်ကဲ့ခင်ဗျ။ အနုပညာအင်အားစုတွေက ဘယ်လောက်အထိ လုပ်သွားကြ မယ်လို့ ဆုံးဖြတ်ထားကြပြီလဲခင်ဗျ -
ဇာဂနာ။ ။ “ကျနော်တို့အားလုံးကတော့ ဒီဟာ ခရီးဆုံးတဲ့အထိ သွားကြရတော့မှာပဲ။ ဆရာတော်ကြီးတွေအနေနဲ့ အခုတောင်းဆိုထားတဲ့ အထဲမှာ အဓိကကျတဲ့ အချက် (၃)ချက်ရှိ တယ်။ အမျိုးသားပြည်လည်သင့်မြတ်ရေး ဆိုတာကတော့ အရေးအကြီးဆုံးကိစ္စဖြစ်နေတဲ့ အတွက် ကြောင့်မို့လို့ ဒီအဆင့်ကို ရောက်တဲ့အထိကို ကျနော်တို့ ပါရတော့မှာပဲ။”

ဗွီအိုအေ။ ။ ဟုတ်ကဲ့ခင်ဗျ။ မြန်မာပြည်တွင်းမှာ အခုလိုမျိုး ငြိမ်းငြိမ်းချမ်းချမ်း တောင်းဆို တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ပြည်တွင်းကရော ပြည်ပကရော စိတ်ပူနေတာ တခုရှိပါ တယ်။ အဲဒါကတော့ လက်ရှိစစ်အစိုးရဟာ ငြိမ်းငြိမ်းချမ်းချမ်း တောင်းဆိုမှုတွေကို အစဉ်အ ဆက် သူတို့က အကြမ်းဖက်ဖြေရှင်းခဲ့တာတွေရှိတော့ အခုလိုမျိုး သံဃာတော်တွေ အနုပညာ ရှင်တွေက အခုလိုဝိုင်းဝန်းပြီးတော့ တောင်းဆိုနေတဲ့အပေါ်မှာလည်း အကြမ်းဖက် ဖြိုခွင်းမှာကို စိုးရိမ် နေကြတယ်ခင်ဗျ။ ဆိုတော့ ကိုဇာဂနာတို့အနေနဲ့ မြန်မာစစ်အာဏာပိုင်တွေကို အခုလို အချိန် မှာ ဘာများပြောစရာရှိမလဲခင်ဗျ -

ဇာဂနာ။ ။ “ကျနော်တို့ဘက်ကတော့ ရှင်းပါတယ်။ ကျနော်တို့ တပ်မတော်အစိုးရ အလို မရှိလို့ ကျနော်တို့ပြောပြီး ထွက်လာတာလည်း မဟုတ်ပါဘူး။ တပ်မတော်အစိုးရ ဆင်းပေးပါလို့ ပြောနေတာ မဟုတ်ပါဘူး။ ကျနော်တို့ကို အာဏာလွှဲပေးပါလို့လည်း ကျနော်တို့ မပြောပါဘူး။ ကျနော်တို့အားလုံးရဲ့ အန္တိမသွားနေကြတာ မေတ္တာတရားပါပဲ။ ကျနော်တို့ အခု ဆုံနေကြတာ ကလည်း မေတ္တာတရားပါပဲ။ စောစောတုန်းက အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာက လည်း မေတ္တာတရားပါပဲ။ ကျနော်တို့ အဲဒီတော့ မေတ္တာတရားကိုပဲ ဦးထိပ်ပန်ဆင်တယ်။ ဒါကြောင့်မို့လို့ ကျနော်တို့က ဆရာတော်ကြီးတွေရဲ့ စကားကိုပဲ နားထောင်ပြီး သာသနာ့ အလံ လေးတွေကိုပဲ ကျနော်တို့ ကိုင်ဆောင်ကြမှာပါ။ ပြန်စဉ်းစားမယ်ဆိုလို့ရှိရင် အခုတပ်မတော် အစိုးရအနေနဲ့ ဒါသူတို့အတွက် ဒီအချိန်ကို အသုံးချမယ်ဆိုရင် အကောင်းဆုံးထွက်ပေါက်တခု ပါပဲ။ ဘာကြောင့်လည်းဆိုတော့ နှစ်ဦးနှစ်ဖက် ပြေလည်ရာ ပြေလည်ကြောင်း မေတ္တာတရားနဲ့ ကျနော်တို့ ငြိမ်းချမ်းစွာ လုပ်တဲ့အတွက် ဒါကိုမှ အကြမ်းဖက်ပြီးတော့မှ လုပ်မယ်ဆိုရင်တော့ လည်း စဉ်းစားကြပါ။ စဉ်းစားကြပါ။ ဘာကြောင့်လည်းဆိုတော့ ကျနော်တို့ကလည်း မျှော်လင့် ပါတယ်။ ဒီ ကြံ့ဖွံ့တို့ စွမ်းအားရှင်တို့ ဘာတို့တွေကလည်း ခိုင်းတယ်စေတယ် လုပ်တယ်ဆိုတာ ကျနော်တို့လည်း သူတို့အပေါ်မှာ အမုန်းမထားပါဘူး။ ဘာကြောင့်သူတို့ လုပ်နေကြတယ်ဆို တာလည်း သိပါတယ်။ သူတို့လည်း အမှန်တရားနဲ့ အမှားတရားဆိုတာကိုလည်း သူတို့လည်း နားလည်သွားကြပါပြီ။ အခုအချိန်မှာ။ ကျနော်တို့ ကိုးကွယ်နေကြတဲ့ ဆရာတော် သံဃာတော် များဟာလည်း အတူတူပါပဲ။ သူတို့ ရှိခိုးသလို ကျနော်တို့လည်း ရှိခိုးနေကြတာပါပဲ။ ကျနော်တို့ ဆင်းရဲရင်လည်း သူတို့လည်း ဆင်းရဲနေကြတာပါပဲ။ ကျနော်တို့တွေအားလုံးကလည်း သူတို့အ တွက် ကျနော်တို့လည်းပဲ ပြောနေကြရတာပါပဲ။ ဆိုတဲ့အတွက်ကြောင့်မို့လို့ အားလုံး ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ ပြီးသွားတာပဲ ကျနော်တို့က မြင်ချင်ပါတယ်။ ဒီငြိမ်းချမ်းရေး အရသာလေးကို အတူတကွ ပူးပေါင်းပြီးတော့ ဝေမျှခံစားကြပါ။ ကျနော်တို့ စိတ်ထဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေးအသင်းက လူတွေမို့လို့တို့ စွမ်းအားရှင်တွေမို့လို့မို့ဆိုတဲ့ ခွဲခြားတဲ့စိတ်တွေ မရှိပါဘူး။ အမုန်းတရားလည်း မရှိပါဘူး။ အငြိုးအတေးလည်း မရှိပါဘူး။ လာပါ။ ကျနော်တို့နဲ့ အတူတူ လာလက်တွဲပြီးတော့ ကျနော်တို့နဲ့ အတူတူ ထမ်းလာချက်ပါ။ ရပါတယ်။ ဒါတွေအားလုံးဟာ သူတို့ရော ကျနော်တို့ရောရဲ့ အနာဂတ်တိုင်းပြည်အတွက် အကုန်လုံး သာယာအေးချမ်းဘို့အ တွက် ကျနော်တို့ လုပ်နေကြရတာပါပဲ။ ဒီတော့ တတ်နိုင်ရင်တော့ ဘယ်သူ့ကိုမှ ဘယ်သူကမှ အကြမ်းမဖက်ကြပါနဲ့”

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes