နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Wednesday, October 17, 2007

အဖေနဲ့ အမေသို့ သားရဲ့ တမ်းချင်း

မာန်လှိုင်းငယ်

`အဖေနဲ့ အမေသို့ သားရဲ့ တမ်းချင်း´

ငယ်ငယ်က
ကျနော် ချူချာလွန်းလို့
အဖေက စိတ်ပူခဲ့ရတယ်။

ငယ်ငယ်က
ကျနော် စကားနည်းခဲ့လို့
အမေက စိတ်သောကဖြစ်ခဲ့ရတယ်။

ကျောင်းနေအရွယ်တုန်းက
ကျနော် မျက်နှာဖြူဖပ်ဖြူရော်ဖြစ်လို့
ကျနော် ဗိုက်အောက်တတ်တဲ့ ဝေဒနာဖြစ်လို့
အဖေနဲ့ အမေဟာ စိုးရိမ်စိတ်နဲ့ အလုပ်တွေများခဲ့ရတယ်။

ခုတော့
ကျနော် မျက်နှာဖြူဖပ်ဖြူရော်ဖြစ်ရင်
ကျနော် ဗိုက်အောက်ဝေဒနာဖြစ်ရင်
အမေ့ အကြင်နာမျက်နှာကို မြင်ချင်
အမေ့ ဂရုဏာစိတ်နဲ့ ရောစပ်နေတဲ့ ပူပန်မျက်နှာကို တောင့်တနေမိတယ်။

ဒါပေမယ့်
ကျနော့်မှာ ဖြေသာစရာ အရိပ်ရှိတယ်
ကျနော့်မှာ အားကိုးစရာ အရိပ်ရှိတယ်
ကျနော့်မှာ ပြေးတွေ့စရာ အရိပ်ရှိတယ်
ကျနော် တခုခုဖြစ်လေတိုင်း
ကျနော့်ဘေးမှာ အရိပ်ဟာ ရှိနေတယ်
အဲဒီအရိပ်ဟာ အဖေပါပဲ။

အမေ့ကို သတိရလေ
အမေ့ကို အောက်မေ့တမ်းတလေ
အဖေ့ မေတ္တာရိပ်
အဖေ့ ဂရုဏာရိပ်အောက်မှာ
ကျနော် အမြဲလိုလို ခိုဝင်လျက်ရှိနေခဲ့တယ်။

မာန်လှိုင်းငယ်
၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ (၁၇)ရက်။

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes