နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Saturday, September 15, 2007

အနာဂတ်ကို ထုဆစ်ပေးမည့် အိမ်ကလေးတစ်အိမ်

ကျနော် ဆရာတင့်ခိုင်ရဲ့ အနာဂတ်ကို ထုဆစ်ပေးမည့် အိမ်ကလေး တစ်အိမ်စာအုပ်ထဲမှ ဒီဝတ္ထုကို ကြိုက်သောကြောင့် မိတ်ဆွေသူငယ်ချင်းများကို ပြန်ပြီး ဝေငှပေးလိုက်ခြင်းဖြစ်ပါသည်။ ထို့ကြောင့် ဒိဝတ္ထုတိုကို ဖတ်ပြီးတော့ မိမိတို့ရဲ့ အနာဂတ်မှာ လှပလာမယ့် အိမ်ကလေး တစ်အိမ်လောက် တည်ဆောက်ထုဆစ်လာနိုင်လိမ့်မယ်လို့ ကျနော် ယူဆမိပါသည်။ ဆရာတင့်ခိုင်ရဲ့ ပထမအကြိမ်ထုတ်ဝေတဲ့ စာအုပ်ပဲ ဖစ်ြပါတယ်။ ထုတ်ဝေတဲ့ နှစ်က နိုဝင်ဘာလ ၂၀၀၅ ခုနှစ် ပါ။ နှစ်သက်ကြလိမ့်မယ်ထင်ပါသည်။

“အနာဂတ်ကို ထုဆစ်ပေးမည့် အိမ်ကလေးတစ်အိမ်”

ကျနော်ရေးသားသော “အိမ်”သည် အင်္ဂလိပ်ဘာသာစကားအရ House ဟု ရေးသားရသော “အိမ်”ဟု ရေးသားရသော အိမ်မဟုတ်ပါ။ “Home” ဟု ရေးသားရသော စကားကိုသာ “အိမ်”ဟု ပြော လိုက်ခြင်းဖြစ်သည်။ ဘာသာပြန်မှု မှားယွင်းကောင်း မှားယွင်းနေမည်ဟု ပြော၍ရနိုင်သော်လည်း မြန်မာ့လူ့အဖွဲ့အစည်းတွင် နှုတ်ကျိုးနေပြီဖြစ်သော “အိမ်” ဟူသော ဝေါဟာရကို ခံတွင်းတွေ့၍ သုံးစွဲ လိုက်ခြင်းဖြစ်သည်။
ကျနော်သည် စိတ်ပညာသမားတစ်ဦးဖြစ်၏။ အင်ဂျင်နီယာ မဟုတ်ပါ။ သို့ဖြစ်၍ အဆောက်အ အုံဖြစ်နေသော “အိမ်”ကို ကျနော် စိတ်မ၀င်စားပါ။ မိသားစုများ အတူတကွ ပူးပေါင်းနေထိုင်ကြပြီး လူ့ဘ၀ကို တည်ဆောက်နေကြသော အဆိုပါ မိသားစုများနေထိုင်ရာ နေအိမ်ကလေး၏ မိသားစုဘ၀ ကိုသာ ကျနော်က “အိမ်” ဟု တင်စားဖွဲ့ဆိုလိုက်ခြင်း ဖြစ်သည်။
“မင်းတို့မှာ ပတ်ဝန်းကျင်ဆိုတာမှ ရှိသေးရဲ့လား၊ အိမ်နီးနားချင်းတွေကို ဘယ်လောက် အားနာ စရာကောင်းသလဲ၊ မအေကိုယ်တိုင် ရှိနေပါလျက်နဲ့ မအေက တစ်ခွန်းမတားဘူး၊ လွတ်လပ်မှုတော့ ဟုတ်တာပေါ့၊ ဒါပေမယ့် မင်းတို့ လွတ်လပ်မှုက တခြားလူတွေကို ထိခိုက်တဲ့ လွတ်လပ်မှု၊ ပရမ်းပတာ လွတ်လပ်မှု၊ ထွီ ---”
ကျော်ထွေးသည်း အတော်ကလေးဒေါသထွက်နေဟန် ရှိသည်။ စက်ကို ချက်ချင်းပိတ်ပစ်လိုက် သည်။
ထိုအခါ -----
“ရှင် အဲဒါဘာလုပ်တာလဲ”
ခင်ထွေးညိုက ဒရင်းဘက်တ်မှ ထလာကာ ဒေါသတကြီးနှင့် ပြောသည်။
“ပိတ်ပစ်တာ၊ ဂီတဟာ ဆူညံသံမဟုတ်ဘူးကွ၊ မင်းနားလည်လား”
“ရှင့်လို တောသား အရိုင်းအစိုင်းအနေနဲ့တော့ ဘယ် နားခံလို့ရမလဲ၊ ဒါက ခေတ်ရှင့် ခေတ်”
အဖေနှင့် အမေ အချေအတင်ပြောဆို ရန်ဖြစ်နေသည်ကို သားသမီးများအနေဖြင့် ငြိမ်သက်စွာ နားထောင်နေမည်လားဟု ကျနော်ထင်ခဲ့မိသည်။
သားနှင့် သမီးက တစ်စင်ထထောင်သည်။
“ကျုပ်တို့ဖာသာ ကျုပ်တို့ကတာ ခင်ဗျားကြီးနဲ့ ဘာမှမဆိုင်ဘူး။ ခင်ဗျားကြီး နားမထောင်နိုင်ရင် အပြင်ထွက်သွား”
ကျော်ထွေးကို ဖခင်ဟု ဆယ်ကျော်သက် သားနှင့် သမီးတို့က မမြင်။ ရန်သူဟု ထင်နေပုံပေါ် သည်။
ကျော်ထွေး၌ ဖခင်တစ်ယောက်၏ အခန်းကဏ္ဍသည် ပျောက်ဆုံးနေလေပြီ။
ကျနော် မ၀င်၍ မရတော့ဟု ထင်သည်။
“ကျော်ထွေး၊ မင်းစိတ်ကို မင်းငြိမ်အောင်ထိန်းထားကွာ၊ ဒီပြဿနာကို ခုချက်ချင်း မင်းဖြေရှင်း လို့ မရနိုင်ဘူး၊ အမြစ်တွယ်နေပြီလေ သူငယ်ချင်း၊ ဒီတော့ မင်းစိတ်ကို မင်းလျှော့လိုက်တော့”
ကျော်ထွေးက ကျနော့်အား စူးစိုက်စွာ ပြန်ကြည့်သည်။ ကျနော်က သူအား မျက်ဝန်းမှတဆင့် အသံတိတ်စကားတွေ အများကြီး ပြောပြလိုက်သည်။
ကျနော်တို့ “အိမ်”ထဲမှ ချက်ချင်းထွက်လာခဲ့ကြသည်။ ကျနော်တို့နှစ်ယောက် “အိမ်”၏ အပြင် သို့ ခြေလှမ်းစချလိုက်သည်နှင့် သီချင်းသံက ပို၍ပင် ကျယ်လောင်လာတော့သည်။
ထူးဆန်းသည်မှာ “အိမ်”၏ အရိမ်မှ လွတ်မြောက်သွားသည်နှင့် ကျော်ထွေးသည် ပကတိ လန်းဆန်းရွှင်ပျနေခြင်းပင် ဖြစ်သည်။
ကားပေါ်တက်ကြ၏။ စက်နှိုးပြီး ကားစထွက်ရန် နံပတ်တစ်ဂီယာအား ထိုးလိုက်စဉ် ကျော်ထွေး ၏ သားငယ် ရောက်ရှိလာသည်။
“သော့ပေးစမ်းပါ”
ကားသော့ကို တောင်းသည်။
တောင်းသည့် ဟန်ကိုလည်းကြည့်။
လူကြမ်းက မင်းသားထံမှ အပိုင်အနိုင် သေနတ်တောင်းနေသော ဟန်မျိုးနှင့်ဖြစ်သည်။
ကျနော့်ရင်သည် တဒိုင်းဒိုင်းခုန်သွား၏။ သည်မြင်းမျိုး ကျနော်မမြင်ဖူးဘူး။ သည်မျှ မိုက်ရိုင်း သော ကလေးများကိုလည်း ကျနော် မတွေ့ဘူးသည်မှာ အမှန်။
ကျော်ထွေးသည် စက်ကိုရပ်လိုက်၏။ ကားပေါ်မှ တည်တည်ငြိမ်ငြိမ် ဆင်းလိုက်သည်။
“ရော့၊ မင်းလိုချင်တဲ့ ကားသော့”
ဘယ်ညာ လက်သီးအစုံသည် သားငယ်ပေါ်သို့ ပုံကျသွား၏။ သားငယ်သည် အိမ်ပေါက်ဝ လမ်းမပေါ်တွင် ပစ်လဲသွား၏။
ခင်ထွေးညိုနှင့် သူမ၏ သမီးငယ်သည် ဘယ်တုန်းက ရောက်ရှိနေသည်မသိ။ သားငယ်အား ပွေ့ချီကာ ကက်ကက်လန် ရန်တွေ့ပါလေတော့သတည်း။

စာရှုသူ ---- ။
သင့်အား ကျနော်သည် “အိမ်” လေးတစ်အိမ်ထဲသို့ ခေါ်ဆောင်သွားခဲ့ပြီးပြီ။
သင်သည် သည်အိမ်နှင့် ပတ်သက်၍ မည်သို့ခံစားရပါသနည်း။
သင့် ခံစားချက်ကို သင့်ဖာသာ သင်မှတ်သားထားပါလေ။
ခုတစ်ဖန်၊ နောက် “အိမ်” လေးတစ်အိမ်ထဲသို့ ကျနော်နှင့်အတူ သွားရောက်လည်ပတ်ခံစား ကြည့်ရအောင်။
အောင်သူ့အိမ်သို့ ကျနော် မရောက်ဖြစ်ခဲ့သည်မှာ ကြာပြီ။ ကျနော့်စိတ်ထင် နှစ်ပတ်ခန့်ပင် ရှိနေလောက်ပြီ။ ထို့ကြောင့်လည်း တမင်တကာ သွားခဲ့ခြင်းဖြစ်ပါသည်။
သူတို့နေရာ ပုလဲလမ်းထိပ်သို့ ကျနော် ရောက်သောအခါ လပြည့်ကျော်တစ်ရက် လမင်းကြီး သည် လှိုင်မြစ်တစ်ဖက်ကမ်းရှီ တောအုပ်ညို့ညို့ထဲသို့ပင် ခုန်ချရန်အား မယူနိုင်သေး။ အရုဏ်ဦး အလင်းသစ်သည် ပျို့အန်ထွက်ကျစ ပြုနေလေပြီ၊ ဆောင်း၏ နံနက်ခင်းကို နှင်းပ၀ါခပ်ပါးပါးလေး လွှမ်း ခြုံထား၏။
ကျနော်သည် ဤကဲ့သို့ခရီးမျိုးကို တကူးတက သွားတတ်ပါ၏။ လေကောင်းလေသန့်ရသော မြို့ပြင်ဖြစ်သော၊ စိတ်ချမ်းချမ်းသာသာ လမ်းလျှောက်နိုင်သော၊ ရင်းနှီးကျွမ်းဝင်သူများ ရှိနေသော နေရာများသို့ လမ်းလျှောက်သွားလေ့ ရှိပါသည်။
လတ်ဆတ်သော လေနုအေးလေးများ မျက်နှာပေါ်သို့ ဖြတ်သန်းနှုတ်ဆက်သွားသည်ကို ကျနော် ကြိုက်သည်။ အဆိုပါ အရသာကို တရှိုက်မက်မက် ခံစားနေရလျှင် ကျနော့်စိတ်သည် ပျော်ရွှင် နေတတ်သည်။
ကျနော့်စိတ်ထင် အောင်သူတို့အိမ်သားများ မနိုးကြသေးဟု ထင်ထားသည်။ သို့ရာတွင် တစ်အိမ်လုံး နိုးနေကြလေပြီး။
“နှင်းနု၊ အောင်သူဘယ်မှာလဲ”
“အပေါ်ထပ်မှာ၊ တက်သွားလေ”
သည်အိမ်သည် ကျနော့်အဖို့ တံခါးမရှိ၊ ထားမရှိ ၀င်ထွက်သွားလာ၍ရသော အိမ်မို့ ကျနော် အပေါ်ထပ်သို့ တက်သွားခဲ့သည်။
အောင်သူနှင့် သူ့သားသမီးများ ဘုရားရှိခိုးနေကြသည်။
ကျနော်သည် ကုလားထိုင်တစ်လုံးပေါ်တွင် ၀င်ထိုင်လိုက်၏။ ပြီးမှ စားပွဲပေါ်တွင် ရှိနေသော စာအုပ်စာတမ်းများကို ဆွဲယူကြည့်မိသည်။
“အလိမ္မာပုံဝတ္ထုများ”
မြန်မာစာအဖွဲ့မှ စံပြုဖွယ်ပုံဝတ္ထုများကို ဇာတ်နိပါတ်၊ ရာဇ၀င်၊ စာပေကျမ်းဂန်များထဲမှ ထုတ် နုတ်ပြုစုထားသော ကလေးများအတွက် စာအုပ်ကောင်းတစ်အုပ် ဖြစ်သည်။
နောက်စာအုပ်များကို ဆွဲယူကြည့်မိပြန်သည်။ ရင်နှစ်သည်းချာ နိုင်ငံရတနာဆုံးမစာများ၊ တေဇပေါင်းချုပ်၊ ရှေးဦးသင် အင်္ဂလိပ်စာအုပ်များကို တွေ့လိုက်ရပြန်သည်။
အောင်သူသည် သူ့ကလေးများ၏ အနာဂတ်ကို တော်တော်လေး အလေးအနက်ထားပုံရသည်။
ရင်သည် ချမ်းမြေ့သွား၏။
သည်စာအုပ်များသည် ကလေးသူငယ်များအား အနာဂတ်တွင် လူချွန်လူကောင်း ဖြစ်လာစေ ရန် အထောက်အကူပြုနေသော စာအုပ်စာတမ်းများ ဖြစ်သည်။
ခုမှ ကျနော်သတိတရပြန် ဖြစ်လာသည်။ ကျနော်သည် အိမ်သို့ရောက်ရှိတိုင်း အောင်သူ၊ ဒါမှမဟုတ် နှင်းနု၊ တစ်ယောက်ယောက်သည် ကလေးများအား ပုံဝတ္ထုဖတ်ပြနေသည်ကို တွေ့နေရ သည်။
“ကဲ --- သူငယ်ချင်း၊ ကော်ဖီသွားသောက်ကြရအောင်”
ကျနော်တို့အားလုံး အောက်ထပ်သို့ ဆင်းလာခဲ့ကြသည်။
မီးဖိုချောင်စားပွဲတွင် လူစုံတက်စုံ တွေ့နေရ၏။
“နှစ်ပတ်တစ်ခါ အခုလို တနင်္ဂနွေနေ့ မနက်မှာ အဖေတို့ ဘာလုပ်ကြသလဲ”
“သန့်ရှင်းရေး”
“ကဲ --- ဒီတော့ ဒီနေ့လဲ ထုံးစံမပျက် အိမ်တွင်းအိမ်ပြင် သန့်ရှင်းရေး လုပ်ကြရမယ်။ အိမ်အပြင် သန့်ရှင်းရေးကို အဖေနဲ့ သားကြီးက တာဝန်ယူလုပ်မယ်၊ အိမ်တွင်းသန့်ရှင်းရေးကို သမီးကြီးနဲ့ သမီး ငယ်က လုပ်ရမယ်၊ အဖေတို့ မိသားစုအားလုံး စားသောက်ဖို့အတွက် ချက်ပြုတ်ရေးလုပ်ငန်းကိုတော့ မေမေက လုပ်မယ်၊ သားငယ်ကကော ဘာလုပ်မှာလဲ”
“ဆင်စီးမယ်”
သုံးနှစ်ဝန်းကျင် အငယ်ဆုံး သားလေး၏ အဖြေကြောင့် အားလုံးပွဲကျသွားကြသည်။
ကျနော်က မသိ၍ မေးသည်။
“ဒီအိမ်မှာ ဆင်ကြီးတစ်ကောင်ရှိနေတာ မင်းမမြင်ဘူးလား”
အောင်သူက ပြုံးစိစိနှင့် ကျနော့်အား လှမ်းပြောသည်။
ကျနော်နားမလည်။ ထို့ကြောင့်လည်း ရိုးရိုးသားသားပင် ပြန်ဖြေလိုက်၏။
“ငါတော့ မမြင်မိဘူး”
ကျနော့် စကားကြောင့် အောင်သူ၊ နှင်းနုနှင့် အကြီးကလေးတွေအားလုံး တခွိခွိရယ်လိုက်ကြ သည်။
“ငါ့ကို ဆင်လုပ်ပြီး စီးမှာကို ပြောနေတာကွ ငါ့ကောင်ရ”
သည်တော့မှ ကျနော် တဟားဟား ရယ်လိုက်သည်။
မိဘတစ်ဦးဦးက သားသမီးများအား ပုံဝတ္ထုပြောပြနေသည်များ၊ ပုံဝတ္ထု ဖတ်ပြနေသည်များ၊ မိသားစု ပျော်ပျော်ရွှင်ရွှင် သီချင်းဆိုပြီး လက်ခုပ်တီး ကနေကြသည်များ၊ ရုပ်ရှင်ကြည့်နေကြသည်များ၊ ကစားနေကြသည်များကို သာတွေ့ရ၏။
“အပျော်ဟူသည် တစ်ပါးသူအား ကူးစက်ပျံ့နှံ့စေပါ၏။ ထို့ကြောင့်လည်း ဖြစ်မည်။”
“ခုလောလောဆယ်ဆယ် အဖေက ပန်းပင်တွေ ရေလောင်းရဦးမယ်၊ ခြံထဲမှာ သန့်ရှင်းရေး လုပ်ရဦးမယ်။ ဒီတော့ ဆင်ကြီးကအားမှ မအားသေးတာ အားတဲ့အခါမှ သားလေးစီးပေါ့”
“ဒါဖြင့် သားလဲ အဖေနဲ့အတူ ပန်းပင်ရေလောင်းမယ်”
ကလေးက အားကျမခံ ပြောသည်။
“ကဲ --- ဟုတ်ပြီ၊ သည်တော့ လုပ်ငန်းစကြရအောင်”
ကလေးတွေအားလုံး ထိုင်ရာမှ ထလိုက်ကြသည်။ ဖခင်တစ်ဦး၏ အခန်းကဏ္ဍသည်း ကျနော့် ခေါင်းထဲသို့ အလိုလို ရောက်ရှိလာပါတော့သည်။
သူတို့အိမ်သို့ ကျနော်ရောက်တိုင်း လင်နှင့် မယား၊ စကားများနေသည်များ၊ ကလေးနှင့် မိဘ အချေအတင် ပြောနေကြသည်များ၊ တခါမှ မတွေ့ခဲ့ရဖူးပေ။
မိဘတစ်ဦးဦးက သားသမီးများအား ပုံဝတ္ထုပြောပြနေသည်များ၊ ပုံဝတ္ထု ဖတ်ပြနေသည်များ၊ မိသားစု ပျော်ပျော်ရွှင်ရွှင် သီချင်းဆိုပြီး လက်ခုပ်တီး ကနေသြည်များ၊ ရုပ်ရှင်ကြည့်နေကြသည်များ၊ ကစားနေကြသည်များကိုသာ တွေ့ရ၏။
အပျော်ဟူသည် တစ်ပါးသူအား ကူးစက်ပျံ့နှံ့စေပါ၏။ ထို့ကြောင့်လည်း ဖြစ်မည်။
သူတို့မိသားစု၏ ပျော်ရွှင်ချမ်းမြေ့ခြင်းများသည် ကျနော့်ထံသို့ ကူးစက်ပျံ့နှံ့လာခဲ့သည်။
ထိုအခါ ကျနော်လည်း သူတို့ကို ကြည့်ပြီး ရွှင်ပျလန်းဆန်းလာပါ၏။
စာရှုသူ --- ၊
သင့်အား ကျနော်သည် နောက်အိမ်လေးတစ်အိမ်ထဲသို့ ထပ်မံခေါ်ဆောင်ပြီးခဲ့လေပြီ။
ထိုအိမ်ထဲသို့ ရောက်ရှိသောအခ သင်မည်သို့ ခံစားရပါသနည်း။
ပထမအိမ်သည်လည်း “အိမ်” ပဲဖြစ်၏။
ဒုတိယအိမ်သည်လည်း “အိမ်” ပဲဖြစ်၏။
ထိုအိမ်နှစ်အိမ်အနက် မည်သည့်အိမ်သည် အနာဂတ်ကို လှပလာအောင် ထုဆစ်ပေးမည့် “အိမ်ကလေး တစ်အိမ်” ဖြစ်ပါသနည်း။
သင်ကိုယ်တိုင် ဆုံးဖြတ်ကြည့်စေလိုပါ၏။

တင့်ခိုင်

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes