နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Thursday, September 13, 2007

ဘန်ကောက်မြို့၌ ဆန္ဒပြသည့် သံဃာတော် (၂) ပါး ဖမ်းဆီးခံရ


NEJ / ၁၂ စက်တင်ဘာ ၂၀၀၇

ပခုက္ကူမြို့၌ ဆန္ဒပြသည့် သံဃာတော်များကို နအဖစစ်အစိုးရ လက်ကိုင်တုတ်များက အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးမှုကို ကန့်ကွက်ရှုတ်ချသည့်အနေဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့၌ ယနေ့နံနက်တွင် ဆန္ဒပြသည့် သံဃာတော်
(၂) ပါးကို ထိုင်းရဲက ဖမ်းဆီးထိန်းသိမ်းလိုက်သည်။
“ဖမ်းသွားပြီ ဒကာကြီး၊ ကားပေါ်မှာပါသွားပြီ၊ (၁၀) မိနစ် (၁၅) မိနစ်လောက်ပဲပြလိုက်ရတယ်။ (၁၂) နာရီအထိပြမယ်ဆိုပြီး အစကတည်းက စီစဉ်ထားတာပေါ့နော်။ ဦးပဉ္စင်းတို့က မြန်မာဘုန်းကြီးတွေဖြစ်တဲ့အတွက် မြန်မာသင်္ကန်းတွေဝတ်ပြီး ဆန္ဒပြတာပေါ့။ ဦးပဉ္စင်းတို့ ကိုင်ဆောင်ထားတဲ့ ပိုစတာတွေလည်း သိမ်းယူသွားတယ်” ဟု ဆန္ဒပြ
သည့် ဦးပဉ္စင်း ဦးသုဝရက မိန့်ကြားသည်။

ဦးပဉ္စင်း ဦးသုဝရနှင့် ဦးဝါရိန္ဒကာရတို့သည့် ဘုရားသုံးဆူနယ်စပ်မှ ဘန်ကောက်မြို့သို လာရောက်
ကာ မြန်မာသံရုံးရှေ့၌ ဆန္ဒပြကြခြင်းဖြစ်ပြီး မြန်မာပြည်လွတ်မြောက်ရေး၊ ကုန်ဈေးနှုန်းကျဆင်းရေး၊ မတရားဖမ်းဆီးခံထားရသည့် သံဃာတော်များ၊ နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရေး စသည့်တောင်းဆိုချက်များကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် ပိုစတာကို ကိုင်ဆောင် ဆန္ဒပြစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။
ဆန္ဒပြရသည့်အကြောင်းရင်းနှင့်ပတ်သက်၍ ဦးသုဝရက “ပခုက္ကူမြို့က ကိုယ်တော်တွေဟာ သူတို့ တကိုယ်ရေ ကောင်းစားရေးအတွက် လုပ်နေတာမဟုတ်ဘူး။ ပြည်သူလူထုတွေ အားလုံး ခံစားနေရ တဲ့ဒုက္ခကို ဖြေရှင်းပေးဖို့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ မေတ္တာပို့ပြီး လမ်းလျှောက်ဆန္ဒပြကြတာ၊ ဒါကို
စစ်တပ်နဲ့ အကြမ်းဖက်နှိမ်နင်းတဲ့အတွက် ဦးပဉ္စင်းတို့ လာပြီး ဆန္ဒပြတာ” ဟု မိန့်ကြားသည်။
လက်ရှိအချိန်၌ သံဃာတော် (၂) ပါးကို ထိုင်းရဲတပ်ဖွဲ့က မေးမြန်းစစ်ဆေးလျက်ရှိပြီး ထိုင်းရဲ၏
လူဝတ်လဲခိုင်းမှုကို သံဃာတော်တို့က ငြင်းဆန်ခဲ့သည်ဟု သိရသည်။
ဦးပဉ္စင်းဦးသုဝရသည် ၂၀၀၅ ခု၊ မတ်လကလည်း အမျိုးသားညီလာခံကို ကန့်ကွက်သည့်အနေဖြင့် ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့၌ တကိုယ်တော်ဆန္ဒပြသည့်အတွက် ဖမ်းဆီးခံရဖူးသည်။ ။

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes