နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Friday, August 31, 2007

ကြေမွသွားတဲ့ မှန်ကွဲတွေရဲ့ ည


တကမ္ဘာလုံးမှာ ရှိနေတဲ့
မြန်မာပြည်သူအပေါင်းတို့
နိုးထပြီး ကြိုးကြိုးစားစား။ အားမာန်အပြည့်နဲ့
နအဖစစ်အစိုးရ အပြီးတိုင် ထွက်သွားစေဖို့ လွတ်လပ်တဲ့
ယုံကြည်မှုအပြည့်ရှိတဲ့ ခြေလှမ်းတွေနဲ့ စ လှမ်း ပါတော့ ---

ဒါဟာ ကဗျာတပုဒ်မဟုတ်ပါ။ ကြေမွသွားတဲ့ မှန်ကွဲတွေရဲ့ ညနှင့်အတူ တပိုင်းတပျက် ညလေး ထဲက လူငယ်တယောက်ရဲ့ အတွေးစ။ အတွေးခေါ်ရဲ့ ပျော်ဝင်မှု အပိုင်းအစလေးပါ။ ဒီပျော်ဝင်မှု အပိုင်းအစလေးဟာ “ရှစ်ဆယ့်ရှစ်နှင့် ဒီပဲယင်း” ကြေမွသွားတဲ့ မှန်ကွဲတွေရဲ့ ညဆိုတဲ့ ညအမှောင်ထု နှင့်အတူ နိုးထလာတဲ့ လူငယ်တယောက်ရဲ့ စကား။

ပြည်သူလူထုတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲ။ ပြဿနာ။ ဒီလို အတိဒုက္ခရောက်နေရ တာကို ကြည့်ပြီး။
ကျနော့် ရင်ထဲမှာ ဖော်ပြနိုင်စွမ်းတဲ့ ခံစားမှုမျိုးကို ခံစားနေရပါတယ်။ ကျနော်လည်း ဒီလိုအဖြစ် စနစ်ကြီးထဲကို လှမ်းဝင်နေရသူ။ ရောက်နေရသူ လူသားတယောက်ပါပဲ။ ကျနော် ဒါတွေပြောလိုက် တော့ အံ့သြကြမှာ မဟုတ်ပါဘူး။
ပြည်သူလူထု အတော်များများ ဒီလိုအဖြစ်စနစ်ကြီးထဲကို မရောက်ချင်ပဲ ရောက်နေကြတဲ့။ မလှမ်းချင်ပဲ လှမ်းနေရတဲ့ လူသားတွေပါပဲ။
ကျနော်ဟာ အတိဒုက္ခရောက်နေတဲ့ ပြည်သူလူထုကို စာနာသနားမိပြီး ကဗျာလေးတစ်ပုဒ်ကို ရေးဖွဲ့မိဖြစ်သွားပါတယ်။ ကဗျာလို့ ဆိုလိုက်ပေမယ့် ကဗျာကော ဖြစ်နိုင်ပါ့မလား။ ကျနော် ရေးဖွဲ့လိုက် တာတော့ အမှန်ပါပဲ။ ကဗျာလို့ပဲ ဆိုလိုက်ပါစို့နော်။ ဒီကဗျာကို တပါထဲ ဖော်ပြလိုက်ပါတယ်။ ခံစားဖတ် ရှုကြပါ။

“ကြေမွသွားတဲ့ မှန်ကွဲတွေရဲ့ ည”

x ကြေမွသွားတဲ့ မှန်ကွဲတွေရဲ့ ည
ဝမ်းတွင်းက မီး
ငါးစိမ်းသည်တိုဏ္ဍရဲ့ ဒေါသ
သားကောင်မမိတဲ့ ကျားလို
ဒေါသူပုန် ထ မယ့်ည။
x ကြေမွသွားတဲ့ မှန်ကွဲတွေရဲ့ ည
အကယ်၍
ဒါတွေ မှောင်အတိကျ
ဒါတွေ သုံးမရ မှန်ကွဲတွေ
ဖြိုခွင်း လှဲကျင်း ပစ်သလို
တဏှာ။ ငွေ။ အာဏာတို့မှာ
ဖျောက်ဖျက်ပစ်လို့ ရမှာလား
ဝိသမလောဘသားတွေ
ကျူပင်ခုတ်။ ကျူငုတ်မကျန်
သက်ဆုံးတိုင် ဖြိုခွင်းကြ။
x ကြေမွသွားတဲ့ မှန်ကွဲတွေရဲ့ ည
မှန်ကွဲ မှန်စ
ဖျောက်ဖျက်ပစ်နိုင်ပေမဲ့
ဒုက္ခရောက်သူ
အိုးမဲ့အိမ်မဲ့သူ
သေကြေရသူ
နိုင်ငံမဲ့ဖြစ်ရသူတို့ကို ပျော်မွှေ့
ကြည်နူးနေရှာတဲ့
ကြေမွသွားတဲ့ မှန်ကွဲတွေရဲ့ ည။ ။

••••••••
“အမှန်တကယ်တော့ အဖြစ်အပျက်တွေက မှန်ကွဲတွေထက်တောင် ဆိုးသထက်ဆိုးလာပါတယ်။
မှန်ကွဲ မှန်စတွေကိုသာ ရှင်းလင်း ဖျောက်ဖျက်ပစ်လို့ရပေမယ့်၊
တကယ့်လူတွေ သေကြေကြ။ ဒုက္ခရောက်ရ။ အိုးအိမ်မဲ့ဖြစ်ရ။ နိုင်ငံမဲ့ဖြစ်ရတာတွေကို၊
ဖျောက်ဖျက်ပစ်လို့ ရနိုင်မှာ မဟုတ်ဘူး။ တကယ့်ကို ကြေကွဲစရာကောင်းတဲ့ အဖြစ်စနစ်တွေပါပဲ။”
••••••••

မြန်မာနိုင်ငံဟာ ၁၉၆၂ ခုနှစ်ကနေ စလာတဲ့ စစ်အာဏာရှင်တွေရဲ့ စနစ်မီးဟာ စပြီးလောင်စွဲခဲ့ တာ ကြာနေပါပြီ ယနေ့ထိတိုင်ပေါ့။
ယခုဆိုရင် (၁၈)နှစ်ကာလကိုတောင် ခရီးတော်တော်ပေါက်ရောက်နေပါပြီ။ စစ်အာဏာရှင်တို့ ရဲ့ ဖိနှိပ်မှုတွေ။ နှိပ်စက်မှုတွေ။ မတရားလုပ်ဆောင်မှုတွေက၊
ယနေ့ထိ ရှိနေဆဲပါပဲ။ ယနေ့တိုင် မင်းမူနေဆဲ
ဒါတွေကို ပပျောက်စေဖို့ဟာ လွယ်လွယ်ကူကူ ရှင်းလင်းနိုင်မတဲ့လား
တကယ်တော့ ဒီဟာကို ပပျောက်စေဖို့ဟာ ပြည်သူလူထုတစ်ရပ်လုံး အုံကြွခဲ့တဲ့ (၈.၈.၈၈) ဆို တဲ့ အရေးတော်ပုံကြီးဟာ ပေါ်ပေါက်လာခဲ့တယ်။
အာဏာရှင်တွေရဲ့ ဖိနှိပ်မှုဒဏ်တွေကို မခံနိုင်လို့ အုံကြွလာခဲ့တာ ယနေ့ထိဆိုပါတော့
(၁၈) နှစ်ခရီး ပေါ့
ဒီ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ အကျိုးဆက်တွေကြောင့်လဲ
ပါတီ။ အဖွဲ့အစည်း။ တော်လှန်ရေးအင်အားစု။ နိုင်ငံရေးအဖွဲ့အစည်း။ ဒီမိုကရေစီအင်အားစု စတာတွေ ပေါ်ပေါက်လာခဲ့ကြတာ အားလုံးသော လူတွေအသိပါ။
တကမ္ဘာလုံးမှာ ဒီမိုကရေစီနိုင်ငံတွေ။ ဖွံ့ဖြိုးဆဲဒီမိုကရေစီနိုင်ငံတွေ တက်လှမ်းနေကြ။ ဖြစ်တည် နေကြ။ ရောက်နေကြပေမယ့်။ မြန်မာနိုင်ငံမှာတော့ ဒီမိုကရေစီကို မမြင်ရသေးပါဘူး။ နအဖစစ်အုပ်စု တွေက အော်နေကြတယ်။ ဘာတဲ့၊ ခေတ်မီတဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ကို တက်လှမ်းနေပါတယ်ဆို တဲ့ စကားပဲ။ တကယ်တော့ သူတို့ရဲ့ အကျိုးစီးပွားကို လုပ်နေကြသူတွေပါ။ အများပြည်သူသိအောင် အော် အော်နေပေမယ့် တကယ့်လက်တွေမှာတော့ ဖြစ်မလာပါဘူး။ ဒါနဲ့ တဆင့်ပြောရရင် သူတို့ရဲ့ လက်ရှိအာဏာကို တည်မြဲဖို့အတွက်ကိုသာ အစွမ်းကုန်။ အစွန်းဆုံးထိအောင် လုပ်နေတာဟာ ဒါ ဒီမိုကရေစီထွန်းကားဖို့အတွက်တဲ့
ယနေ့ထိ လက်ရှိမြန်မာနိုင်ငံဟာ ဒီမိုကရေစီနိုင်ငံကို ရောက်ဖို့ဝေးစွ။ စစ်အာဏာရှင် (စစ်တပ် ရဲ့ အုပ်စိုးခြယ်လှယ်မှုတွေ) ဟာ
ကနေ့ထိ သောင်းကျန်း။ မတရားဖိနှိပ်။ ဖမ်းဆီးထောင်ချတာတွေကို လုပ်နေဆဲ၊ ရှိနေတုန်းပါပဲ။
ဒီမိုကရေစီနိုင်ငံရောက်ဖို့ အလှမ်းကွာဝေးနေဆဲပါပဲ။ ဒါပေမယ့်လို့ ကျနော်တို့ကတော့ ဒီလို အလှမ်းကွာဝေးနေတာ သိနေပေမယ့်
စိတ်ဓါတ်ကတော့ ကျမသွားပါဘူး။ ဘယ်တော့မှလည်း ကျသွားမှာ မဟုတ်ပါဘူး။
ဒါဟာ ကျနော်တို့ရဲ့ စိတ်ဓါတ်ပဲ။ ကျနော်တို့ရဲ့ အသိစိတ်တွေထဲမှာတော့ တနေ့ (မဝေးတော့ တဲ့နေ့) ကျနော်တို့ မြန်မာနိုင်ငံဟာ နအဖစစ်အုပ်စုလက်အောက်ကနေ လွတ်မြောက်လိမ့်မယ်လို့ ယုံကြည်နေတယ်။
တကယ်လဲ အကြွင်းမဲ့ ခိုင်မာပြတ်သားစွာကို ယုံကြည်နေပါတယ်။
ပြည်သူလူထုတွေရဲ့ မျှော်လင့်ချက် အလင်းရောင်ဖြစ်တဲ့ ဒီမိုကရေစီကြီးကတော့ ထွက်ပေါ်လာ ပါလိမ့်မယ်။
ဒီလို ပြည်သူလူထုတွေရဲ့ ရင်ထဲမှာ အသည်းနှလုံးထဲမှာ ယုံကြည်ကိန်းအောင်းနေတဲ့ မျှော်လင့်ချက်တွေ တောက်ပလာစေဖို့
ကြိုးစားလုပ်ဆောင်နေတဲ့ ပြည်တွင်း/ပက ပါတီခေါင်းဆောင်တွေ။ တိုင်းရင်းသားခေါင်းဆောင် တွေ။ ဒီမိုကရေစီနိုင်ငံရေး အဖွဲ့အစည်းခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုနဲ့အတူ ပြည်သူလူထုကြီးတရပ် လုံး ပါဝင်လုပ်ဆောင်နေကြပါတယ်။ အထူးသဖြင့် လူထုခေါင်းဆောင် အမေဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုအောက်မှာ တက်တက်ကြွကြွနဲ့ အားကျိုးမာန်တက် ပါဝင်လုပ်ဆောင်နေကြသူတွေ အမြောက်အများပါ။
အမေစုကိုယ်တိုင် နေအိမ်အကျယ်ချုပ် ချုပ်ခံရပေမယ့်လည်း အမေစုရဲ့ ခိုင်မာတဲ့ စိတ်ဓါတ် တွေ။ မေတ္တာတရားရှေ့ထားတဲ့ စိတ်နေစိတ်ထားတွေ။ ငြိမ်းချမ်းရေးကို လက်ကိုင်ပြုထားတဲ့ အမေစုရဲ့ စိတ်ဓါတ်တွေအောက်မှာ အားလုံးသော ပြည်သူတွေက ကျရာကိုယ့်အခန်းကဏ္ဍကနေ လုပ်ဆောင်နေ ကြပါတယ်။ ဒီလူတွေအားလုံးဟာ ဒီမိုကရေစီရရှိဖို့ ကြိုးစားနေကြသူတွေပါ။
ဒီလို ဒီမိုကရေစီရရှိဖို့ လုပ်ဆောင်နေတဲ့ ပါတီ။ အဖွဲ့အစည်း။ တပ်ပေါင်းစုတွေကို နိုင်ငံရေးမ လုပ်နိုင်အောင် မရမက ရတဲ့နည်းနဲ့ ပိတ်ပင်။ နှောင့်ယှက်။ ဖမ်းဆီးထောင်ချတာတွေ လုပ်လာနေတာ
ယနေ့မှာဆို ပိုမိုဆိုးဝါးလာတာ တွေ့ တွေ့နေရပါတယ်။
အဲန်အယ်လ်ဒီပါတီကို နအဖစစ်အုပ်စုက မတရားသင်းအဖြစ် ကြေညာနိုင်တယ်။ အထောက် အထားအခိုင်အလုံ ရရှိထားပါတယ်ဆိုတဲ့ စကားတွေ၊
ပါတီအဖွဲ့ဝင်တွေကိုလည်း ခြိမ်းခြောက်ဖိအားပေးပြီး ပါတီကနေ နုတ်ထွက်အောင်လည်း လိုက် နှောင့်ယှက်နေတာတွေ နအဖစစ်အုပ်စုပိုင် သတင်းစာခေါင်းကြီးပိုင်းတွေမှာ။ အသံလွှင့်မီဒီယာတွေမှာ
အဲန်အယ်လ်ဒီပါတီ။ ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသား။ ဒီမိုကရေစီအင်အားစုအဖွဲ့အစည်း။ တပ်ပေါင်းစုအဖွဲ့အစည်း။ တိုင်းရင်းသားအဖွဲ့အစည်းတွေအားလုံးကို
သူတို့ပိုင် မီဒီယာသတင်းဂျာနယ်တွေကနေတဆင့် ထိုးနှက်တိုက်ခိုက်လာတာကို ပိုပိုပြီးတော့ တွေ့ တွေ့လာရပါတယ်။
နည်းလမ်းမျိုးစုံကို သုံး။ အမျိုးမျိုး နှောင့်ယှက်။ အမျိုးမျိုး ဖိအားတွေ ပေးလာပါတယ်။
နည်းလမ်းစုံလို့ဆိုလိုက်ပေမယ့် တကယ်တန်းလည်း အားထားကားကိုးနေတဲ့။ လက်ကိုင်တုတ် အဖြစ် အသုံးပြုနေတဲ့ ကြံ့ဖွတ်တွေကို ပိုမိုပြီးတော့ ထုတ်သုံးနေတာ တွေ့ရပါတယ်။ ဒါဟာ နအဖရဲ့ အရေးပါတဲ့ လက်နက်တခုပါပဲ။
ကြံ့ဖွတ်တွေကို အရက်စက်ဆုံး အစွမ်းကုန် ထုတ်သုံးလိုက်တာ ဒီပဲယင်းအရေးအခင်းမှာပေါ့။
တော်တော်ကြီးကို ဒီအရေးအခင်းဟာ မြန်မာတစ်နိုင်ငံလုံးသာမက ကမ္ဘာတ၀ှမ်းကိုတောင် တုန်လှုပ်သွားစေခဲ့ပါတယ်။ တုန်လှုပ်ရုံတင်မက အလွန်အင်မတန်မှကို ကြေကွဲစရာ အရေးအခင်းပါ။
ဒါဟာ နအဖတွေရဲ့ ကြံ့ဖွတ်ကို ထုတ်သုံးလိုက်ခြင်းရဲ့ ခြေလှမ်းအစလို့ ဆိုရမှာပေါ့။
ကြေကွဲစရာကောင်းတဲ့ ရက်ရက်စက်စက် ရိုက်နှက်ပစ်သတ်ခဲ့တဲ့ ဒုတိယ အရေးအခင်းလို့ တောင် ဆိုရပါမယ်။
နောက်ပြီးတော့လည်း နအဖစစ်အုပ်စုက လမ်းပြမြေပုံ (၇)ချက်လို့ ကြွေးကြော်နေတာကိုလည်း ကြားနေရပါတယ်။ ကျင့်သုံးနေကြတာကိုလည်း တွေ့နေရပါတယ်။
ညောင်နှစ်ပင် ညီလာခံကိုလည်း ကျင်းပမပြီးနိုင်သေးတဲ့ ညီလာခံကြီးကို ဆက်လက်ပြီးတော့ ကျင်းပလိုက်။ ရပ်နားလိုက်နဲ့ ဟော် အခုကြည့် ဒီနှစ်ကုန်ရင် ပြီးမယ်ဆိုပဲ။ ပြောလာပြန်ပကော။
ဒါကြောင့် ပြန်လည်ပြီး ညောင်နှစ်ပင် ညီလာခံကြီးကို စတင်ပါမယ်တဲ့ ဒီနှစ်ကုန်ပေါ့။ ဒါဟာ နအဖစစ်အုပ်စုရဲ့ လုပ်ရပ်တွေပေါ့။
တဖက်မှာဖြင့်လည်း အဲန်အယ်လ်ဒီပါတီဘက်က နအဖစစ်အုပ်စုရဲ့ လုပ်ရပ်တွေကို တန်ပြန် တုန့်ပြန်နေပါတယ်။
အဲန်အယ်လ်ဒီပါတီသာမက အခြားပါတီတွေ။ နိုင်ငံရေးအဖွဲ့အစည်းတွေ။ ဒီမိုကရေစီအင်အားစု အဖွဲ့အစည်းတွေ။ တပ်ပေါင်းစုတွေ။ တိုင်းရင်းသားအဖွဲ့အစည်းတွေကလည်း စွမ်းစွမ်းသမံ တုန့်ပြန်လုပ် ဆောင်နေကြတာကိုလည်း တွေ့ရပါတယ်။
ဒါတွေကို သိရ။ ကြားရ။ မြင်ရတာဟာ ကျနော့်တို့အဖို့တော့ တော်တော်ကို အားရကျေနပ်လှပါ တယ်။
ဒါပေမဲ့လို့ ကျနော်တို့ မျှော်လင့်ချက် ရောင်ခြည်ကတော့ ဖြစ်မလာသေးပါဘူး။ သြော် ဒါနဲ့ မျှော်လင့်ချက် ရောင်ခြည်ဖြစ်မလာဘူးလို့ ဆိုလိုက်ပေမယ့် ကြားရတဲ့။ ဖတ်ရတဲ့ သတင်းစကားတွေက တော့ ကျနော်တို့ကို အင်းအားထပ်တိုး စေပါတယ်။
ဒီသတင်းစကားတွေကတော့ ကျနော်တို့အားလုံး သိထားပြီးဖြစ်တဲ့ နအဖကို တစ်ကိုယ်တော် ဆန္ဒပြခဲ့တဲ့ ဆရာကြီးဒေါက်တာဆလိုင်းထွန်းသန်းတိုဏ္ဍလို အကြမ်းမဖက်တဲ့နည်းနဲ့ တုန့်ပြန်ရမယ်ဆို တဲ့ ဆရာကြီးရဲ့ စကားသံတွေ၊
နောက်ပြီးတော့ သတ္တိခဲ မစုစုနွေးတို့လို အခုတခါ ရှေ့နေကြီးဦးအေးမြင့်တို့လို လူမျိုးတွေက ကိုယ်စွမ်းရှိသမျှ လှုပ်ရှာားဆောင်ရွက်မှုတွေ၊ သူတို့ရဲ့ တက်ကြွတဲ့ လှုပ်ရှားမှုတွေကြောင့်
ကျနော်တို့ ပြည်သူတွေအဖို့ အားရှိလာအောင် အားဆေးတစ်ခွက် သောက်ရသလိုပါပဲ။
ဆရာကြီးရဲ့ အကြမ်းမဖက်တဲ့ လက်နက်ကိုင်စွဲမယ်ဆိုတဲ့ စကားအတွက်ကြောင့် ကျနော် ငယ်ငယ်လေးထဲက ဖတ်ရတဲ့ အိန္ဒိယနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖခင်ကြီး မဟတ္တမဂန္ဒီကို သွား အမှတ်ရမိပါ တယ်။
ပြီးတော့ ကျနော်တို့နိုင်ငံရဲ့ ငြိမ်းချမ်းရေးဖခင်ကြီးဖြစ်တဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းတို့ကို သွား အမှတ်ရမိပါတယ်။ နောက်ပြီးတော့ မစုစုနွေးရဲ့ အမှန်တရားအတွက် တိုက်ပွဲဝင်မယ်။ ဖိနှိပ်တာ ကို မခံဘူးဆိုတဲ့ စကား၊ ဦးအေးမြင့်ရဲ့ ကျနော်က ဥပဒေသမား ရှေ့နေတယောက် ပြည်သူ့ရှေ့ကနေ ရပ်တည်ပေးမယ်ဆိုတဲ့စကားတွေကြောင့် အရင့်အရင်က လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း တို့၊ ဗိုလ်အောင်ကျော်တို့၊ သခင်ဗဟိန်းတို့ စသည့် သခင်ခေါင်းဆောင်တွေကို သွား အမှတ်ရမိပါတယ်။ ဒီလိုအမှတ်ရမိတဲ့အတွက်ကြောင့်
ကျနော့်ရင်ထဲမှာ ဒါမှမဟုတ် ပြည်သူလူထုရဲ့ ရင်ထဲ။ အသည်းနှလုံးထဲမှာ ယုံကြည်မှုရောင် ခြည် ရိပ်ခနဲ့ ရိပ်ခနဲ့ ပြေး ပြေးလာပါတယ်။
ကျနော့်တယောက်ထဲတင်မဟုတ် ပြည်သူလူထုကြီးကပါ နိုးကြားမှုတွေ။ ထကြွမှုတွေ ထွက်ကျ လာတော့မှာပါလို့ ကျနော် ထင်ပါတယ်။ သူတို့ရဲ့ လုပ်ဆောင်မှုဟာ တနေ့မှာ အကျိုးအမြတ်ကို ရရှိ လိမ့်မယ်လို့ ကျနော် မျှော်လင့်မိသလို ပြည်သူလူထုကြီးကလည်း ယုံကြည်လက်ခံနေပါလိမ့်မယ်။
ဒါက တပိုင်းပေါ့။ နောက်ပြီး မကြာသေးခင်ကမှ နအဖစစ်အစိုးရရဲ့ မတရားလုပ်ဆောင်မှုတွေ ထပ်ပေါ်လာပါသေးတယ်။ အဲဒါကတော့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် (၅)ဦးကို ထပ်မံ ဖမ်းဆီးထောင်ချလိုက်တာတွေပဲပေါ့။ နအဖရဲ့ ဒီလို မတရားတဲ့ လုပ်ရပ်တွေကို
ကျန်နေသေးတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေက ကျောင်းသားခေါင်းဆောင် (၅)ဦးကို ပြန်လွတ်ပေးရေး၊ အကျဉ်းထောင်တွေထဲမှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးသမားအားလုံး ပြန်လွတ်ပေးရေး စတာတွေကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေက ပြည်သူလူထုတွေနဲ့ အတူ ငြိမ်းချမ်းတဲ့နည်းနဲ့ ဆုတောင်းပွဲတွေ လုပ်လာတာ။ အဖြူရောင်လှုပ်ရှားမှုတွေ လုပ်လာတာ နောက်ပြီး ပြည်သူ့ဆန္ဒပြုလွှာ လက်မှတ်ထိုးလှုပ်ရှားမှုတွေ လုပ်ဆောင်လာတာတွေ၊ ကျနော် တို့တတွေ ပြည်သူလူထုအားလုံးက တော်တော့်ကို အားရ၀မ်းသာဖြစ်ကြတယ်။
ဒီလိုလုပ်ဆောင်မှုတွေဟာ တနေ့တခြား ပိုမိုထူးခြားပြောင်းလဲလာတာပါပဲ။ မမြင်ရသေးတဲ့ ဒီမိုကရေစီကို ကျနော်တို့တတွေ ပြည်သူလူထုအားလုံးရဲ့ မျှော်လင့်တောင့်တနေတဲ့နေ့ကို ရောက် တော့မှာလားလို့ ပြည်သူလူထုတွေရဲ့ ရင်ထဲ။ အသည်းနှလုံးကြားထဲမှာ ကိုယ်စီကိုယ်စီ ရှိနေကြပါပြီ၊
အရှေ့က အလင်းပြခေါင်းဆောင်တွေရဲ့ လှုပ်ရှားမှုတွေနဲ့အတူ ကျနော်အပါအ၀င် ပြည်သူလူ ထုတရပ်လုံးက ဆထက်ထမ်းပိုး ပါဝင်ပူးပေါင်းလုပ်ဆောင်ကြမှာပါ။
ကျနော်ပြောချင်တာကတော့ အဘက်ဘက်က အဖွဲ့အစည်းတွေ။ ပါတီတွေ။ တပ်ပေါင်းစုတွေ ကြိုးစားပမ်းစား လှုပ်ရှားနေတာတွေကို ပြည်သူလူထုကြီးကလည်း ထောင့်စုံ။ ပေါင်းစုံကနေ အစွမ်း ကုန် အားဖြည့်ကူညီကြပါလို့ ကျနော့်အနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။ ပြည်သူတယောက်အနေနဲ့ပေါ့။


