နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Tuesday, October 30, 2007

အခန်းရဲ့ အနေအထား

မာန်လှိုင်းငယ်

“အခန်းရဲ့ အနေအထား”

အခန်းတံခါးကို ဖွင့်လိုက်တော့
အောက်သိုးသိုး အနံ့အသက်က
မခံသာအောင် ဆိုးဝါး
ပ၀ါကို ထုတ်၊ နှာခေါင်း ပိတ်မှ
အနေအထိုင် သက်သာခဲ့တယ်။

အခန်းထဲ ၀င်တော့လည်း
ခြေချစရာ နေရာမလှပ်
နေရာတိုင်းမှာ အမှိုက်
ဖုန်မှုန့်တွေနဲ့
ဟိုတစု၊ ဒီတစု
စာအုပ်တွေကလဲ
ပြန့်ကျဲ ပက်လက်နဲ့ပါ။

ပြီးတော့ ---
ကုတင်ပေါ်မှာ ဖျာတချပ်
ခေါင်းအုံးတခု၊ စောင်တထည်သာ
နေအရှင်သခင်၊ ဘုရင်မင်းလို
အခန့်သား တည်ရှိနေပေါ့
ဒီလိုတွေ့လိုက်တော့
ရင်မှာ ပြောမပြနိုင်အောင်
ပီတိဖြာဝေခဲ့တယ်။

ဆက်တိုက်မှာပဲ
ကျနော့်ကို ခေါ်နေတဲ့အသံ
“ဟေ့ --- မာန်လှိုင်းငယ် လာလေ
ဒီမှာ မင်းအတွက်နေရာ
Ready ပဲ” တဲ့
ဒီအသံကို ကြားလိုက်ရတော့
ကျနော့်ခမျာ လန့်ဖျန့်သွားခဲ့ပြန်တယ်။

ဩော် --- ဩော်
Ready
Ready
Ready တဲ့
အခန်းထောင့် နေရာတိုင်း
ဆန်းသစ်လှပစွာ မြင်လိုက်ရတဲ့
နေရာပုံစံ အနေအထားဟာ
Ready တဲ့လား။

နှာခေါင်းမှာ အနံ့
မျက်စိမှာ အမှိုက်
နားဝင်ချိုတဲ့ Ready ရယ်
ဖွဲ့စည်းတည်နေတဲ့ ဒီအခန်း
လူ၊ ပိုင်ရှင် မရှိသလိုပါပဲ
တကယ်တော့လဲ
ပိုင်ရှင်ဆိုတဲ့ လူတယောက်
နေထိုင်နေတဲ့ ဒီအခန်း
အခန်းတခန်းပဲ မဟုတ်ပါလား။ ။

မာန်လှိုင်းငယ်
၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ (၂၉)ရက်။

1 comments:

Kaung Kin Ko said...

အခန်းကို မျက်စေ့ထဲ ကွင်းကွင်းကွက်ကွက် မြင်လာတယ်ဗျာ။

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes