နွေဦးဝေ
နှင်းကဖွေးဖွေး
မြစ်ရေနွေးနွေးကမ်းနံဘေးထက်
တသွေးတမွေးမွေးဖွားခဲ့ပေမယ့်
သူရဲ့ကောင်းကင်ပတ်ဝန်းကျင်က
တခွင်ပြင်လုံးအပြာရောင်ဆိတ်သုံးလို့
ရင်ခွင်မဲ့နေရဲ့
ကောင်းကင်ပျောက်ဆုံးနေတဲ့ . . . သူ
သူ့နှလုံးသားကိုအသုံးချ
စားသုံးခဲ့တဲ့ဒုက္ခတွေက
ကဗျာဘ၀ရဲ့အစပေါ့
ဖိနှိပ်ခံများလွတ်မြောက်မှုတရား
ဦးထိပ်ထားရင်းကလောင်သွားထက်ထက်
သွေးသားနီမောင်း
ကဗျာလက်အပေါင်းနဲ့သွေးဆက်ခဲ့
မိသားတစုသမုဒ္ဒရာဝမ်းတထွာရဲ့
ကမ်းတခုအတွက်
ချွေးကစက်လက်ကသုတ်ကယက်
လူမှုဘ၀ရသတွေကမဲ့
ရသကဗျာ ဒဿနကမ္ဘာ
အသစ်အဟောင်းစုပေါင်းလို့
လွယ်အိတ်မှာစီထည့်
ရှားပါးစာပေ အရောင်းဆိုင်တွေဆက်
ကဗျာကာရံမော်ဒန်ညံတဲ့
လေထန်ကုန်းနဲ့ချိုပေါ့ကျတခွက်
တခါတလေ ဧရာဝတီရဲ့
ရေဆန်တေး တိုးတိုးညည်း
ဇာတိမြေအလွမ်း
ကမ်းနားလမ်းလေးလျှောက်ရင်းတွေးလို့
မွကြေနေတဲ့နှလုံးသားပုံရိပ်တွေ
တစစီပြန်ကောက်ရင်းပေါ့
ဝါသနာနဲ့ယုံကြည်ချက်
ဝမ်းရေးတဘက်ရဲ့စည်းအပြင်ဘက်မှာ
အမှောင်နက်နက်လူမှုရသမဲ့
ဘဝကိုအချိုးချ
တကြိမ်နှစ်ကြိမ်မက
ရက်စက်တဲ့လက်တွေက
သူ့ကိုကလောင်ဘဝနဲ့အတောင်ပါချိုးပစ်ကြ
လေဆန်ငှက်ရဲ့အပြန်လမ်းက
ဒါဏ်ရာတွေနဲ့ချိနဲ့နဲ့
ဒါပေမဲ့နောင်တတွေတော့ပါမလာခဲ့ဘူး
သူ့ရဲ့အနာဂတ်ကတော့ခပ်ယဲ့ယဲ့ပါပဲ
ဒုက္ခနဲ့စ ဒုက္ခနဲ့ဆုံး
ဘဝကိုခနဲ့ တဲ့တဲ့ပြုံးရင်း
တလောကလုံးကိုနုတ်ဆက်
သူ့အတွက်ဒုက္ခတွေတောင်
အကြွေးကျန်ခဲ့သလိုလိုပဲလေ ။ ။
နွေဦးဝေ
<> တွင်ကွယ်လွန်သွားသော ဖခင်ကဗျာဆရာဦးကြည်တင်ဦး အတွက်အမှတ်တရ ….
0 comments:
Post a Comment