••••••••
“အမှန်တကယ်တော့ အဖြစ်အပျက်တွေက မှန်ကွဲတွေထက်တောင် ဆိုးသထက်ဆိုးလာပါတယ်။
မှန်ကွဲ မှန်စတွေကိုသာ ရှင်းလင်း ဖျောက်ဖျက်ပစ်လို့ရပေမယ့်၊
တကယ့်လူတွေ သေကြေကြ။ ဒုက္ခရောက်ရ။ အိုးအိမ်မဲ့ဖြစ်ရ။ နိုင်ငံမဲ့ဖြစ်ရတာတွေကို၊
ဖျောက်ဖျက်ပစ်လို့ ရနိုင်မှာ မဟုတ်ဘူး။ တကယ့်ကို ကြေကွဲစရာကောင်းတဲ့ အဖြစ်စနစ်တွေပါပဲ။”
••••••••

မာန်လှိုင်းငယ်
၃ - ၁၂ - ၂၀၀၆

Thursday, August 30, 2007

အင်အား (သို့) လူထုအင်အား

မာန်လှိုင်းငယ်

‘အင်အား’ဆိုသည်မှာ စနစ်တကျ ဖွဲ့စည်းထားတဲ့။ စနစ်တကျ လေ့ကျင့်ပေးထားတဲ့။ စနစ်တကျ မှန်ကန်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်တဲ့ဟာတွေကို စုစုစည်းစည်းရှိစွာနဲ့ လူအများကို ပုံသွင်းရိုက်ထားတဲ့ အရာကို ‘အင်အား’လို့ ပြောနိုင်ပါသလား ပြောနိုင်ပါတယ်။ ဒါပေမယ့် စနစ်တကျနဲ့ စုစည်းခြင်းမရှိ။ စနစ်တကျနဲ့ ဖွဲ့စည်းခြင်းမရှိ။ စနစ်တကျနဲ့ လေ့ကျင့်ပေး ထားခြင်းမရှိတဲ့ အရာတွေဟာလည်း ဒုနဲ့ ဒယ်နဲ့ အများကြီးရှိနေပါတယ်။ ပမာအနေနဲ့ကတော့ ခံစားချက်ချင်း။ ရည်ရွယ်ချက်ချင်းတူတဲ့ လူအများ စုပေါင်းမိခဲ့ရာကနေ ပေါက်ဖွားလာတဲ့ ‘အင်အား’ပါ တမျိုးဆိုရသော် “လူထုအင်အား” ဖြစ်ပါတယ်။

ဥပမာအနေနဲ့ ပြန်ကြည့်ကြမယ်ဆိုရင် ကျနော်တို့ မြန်မာနိုင်ငံမှာ ၁၈၈၅ ခုနှစ်ကစပြီး အင်္ဂလိပ်ကိုလိုနီ လက်အောက်ကို တနိုင်ငံလုံးကျရောက်သွားတဲ့အချိန်မှာ ကျနော်တိုဏ္ဍ မြန်မာနိုင်ငံက မျိုးချစ်စိတ်ဓါတ် နိုးကြားတဲ့သူတွေ အနယ်နယ်အရပ်ရပ်ကနေ ထွက်ပေါ်လာပြီး တော်လှန်ရေးတွေ ဆင်နွှဲခဲ့ကြတာတွေ နောက် အင်္ဂလိပ်တွေပြီးတော့ ဂျပန်တွေ ၀င်လာတဲ့အခါမှာလည်း ကျနော်တို့ မြန်မာနိုင်ငံက မျိုးချစ် စိတ်ဓါတ်နိုးကြားတဲ့ ကျောင်းသားတွေ၊ ရဟန်းသံဃာတော်တွေ၊ ပြည်သူတွေဟာ ထပ်ပြီး တော်လှန် ရေးကို အင်တိုက်အားတိုက် တော်လှန်ခဲ့ကြတာတွေဟာ စနစ်တကျနဲ့ စုစည်းထားပြီး ဖြစ်လာတဲ့ အရာ တွေ မဟုတ်ဘူး။ စနစ်တကျနဲ့ဖွဲ့စည်းလိုက်တဲ့ အရာတွေလည်း မဟုတ်ပါဘူး။ တမျိုးသားလုံး အမျိုး သားရေး စိတ်ဓါတ်တွေက ပြည်သူတွေထဲမှာ ကိန်းအောင်းပြီးရှိနေတာကို ခေါင်းဆောင်ကောင်းဆိုသူ တွေက လမ်းပြကြယ်အဖြစ် လှုပ်ရှားဆောင်ရွက် နေသူတွေက ရဲရဲဝံ့ဝံ့နဲ့ လုပ်လာတာတွေကြောင့် သူတို့နဲ့ ပြည်သူလူထုအားလုံးနဲ့ ပေါင်းမိလာကြတဲ့အခါ ‘အင်အား’ဟာ ဖြစ်ပေါ်လာပါတော့တယ်။ ဒါဟာ ‘လူထုအင်အား’ တရပ်ဖြစ်လာရခြင်းပါ။

နောက်ထပ်တခါ ကျနော်တို့ မြန်မာနိုင်ငံကို ဘယ်တခြားနိုင်ငံတွေကမှ လာမအုပ်ချုပ်တော့ဘူး။ သူတို့ တွေ မအုပ်ချုပ်တော့ပေမယ့် ကျနော်တို့ မြန်မာနိုင်ငံဟာ လွတ်လပ်သွားသလားဆိုတာပါပဲ။ လွတ်လပ် ရေးတော့ ရပါတယ်။ ဒါကလည်း သိပ်မကြာလိုက်ပါဘူး။ ကိုယ့်အမျိုးသားအချင်းချင်း။ ကိုယ့်ဗမာလူမျိုး အချင်းချင်းကပဲ ပြန်ပြီးတော့ အာဏာသိမ်လိုက်တော့ ပိုဆိုးသွားပါလေရော မဟုတ်လား။ ၁၉၆၂ ခုနှစ် ဦးနေ၀င်းတို့က အာဏာသိမ်းလိုက်တော့ ကျနော်တို့ အမိမြန်မာနိုင်ငံဟာ ဆင်းရဲတွင်းထဲကို နက် သထက် နက်။ ရောက်သထက် ရောက်နေပါတော့တယ်။ ဒီအာဏာရှင်စနစ်ကို တွန်းလှန် တော်လှန်ခဲ့ တဲ့ အရေးတော်ပုံကြီးတရပ် (သို့) ပြည်သူလူထုတရပ်လုံး ပါဝင်လာတဲ့ ၈၈ အရေးတော်ပုံကြီးက ဖြစ်ပေါ်လာခဲ့တာပါ။ ဒီလိုဖြစ်ပေါ်လာတာကရော စနစ်တကျနဲ့ စုစည်းထားသတဲ့လား။ မဟုတ်ပါဘူး။ ပြည်သူလူထုတရပ်လုံး ပါဝင်လာတဲ့ အချိန်အခါမို့လို့ ဒီလိုအရေးတော်ပုံကြီး၊ ၈၈ အရေးတော်ပုံကြီး ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။ ဒါတွေဟာ အမှတ်မထင်ကနေစပြီး ဖြစ်ပေါ်ပေါင်းစည်းလာကြတော့ ‘အင်အား’ဆိုတဲ့ ‘လူထုအင်အား’ဟာ ဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ဒီလိုအမှတ်မထင်ကနေ ဖြစ်ပေါ်လာတဲ့ အဖြစ်အပျက်တွေကနေ လူတွေရဲ့ ရင်ထဲက ခံစားချက်တွေကို ထွက်ပေါ်လာအောင် ဆွ ဆွ ပေးလိုက်တဲ့အခါ လူတွေအားလုံး စုမိလာခဲ့ကြပါတယ်။ အဲဒါတွေကို ကျနော်တို့က ဘယ်လိုပြောကြမလဲ။ လူအများရဲ့ စုရပ်လို့ ဆိုရမှာပေါ့။ ဒီလိုစုရပ်ဆိုတာ ဖြစ်လာတဲ့ အခါမှာလည်း အရှိန်အဟုန်ကို ဖြစ်ပေါ်လာပြန်ပါတယ်။ ဒီလိုဖြစ်ပေါ်လာအောင်လည်း စုစည်းမိလာတဲ့ လူတွေအားလုံးက ဖန်တီးပေးလိုက်တဲ့ ‘အင်အား’ကြီးတခု ပေါ်ပေါက်လာခြင်းမဟုတ်လား။ နောက်ထပ် တဖန် ကျနော်တို့တတွေဟာ ဒီ‘အင်အား’ကနေ ကျနော်တို့ရဲ့ အိပ်မက်ပန်းတိုင်ဖြစ်တဲ့ ဒီမိုကရေစီကြီး ပေါ်ထွန်းလာဖို့အတွက် ကျနော်တို့တတွေရဲ့ ရင်ထဲမှာ ‘မျှော်လင့်ချက်’ဆိုတာကို ဖြစ်ပေါ်ပြီး ထင်ရှား လာစေပါတယ် ဒီ‘မျှော်လင့်ချက်’တွေဟာ လူတယောက်ချင်းစီမှာ ဖြစ်ပေါ်လာတဲ့ ‘မျှော်လင့်ချက်’ ပဲ ဖြစ်ပါတယ်။ ဒီလို လူတယောက်ချင်းစီမှာ ဖြစ်ပေါ်နေတဲ့ မျှော်လင့်ချက်တွေဟာ တဖြည်းဖြည်းနဲ့ လူ အများအပြားစီ ကူးစက်ပေါင်းကူးလာကာ အမြို့မြို့။ အနယ်နယ်။ အရပ်ရပ်တွေအားလုံးကို ပြန့်နှံ့သွား ပြီး ပေါင်းစည်းမိခဲ့ခြင်းတာ ဖြစ်ပါတယ်။ သေသေချာချာ ပြန်စဉ်းစားကြည့်ရင်တော့ အဲဒီလို လူတွေအား လုံးရဲ့ စုရပ်ကနေ ‘မျှော်လင့်ချက်’တွေ ဖြစ်ပေါ်လာတာတွေဟာ ‘အင်အား’ဆိုတဲ့အရာကို ရရှိစေခြင်း ဖြစ်ပါတယ်။ ဒါဟာ ‘လူထုအင်းအား’ ပဲ ဖြစ်ပါတယ်။

၁၉၆၂ ခုနှစ် ဦးနေ၀င်းက စစ်တပ်နဲ့ အာဏာသိမ်းခဲ့တဲ့ အချိန်ကစပြီး ဖြစ်ခဲ့တဲ့လှုပ်ရှားမှုသမိုင်းတိုင်းဟာ ကြိုတင်ပြင်ဆင်ခဲ့တဲ့တိုက်ပွဲတွေ လှုပ်ရှားမှုတွေ မဟုတ်ခဲ့ပါဘူး။ ဒါတွေဟာ ကျနော်တို့ရင်ထဲမှာ။ ပြည်သူတွေရဲ့ရင်ထဲမှာ မခံချိမခံသာ နိုင်လောက်အောင်ဖြစ်လာပြီးတော့မှ ရုတ်တရက်ထပေါက်ကွဲခဲ့ တဲ့ အခြေအနေ။ အဖြစ်အပျက်ဖြစ်ရပ်တွေပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကျနော်တို့ဟာ ကျစ်လစ်ခိုင် မာတဲ့ ခေါင်းဆောင်မှုမျိုးတွေ စည်းလုံးမှုမျိုးတွေ စနစ်တကျ မတည်ဆောက်နိုင်ခင်မှာပဲ နအဖ(စစ်အာ ဏာရှင်)တွေက ဖမ်းဆီးနိုင်ခဲ့ရုံတင်မကပဲ။ ဖြိုခွဲဖျက်ဆီးပစ်နိုင်ခဲ့ကြပါတယ်။ ဒီအတွက်ကြောင့် ကျနော် တို့ဟာ အခုလက်ရှိမှာ တိုက်ပွဲတွေ။ လှုပ်ရှားမှုတွေရဲ့ ပြဿနာ။ အခက်အခဲတွေကို ပြန်ပြီး သေသေ ချာချာ မစဉ်းနိုင်ကြသေးဘူး။ နောက်ပြီးတော့လည်း ရရှိခဲ့တဲ့ပြဿနာအရင်းအမြစ်ရဲ့ အတွေ့အကြုံ တွေကို ပြန်လှန်ပြီးတော့ အသုံးမချနိုင်ခဲ့သေးပါဘူးလို့ ကျနော်ထင်ပါတယ်။ ဒါတွေဟာ တကယ်တော့ စုစည်းမှုဖြစ်တဲ့ ‘စုရပ်’ တခုဖြစ်မလာခဲ့လို့ပဲ ဖြစ်ပါတယ်။ ဒီလို ‘စုရပ်’ဖြစ် မလာတဲ့အတွက်ကြောင်း လည်း ‘အင်အား’ ဆိုတာကို မရရှိခဲ့ခြင်းဖြစ်ပါတယ်။

စစ်အာဏာရှင်အစိုးရကို မကြောက်မရွံ့ စိန်ခေါ်ရဲတဲ့ အမေစုရဲ့ သတ္တိ။ ကြောက်ရွံ့ခြင်း ကင်းကင်းနဲ့ ကျော်လွှားရင်ဆိုင်ရဲတဲ့ အမေစုရဲ့ ခိုင်မာပြတ်သားတဲ့ ယုံကြည်ချက်တွေကြောင့် ကျနော်တို့ ပြည်သူ အများစုဟာ ခေါင်းဆောင်အမေစုကို အားကိုးအားထား ပြုလာကြခြင်းဖြစ်ပါတယ်။ ထို့နောက်မှာလည်း အမေစုကို နိုင်ငံတကာအသိုင်းအ၀ိုင်းတွေကပါ အားပေးလေးစားလာမှုကိုလည်း တွေ့မြင်ရတဲ့အခါ ကျနော်တို့ ပြည်သူအများစုဟာ ခေါင်းဆောင်အမေစုကို များသထက်များ ပိုမိုပြီးတော့ အားကိုး ယုံကြည်စိတ်တွေ ပြင်းထန်လာကြပါတော့တယ်။ ကျနော်တို့ ပြည်သူအများစုရဲ့ရင်ထဲမှာ ဖြစ်နေတာက အမေစုဟာ တိုင်းပြည်ကို ဒီမိုကရေစီရအောင် ကယ်တင်ဖော်ထုတ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်တကြီး နဲ့ အားကိုးနေကြရှာပါတယ်။ တကယ်တော့ ကျနော်တို့တတွေဟာ ကိုယ်ကိုယ်တိုင် ဘာလုပ်ရမယ်၊ ကိုယ်ကိုယ်တိုင် ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်လုပ်ဆောင်ရမယ်။ ပူးပေါင်းရမယ်ဆိုတာတွေကို အစဉ်အမြဲမေ့လျော့နေကြသူတွေ ဖြစ်နေတာကြောင့်ပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်း အမေစု ကိုယ်တိုင် ပြောခဲ့တဲ့ စကားရှိပါတယ်။ အဲဒါကတော့ ---
‘ဒီမိုကရေစီလှုပ်ရှားမှုကြီးကို တခုလုံးအနေနဲ့ပဲ မြင်စေချင်ပါတယ်။
ကျမတယောက်ထဲလို့ မမြင်ကြစေချင်ပါနဲ့’ လို့ အမေစု ပြောခဲ့တဲ့ စကားဖြစ်ပါတယ်။

နိုင်ငံရေးလှုပ်ရှားဖို့ အခွင့်အလမ်းဆိုတာ မရှိတဲ့ မြန်မာပြည်တွင်းမှာ အဲန်အယ်လ်ဒီ ခေါင်းဆောင်များ သည်လည်းကောင်း။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များသည်လည်းကောင်း နအဖ(စစ်အာ ဏာရှင်)ရဲ့ အဖျက်မျိုးစုံ။ လက်နက်မျိုးစုံ။ ဓါးအမျိုးမျိုးအောက်အတွင်း နေထိုင်နေရခြင်းကြောင့် အန္တရာယ်အများအပြား ၀ိုင်းကြီးပတ်လည်ရှိနေပါတယ်။ နိုင်ငံရေးလှုပ်ရှားဖို့မပြောနဲ့ နိုင်ငံရေးစကားလုံး ကို ပြောမိရင်တောင် အန္တရာယ်က ၀ိုင်းဝိုင်းကို လည်နေပါတယ်။ နိုင်ငံရေးလှုပ်ရှားဖို့ အခွင့်အရေးဆို ရင် ဝေးစွ။ နအဖ(စစ်အာဏာရှင်)တွေရဲ့ အုပ်ချုပ်မှုတွေဟာ မြန်မာနိုင်ငံကို ဘယ်လိုမှ ဒီမိုကရေစီရရှိ ပေါ်ထွန်းလာမှာ မဟုတ်အမှန် ဧကန်ပါ။ နအဖစစ်အစိုးရရဲ့ စီမံအုပ်ချုပ်မှုအောက်မှာ ကျနော်တို့ မြန်မာ နိုင်ငံဟာ ဘယ်လိုမှ အဖက်ဆယ်လို့မရနိုင်တဲ့ အခြေအနေတွေပါပဲ။ ကျနော်တို့ မြန်မာနိုင်ငံကြီးဟာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတွေ စာရင်းထဲမှာတောင် ရောက်နေတာကိုက ကျနော်တို့အဖို့ ရင်နာစရာ ကောင်းလှပါတယ်။ မပြောမပြီး မတီးမမြည်ဆိုတာမျိုး ကျနော်တို့ တတွေဟာ အရှေ့က ဦးဆောင်ဦး ရွက် ရဲရဲဝံ့ဝံ့နဲ့ လမ်းပြပြီး လှုပ်ရှားမှုပေါင်းစုံနဲ့ နအဖ(စစ်အာဏာရှင်)ကို နိုင်ငံရေးအရကော။ လက်နက် ကိုင်တော်လှန်ရေးအရကော။ လုပ်ဆောင်နေကြတဲ့ ခေါင်းဆောင်များကို ကျနော်တို့ ပြည်သူပြည်သား။ ပြည်သူလူထုတို့ကလည်း ခေါင်းဆောင်များနဲ့အတူ လက်တွဲပြီး ‘အင်အား’ကို စည်းစည်းလုံးလုံးနဲ့ ဖြစ်လာအောင် လက်တွဲ ပါဝင်ဆောင်ရွက်စေချင်ပါတယ်။ ဒါမှလည်း ကျနော်တို့ရဲ့ ‘မျှော်လင့်ချက်’ဖြစ် တဲ့ ဒီမိုကရေစီကို ရအောင်လှမ်းယူနိုင်ကြမှာပါ။ ဒီလိုလုပ်ဆောင်နိုင်ဖို့အတွက် ‘အင်အား (သို့) လူထု အင်အား’ ရှိဖို့ လိုအပ်နေပါတယ်။

နိုင်ငံရေးအလုပ် လုပ်မိပြီးဆိုရင်၊ နိုင်ငံရေးစကားတခွန်း ပြောမိပြီးဆိုရင် တသက်စာ နလန်မထူနိုင် တော့လောက်အောင် နည်းအမျိုးမျိုးနဲ့ စောင့်ကြည့်ပြီးတော့ကို ဒုက္ဒပေးတော့တာပါပဲ။ ပြည်သူလူထု အများအပြား မပြောရဲ၊ မဆိုရဲ၊ မခေါ်ရဲလောက်အောင် ဖမ်းဆီးနှိပ်စက် နှောင့်ယှက်နေခြင်းဖြစ်ပါတယ်။ ဒီလိုနည်းလမ်းပေါင်းစုံနဲ့ နအဖ(စစ်အာဏာရှင်)တွေဟာ အတိုက်အခံပါတီတွေ။ အတိုက်အခံမျိုးဆက် သစ်တွေ ရှင်သန်ပြန့်ပွားမှုမရှိအောင် ဖွံ့ဖြိုးတိုးတက်မှုမရှိအောင် တခုနဲ့ တခု။ တဖွဲ့နဲ့ တဖွဲ့ ကွင်းဆက်မ ဖြစ်မိစေဖို့ မချိန်ဆက်မိစေဖို့ နအဖက တော်တော့်ကို စနစ်တကျနဲ့ ရစရာမရှိအောင် ဖြိုဖျက် ဖျက်ဆီး နေခြင်းဖြစ်ပါတယ်။

ကျနော်တို့ရှေ့မှာပဲ နအဖက ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေကို ဖမ်းဆီးမှုနဲ့ပတ်သက်ပြီး တော့ အဖြူရောင်ကမ်ပိန်းလှုပ်ရှားမှုတွေ၊ အမဲရောင်ကမ်ပိန်းလှုပ်ရှားမှုတွေ စတဲ့လူထုလှုပ်ရှားမှုတွေ စတင်ပြီး လှုပ်ရှားလျက်ရှိနေပါတယ်။ အမှန်ပြောရရင် ဒါတွေဟာ ပြည်သူလူထုရဲ့ ‘အင်အား’ နဲ့ ပေါင်းစပ်ပြီးတော့ နအဖကို ဖိအားတွေပေးနေခြင်းဖြစ်ပါတယ်။ ‘လူထုအင်အား’နဲ့ နအဖ(စစ်အာဏာ ရှင်)တို့ကို ထိုးစစ်တွေဆင်နေခြင်းလည်း ဖြစ်ပါတယ်။ အဲလိုမျိုးလှုပ်ရှားမှုတွေ ဒီထက်မက အများ အပြားလှုပ်ရှားပေးဖို့လည်း လိုအပ်နေတဲ့အချိန် ဖြစ်ပါတယ်။ ဒါမှလည်း ‘လူထုအင်အား’ ပိုမိုပြီးတော့ ရလာမှာပါ။ သို့မှသာ နအဖစစ်အစိုးရရဲ့ မတရားဖမ်းဆီးခြင်းကိုခံနေရတဲ့ ကျနော်တို့တိုင်းပြည်ရဲ့ ခေါင်း ဆောင်များဖြစ်ကြတဲ့ အမေစု၊ ဘဘဦးတင်ဦး၊ ဘဘဦးဝင်းတင်၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျာ၊ ကိုဌေးကြွယ်၊ ကိုပြုံးချိုတို့နှင့် နိုင်ငံရေးအကျဉ်းသမားများအားလုံး လွတ်မြောက်ဖို့ရန် အတွက် ‘လူထုအင်အား’ နည်းတခုတည်းကိုသာ သုံးရတော့မှာဖြစ်ပါတယ်။ ပြည်သူလူထုအားလုံးကို လှုံ့ဆော်ပြီး ‘အင်အား’ တခုအဖြစ် ပေါ်ထွန်းလာနိုင်အောင်။ စုစည်းလာနိုင်အောင် စွမ်းဆောင်နိုင်သူ များမှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များကသာ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်လို့ ကျနော် မြင်ပါတယ်။

ကျနော်ပြောချင်တာကတော့ ‘လူထုအင်အား’ ဖြစ်ပေါ်လာနိုင်ဖိုဏ္ဍအတွက် လှုပ်ရှားလာနိုင်ဖို့အတွက် ကျနော်တို့မှာ လိုအပ်နေတာတွေကတော့ ဦးဆောင်နိုင်တဲ့ ခေါင်းဆောင်ကောင်းတွေ အများအပြား ရှိဖို့လိုတယ်။ ဦးဆောင်ဦးရွက်နဲ့ လုပ်ကိုင်မယ့် အဖွဲ့အစည်းတွေ လိုအပ်မယ်။ အဲဒီအဖွဲ့အစည်းတွေထဲ မှာမှ ကိုယ်ကျိုးမကြည့်ပဲ အများပြည်သူအတွက် ကိုယ်ရဲ့ကိုယ်ကျိုးကိုစွန့်ပြီး တာဝန်တွေကို ကျေပွန် အောင် ထမ်းဆောင်နိုင်မယ့် အဖွဲ့ဝင်။ အဖွဲ့သားတွေ လိုပါလိမ့်မယ်။ နောက် အဲဒီအဖွဲ့အစည်းထဲမှာ စီမံကိန်းတွေ၊ မဟာဗျူဟာနည်းလမ်းတွေကိုလည်း ကျွမ်းကျင်ပိုင်နိုင်ဖို့ လိုအပ်ပါတယ်။ နောက်ဆုံး တော့ ကျနော်တို့မှာ မဟာရည်မှန်းချက်တွေ၊ မေဋ်ာလင့်ချက်တွေ၊ ခံစားချက်တွေ ရှိနေဖို့ကို လိုအပ်ပါ တယ်လို့ ကျနော် မြင်ပါတယ်။ ဒါမှလည်း ကျနော်တို့မှာ ‘အင်အား (သို့) လူထုအင်အား’ တွေ ရရှိလာ မှာ ဖြစ်ပါတယ်။

‘အင်အား’ဆိုသည်မှာ စနစ်တကျ ဖွဲ့စည်းထားတဲ့။ စနစ်တကျ လေ့ကျင့်ပေးထားတဲ့။ စနစ်တကျ မှန်ကန်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်တဲ့ဟာတွေကို စုစုစည်းစည်းရှိစွာနဲ့ လူအများကို ပုံသွင်းရိုက်ထားတဲ့ အရာကို ‘အင်အား’လို့ ပြောနိုင်ပါသလား ပြောနိုင်ပါတယ်။ ဒါပေမယ့် စနစ်တကျနဲ့ စုစည်းခြင်းမရှိ။ စနစ်တကျနဲ့ ဖွဲ့စည်းခြင်းမရှိ။ စနစ်တကျနဲ့ လေ့ကျင့်ပေး ထားခြင်းမရှိတဲ့ အရာတွေဟာလည်း ဒုနဲ့ ဒယ်နဲ့ အများကြီးရှိနေပါတယ်။ ပမာအနေနဲ့ကတော့ ခံစားချက်ချင်း။ ရည်ရွယ်ချက်ချင်းတူတဲ့ လူအများ စုပေါင်းမိခဲ့ရာကနေ ပေါက်ဖွားလာတဲ့ ‘အင်အား’ပါ တမျိုးဆိုရသော် “လူထုအင်အား” ဖြစ်ပါတယ်။


မာန်လှိုင်းငယ်
(၂၀။ ၁၂။ ၂၀၀၆)

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့သာမဂ္ဂီအဖွဲ့ချုပ် ထုတ်ပြန်/တိုက်တွန်းနိုးဆော်ချက်




စာတွေမြင်ချင်ရင် ဓါတ်ပုံကို နှိမ့်လိုက်ပါ။ စာအားလုံးကို မြင်မြင်ထင်ထင် ဖတ်နိုင်ပါလိမ့်မယ်။

Wednesday, August 29, 2007

တော်သလား၊ မတော်သလားဆိုတာ စဉ်းစားကြပေါ့


`ဆန္ဒပြတာဟာ သိပ်ဆင်းရဲနေလို့ကွ။ အရင်တုန်းကလေ လူတစ်ယောက် တစ်နေ့ကို ထမင်း ၂ ထပ် စားနိုင်တယ် မဟုတ်လား။ ဟင်းနဲ့နော် အခု ဟင်းနဲ့ မစားနိုင်ဘူး၊ ပြီးတော့ ၂ ထပ် မစားနိုင်ဘူး။ တစ်ထပ်တည်း စားနေရတယ်။ ဟင်းနဲ့ မစားဘဲနဲ့ ဘာနဲ့စားနေလဲဆိုတော့ ဆီနဲ့၊ ဆားနဲ့၊ ထမင်းနဲ့၊ အဲဒီ လို စားနေရတာ၊ သိပ်ဆင်းရဲနေကြတယ်။ အခုဟာက လုံးလုံး မလုပ်သင့်ဘူးဆိုတာပဲ။ ငတ်ပြတ်နေ တာနော်။

ငတ်နေလို့ ကျနော်တို့ ငတ်နေပါတယ်။ ကျမတို့ ငတ်နေပါတယ်ဆိုတာကို ရိုက်နှက်နေလို့တော့ တော်သလား၊ မတော်သလားဆိုတာ စဉ်းစားကြပေါ့။ ကိုယ်ချင်းစာစိတ် လုံးလုံးမရှိရင်တော့လည်း မတတ်နိုင်ဘူး။´

(လူထုဒေါ်အမာ)

Tuesday, August 28, 2007

မပြောင်းမလဲ ဒေါင်းပျိုဇွဲ


နုပျိုညွတ်ပြောင်း
ကညာလောင်းလို
ဒေါင်းပျိုအသည်း
ဒေါင်းတို့ဇွဲက
မပြောင်းမလဲ ထာဝရပေ။

တခါ --- တခါ
လှောင်ချိုင့်ထဲမှာ ရှိနေရ။

တခါ -- တခါ
လောကဓံလမ်း ခပ်ကြမ်းကြမ်းမှာ ---
လျှောက်လျက်သာ --- ၊

တခါ --- တခါ
ဒေါင်းပျိုတို့ကား
သောင်ပြင်စပ်နား
ေ၀၀ါးဝေးလွှင့် မချင့်မရဲ
ရှိတတ်ဆဲ --- ။

တခါ --- တခါ
သည်းသည်းထန်ခက်
လှိုင်းပုတ်ချက်ကြောင့်
ယွင်းပျက်စိတ်ဓါတ်
အားအင်ပြတ်မျှ ရှိခဲ့ရသော်
အံကိုတင်းခံ အမြင့်ပျံ --- ။

ဒေါင်းတို့ဌာနေ မြန်မာမြေမှ
ပြည်သူ့အင်အား ဒေါင်းပျိုအားပေ
ဒေါင်းပျိုအသည်း ဒေါင်းတို့ဇွဲက
အမှောင်ကိုဖောက်
ရောက်နီတောက်ဆီ ---
ပျံသန်းနေမြဲ ပျံသန်းဆဲ --- ။ ။

မာန်လှိုင်းငယ်
(16. 02. 2007)

ကျနော်နဲ့ ကျနော့်အတွေး (2)


ပင်လယ်ကမ်းခြေရဲ့
ဆည်းဆာတခုမှာ
ခါးသီးမှုတွေ
ဆုံးရှုံးမှုတွေ
ဘ၀အမောတွေ --- အကြောင်း
ငါ ထိုင် စဉ်းစား နေတော့
လှိုင်းတွေဟာ ငြိမ်သက်
အတွေးကမ္ဘာထဲ ရောက်နေသူကို ငေးမော --- ။

လှိုင်းဒဏ် လေဒဏ်ကြား
ကျောက်ဆောင်၊ ကမ်းပါးတွေ
ကြိတ်မှိတ်ကာ တင်းခံ --- သလို
ဘ၀အမောတွေ ကြား
ငါ့ ဘ၀ကို
ရုန်းကန်လှုပ်ရှားရင်း ရင်ဆိုင် --- ။

ဒီလိုနဲ့ ---
ပင်လယ်ကမ်းခြေရဲ့
ဆည်းဆားတခုက
အမှောင် တရိပ်ရိပ် ဖြန့်ကျက်ရင်း
မိုးကုတ်စက်ဝိုင်းကို လွှမ်းမိုးသွားစေပြီ --- ။

ငါ့ ဘ၀ဟာ ---
လေသယ်ရာ
ရွက်လွင့် မျောပါနေတဲ့
လှေကလေး --- သမျှ
တဖြည်းဖြည်း တလွင့်လွင့်
ဝေး --- ဝေး ပျောက် ကွယ် သွားစေပြီလား --- ။

ဒါပေမယ့် ---
ဘ၀မှာ ---
ရှုံးပွဲ အထွေထွေရှိသလို
နိုင်ပွဲ တလွင့်လွင့် ရှိခဲ့လေတော့
ငါ့ ခရီးရှည်လည်း အဆုံးသတ်လို့ မရသေး --- ။
ရင့်ကျက်မှုနဲ့
အတွေ့အကြုံ ပြန်လည် ဖမ်းစားရင်း
ထပ်ခါ --- ထပ်ခါ
ညနေ ဆည်းဆာ ဖြစ်လာတိုင်း
မျှော်လင့်ခြင်းတွေ တဖွဲဖွဲနဲ့ ---
ငါ ခရီးကို အထပ်ထပ် လျှောက် နေ ဆဲ --- ။ ။

မာန်လှိုင်းငယ်
2007 ခုနှစ်၊ ဇွန်လ (18)ရက်။

မနက်ဖြန် ခရီး


ကာလတခု
အချိုးအကွေ့မှာ
ခေါက်ချိုးခြင်းခံရ (ပယ်ချ)
လောကသစ်ရဲ့
အတိတ်နိမိတ်မှာ ငိုချင်းထပ်
ဒါပေမဲ့
အမျိုးသားပြည်လည်သင့်မြတ်ရေးကို ရှေ့ရှု
အကြမ်းမဖက်ရေးမူနဲ့
အမှန်တရားကို တိုင်တည်
မျိုးဆက်သစ်များနဲ့ ပြည်သူ
ပေါင်းစည်းရေး၊ ညီညွတ်ရေးဟာ အခရာ။

ကာလတခု
အချိုးအကွေ့မှာ
ခေါက်ချိုးခြင်းခံရ (ပယ်ချ)
ဒါဟာ ---
ရှုံးပွဲတော့ မဟုတ်
အမှန်တရားရဲ့ လမ်းဟာ
တချိုးတကွေ့ကို ပေါက်မြောက်
အောင်ပွဲကို လျှောက်
လူမှုဒုက္ခ လွတ်မြောက်ဖို့
ပေါင်းစည်းရေးကို ဖြည့်စွက်ပြီး
ခါးသီးမှုတွေ ဖယ်ရှား
ရင့်ကျက်မှုကို ကောက်ယူ
အမျိုးသားရင်ကြားစေ့ရေးကို
ပြန်လည်တည်ဆောက်
အကြမ်းမဖက်ရေးမူ ကိုင်စွဲ
ကဲ ----
အသင့်ပြင်
အမျိုးသားပြန်လည်သင့်မြတ်ရေး ဆီ
မနက်ဖြန် ခရီး လျှောက် လှမ်းဖို့။ ။

မာန်လှိုင်းငယ်
2007 ခုနှစ်၊ ဇန်န၀ါရီလ (16)ရက်။

သံလွင်မြစ်ရဲ့ ၀ဲဂယက်


သံလွင်တလျှောက်၊ စီးဆင်းခဲ့တဲ့
မြစ်ရေသည်လည်း၊ ကမ်းပါးများကို
တိုက်စားခဲ့ကြ၊ ကမ်းပါးများလည်း
မခိုင်ခဲ့ဘဲ၊ ပြိုကျအက်ကွဲ
မြစ်ရေထဲကို၊ မျောပါသွားခဲ့၏။

သို့တပြီးကား၊ နိုင်ငံတော်လည်း
စစ်အာဏာရှင်၊ လက်အောက်ကနေ
လွတ်မြောက်ဖို့ရန်၊ တော်လှန်ရေးထဲ
ဝင်ရောက်တော်လှန်၊ တက်ကြွနိုးကြား
ညီညွှတ်ခြင်းအား၊ မာန်စွယ်တင်း၍
ဝဲဂယက်လည်း၊ ပြင်းထန်ပွက်ပွက်
ရင်ဆိုင်ဖြတ်ကျော်၊ လေဟုန်ကိုခွင်း
ကလောင်ပိုက်၍၊ လက်နက်စွဲကာ
စစ်မျက်နှာသို့၊ ထွက်ခဲ့ရလေသတည်း။

မာန်လှိုင်းငယ်

လောဘရဲ့ နေ၀င်ချိန်


လောဘကို စောင်ခြုံ
ဆင်သေကို ဆိတ်သားရေနဲ့
ဖုံးကာ အုပ်ကာသလို
လုံခြုံအောင် ဖုံးအုပ်။

ရက်စက်မှု သရဖူဆောင်းတဲ့
ဒီအတ္တ လောဘသားရဲ့
မီးကုန် ရမ်းကုန် ကျူးလွန်မှုတွေ
မ -- မ ဟုတ် ပါဘူး ---
မ -- မ လုပ် ပါဘူး ---
ထစ် ထစ် ငေါ့ ငေါ့
တဘူးထဲသာ ဘူးနေ
ထောင်ပေါင်းမက ဘူး ----
လိမ်ညာမှုအပေါင်းတို့နဲ့
မ၀င်မဆန့် ပိတ်ဆို့ ထိုးနှက်။

ကျန်စစ်သား ---
ဘုရင့်နောင် ---
အလောင်းဘုရား စစ်ဗျူဟာ ---
ဗျူဟာများစွာနဲ့
ကြံ့ဖွတ် ---
စစ်မှုထမ်းဟောင်း ---
စွမ်းအားရှင် ---
မီးသတ် --- အဖွဲ့များကို
မယောင်းလုံးလုံးနယ်
လိုရာ ပုံသွင်း ထွင်းကာနေ။

ဒီနည်းဗျူဟာတွေနဲ့
အပြစ်မဲ့ ပြည်သူများကို
ခြိမ်းခြောက်၊ အကြပ်ကိုင်
နိုင်ငံရေးလုပ်သူ ----
နိုင်ငံရေးသမားများကိုတော့
ဆန့်ကျင်သူ သောင်းကျန်းသ်ူတဲ့
ပြည်ပအားကိုး ပုဆိန်ရိုးတဲ့
ယိုးမယ်ဖွဲ့ စွပ်စွဲ။

သမာဓိဆိုတာ မရှိ
သစ္စာတရားဆိုတာ ဘမှမသိတဲ့
လောဘ ---
မောဟတွေ ပေါင်းစည်းရာ ဘုံမှာ
မရှက်တတ်တဲ့ မျက်နှာ
ထုမကွဲတဲ့ မျက်နှာချိုးနဲ့
ခြေမခိုင် ယိုင်နဲ့နဲ့
စင်မြင့်ပေါ်မှာ
ဗရမ်းကာရော ကခုန်နေရှာ။

မာန်လှိုင်းငယ်
4. 09. 2006

ကျနော်နဲ့ ကျနော့်အတွေး


ခရောင်းလမ်းကို လျှောက်
ဒုက္ခကို ခံစည်းရင်း
လွမ်းဆွတ်တဲ့ သီချင်းနဲ့
ဘ၀ကို ရုန်းကန်ခဲ့သေးတာ
ဒီလမ်းကို
လေရူးတွေနဲ့
ငါလျှောက်မယ့် လမ်းမှာ
ငါ့ကိုယ်ငါ အသုံးချ ---
ခရောင်းလမ်းတခုမှာ။

ပန်းခင်းလမ်းကို ရောက်
သုခကို စံမြန်းရင်း
တက်ကြွတဲ့ ခြေလှမ်းနဲ့
ဘ၀အနာဂတ်ဆီ
အရုဏ်ကျင်း နေခြည်နဲ့
ဘ၀မှာ ပျော်ဖူးခဲ့သေးတာ
ဒီလမ်းကို
နေ့တနေ့ မနက်ခင်းမှာ
လန်းဆန်းမှုနဲ့
ငါရွေးမယ့် လမ်းမှာ
ငါ့ကိုယ်ငါ အသုံးချ ---
ပန်းခင်းလမ်းတခုမှာ။

ခရောင်းလမ်းကို
ဘယ်သူလျှောက်သလဲ ---
ပန်းခင်းလမ်းကို
ဘယ်သူ ရောက်သလဲ ---
ခရောင်းနဲ့ ပန်းခင်းမှာ
ဘယ်သူ --- လျှောက် --- လျှောက်
ဘယ်သူ --- ရောက် --- ရောက်
ငါ့ကိုယ်ငါတော့
ဒီလမ်းကို
အသုံးချမြဲပါ။ ။

မာန်လှိုင်းငယ်

အိပ်မက်


သားရေ ---
ကိုယ့်နိုင်ငံကို အုပ်ချုပ်နေတဲ့
စစ်အာဏာရှင်တွေဟာ
ကိုယ့်နိုင်ငံသားအချင်းချင်း
ရက်ရက်စက်စက်သတ်ဖြတ်
အဓမ္မပေါ်တာဆွဲပြီး
သူတို့ရဲ့အတ္တဟိတအတွက်နဲ့
ဝိသမလောဘတွေ လွှမ်းမိုးခဲ့။

တော်လှန်ရေးထဲကနေပြီး
သူတို့တွေကို
ဆန့်ကျင်တိုက်ပွဲဝင်ပါလို့
အမေ့ရဲ့စကားသံဟာ
ကျနော့်ရဲ့အိပ်မက်ထဲမှာ ကြားရောင်ခဲ့။

မာန်လှိုင်းငယ်

ကြွေမွသွားတဲ့ မှန်ကွဲတွေရဲ့ ည


ကြွေမွသွားတဲ့ မှန်ကွဲတွေရဲ့ ည
ဝမ်းတွင်းက မီး
ငါးစိမ်းသည်တို့ရဲ့ ဒေါသ
သားကောင်မမိတဲ့ ကျားလို
ဒေါသူပုန် ထမဲ့ ည။

ကြွေမွသွားတဲ့ မှန်ကွဲတွေရဲ့ ည
အကယ်၍
ဒါတွေ မှောင်အတိကျ
ဒါတွေ သုံးမရ မှန်ကွဲတွေ
ဖြိုခွင်း လှဲကျင်း ပစ်သလို
တဏှာ၊ ငွေ၊ အာဏာတို့မှာ
ဖျောက်ဖျက်ပစ်လို့ ရမှာလား
ဝိသမလောဘသားတွေ
ကျူပင်ခုတ်၊ ကျူငုတ်မကျန်
သက်ဆုံးတိုင် ဖြိုခွင်းကြ။

ကြွေမွသားတဲ့ မှန်ကွဲတွေရဲ့ ည
မှန်ကွဲ မှန်စ
ဖျောက်ဖျက်ပစ်နိုင်ပေမဲ့
ဒုက္ခရောက်သူ
အိုးမဲ့အိမ်မဲ့သူ
သေကြေရသူ
နိုင်ငံမဲ့ဖြစ်ရသူတို့ကို ပျော်မွှေ့
ကြည်နူးနေရရှာမဲ့
ကြွေသွားတဲ့ မှန်ကွဲတွေရဲ့ ည။ ။

မာန်လှိုင်းငယ်

သွေးစွန်းခဲ့တဲ့ နေ့များ

မတ်လ တော်လှန်ရေးတဲ့ ---
ကြက်သီး တဖျင်းဖျင်း ထ
ကိုယ်တိုင် မကြုံဖူး တော့
ကြားဖူးတာတွေ မှတ်သား
ဖတ်ဖူးတာကို တွေးတောစေခဲ့တဲ့
မတ်လ တော်လှန်ရေးဟာ
တရေးရေး တနွေးနွေးနဲ့
အိပ်ယာဝင် ပုံပြင်အဖြစ်ကို မရောက်စေချင်။

မတ်လ တော်လှန်ရေးတဲ့ ---
ကျနော်သိတဲ့ တပေါင်းလမှာ
ပန်းပေါင်းစုံ ပွင့်လန်းဝေဆာ
အရောင်စုံ အသွေးစုံ အလွှာစုံနဲ့
ရှုမ၀ ကြည့်မ၀ တပေါင်းနွေအလှ
အထူးတကာ့ အထူးက
လက်ပံပွင့်တွေ တရဲရဲနဲ့
မတ်လရဲ့ အနီဆုံးနေ့ရက်များ။

မတ်လ တော်လှန်ရေးတဲ့ ---
ကိုဖုန်းမော် အရေးအခင်း
ကြည်ဖြူတပွင့်ကို
အနီတွေ ထုံးလွှမ်းစေခဲ့တာ
မတ်လ (13) မှာ။

မတ်လ တော်လှန်ရေးတဲ့ ---
သွေးစွန်း နေ့ရက်များကို
တွေးရင်း တွေးရင်း
ရင်ထဲ ---
လွမ်းမောဖွယ်ရာ အောက်မေ့လာ
သွေးစွန်းခဲ့တဲ့ နေ့ရက်များ
ဘ၀နိဂုံးချုပ်စေဖို့သော် ---
မတ်လ တော်လှန်ရေးဟာ
တရေးရေး တနွေးနွေးနဲ့
အိပ်ယာဝင် ပုံပြင်အဖြစ်ကို မရောက်စေချင်။ ။
မာန်လှိုင်းငယ်
2007 ခုနှစ်၊ မတ်လ (7)ရက်။

ကျနော် မတ်လ (13)ရက်နေ့အတွက် ရေးဖွဲ့ထားတဲ့ ကဗျာပါ။ အခု ကျနော် ဒီမှာ ပြန်တင်ထားတာပါ။

စကား

ကျနော် စာအသစ်၊ ကဗျာအသစ်တွေကိုတော့ မရေးနိုင်သေးပါဘူး။ ရှိတာလေးတွေ အရင်တင်ထား တာပါ။ ကျနော် အသစ်အသစ်တွေ ရေးနိုင်အောာင် ကြိုးစားသွားမှာပါ။

နောက်ပိုင်းမှာ အကောင်းဆုံး ဖြစ်အောင် ကျနော် တင်ပေးမှာပါ။ မိတ်ဆွေများအားလုံး နားလည်ပေးနိုင်မယ်လို့ ကျနော် ထင်ပါတယ်။ ဆက်လက်တင်ပေးမယ့် အသစ်တွေ များများ update ဖြစ်အောင် ကြိုးစားယူနေတုန်းပါပဲဗျာ။

မာန်လှိုင်းငယ်

Sunday, August 26, 2007

ဘန်ကောက်ရှိ မြန်မာသံရုံးရှေ့၌ မြန်မာများ ချီတက်ဆန္ဒပြ

ဒီဗွီဘီ ၂၆ သြဂုတ် ၂၀၀၇

လောင်စာဆီဈေး တက်လိုက်လို့ အကြပ်အတည်းကြုံနေရတဲ့ ပြည်သူလူထုရဲ့ ဆန္ဒပြမှုတွေအပေါ် ဖမ်းဆီးအရေးယူတဲ့ မြန်မာစစ်အစိုးရကို ကန့်ကွက်တဲ့အနေနဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများက ဒီနေ့ နံနက် ချီတက်ဆန္ဒပြတာဖြစ်ပါတယ်။

အန်စီဂျီယူဘီ၊ ရောင်ခြည်ဦးအလုပ်သမားအဖွဲ့ စတဲ့အဖွဲ့တွေက ဦးဆောင်တဲ့ ဒီဆန္ဒပြပွဲမှာ ချီတက်ဆန္ဒပြသူများက
`ကုန်ဈေးနှုန်းကျဆင်းရေး တို့အရေး´
`ဖမ်းဆီးခံကျောင်းသားခေါင်းဆောင်များ လွတ်မြောက်ရေး တို့အရေး´
`စစ်အာဏာရှင်အစိုးရ အလိုမရှိ´ လို့ကြွေးကြော်ပြီး စစ်အစိုးရရဲ့ သံရုံးရှေ့မှာ နာရီဝက်ကျော် ဆန္ဒပြခဲ့ကြပါတယ်။


လောင်စာဆီဈေးတက်တာကို မကျေနပ်တဲ့အတွက် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို စစ်အစိုးရက နှိမ်နင်းအရေးယူတာကြောင့် ကန့်ကွက်ဆန္ဒပြခြင်းဖြစ်တယ်လို့ ဦးဆောင်ပါဝင်သူတစ်ဦးဖြစ်တဲ့ ရောင်ခြည်ဦးအလုပ်သမားအဖွဲ့က ဦးကျော်သောင်းက ပြောပါတယ်။

ဒီနေ့ဆန္ဒပြပွဲမှာ မြန်မာနိုင်ငံသားများသာမက မြန်မာ့ဒီမိုကရေစီကို အားပေးထောက်ခံတဲ့ ထိုင်းနိုင်ငံသားအချို့ကလည်း ပါဝင်ခဲ့ကြပါတယ်။

နအဖစစ်အစိုးရက ယခုက ၁၅ ရက်မှာ ဓာတ်ဆီတဂါလန် ယခင်ကျပ် ၁၅၀၀ ကနေ ၂၅၀၀၊ ဒီဇယ်တဂါလန် ၁၅၀၀ ကျပ်ကနေ ၃၀၀၀၊ စီအန်ဂျီ သဘာဝဓာတ်ငွေ့ တယူနစ်ကို ယခင် ၅၇ ကျပ်ကနေ ၂၇၀ ကျော်ထိ ကြိုတင်မကြေညာဘဲ ရုတ်တရက် ဈေးတိုးမြှင့်လိုက်ပါတယ်။

ဒီလိုဈေးမြှင့်လိုက်တာကြောင့် ရန်ကုန်မှာ ဘတ်စ်ကားတွေ ရုတ်တရက် လျော့နည်းပြတ်တောက်ခဲ့ပြီးနောက် ယာဉ်စီခတွေလည်း နှစ်ဆမြင့်တက်သွားရတယ်။

ဒီဗွီဘီမှ ပြန်လည်ကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်။

ကိုဌေးကြွယ်ကို အာအက်ဖ်အေမှ ဆက်သွယ်မေးမြန်းချက်


2007 ခုနှစ်၊ သြဂုတ်လ (25)ရက်။

အာအက်ဖ်အေ။ ။ သောတရှင်များ အခုဆက်လက်နားဆင်ရမှာကတော့ စစ်အစိုးရက ဖမ်းမမိ လိုက်ဘဲ တိမ်းရှောင်နေတဲ့ 88 မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုယ်ဌေးကြွယ်နဲ့ ဆက်သွယ်မေး မြန်းခန်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့ ညသန်းခေါင်မှာ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျ အပါအ၀င် ထင်ရှားတဲ့ကျောင်းသားခေါင်းဆောင် ၁၃ ဦး အဖမ်းခံလိုက်ရပါတယ်။ ကို ဌေးကြွယ်ဟာ မူလက တိမ်းရှောင်ဖို့ ရည်ရွယ်ချက်မရှိပေမယ့် နောက်ပိုင်းလှုပ်ရှားမှုတွေကို ဦးဆောင် ထိန်းသိမ်းပေး သွားဖို့ ထင်ရှာသူတဦးလိုအပ်တယ်ဆိုပြီ သူ့ရဲဘော်ကျောင်းသားခေါင်းဆောင်တွေက လာရောက်ဇွတ် အတင်းခေါ်သွားတဲ့အတွက် အဖမ်းမခံရပဲ လက်မတင်လေးလွတ်သွားတာဖြစ်ပါတယ်။ အခုချိန်မှာ ကိုဌေးကြွယ်ကို အစိုးရက ဖမ်းဝရမ်းထုတ်ထားပြီး ရပ်ကွက်တွေမှာ ကိုဌေးကြွယ်ရဲ့ ဓါတ်ပုံတွေကို လိုက်လံကပ်ထားတယ်လို့ သိရပါတယ်။ ကိုယ်ဌေးကြွယ်ဟာ ထောင်ထဲမှာ (14)နှစ်လောက် ကျခံခဲ့ရဖူးပြီး။ မနှစ်က နှစ်ကုန်ပိုင်းလောက်မှာ ကိုမင်းကိုနိုင်၊ ကိုကိုကြီးနဲ့အတူ အစောဆုံးအဖမ်းခံသူ ခေါင်းဆောင်သုံးဦးထဲက တဦးဖြစ်ပါတယ်။ မြန်မာပြည်တွင်းတနေရာမှာရှိနေတဲ့ ကိုဌေးကြွယ်ကို အခု လိုကျောင်းသားခေါင်းဆောင်တွေ ဖမ်းဆီးတဲ့ကိစ္စ၊ လက်ရှိဖြစ်ပေါ်နေတဲ့အနေအထား၊ နောက်ဖြစ်လာ မယ့် အလားအလာတွေနဲ့ ပတ်သက်လို့ ကျနော်ကပဲ အခုလိုစတင်မေးမြန်းပါမယ်။

အာအက်ဖ်အေ။ ။ ကိုဌေးကြွယ်၊ ကိုဌေးကြွယ် ကြားတယ်နော်။

ကိုဌေးကြွယ်။ ။ ကြားတယ်။ ကြားတယ်ခင်ဗျ။


အာအက်ဖ်အေ။ ။ ပထမဦးဆုံး စပြီးတော့မေးချင်တာက ဒီကိုမင်းကိုနိုင်တို့၊ ကိုကိုကြီးတို့၊ ကိုဇေယျတို့၊ ကိုမြအေးတို့၊ ကိုဂျင်မီတို့ပေါ့လေ အဖမ်းခံသွားရတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က။ ကိုဌေးကြွယ့်အိမ် အပြင်မှာသူတို့က လာဝိုင်းတယ်။ လာဝိုင်းတော့ အိမ်က ပြန်ပြောတဲ့အရဆိုရင် သုံးလေးနာရီလောက် ကြာအောင်ပေါ့လေ။ ပိုက်စိပ်တိုက်ကို ရှာပြီးတော့ လုပ်သွားတယ်လို့ကိုပြော တယ်။ ဒီတော့ အခုဖမ်းသွားတဲ့ (13)ယောက်နဲ့ ပတ်သက်လို့ နောက်တနေ့ သတင်းစာမှာရေးတော့ ဒီအစိုးရအနေနဲ့ နိုင်ငံတော်အာဏာကို အေးအေးချမ်းချမ်းနဲ့ လွှဲပြောင်းနိုင်ရေး။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေးအတွက် ကြိုးပမ်းနေတဲ့ အချိန်မှာ ဆူပူလှုပ်ဆော်မှုတွေလုပ်ပြီးတော့လေ ဒီလုပ်ငန်းစဉ် တွေကို ဖျက်ဆီးဖို့ ကြိုးစားတဲ့အတွက် သူတို့က ဖမ်းတာပဲလို့ သဘောမျိုးပြောတယ်။ ဆိုတော့ အဲလိုပြော ဆိုချက်တွေအပေါ်မှာ ကိုဌေးကြွယ်အနေနဲ့ ဘယ်လိုသဘောရသလဲ။

ကိုဌေးကြွယ်။ ။ ကျနော်တို့ 88 မျိုးဆက်ကျောင်းသားတွေအနေနဲ့ မြန်မာနိုင်ငံကို ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းနိုင်ရေးအတွက် ကျနော်တို့ဟာ စိုက်လိုက်မတ်တတ်ကို ကြိုးစားခဲ့ပါတယ်။ ပထမဦး ဆုံး ကျနော်တို့ရဲ့ ကြေညာချက်ဖြစ်တဲ့ 2005 ခုနှစ်၊ စက်တင်ဘာလက မြန်မာနိုင်ငံမှာ လူသားချင်း စာနာမှုဆိုင်ရာ အထောက်အကူတွေ လိုအပ်နေတယ်ဆိုတဲ့ ကြေညာချက်ကို ကျနော်တို့ စပြီးတော့ ထုတ်ခဲ့တယ်။ နိုင်ငံတကာအသိုင်းအ၀ိုင်းကော၊ မြန်မာ့ဒီမိုကရေစီအင်အားစုတွေကော၊ လက်ရှိ အုပ်ချုပ်နေတဲ့ နအဖအစိုးရတွေကော ပူးပေါင်းပြီးတော့ ဆောင်ရွက်ကြပါ။ ကိုယ့်ပြည်သူတွေအတွက် လိုအပ်နေပါပြီးဆိုတဲ့ သဘောထားတခုကို ကျနော်တို့ ထုတ်နိုင်ခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကနေပြီးတော့ အာဏာကို မက်မောလို့မဟုတ်ဘူး။ အာဏာကို စွန့်တယ်ဆိုတဲ့ သဘောထားမျိုးနဲ့ (90)ခုနှစ် ရွေးကောက်ပွဲရလဒ်ဟာ လွှတ်တော်ကနေပြီးတော့ အုပ်ချုပ်မှုအာဏာအရပ်ရပ်ကို န၀တ အစိုးရကို လွှဲပြောင်းပေးမယ်ဆိုတဲ့ သဘောထားကြေညာချက်ကို 2006 ခုနှစ်၊ ဖေဖော်ဝါရီလမှာ ထုတ် ခဲ့ပါတယ်။ ဒီပြည်ထောင်စုနေ့ ကြေညာချက်ဟာ အခွင့်အာဏာအရ အုပ်ချုပ်နေရတဲ့ Defecto government တခုကို ကမ္ဘာ့အလယ်မှာ နိုင်ငံရေးဂုဏ်သိက္ခာရှိရှိ ရပ်တည်အုပ်ချုပ်နေတဲ့ Dejury government အဖြစ်ကို လွှတ်တော်ကပါ အာဏာပေးနိုင်တဲ့အတွက် လွှတ်တော်ကနေ အတည်ပြုပေး မယ်။ အဲဒီကမှ အသွင်ကူးပြောင်းရေးကာလအတွက်ကို စီစဉ်မယ်ဆိုတဲ့ ကြေညာချက်ပါ။ အဲဒီကြေညာ ချက်ကိုလည်း ကျနော်တို့ဟာ တခဲနက်ထောက်ခံခဲ့ပါတယ်။ အဲဒီလိုပဲ ကျနော်တို့ဟာ အခြားအခြား သော နည်းလမ်းပေါင်းစုံနဲ့ ချဉ်းကပ်ခဲ့ပါတယ်။ ကျနော်တို့ရဲ့ သဘောထား ဆန္ဒတွေကိုလည်း တပ်မတော်အစိုးရကို ကျနော်တို့ဟာ အကြိမ်ကြိမ်ပေးခဲ့ပါတယ်။ အတူတူပူး ပေါင်းပူးတွဲပြီးတော့ ဆောင်ရွက်နိုင်ရေးပါ။ ဒါပေမယ့်လို့ လူထုထောက်ခံတဲ့၊ လူထုကြည်ဖြူတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတွေ၊ လူထုကြည်ဖြူတဲ့ စနစ်တခုကို ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်လောက်အောင်ကို နအဖအစိုးရအနေနဲ့ အတင်းအကောင်အထည်ဖော်မယ်ဆိုတဲ့ ပုံစံတွေကို ကျနော်တို့ တွေ့လာရပါတယ်။ ပြည်သူ့ရဲ့ ဆန္ဒမပါပဲနဲ့ သူတို့ဟာ စစ်တပ်လွှမ်းမိုးကြီးစိုးတဲ့ အခြေခံဥပဒေတရပ်ကို ပြည်သူကနေပြီးတော့ အတင်းအကျပ်ထောက်ခံနိုင်အောင် အကောင်အ ထည်ဖော်ဖို့ ကြိုးစားနေပါတယ်ွ။ လူထုကို အကြောက်တရားနဲ့ ခြိမ်းခြောက်ပြီးတော့ သွင်းမယ်ဆိုလို့ရှိ ရင် ဒုတိယကမ္ဘာစစ်ကျွန်ကာလက ပိုလန်နိုင်ငံကို နာဇီဂျာမဏီက ၀င်ပြီးတော့ သိမ်းတဲ့ကာလမှာ လူထု ထောက်ခံပွဲကြီးတွေနဲ့ ပိုလန်ပြည်သူထူက ထောက်ခံလို့၊ ဖိတ်ခေါ်လို့ နာဇီပါတီဟာ ပိုလန်ကို သိမ်းရ တာပါဆိုတဲ့ လူထုထောက်ခံပွဲတွေလိုမျိုး အကောင်အထည်ဖော်ဖို့ ကြိုးစားနေတာကို ကျနော်တို့ သွား တွေ့ရပါတယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးတခုကို ဒီပုံစံမျိုးနဲ့ လုပ်လို့မရပါဘူး။ 88 မျိုးဆက်ဟာ ဘာတွေလုပ်ခဲ့လဲလို့ပြောရင် ကျနော်တို့ဟာ အငြိမ်းချမ်းဆုံးနဲ့ အညင်သာဆုံး အသွင်ကူးပြောင်းနိုင်ရေး အတွက် ကြိုးပမ်းခဲ့တယ်ဆိုတာကို ကျနော် ခိုင်ခိုင်မာမာ ပြောလိုပါတယ်။

အာအက်ဖ်အေ။ ။ ဒီကြားထဲကမှပေါ့လေ။ ကိုဌေးကြွယ်တို့၊ ကိုမင်းကိုနိုင်တို့၊ ကိုကိုကြီးတို့၊ ကိုဂျင်မီတို့၊ ဒီ 88 မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေက ဒီလောက် ညင်ညင်သာသာ၊ ပြေပြေ လည်လည် သဘောထားကောင်းတွေ ဖော်ထုတ်ပေမယ့်၊ ဖော်ထုတ်တဲ့ကြားကပဲ အခုလိုအဖမ်းဆီးခံ သွားရတယ်။ ဆိုတော့ အဲဒီအပေါ်မှာရော ဘာပြောချင်သလဲ။

ကိုဌေးကြွယ်။ ။ ဒီဟာကာ နိုင်ငံရေးအရ အကြမ်းဖက်မှုတခုလို့ ကျနော်တို့ ကြေညာချက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငြိမ်းချမ်းစွာ အဖြေရှာမှုကို စစ်အစိုးရအနေနဲ့ မလိုလားတော့ ဘူးဆိုတဲ့ ပြည်သူအပေါ်ကို ပေးတဲ့ သတင်းစကားပဲလို့ ကျနော်တို့ မြင်ပါတယ်။ ကျနော်တို့နိုင်ငံမှာ သွေးစွန်းပြီးမှ ရရတဲ့ အပြောင်းအလဲတွေ၊ အပြောင်းအလဲတွေဟာ လွတ်လပ်ရေးပြီးကာစကတည်းက အခုချိန်ထိကို မစိမ့်သေးပါဘူး။ ဒီကနေ့ တုန့်ပြန်လိုက်တဲ့ တုန့်ပြန်မှုဟာ 88 မျိုးဆက်ကျောင်းသား တွေအပါအ၀င် မြန်မာနိုင်ငံဒီမိုကရေစီရေး လှုပ်ရှားဆောင်ရွက်နေသူတွေအားလုံးကို ကျူပင်ခုတ်၊ ကျူငုတ်မကျန်ဆိုတဲ့ မြန်မာစကားပုံ ပုံစံမျိုး အားလုံးကို သိမ်းကြုံးပြီးတော့ အကြမ်းဖက်ဖမ်းဆီးနေခြင်းဟာ ဒါ မတရားမှုလို့ ပြောလိုရတယ်။

အာအက်ဖ်အေ။ ။ တခြားဒီမိုကရေစီရေးလှုပ်ရှားသူရော။ အဲန်အယ်လ်ဒီပါတီရော၊ 88 မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေရော၊ ၀ါရင့်နိုင်ငံရေးသမားကြီးတွေရော စသည်ဖြင့်ပေါ့လေ။ မြန်မာ့ ဒီမိုကရေစီရေးအတွက် ကြိုးပမ်းနေသူတွေက သင့်မြတ်ရေးတို့၊ ဆွေးနွေးရေးလမ်းကြောင်းတို့၊ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေးတို့ အမျိုးမျိုးပြောဆို တိုက်တွန်း မေတ္တာရပ်ခံ အကြံပြုပေါ့လေ။ နည်းမျိုးတွေလုပ်ကြတယ်။ ကိုဌေးကြွယ်လည်း ပြောသွားတယ်။ ပြောသွားတော့ အခုအဲဒီပုံစုံ၊ အဲဒီ လမ်းကြောင်းက မရှိတော့ဘူး။ ကုန်သွားပြီဆိုရင် ကိုဌေးကြွယ်တို့ 88 မျိုးဆက်ကျောင်းသားခေါင်း ဆောင်တွေ ရပ်တည်ချက်နဲ့ သဘောထား ဘယ်လိုရှိသလဲ။

ကိုဌေးကြွယ်။ ။ ကျနော်တို့ဟာ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်၊ မြန်မာနိုင်ငံရဲ့ လူထုရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဒီပဲယင်းမှာ အကြမ်းဖက်ပြီးတော့ လူ (40)ထက်မနည်း သေဆုံးသွားခဲ့ရတဲ့ ဒီပဲယင်းအရေးအခင်းလို ကိစ္စမျိုးတွေကိုတောင်မှ ကျနော်တို့ဟာ သင်ပုံးချေရေး လမ်းစဉ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းစဉ်နဲ့၊ အဲန်အယ်လ်ဒီကလည်း ထုတ်ပြန်ခဲ့သလို ကျနော်တို့တွေကလည်း ပြောကြားခဲ့ပါတယ်။ ဒီအခြေအနေမျိုးတွေ၊ ခါးခါးသီးသီးတွေ ကြုံခဲ့ရပါတယ်။ ကျနော်တို့ နိုင်ငံရဲ့သမိုင်းမှာ 1988 မှာ လူအသက်ပေါင်း လေးထောင်ထက်မနည်း သေးဆုံးခဲ့ပြီးတော့ တပါတီစနစ်ကနေပြီးတော့ ပါတီစုံဒီမိုကရေစီစနစ်ကို ကျနော်တို့က ကူးပြောင်းနိုင်ဖို့ကို ကျနော် တို့ ကြိုးစားခဲ့တယ်။ အခုချိန်ထိလည်း ဆက်တိုက်ရင်းဆပ်ရမှုတွေ၊ ထောင်ထဲတွေမှာ၊ တောထဲတွေမှာ သေဆုံး သွားခဲ့ရတဲ့၊ နိုင်ငံအတွက် အသက်ပေးသွားခဲ့တဲ့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ မိမိနိုင်ငံသားကောင်းတွေရဲ့ အသက်ပေါင်း၊ ဘ၀ပေါင်းများစွာ ကျနော်တို့ ပေးဆပ်ပြီးတော့ မြန်မာနိုင်ငံကို ပြုပြင်ပြောင်းလဲ နိုင်ဖို့ ကျနော်တို့ ကြိုးစားနေပါတယ်။ အဲဒီကြိုးစားတဲ့နေရာမှာလည်း အငြိမ်းချမ်းဆုံး၊ အညင်သာဆုံး နည်းနဲ့ ပြုပြင်ပြောင်းလဲနိုင်အောင် ကြိုးစားနေပါတယ်။ ဒါပေမယ့်လို့ ဒီနေ့ ဒီအချိန်မှာ မင်းသားခေါင်း ဆောင်းထားတဲ့ ဘီလူးလိုမျိုး စစ်အာဏာရှင်ရဲ့ သရုပ်ဟာ ပေါ်လာခဲ့ပြီလို့ ကျနော်တို့ မြင်နေရပါတယ်။ အစွယ်ပြူးပြူးနဲ့ ပေါ်လာတဲ့ စစ်အာဏာရှင်သရုပ်ကို ကျနော်တို့ နိုင်ငံသားတွေဟာ လက်ခံမလား။ လက်မခံတော့ဘူးလားဆိုတဲ့မေးခွန်းဟာ ကျနော်တို့ သမိုင်းဆိုင်ရာ မေးခွန်းပါ။ ကျနော်တို့ တမျိုးသား လုံး ဖြေရတော့မယ့် မေးခွန်းဖြစ်နေပါပြီး။ ဒီစနစ်ကြောင့် ကျနော်တို့နိုင်ငံမှာ ဆိုးကျိုးတွေ ကြုံနေရ တယ်။ ဒီစနစ်ကို ၀ိုင်းဝန်းပြီးတော့ ပြင်ဆင်ဖို့ဆိုတာဟာ မြန်မာနိုင်ငံကို ချစ်တဲ့ တပ်မတော်သားတွေ အပါအ၀င်၊ ယခုလက်ရှိ နိုင်ငံ့ဝန်ထမ်းတွေ အပါအ၀င်၊ အခု ကျနော်တို့တွေကို ရိုက်နေ၊ ထိုးနေ၊ ဖျက် နေတဲ့ အမျိုးသားကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအဖွဲ့ဝင်တွေ အပါအ၀င်၊ စွမ်းအားရှင်တွေ အပါအ၀င် မြန်မာနိုင်ငံရဲ့ အနာဂတ်ကို လှပစေချင်တဲ့လူတွေအပေါင်းဟာ ကျနော်တို့ စဉ်းစားရတော့မယ့် ကာလဖြစ်နေပါ ပြီ။

အာအက်ဖ်အေ။ ။ တချို့ကလည်း ဘယ်လိုပြောလာသလဲဆိုတော့ သင့်မြတ်ရေးအတွက်တွေ။ ဆွေးနွေးရေးလမ်းကြောင်းတွေ ဘာတို့ပေါ့လေ။ အမျိုးမျိုးအဖုံဖုံ နှစ်ပေါင်းများစွာ ချဉ်းကပ်ပြီးသွားပြီ။ ချဉ်းကပ်ပြီးသွားပေမယ့် တဖက်က တုန့်ပြန်ချက်တွေက ဘယ်လိုမှ သူတို့ နားမ၀င်ဘူးဆိုတဲ့ သဘော ကို ရောက်နေတယ်။ ရောက်နေတဲ့အတွက်ကြောင့်မို့လို့ ကောင်းပြီ။ တို့ဘက်က သင့်မြတ်ရေးတို့။ ဆွေးနွေးရေး တကယ်လမ်းကြောင်းကို ရပ်တော့တယ်။ အဲဒီတော့ ထိပ်တိုက်တွေ့ချင်လည်း တွေ့ကြ။ ရင်ဆိုင်ဖို့လောက်အထိ ပြောလာတာတွေ ရှိတယ်။ ကိုဌေးကြွယ်အနေနဲ့ ဘယ်လိုသဘောရလဲ။

ကိုဌေးကြွယ်။ ။ ဟုတ်ကဲ့။ ထိပ်တိုက်တွေ့ဆုံရေးဆိုတာထက် ကျနော်တို့ဟာ ဒီစနစ်ကို ပြောင်းလဲနိုင်ဖို့အတွက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီးတော့၊ ၀ိုင်းဝန်းပြီးတော့ လုပ်ဆောင်ကြတဲ့ နေရာမှာ ဒီထိပ်တိုက်တွေ့ဆုံရေးဆိုတာလောက် မဟုတ်ပါဘူး။ ဒီစနစ်တခုလုံးကို ပြောင်းပစ်ဖို့ပါ။ ဒီစနစ်ကို ပြောင်းပစ်ဖို့အတွက်ကို ကျနော်တို့ နိုင်ငံသားတွေဟာ ဘာကိုပဲ ရင်းနှီးရ။ ရင်းနှီးရ။ ဒီ့ထက်ပိုပြီးတော့ ရှုံးဆုံးစရာ မရှိတော့ပါဘူး။ ဒီအခြေအနေတွေဟာ အဆိုးဆုံးအခြေအနေတွေပါ။ နိုင်ငံသား တွေဟာ လုံးခြုံမှုနဲ့ လွတ်လပ်မှုရဲ့ အရသာကို မရတဲ့နိုင်ငံသားတွေ ဖြစ်နေပါပြီး အဲဒီကြတော့ ကျနော် တို့ဟာ တခြားရွေးစရာလမ်းမရှိတော့ဘူးဆိုလို့ရှိရင်တော့ အရိုးတွေ တောင်လိုပုံမှပဲ တည်ဆောက်လို့ ရတော့မယ်ဆိုလို့ရှိရင်လည်း ကျနော်တို့ မျိုးဆက်တခေတ်ဟာ၊ ကျနော်တို့ မျိုးဆက်သစ်တွေဟာ ပေးဆက်ဖို့ အဆင်သင့်ပါပဲ။ မြန်မာနိုင်ငံကို ချစ်တဲ့ပြည်သူတွေအားလုံးဟာ အရိုးတောင်လိုပုံဖို့ ၀န်မ လေးသလို သွေးစွန်းတော့မှ ပြောင်းတော့မယ့် ပြောင်းတဲ့အတွက်လည်း စွန့်လွှတ်ဖို့၊ စွန့်စားဖို့ ၀န်မလေးတော့ပါဘူး။ ဒီ့ထက်ပိုပြီး စွန့်လွှတ်စရာ ဘာမှမရှိဘူး။ ဒီ့ထက်ပိုပြီး ဆုံးရှုံးစရာ ဘာမှမရှိတော့ ပါဘူး။

အာအက်ဖ်အေ။ ။ 88 တုန်းက ဆန္ဒပွဲတွေမှာဆိုလို့ရှိရင် ဆန္ဒပြတဲ့လူတွေနဲ့ ထိပ်တိုက်ရင် ဆိုင်တွေ့ရတာက ယူနီဖောင်းဝတ်တွေပေါ့လေ။ ရဲတို့၊ စစ်တပ်တို့နဲ့ တိုက်ရိုက်တွေ့ရတယ်။ အခုကြတော့ အဲဒီ တိုက်ရိုက်မတွေ့ရဘူး။ အရပ်ဝတ်တွေနဲ့ တွေ့ရတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့ဝင်တွေနဲ့ တွေ့ရတယ်။ သူတို့ကပဲ အကြမ်းဖက်တယ်။ သောကြာနေ့ ဆိုလို့ရှိရင်လည်း ဒီကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ဝင် တွေက ဘယ်လိုလုပ်သလဲဆိုတော့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေရဲ့ အထိမ်းအမှတ်လိုဖြစ်နေတဲ့ ပင်နီအင်္ကျီတို့။ ကချင်လုံချည်တို့ ၀တ်ပြီးတော့ ကြားထဲမှာ အယောင်ဆောင် ၀င်ပါ ဟန့်တားဖို့ကို ကြိုးစားလာတာတွေ တွေ့တယ်။ အဲဒီလုပ်ရပ်တွေအပေါ်မှာရော ကိုဌေးကြွယ်အနေနဲ့ ဘယ်လိုသဘော ရသလဲ။

ကိုဌေးကြွယ်။ ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ဝင်တွေရော။ ဒီစွမ်းအားရှင်ဆိုတဲ့ ပုဂ္ဂိုလ်များရောဟာ မြန်မာနိုင်ငံသားတွေပါ။ သူတို့ရဲ့ အနာဂတ်အတွက်ကော။ သူတို့ရဲ့ ဘ၀တွေအတွက်ကော။ ကျနော် တို့ မြန်မာပြည်ကိုချစ်တဲ့ ဒီမိုကရေစီလှုပ်ရှားဆောင်ရွက်သူတွေဟာ ဆောင်ရွက်နေကြတာပါ။ ဒီကြံ့ခိုင် ဖွံ့ဖြိုးရေးအဖွဲ့ဝင်တွေ။ စွမ်းအားရှင်တွေဟာ တချို့ကလည်း တနေ့ကို ငါးထောင်ရတယ်ဆိုတဲ့ ပုံစုံမျိုးနဲ့ ငွေရေးကြေးရေးနဲ့ ရပ်တည်ရေးအတွက် လိုက်လာကြတာတွေ ကျနော်တို့ သိရတယ်။ အဲဒီလိုပဲ အချို့ဟာလည်း သူတို့ကိုယ်သူတို့ နိုင်ငံအတွက် လုပ်နေတယ်လို့ ရိုးရိုးသားသားလေး ယုံကြည်နေ သလားလို့တောင် ကျနော်တို့ မသိရဘူး။ ဒါပေမယ့်လို့ တကယ်တမ်း သူတို့ လုပ်နေတာဟာ လူအနည်း စုကောင်းစားရေး။ လက်တဆုပ်စာလူတစု ကောင်းစားရေးအတွက်ကို သူတို့ရဲ့ ဘ၀ကို ပုံပေးနေရ တယ်ဆိုတာတွေကို သူတို့ မသိပါဘူး။ အဲဒီတော့ မြန်မာနိုင်ငံသားတွေအပေါ်မှာ တကယ်တမ်း ပြောရ ရင် အိမ်ကြက်ချင်း အိုးမဲသုတ်ပြီးတော့ အခွပ်ခံရတဲ့ အခွပ်ခိုင်းတဲ့ ပုံစံမျိုးဖြစ်နေပါတယ်။ ကြက်ချင်းထဲ ကြက်တွေဟာ အချင်းချင်း ထခွပ်နေကြလို့ရှိရင်လည်း ဘာမှအကျိုးမပေးပဲနဲ့ နောက်ဆုံး ဟင်းအိုးထဲ ရောက်သွားတာပဲ အဆုံးသတ်ပါလိမ့်မယ်။ ကျနော်တို့ အားလုံးဟာ ဆင်းရဲနေကြတာ။ မပြည့်စုံမလုံ လောက်နေကြတာဟာ အတူတူပါပဲ။ ဖိနှိပ်ခံနေကြတာလည်း အတူတူပါပဲ။ အဲဒီတော့ ဒီကြံ့ခိုင်ရေးနဲ့ ဖွံ့ ဖြိုးရေးအသင်းတို့။ စွမ်းအားရှင်တို့ဆိုတဲ့ ပုဂ္ဂိုလ်တွေလည်း စဉ်းစားသင့်ကြပါပြီ။ တကယ်တော့ ကျနော် တို့ နိုင်ငံကို တကယ်တည်ဆောက်ချင်တယ်ဆိုလို့ရှိရင် အာဏာရှင်ကို ကာကွယ်မနေပါနဲ့။ ပြည်သူနဲ့ ပူးပေါင်းကြပါလို့ပဲ ကျနော် ဖိတ်ခေါ်ချင်တယ်။

အာအက်ဖ်အေ။ ။ အခုဆိုလို့ရှိရင် ကျောင်းသားခေါင်းဆောင် (13)ဦးလည်း အဖမ်းခံရတယ်။ ကိုဌေးကြွယ်ဆိုလို့ရှိရင်လည်း သူတို့ ၀င်ဖမ်းတဲ့အချိန်မှာ မရှိတဲ့အတွက်ကြောင့် အဖမ်းမခံရဘူး။ လောလောဆယ်မှာ တိမ်းရှောင်နေရတဲ့အနေအထားရှိတယ်။ အဲဒီလိုမျိုး တိမ်းရှောင်နေရတဲ့ ကျောင်း သားခေါင်းဆောင် မိန်းကလေးရော။ ယောင်္ကျားလေးရော အများကြီးရှိနေပါတယ်။ ရှိနေတော့ ကိုဌေး ကြွယ်တို့ 88 မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ အပါအ၀င် ဒီမိုကရေစီရေးကို ကြိုးပမ်းနေသူတွေ အနေနဲ့ ရှေ့ကို ဘယ်လိုဆက်သွားမယ့် အစီအစဉ်ရှိသလဲခင်ဗျ။

ကိုဌေးကြွယ်။ ။ ကျနော်တို့ဟာ ဒီနေ့ဒီအချိန်မှာ လောင်စာဆီဈေးတက်ရုံနဲ့ ဆန္ဒပြတဲ့ဟာ မဟုတ်တော့ပါဘူး။ ဒီနေ့ဒီအချိန်မှာ လူပေါင်းများစွာ အဖမ်းခံနေရတာဟာ၊ လူပေါင်းများစွာ တိမ်းရှောင်နေရတာဟာ ဒီစစ်စနစ်ကြီးတခုလုံးကို ကျနော်တို့ မကြိုက်တဲ့အတွက် ကျနော်တို့ ဆန့်ကျင်နေခြင်းဖြစ်ပါတယ်။ လူထုလည်း ပူးပေါင်းလာမယ့် အနေအထားကိုလည်း ကျနော်တို့ ယုံကြည်လောက်အောင်ကို ကျနော်တို့ တွေ့နေရပါတယ်။ ဒီကနေ့ ကျနော်တို့ နိုင်ငံရေးအရ တောင်းဆိုမှုတခုပဲ ရှိပါတယ်။ တဖက်သတ်ဖြေရှင်းရေး မလုပ်ပါနဲ့။

အာအက်ဖ်အေ။ ။ အခု ကိုဌေးကြွယ်လည်း အခန့်မသင့်လို့ပေါ့လေ။ ဒီမှာ မရှိလိုက်တဲ့အတွက် ကြောင့်မို့လို့ အဖမ်းမခံလိုက်ရတာ။ အဲဒီတော့ ဘာမှ မသေချာဘူး။ ကျနော်နဲ့ စကားပြောနေရင်းနဲ့ သော်လည်းကောင်း။ ပြောပြီးတဲ့နောက်ပိုင်းမှာတော်လည်းကောင်း။ ကိုဌေးကြွယ်အဖမ်းခံရလည်း ခံရ စရာရှိပါတယ်။ အဲလိုအဖမ်းခံရမယ့် ကိစ္စနဲ့ ပတ်သက်လို့ရှိရင်ရော ကိုဌေးကြွယ်အနေနဲ့ ဘယ်လိုမြင် ပါသလဲ။

ကိုဌေးကြွယ်။ ။ ကျနော်တို့ 88 မျိုးဆက်ကျောင်းသားများဟာ လူလေးငါးဆယ်ရောက်နဲ့ စုစည်းထားတဲ့ အုပ်စုမဟုတ်ပါဘူး။ ကျနော်တို့ 88 မျိုးဆက်ကျောင်းသားများဟာ မျိုးဆက်တခု ပုံသဏ္ဍာန်ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး၊ ပြုပြင်ပြောင်းလဲရေး၊ တရားမျှတရေး၊ ငြိမ်းချမ်း ရေး၊ လွတ်လပ်ရေးအတွက်ကို သဘောဆန္ဒတူညီတဲ့သူတွေအားလုံး ပူးပေါင်းပါဝင်တဲ့ အင်အားစု တရပ်ဖြစ်ပါတယ်။ အဲဒီတော့ ကျနော်မရှိလို့၊ ကိုမင်းကိုနိုင်မရှိလို့၊ ကိုကိုကြီးမရှိလို့၊ ကိုမင်းဇေယျမရှိလို့၊ မဟုတ်ပါဘူး။ ဘယ်သူရှိရှိ၊ မရှိရှိ ဒီခေတ်ကို ဒီစနစ်ကို ပြုပြင်ပြောင်းလဲမယ်ဆိုတဲ့ ကျနော်တို့ရဲ့ မျိုးဆက်တွေရှိပါတယ်။ ဆက်လက်ပြီးတော့လည်း ဆောင်ရွက်သွားမယ်။ နည်းပေါင်းစုံနဲ့ ဖိနှိပ်ပါလိမ့် မယ်။ ဒါကို ကျနော်တို့ မျှော်လင့်ပြီးသားပါ။ ကျနော်မရှိဘူးဆိုရင်တောင်မှ ကျနော်တို့ မျိုးဆက်တွေဟာ ဘယ်အတားအဆီး မှန်သမျှကိုမဆို ဖယ်ရှားချေဖျက်သွားမယ့် လှိုင်းတခုလို၊ မြစ်တစင်းလို ဆက်လက် ပြီးတော့ စီးဆင်းသွားမယ်ဆိုတဲ့ ဒါဟာ ကျနော်တို့ ပေးချင်တဲ့ သတင်းစကားပဲဖြစ်ပါတယ်။

အာအက်ဖ်အေ။ ။ ကိုမင်းကိုနိုင်တို့၊ ကိုမင်းဇေယျတို့၊ ကိုကိုကြီးတို့၊ ကိုဂျင်မီတို့ ကျောင်းသား ခေါင်းဆောင်တွေကို ဖမ်းသွားတဲ့ကိစ္စ၊ နောက် ၈၈ မျိုးဆက်ခေါင်းဆောင်တွေက ဦးဆောင်ပြီးတော့ လမ်းလျှောက်ချီတက်ဆန္ဒပြတဲ့ကိစ္စ၊ အခုဆိုရင် ဆက်တိုက်ဆိုသလိုပဲ လမ်းလျှောက်ချီတက်ဆန္ဒပြတဲ့ ကိစ္စတွေက ပေါ်လာတယ်။ ပေါ်လာတဲ့သတင်းတွေကို ကျနော်တို့ အသံလွှင့်ဌာနတွေကနေပြီးတော့ လွှင့်ပါတယ်။ လွှင့်နေကြပါတယ်။ တိုက်ရိုက်ပါဝင်ပတ်သက်နေတဲ့လူတွေနဲ့ ဆက်သွယ်မေးမြန်းပြီး တော့ပေါ့လေ။ ဒါက တပြိုင်ထဲမှာ ဘာဖြစ်လာသလဲဆိုတော့ ကျနော်တို့ wire news တွေ။ နောက်တခါ အမေရိကန်မှာဆိုလို့ရှိရင် အင်မတန် ဂုဏ်သိက္ခာကြီးတဲ့ (Washiington Post) တို့၊ New York Times သတင်းစားတွေရော (wallstreet Journal) တို့၊ နောက်ပြီးတခါ့ ကမ္ဘာမှာလည်း အင်မတန် ဂုဏ်သိက္ခာရှိတဲ့ (International Herald Tribune) သတင်းစာကြီးတို့ အပါအ၀င် အနောက်နိုင်ငံတွေက သတင်းစာတွေရော၊ နိုင်ငံတကာအရေးကို သိပ်စိတ်မ၀င်စားပါဘူးဆိုတဲ့ နိုင်ငံတွေက သတင်းစားတွေမှာရော၊ အာရှတိုက်ကတော့ နီးလို့ထားပါ တော့ မကျန်ဘူး တကမ္ဘာလုံးက သတင်းစာတွေမကျန်ဘူး။ မိနစ်တိုင်း။ မိနစ်တိုင်း။ နာရီတိုင်း။ နာရီ တိုင်း လိပ်လိပ်။ လိပ်လိပ်ပြီးတော့ သတင်းတွေက တက်နေတယ်။ ဒီသတင်းတွေက လျှံနေတာပဲ။ အဲတော့ တကမ္ဘာလုံးရဲ့ စိတ်ဝင်စားမှုဟာလည်း အရမ်းကြီးတယ်။ 88 နဲ့ အင်မတန်ကွာတဲ့အချက်။ 88 တုန်းကဆိုလို့ရှိရင် ဒီလိုမျိုးအာရုံစိုက်မှုတွေ မရခဲ့ဘူး။ အဲဒီတော့ အခုလုံမျိုး တကမ္ဘာလုံးက မျက်စိထောင့်ထောက်ကြည့်ပြီးတော့ အာရုံစိုက်စိတ်ဝင်စားပြီးတော့ ဖော်ပြလာတာနဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ ကိုဌေးကြွယ်အနေနဲ့ရော ဘယ်လိုမျိုး သုံးသပ်ရှုမိသလဲခင်ဗျ။

ကိုဌေးကြွယ်။ ။ ဒါဟာ ကျနော်တို့ မြန်မာနိုင်ငံသားတွေရဲ့ ဒီမိုကရေစီရေးနဲ့ လူသားပီသရေး၊ လူ့အခွင့်အရေးအတွက် ကြိုးပမ်းနေတဲ့ ကြိုးပမ်းမှုအပေါ်မှာ ယဉ်ကျေးတဲ့ ကမ္ဘာ့လူ့အဖွဲ့အစည်းကနေ ပြီး ထောက်ခံနေတယ်ဆိုတာကို ပီပီသသပြခြင်းပါ။ ကျနော်တို့ သားသမီးအစဉ်အဆက်ကို ကျနော်တို့ ရခဲ့တဲ့ ဒီမိုကရေစီဟာ ဘယ်လောက်ဖိနှိပ်ခံခဲ့ရတယ်။ ဘယ်လောက်ထိ သွေးစွန်းခဲ့တယ်။ ဘယ်လောက်ထိ ခက်ခဲကြမ်းတမ်းစွာနဲ့ တန်ဖိုးရှိစွာရယူခဲ့တယ်ဆိုတဲ့ ကျနော်တို့ရဲ့ သမိုင်းကို ပြန်လည် သင်ကြားပေးမယ့် နေ့စဉ်မှတ်တမ်းတွေပါ။ ကမ္ဘာကြီးက အာရုံစိုက်နေတယ်။ အဲဒီလိုပါပဲ။ မြန်မာ တနိုင်ငံလုံးက ကျနော်တို့ မြန်မာနိုင်ငံသားတွေဟာလည်း အာရုံစိုက်နေကြပါတယ်။ ရန်ကုန်မြို့ တမြို့ ထဲရဲ့ လှုပ်ရှားမှုမဟုတ်ပါဘူး။ ကျနော်တို့ နိုင်ငံသားအားလုံးနဲ့ ကျနော်တို့ဟာ သတင်းထပ်ပြီးတော့ ပေးလိုပါတယ်။ ဒါဟာ ကမ္ဘာ့မိသားစုဝင်အားလုံးက ယဉ်ကျေးတဲ့ကမ္ဘာရဲ့ လူ့အဖွဲ့အစည်းအားလုံးကနေ ကျနော် တို့ကို တသားထဲရှိတယ်ဆိုတဲ့ သတင်း ကျနော်တို့ကို ပေးနေပါပြီး။ ကျနော်တို့ ရင်းနှီးခဲ့သမျှ ပေးဆပ် သမျှဟာ သဲထဲ ရေသွန်ဖြစ်သွားမှာမဟုတ်ဘူး။ အချည်းအနှီးမဟုတ်ဘူး။ လူမိုက်တွေရဲ့ လုပ်ရပ် မဟုတ်ဘူး။ နိုင်ငံရေးယောင်ယောင်၊ ဘာယောင်ယောင်ဆိုတဲ့ ပုံစံမျိုးတွေရဲ့ လုပ်ရပ်မျိုး မဟုတ်ဘူး။ နိုင်ငံကို စနစ်တခုကို ပြောင်းလဲချင်တဲ့ နိုင်ငံသားတွေရဲ့ လေးနက်တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်ဆိုတဲ့ဟာကို ကမ္ဘာ့လူထုက ထောက်ခံနေတယ်ဆိုတဲ့ဟာကို ကျနော်တို့ ပြောချင်ပါတယ်။ ကျနော်တို့ဟာ အထီးကျန် ရပ်တည်နေတာမဟုတ်ဘူး။ နောက်ဆုံး အထီးကျန်ခဲ့လို့ရှိရင် ဟောဒီအာဏာရှင်တွေသာ ဒီကမ္ဘာမြေလောကကြီးက ပျောက်ကွယ်သွားပါလိမ့် မယ်။ အထီးကျန်ဆန်ပြီးတော့ ဆိတ်သုန်းသွားရပါလိမ့်မယ်။

အာအက်ဖ်အေ။ ။ စစ်အစိုးရက ဖမ်းမမိလိုက်ဘဲ တိမ်းဆောင်နေတဲ့ 88 မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုဌေးကြွယ်နဲ့ ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။

Saturday, August 25, 2007

ကိုဖုန်းမော်


အိပ်မက်ထဲမှာ ---
ဆည်းဆာအလှနဲ့
ကမ်းခြေ တနေရာမှာ
ထိုင်ကာ စဉ်းစားနေတဲ့ ကိုဖုန်းမော်
မတ်လ အစောပိုင်းရက်များနဲ့အတူ ---
အဝေးတနေရာက
ကြည့်နေရှာတဲ့ ကိုဖုန်းမော်
ဒီကာလ၊ ဒီအနေအထားမျိုးမှာပေါ့ --- ။


(ကိုဖုန်းမော်ကို အောက်မေ့တမ်းတခြင်း၊ သတိရခြင်းတွေနဲ့ ကဗျာအဖြစ်ဖွဲ့ဆိုလိုက်တာပါ။ ရေးဖွဲ့ထား တာကတော့ မတ်လ 13 ရက်နေ့တုန်းကပါ။ အဲဒီနေ့မှာ အမှတ်တရလေးဖြစ်အောင်လို့ ဒီကဗျာလေးနဲ့ ကိုဖုန်းမော်ကို သတိရမှုများစွာနဲ့ ရေးလိုက်ခြင်းပါ။)

မာန်လှိုင်းငယ်
2007 ခုနှစ်၊ မတ်လ (13)

ရေကြည်တစက်


ပူပြင်းတဲ့ နေနဲ့
ရွာခဲတဲ့ မိုးကြောင့်
တိမ်တောင် မငိုတော့ --- သလို
မြေ --- မစိုဘူးပေါ့။

ငတ်မွတ်တဲ့ ရေကြည်တစက်
ဆာလောင်မှုတောမှာ
ဒေါသူပုန်ထတော့
ဘယ်လက်မောင်းက သွေးတစက်နဲ့တော့
အာသာပြေဖို့
ဖြေသာလိမ့်မယ် မထင်ခဲ့မိဘူး။


ရေကြည်တစက်
မျှော်လင့်ချက်နဲ့ နေရပေမယ့်
အဆုံးမှာ ---
ရော်ရွက်တွေ
ကြွေသွားသလို
ချောက်ချားတဲ့ အတိတ်အိပ်မက်နဲ့
အဆုံးသတ်ရတော့မှာလား။

အရုဏ်ကျင်းလာမယ့် တနေ့မှာ
ငတ်မွတ်နေတဲ့
ရေကြည်တစက်အတွက်
တိမ်တွေငိုလို့
မြေစိုဖို့ရာ
ရွာလိုက်ပါ မိုး။

ရေကြည်တစက်အတွက် ---

မာန်လှိုင်းငယ်
28. 10. 2006

Friday, August 24, 2007

သာသနာ့တက္ကသိုလ်တွင် ဖြစ်ပေါ်နေသော အခြေအနေ

ယခု
သာသနာ့တက္ကသိုလ်ထဲမှာ - ညွှန်ချုပ်မျိုးမြင့်နဲ့ အုပ်ချုပ်ရေး နာယကအဖွဲ့ဝင်များတွေ့ ဆုံမေးမြန်းနေကြ၊ အုပ်ချုပ်ရေးနာယကအဖွဲ့နဲ့ သာထွန်းပြန့်အဖွဲ့တို့ရှေ့ကို ညှိနိုင်းလုပ်ဆောင် ကြဖို့ ဆွေးနွေးနေ၊ အရင်တုန်းကဆိုရင် (သ.ထ.ပ)အဖွဲ့ကလဲ သူတို့လုပ်ချင်ရာလုပ်သွားတယ်။ သံဃာ့အုပ်ချုပ်ရေးအဖွဲ့ကိုလည်း ဘာမှအသိမပေးခဲ့ဘူး။
န.ပသ ညွှန်ချုပ်ဦးသန်းဝင်းက စာသင်သားထဲက နိုင်ငံရေးလုပ်တဲ့ သံဃာများကို ဖော်ထုတ်သွားမယ်လို့ ပြောထားတယ်။ နောက်ပြီး အာရုဏ်ဆွမ်းမှာလဲ သံဃာ (400)အတွက် ဆွမ်း လုံလုံလောက်လောက်မရှိတာနဲ့ ပတ်သက်ပြီး ဆွေးနွေးတင်ပြခွင့် လုံးဝမပေးဘူး။
ပညာရေးစနစ်ပြောင်းလဲဘို့ရန်အတွက် မနှစ်ကထဲက စာသင်သားသံဃာများအား မကြေနပ်မှုများ တအုံနွေးနွေးရှိလာကြတယ်။ ယခုနှစ် ပညာရေးစနစ်ပြောင်းလဲလိုက်တဲ့အခါ မှာလဲ သင်ကြားမှုပုံစံတွေက စနစ်တကျမရှိ၊ စာအုပ်စာတမ်းသင်ရိုးညွှန်းတမ်းမရှိ ဖြစ်သလို သင်နေခဲ့ရတယ်။ စာသင်နှစ်ကုန်ခါနီးမှ စာအုပ်အချို့ထွက်ခဲ့တယ်။


စာသင်တဲ့ဆရာတွေကို ဖြုတ်တဲ့နေရာမှာ ဗဟိုအုပ်ချုပ်ရေးအဖွဲ့က လက်မှတ်ထိုးပြီး ထုတ်ရမှာဖြစ်ပေမယ့် ၀န်ကြီးလက်မှတ်ထိုးပြီး ဘယ်သူ့ကိုမှ အသိမပေးဘဲ။ သူတို့ဘာသာသူ တို့ကိုယ်တိုင် အာဏာပိုင်တွေကိုယ်တိုင် ဖြုတ်နေတယ်။ နောက်ထပ်အစာထိုးခန့်အပ်တာမျိုး လဲမရှိဘူး။ ထုတ်လိုက်တဲ့အထဲမှာ တကယ်တော်တဲ့ ဘာသာ၊သာသနာစိတ်ရှိတဲ့ ဦးကျော်လှိုင်၊ ဦးစံတင်၊ ဦးရဲမြင့်(အင်္ဂလိပ်စာ)၊ ဦးအောင်ခိုင်၊ စတဲ့ဆရာတွေပါတယ်။ ယခုပိုစတာတိုက်ပွဲဆို တာဖြစ်လာရတယ်။
ညွှန်ချုပ်ဦးမျိုးမြင့်က သံဃာများကို စာဝါစာတတ် သင်တန်းအချိန်ပြီးလို့ အပြင်ကိုခဏ ကလေးလမ်းလျှောက်ထွက်တာတောင်၊ အပြစ်ကြီးတခုလို (န.ပ.သ)အဖွဲ့တွေက မြင်နေကြ တယ်။ အကြောင်းပြချက်က စာသင်သားတွေကို အမျိုးသမီးတွေနဲ့ သွားလာတယ်လို့စွပ်စွဲပြီး တက္ကသိုလ်ဂိတ်ပေါက်ဝင်၊ ထွက်တံခါးတွေကို ပိတ်ထားတယ်။ န.ပ.သ ညွှန်မှူးဦးသန်းဝင်းက ဆိုရင် စာသင်သားသံဃာတွေကို သီလသိက္ခာမရှိသူတွေလို့ အမြဲစွပ်စွဲပြောဆိုနေတယ်။
တက္ကသိုလ်ပညာမြှင့်တင်ရေးအောက်မှာလဲ မလိုအပ်တာတွေ လုပ်ဆောင်နေကြတယ်။ တကယ်လိုအပ်တဲ့အဆောင်တို့၊ စာကြည့်တိုက်တို့၊ ဆေးပေးခန်းတို့ ဘာမှကို မလုပ်ဘဲထား တယ်။ ညွှန်မှူးတွေနဲ့ နာယကဆရာတော်တွေကြားမှာ ဘာမှညှိနှိုင်းပြောဆိုခွင့်မရကြဘူး။ သူတို့လုပ်ချင်ရာ လုပ်နေပြီး သူတို့အမိန့်ပေးတိုင်း လိုက်လုပ်နေရတယ်။ လူတွေက သံဃာတွေကို ခိုင်းစားနေကြတာပါ။
နာယကချုပ်ဆရာတော်ဦးဥတ္တမတို့အနေဖြင့် သွားပြီးပြောဆိုဆွေးနွေးရင်လဲ ပြောတဲ့ စကားတိုင်းကို နိုင်ငံရေးနဲ့ပဲ စွပ်စွဲပြောဆိုခံနေရတယ်။ တက္ကသိုလ်အုပ်ချုပ်ရေးဆိုပြီး အမြဲ တာဝန်ယူထားကြတဲ့ နိုင်ငံတော်သံဃာ့မဟာနာယကဆရာတော်များကလဲ တက္ကသိုလ်မှာရှိတဲ့ တိုးတက်ရေး၊ စီမံခန့်ခွဲရေး၊ စတာတွေကို ဘာတခုမှဆောင်ရွက်မပေးကြဘူး။ ဘာပဲဖြစ်နေနေ စိတ်မ၀င်စားကြဘူး။ ယူစရာရှိတာ လာယူ၊ ယူပြီး ပြန်သွားကြတာပါပဲ။ တချက်ကလေးမျှ လှည့်မကြည့်ကြပါဘူး။ သူတို့မှာလဲ အဂတိတရားလေးပါးလုံးပြည့်နှက်နေကြတာပါ။

22. 8. 2007

မခင်ဥမ္မာနဲ့ မမိဆူးပွင့်တို့၏ အင်တာဗျူး

မခင်ဥမ္မာနဲ့ မမိဆူးပွင့်တို့ကို မနေ့က ဖြစ်ပေါ်ခဲ့တဲ့ ဆန္ဒပြပွဲနဲ့ 1988 ခုနှစ် အခြေအနေတချို့ နှိုင်းယှဉ် သုံးသပ်ပေးတာနဲ့ ပတ်သက်ပြီး အာအက်ဖ်အေမှ ဆက်သွယ်မေးမြန်းချက်။

2007 ခုနှစ်၊ သြဂုတ်လ (23)ရက်။

အာအက်ဖ်အေ။ ။ သောတရှင်များရှင်။ သြဂုတ်လ (22)ရက်၊ မနေ့က လူထောင်နဲ့ချီအင်အားရှိ တဲ့ ဆန္ဒပြပွဲဟာ ပြည်တွင်းပြည်ပ မြန်မာနိုင်ငံသားတွေအတွက် စိတ်ဝင်စားစရာလိုဖြစ်နေပါတယ်။ ဒီသြဂုတ်လ (22)ရက်နေ့ ဆန္ဒပြပွဲမဖြစ်ပေါ်အောင် ဟန့်တားတဲ့အနေနဲ့ ကျောင်းသားခေါင်းဆောင်တွေ ကို သြဂုတ်လ (21)ရက်နေ့ ညသန်းခေါင်ဝန်းကျင်မှာ ၀င်ရောက်ဖမ်းဆီးသွားခဲ့တာလို့ ခန့်မှန်းပြောဆို နေတာတွေလည်း ရှိပါရှင်။ ဒီလိုကျောင်းသားခေါင်းဆောင်တွေကို ဖမ်းဆီးလိုက်ပေမယ့် သြဂုတ်လ (22)ရက်နေ့ ဆန္ဒပြပွဲကိုတော့ လူထောင်နဲ့ချီ ပါဝင်ခဲ့ကြတာပါ၊ ကျောင်းသားခေါင်းဆောင်တွေ မရှိတော့တဲ့ အချိန် ဒီဆန္ဒပြပွဲကို ဦးဆောင်လာတဲ့သူတွေကတော့ အမျိုးသမီးတွေ ဖြစ်နေတာ တွေ့ရပါ တယ်ရှင်။ မသင်းသင်းခေါ် မမီးမီးဆိုရင် လမ်းမပေါ်မှာ ချီတက်နေရင်း လှမ်းတလျှောက် ပြည်သူတွေ ဟောပြောစည်းရုံးသွားတာတွေကို တွေ့ရပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး အတွက် အပတ်စဉ်အင်္ဂါနေ့တိုင်း ခေါင်းဆောင်ပြီး ဘုရားပေါ်တက် ၀တ်ပြုခဲ့တဲ့ ဒေါ်နော်အုန်းလှက ဦးဆောင်ချီတက်ခဲ့တာလည်း တွေ့ရပါတယ်။ ဒီထဲမှာ အိပ်အိုင်ဗွီ ဝေဒနာရှင်တွေအတွက် စေတနာ့ဝန် ထမ်း ကူညီနေတဲ့ မဖြူဖြူသင်းလည်း ပါဝင်ခဲ့ပါတယ်။ မြန်မာ့နိုင်ငံရေးသမိုင်းမှာ အမျိုးသမီးတွေက အမျိုးသားတွေနဲ့ တန်းတူ ဦးဆောင်တိုက်ပွဲဝင်ခဲ့တယ်ဆိုတဲ့အဆိုကို အမျိုးသမီးတွေ သက်သေထူနေ ဆဲ ဖြစ်ပါတယ်။ 1988 ခုနှစ်၊ လူထုအုံကြွမှုတုန်းက အမျိုးသမီးတွေ ကဏ္ဍအမျိုးမျိုးကနေ ပါဝင်ခဲ့ပုံကို ကိုယ်တိုင်မျက်မြင်ကိုယ်တွေ့၊ ကိုယ်တိုင်ဦးဆောင်ပါဝင်ခဲ့တဲ့ 88 ကျောင်းသူဟောင်း မခင်ဥမ္မာနဲ့ မမိဆူးပွင့်တို့ကို မနေ့က ဖြစ်ပေါ်ခဲ့တဲ့ ဆန္ဒပြပွဲနဲ့ 1988 ခုနှစ်၊ အခြေအနေတချို့ နှိုင်းယှဉ်သုံးသပ်ပေးဖို့ ဆက်သွယ်မေးမြန်းကြည့်ပါမယ်ရှင်။


အာအက်ဖ်အေ။ ။ သြဂုတ်လ (22)ရက်နေ့ ဆန္ဒပြပွဲက ဒီရုပ်ပုံတွေ၊ အသံတွေ ကြားလိုက်ရတဲ့ အထဲမှာ အမျိုးသမီးတွေရဲ့ ရဲရဲတောက်ပြောဆိုသံတွေကို တော်တော်များများ ကြားလိုက်ရတော့ ဒီအခြေအနေက 1988 ခုနှစ် လူထုအုံကြွမှုမတိုင်ခင် ဒါမှမဟုတ် အဲဒီကာလပတ်ဝန်းကျင်က ပြန်ပြောင်းသတိရစေမလား။ အမှတ်ရစေမလားရှင့်။

မခင်ဥမ္မာ။ ။ အထူးသဖြင့်တော့ ကျမတို့ အမျိုးသမီးတွေ 1988 အရေးအခင်းမှာ စပြီးတော့ မှ ကျမတို့ မတ်လ တံတားနီအရေးအခင်း၊ စပြီးတော့မှ ဇွန်လအရေးအခင်း စသည်ဖြင့် တောက်လျှောက်လုပ်လာခဲ့တဲ့ အထဲမှာလည်း အမျိုးသမီးကျောင်းသူတွေက ရဲရဲတောက် တက်ညီ လက်ညီနဲ့ အကုန်လုံး စုစုစည်းစည်းနဲ့ ပါဝင်ခဲ့ကြတယ်။ အဲဒီအပေါ်မှာ ကျမတို့ မနေ့က ဆန္ဒပြမှု၊ လှုပ်ရှားမှုဟာ ကျမတို့ 88 ခုနှစ် အမျိုးသမီးတွေလှုပ်ရှားမှုနဲ့ ကျမတို့ ပြန်ပြီးတော့မှ သတိရစရာတွေ ပြန်ဖြစ်ပါတယ်။

အာအက်ဖ်အေ။ ။ ဟုတ်ကဲ့။ မဆူးပွင့်အနေနဲ့ရော။ မနေ့က ပေါ်ပေါက်ခဲ့တဲ့အခြေအနေအပေါ်မှာ ဘယ်လိုသုံးသပ်မိသေးလဲရှင့်။
မမိဆူးပွင့်။ ။ မနေ့ကဖြစ်တဲ့ လှုပ်ရှားမှုတွေမှာဆိုရင် 88 မျိုးဆက်ခေါင်းဆောင်တွေ တော်တော်များများ အထိန်းအသိမ်းခံခဲ့ရပြီးတဲ့ နောက်ပိုင်းမှာ ဒီအမျိုးသမီးတွေက ဦးဆောင်ပြီးတော့ သတ္တိရှိရှိနဲ့ ဒီလှုပ်ရှားမှုတခုကို စည်းရုံးနိုင်ခဲ့တယ်ဆိုတာ ကျမတို့ ဒီမြန်မာနိုင်ငံ မြန်မာအမျိုးသမီးတွေ အတွက် တကယ့်သမိုင်းဝင်ဖြစ်ရပ်တခုလည်းဖြစ်တယ်။ ကျမတို့ သုံးသပ်မိတာက ကျမတို့နိုင်ငံက အမျိုးသမီးတွေဟာ တိုင်းပြည်အတွက် အမှန်တကယ် လိုအပ်တဲ့အချိန်ထဲမှာ စွန့်လွှတ်မှု၊ စွန့်စားမှု အပြည့်နဲ့ ပေးဆက်ခဲ့ကြတာချည်းပါပဲ။ အဲဒီလိုဆိုတော့ ဒီ 8 လေးလုံးအရေးတော်ပုံကာလတုန်းက ပေါ်ပေါက်ခဲ့တဲ့ ဒီအိမ်ရှင်မများသမဂ္ဂတို့၊ သူနာပြုများသမဂ္ဂတို့၊ ကျောင်းဆရာမများသမဂ္ဂတို့ဆိုတာ လည်း ဒီနေ့ဒီအချိန်မှာ အချိန်မီ ပြန်လည်ပေါ်ပေါက်လာနိုင်တယ်ဆိုတာလည်း ကျမတို့ မျှော်လင့်ထား ပြီးသားပဲ။

အာအက်ဖ်အေ။ ။ ဟုတ်ကဲ့။ ဒီအမျိုးသမီးတွေအနေနဲ့က အခုလို ဦးဆောင်ကျတဲ့အတွက် အရင်တုန်းက အတွေ့အကြုံတွေကို လေ့လာကြည့်ရင်တော့ စစ်အစိုးရက ဖိနှိပ်တာတွေကို ခံရတယ် သိပေမယ့်လည်း ဒါတွေကို မကြောက်မရွံ့ ဆောင်ရွက်တဲ့သဘောလည်း တွေ့ပါတယ်။ အဲဒီအနစ်နာခံ ရတဲ့နေရာမှာလည်း အတွန့်မဆုတ်ရှိတတ်တဲ့ သဘောတွေအပေါ်မှာရော နည်းနည်းသုံးသပ်ပေးပါဦး ရှင့်။

မမိဆူးပွင့်။ ။ ခုချိန်မှာတော့ ယူနီဖောင်းမ၀တ်တဲ့ အရပ်သားအချင်းချင်း စိတ်ဝမ်းကွဲအောင် လုပ်ပြီးတော့ နှိမ်နှင်းဖို့ စနစ်တကျပြင်ဆင်နေတာက ထင်ထင်ရှားရှားပါပဲ။ ဆိုတော့ ဒါ လူထုအတွက် တိုက်ပွဲဝင်နေတဲ့ အမျိုးသမီးတွေအတွက် အင်မတန် အန္တရာယ်ကြီးတဲ့ အဟန့်အတားတခုဖြစ်ပါတယ်။ ဆိုတော့ ကျမတို့အနေနဲ့ကလည်း ဒါကို နိုင်ငံတကာအသိုင်းအ၀ိုင်းနဲ့ နိုင်ငံတကာအစိုးရတွေကို နအဖ စစ်အစိုးရအနေနဲ့ ဒီလိုလုပ်ကွက်တွေ၊ ထွင်လုံးတွေ လုပ်နေတာကို အမြန်ဆုံးဖော်ထုတ်သွားဖို့ ချဉ်းကပ်သွားရမှာဖြစ်ပါတယ်။ ပြီးတော့ ဒီကြံ့ဖွတ်တို့၊ စွမ်းအားရှင်တို့တွေကို ကျမတို့အနေနဲ့ တပြိုင်နက်တည်းမှာ မေတ္တာရပ်ခံချင်တာက ဒီကနေ့ပေါ့နော်၊ အဆင်မပြေမှုပေါင်းစုံနဲ့ ရင်ဆိုင်နေရတဲ့ ပြည်သူလူထုထဲမှာ မိမိတွေလည်း အပါအ၀င်ဖြစ်ပါတယ်။ ဆိုတော့ စနစ်တခုကို အပြောင်းအလဲလုပ်ဖို့ နေရာမှာ ဒီနေ့အတွက် ထွင်လုံးတရပ်ကို ကြည့်ပြီးတော့ အသုံးချခံနေရတဲ့ သမိုင်းတရားခံတွေ မဖြစ် သင့်ပါဘူး။ အမှန်တရားဘက်ကို ခုန်ကူးလိုက်ဖို့ဆိုတာက ဒီခြေလှမ်းလေးတလှမ်း လှမ်းလိုက်ဖို့ပဲ လိုပါတယ်။ ဒါဟာ ကျမတို့ ရှင်သန်မှုအားလုံးအတွက် တန်ဖိုးရှိတဲ့လုပ်ရပ်တွေဖြစ်လာမယ်ဆိုတာကို ကျမပြောချင်ပါတယ်။

အာအက်ဖ်အေ။ ။ ဟုတ်ကဲ့။ ဒီမမိဆူးပွင့်ရဲ့ ပြောကြားချက်တွေအပေါ်မှာ မခင်ဥမ္မာအနေနဲ့ ဖြည့်စွတ်ပြောချင်တာများရှိသေးလားရှင့်။

မခင်ဥမ္မာ။ ။ ကျမ မဆူးပွင့်ပြောတဲ့အပေါ်မှာ အပြည့်အ၀ထောက်ခံပါတယ်။ လောလော ဆယ်တော့ ကျမမြင်နေတာက ဒီ ခုနက စွမ်းအားရှင်၊ ပြီးသွားလို့ရှိရင် ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းထဲမှာ ပါနေကြတဲ့သူတွေ အမျိုးသမီးတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ဒီအမျိုးသမီးအဖွဲ့ဝင်တွေက ကျမတို့ သိနေပါတယ်။ သူတို့စိတ်နဲ့ သူတို့ဆန္ဒရှိလို့ ပါဝင်နေကြတာမဟုတ်ပါဘူး။ အတင်းအဓမ္မ ပါဝင် ခိုင်းတာတွေ။ မသိပဲနဲ့ သူတို့ အတင်းအဓမ္မ အဖွဲ့ဝင်ဖြစ်ခိုင်းတာတွေ ပါတယ်။ ထိန်းချုပ်မှုတွေ၊ ဖိအား ပေးမှုတွေနဲ့ ပါဝင်နေကြရတာပါ။ ဒီအမျိုးသမီးတွေက ခုနက မဆူးပွင့် ပြောသလိုပဲ၊ ကျမတို့ 88 ခုနှစ်မှာတုန်းကဆိုလို့ရှိရင် 88 အရေးတော်ပုံမှာ ဒီကျောင်းဆရာမများသမဂ္ဂဆိုတာတွေ ရှိခဲ့ပါတယ်။ ဒီမှာအခုရှိနေတဲ့ စွမ်းအားရှင်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းမှာ အဖွဲ့ဝင်ဖြစ်နေကြတဲ့ အမျိုးသမီးတွေက စိတ်ရှိလို့၊ စိတ်ဝင်စားလို့၊ သဘောတူလို့ ပါဝင်ကြရာတာမဟုတ်တဲ့အနေအထားမှာ အခုလို ကျမတို့ မနေ့က (22)ရက်နေ့မှာ အမျိုးသမီးတွေကနေပြီးတော့မှ၊ ဦးဆောင်ပြီးတော့မှ တိုင်းပြည်ရဲ့ပြဿနာ တွေ အပေါ်မှာ၊ ဖြစ်နေတဲ့ပြဿနာတွေ၊ တိုင်းပြည်မှာ ဖြေရှင်းဖို့လိုတဲ့ပြဿနာတွေ သူတို့ဘ၀ရဲ့ အခြေအနေတွေကို သူတို့ကိုယ်၌က ဦးဆောင်ပြီးတော့မှ ဖော်ထုတ်ပြတဲ့ဥစ္စာ၊ ပြည်သူ့ရှေ့ကနေ မားမားရပ်ပြတဲ့ဥစ္စာက ကျန်တဲ့အမျိုးသမီးထုတွေက ဆက်ပြီးတော့မှ ကျမတို့ 88 ခုနှစ်တုန်းက စွမ်းစွမ်းတမံ အတူကိုလက်တွဲပြီးတော့မှ ဒီမိုကရေစီအရေးအတွက် ပါဝင်ခဲ့ကြသလို၊ အခုချိန်မှာလည်း ပါလာကြတော့မယ်ဆိုတာမျိုး ကျမတို့ ပြန်ပြီးတော့မှ ဖြစ်နိုင်ခြေတွေကို ပြန်ပြီးတော့မှ သုံးသပ်လို့ရပါ တယ်။

အာအက်ဖ်အေ။ ။ ဒီအခု လက်တလောမှာ 88 မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေက ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့အချိန်မှာ အမျိုးသမီးကျောင်းသူတွေကော၊ နောက်ပြီးတော့ အိမ်ရှင်မ အမျိုးသမီးတွေ၊ အခုလှုပ်ရှားနေတဲ့ အမျိုးသမီးတွေက ဒီမနေ့က ဆန္ဒပြပွဲမှာဆိုရင် တော်တော်လေး တက်တက်ကြွကြွနဲ့ ဦးဆောင်ခဲ့တာတွေ့ရတော့ ဒီအမျိုးသမီးတွေအပေါ်မှာ ပြည်ပမှာရောက်ပြီး ဒီမိုကရေစီရေးလှုပ်ရှားနေတဲ့ မခင်ဥမ္မာနဲ့ မမိဆူးပွင့်က ဘာတွေများ ပြောကြားချင်တာရှိသေးလဲရှင့်။

မမိဆူးပွင့်။ ။ ကျမအနေနဲ့ ပြောချင်တာက ဒီနေ့ ဒီအခြေအနေမျိုးမှာ ကျမတို့လူထုက ကိုယ်ကျရာတာဝန်ကနေပြီးတော့ ကိုယ့်ရဲ့မိခင်ဘ၀ကို ရိုက်ခက်နေတဲ့ အခက်အခဲတွေကို ကျော်ဖြတ် နိုင်အောင် ကြိုးစားတဲ့နေရာမှာ ဒီအရိုးစင်းဆုံးကိစ္စအခက်အခဲတွေကို ဖြေရှင်းတဲ့ပုံစံမျိုးနဲ့ စတင်ပြီး တော့ တောင်းဆိုတဲ့ပုံစံမျိုးနဲ့ ကိုယ့်အခွင့်အရေး၊ ကိုယ့်ရဲ့သဘောထားတွေကို ငြိမ်းချမ်းစွာတောင်းဆို နေတာလို့ မြင်ပါတယ်။ ဒီလို အကြမ်းဖက်ဖြေရှင်းတတ်တဲ့ အစိုးရ၊ စစ်အစိုးရရဲ့ လက်အောက်မှာ ဒီလို လှုပ်ရှားမှုတွေ ထလုပ်နိုင်တယ်ဆိုတာက အင်မတန်မှပဲ ကြီးကျယ်မြင့်မြတ်တဲ့ လှုပ်ရှားမှုတွေဖြစ်ပါ တယ်။ အင်မတန်မှလည်း သတ္တိပြောင်မြောက်တဲ့ လှုပ်ရှားမှုတွေဖြစ်ပါတယ်။ ကျမတို့အနေနဲ့ ဒီလှုပ်ရှား မှုတွေအပေါ်မှာ ရင်ခုန်သံတွေတထပ်ထဲ လေးစားဝင်ကြည့်နေတယ်။ အားပေးနေတယ်။ ကျမတို့ သူတို့ တွေရဲ့ နောက်မှာ အမြဲတမ်းရှိနေတယ်ဆိုတာကို ကျမတို့ ပြောချင်ပါတယ်။

မခင်ဥမ္မာ။ ။ ဒီသမိုင်းတလျှောက်မှာ အမျိုးသမီးတွေက ကျမတို့နိုင်ငံမှာ ပြန်ကြည့်ရင့် အမြဲတမ်း ကျမတို့ ပြည်သူနဲ့တသားထဲ၊ ပြည်သူနဲ့အတူ ရှေ့တန်းကနေပြီးတော့ မတရားမှုမှန်သမျှကို၊ ဖိနှိပ်မှုအာဏာရှင်မှန်သမျှကို ကိုလိုနီစနစ်ကိုတိုက်ဖြတ်စဉ်ကတည်းက ကျမတို့ ရပ်ခဲ့ကြတာပါ။ ဒီသမိုင်းကို ဆက်ပြီးတော့မှ သယ်ဆောင်နေကြတယ်။ ဒီအထဲမှာရှိတဲ့ အမျိုးသမီးထု ညီအစ်မတွေအား လုံး၊ အဒေါ်တွေအားလုံးကို ကျမတို့ ပြည်ပရောက် အမျိုးသမီးတွေ၊ တိုင်းပြည်တွေမှာ ရှိနေကြတဲ့ အမျိုးသမီးတွေအားလုံးက တခဲနက်ထောက်ခံပြီးတော့မှ အားပေးနေမယ်။ အတူတူရှိနေမယ်ဆိုတာကို ပြောချင်ပါတယ်။

အာအက်ဖ်အေ။ ။ ဟုတ်ကဲ့။ မမိဆူးပွင့်နဲ့ မခင်ဥမ္မာကို ကျေးဇူးအများကြီးတင်ပါတယ်ရှင်။

Wednesday, August 22, 2007

ကမ္ဘာကြီးရဲ့ တနေရာမှာ


စာကို မြင်ချင်ရင် ဓါတ်ပုံကို နှိပ်လိုက်ပါ။ စာကိုဖတ်နိုင်မှာပါ။
ငယ်ဆူးအိမ်


ကမ္ဘကြီးရဲ့ တနေရာမှာ ကျနော်တို့ ဘယ်လိုရှိနေမလဲဆိုတာ ဒီကဗျာလေးနဲ့ ခံစားတိုက်ဆိုက်တဲ့ လူတွေအတါက်ဆိုရင် နှစ်သက်မယ်လို့ ကျနော်ထင်ပါတယ်။ ငယ်ဆူးအိမ်ကို ဘလော့ဂ်မိတ်ဆွေများ စာရေးချင်တယ်ဆိုရင် ဆက်သွယ်လို့ရအောင် ကျနော် ထည့်သွင်းပေးထားပါတယ်။ ehmoonnge@gmail.com ကို လိပ်မူပြီး ဆက်သွယ်ရေးသားနိုင်ပါတယ်ဗျာ။

မင်းကြောင့်ပါလို့



စာကို မြင်ချင်ရင် ဓါတ်ပုံကို နှိပ်လိုက်ပါ။ စာကိုဖတ်နိုင်မှာပါ။
ငယ်ဆူးအိမ်


မိတ်ဆွေများကို ကျနော် အချစ်နဲ့ပတ်သက်တဲ့ ခံစားချက် ကဗျာတွေကိုလည်း တင်ပေးသွားပါမယ်။ ဘလော့ဂ်မိတ်ဆွေတွေအားလုံး ကြိုက်နှစ်သက်ကြမယ်လို့ ထင်ပါတယ်။ ကျနော်ကတော့ ခံစားမိတာလေးတွေရှိတာနဲ့ မိတ်ဆွေတယောက်က ကျနော့်ဆီကို ပို့ပေးလိုက်တဲ့ ကဗျာလေးတွေကို ကြိုက်တာကြောင့် အခုလို တင်ပေးလိုက်တာပါ။ ကျနော့်ဆီပို့ပေးတဲ့ ကဗျာဆရာ ငယ်ဆူးအိမ်ကို ကျနော် ကျေးဇူးပင်ပါတယ်ဗျာ။

Tuesday, August 21, 2007

ကိုမင်းကိုနိုင်ကို ဘီဘီစီမှ ဆက်သွယ်မေးမြန်းချက်


2007 ခုနှစ်၊ သြဂုတ်လ (19)ရက်။ ညပိုင်း

ဘီဘီစီ။ ။ အခုလို 88 မျိုးဆက်ကျောင်းသားတွေ လမ်းပေါ်ထွက်လာကြတော့ သူတို့ရဲ့ ရည်မှန်း ချက်က ဘယ်အထိ ဆက်သွားမှာပါလဲ။ ကျနော် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကို ဆက်သွယ်မေးမြန်းတဲ့အခါ ---

ကိုမင်းကိုနိုင်။ ။ ကျနော်တို့က ပြည်သူတွေရဲ့ ဘ၀ဟာ ဘယ်အခြေအနေကို ရောက်သွားတယ်ဆိုတာ ကို လက်တွေ့ထင်ဟပြလိုက်တာပဲ။ ပြည်သူတွေဟာ နောက်ဆိုလို့ရှိရင် ရတဲ့ဝင်ငွေနဲ့ အဲဒီ မော်တော်ယာဉ်စီးဖို့နဲ့ မလုံလောက်တော့တဲ့အတွက်ကြောင့် ဟောဒီလို လမ်းမတွေပေါ်ရောက်လာလိမ့် မယ်ဆိုတာကို အမြည်းသဘောနဲ့ ကျနော်တို့ ပေးလိုက်တာပဲ၊ ဒါနမူနာပဲရှိပါသေးတယ်။

ဘီဘီစီ။ ။ ဆိုတော့ ကိုမင်းကိုနိုင်ဆိုလိုတာက ခုနက ဒီလောင်စာဆီဈေးတွေ ပြန်ကျတဲ့အထိ ကိုမင်းကိုနိုင်တို့ တောင်းဆိုဆန္ဒပြသွားမှာလားခင်ဗျ။

ကိုမင်းကိုနိုင်။ ။ ပြည်သူလူထုရဲ့ အခက်အခဲကို တကယ်ဖြေရှင်းချင်တဲ့ ဆန္ဒ သူတို့မှာ ရှိသလား၊ မရှိဘူးလားဆိုတာကို ပြည်သူတွေ သိသွားဖို့က လိုရင်းဖြစ်တယ်ဗျ။ ပထမဦးဆုံးခြေလှမ်းက၊ သူတို့ တကယ်ဖြေရှင်းချင်တဲ့ ဆန္ဒရှိတယ်ဆိုရင် သူတို့ဘက်က တရားဝင် ဟောဒီ အခက်အခဲကိုတော့ ဘယ်ပုံဘယ်နည်းနဲ့ ဖြေရှင်းပါ့မယ်ဆိုတဲ့ အကြောင်းပြန်ချက်မျိုးကို ကျနော်တို့ စောင့်နေမယ်။ အဲဒီလို မဟုတ်ပဲနဲ့ ပြည်သူတွေ မအောက်နိုင်လို့၊ ထွက်လာလို့ရှိရင်လည်း အဲဒီ ပြည်သူတွေနဲ့ ဖြေရှင်းကြပေ တော့။

ဘီဘီစီ။ ။ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ပြောပြသွားတာဖြစ်ပါတယ်။

ဘီဘီစီမြန်မာပိုင်း အသံလွှင့်အစီအစဉ်က ထုတ်လွှင့်ချက်ဖြစ်တဲ့ ကိုမင်းကိုနိုင်အင်တာဗျူးကို ကျနော် အသံကို ပြန်ဖြည်ပေးထားပါတယ်။

(၈၈) မျိုးဆက်ကျောင်းသားများနှင့်အတူ ပြည်သူလူထုများ လမ်းလျှောက်ချီတက်ဆန္ဒပြခြင်း။


စစ်အစိုးရက မြန်မာနိုင်ငံရှိ စီးပွားရေး အကျပ်အတည်းများကို ပြင်ဆင်ပေးရန်အတွက် (၈၈) မျိုးဆက်ကျောင်းသားများအနေဖြင့် ဆက်လက်တောင်းဆို တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း (၈၈) မျိုးဆက်ကျောင်းသားများက ပြောကြားသည်။ (၈၈) မျိုးဆက်ကျောင်းသားများနှင့်အတူ ပြည်သူလူထုများ လမ်းလျှောက်ချီတက်ဆန္ဒပြခြင်း။ါ




ထုတ်ပြန်ကြေညာချက်


မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုသမဂ္ဂများအဖွဲ့ချုပ်၏ ထုတ်ပြန်ကြေညာချက်ဖြစ်ပါတယ်။

ကျနော် အားလုံးဖတ်လို့ရအောင် တင်ထားပေးပါတယ်။ ကျနော် မူရင်းနဲ့ပဲ တင်ထားပေးပါတယ်။

Monday, August 20, 2007

တနေ့မှာ


တနေ့မှာ

တစက်စက်နဲ့
ဘ၀သွေးတွေ
အပျက်ပျက်နဲ့
အသက်သွေးတွေ ထွက်
ဘယ်သူ့ကြောင့်လဲ။

တစစနဲ့ ယိုင်
ဘ၀တွေလည်း ငိုင်
ဆင်းရဲခြင်းနဲ့ ငိုချင်းထပ်
မိန်းမငယ်တေါ ဘ၀ပျက်
ဘယ်သူ့ကြောင့်လဲ။

နာရီတွေ တရွေ့ရွေ့
နှစ်လတွေ ပြည့်ကြပ်
ရာသီက တလွင့်လွင့်
တမြေ့မြေ့ ကုန်ဆုံးလာ
ဘယ်သူ့ကြောင့်လဲ။

တနေ့မှာ ---
မျှော်လင့်ခြင်း အိပ်မက်
ပြင်းထန်ခြင်း
ဆန္ဒ ကွဲအက်
ယုံကြည်မှုများစွာ
တနေ့မှာ ---
--- --- ---
ဆိုတဲ့အရာတွေ သာ
လင်းလက် လာ။ ။

မာန်လှိုင်းငယ်
9း27 နာရီ
(27. 10. 2006)

လှိုင်းထန်တာ မုန်တိုင်းကြောင့်

လှိုင်းထန်တာ မုန်တိုင်းကြောင့်

ငြိမ်သက်နေတဲ့ ပင်လယ်ကို
မုန်တိုင်းဆိုးက ၀င်ရောက်ဖျက်ဆီးခဲ့တယ်။

မျိုးဆက်ရဲ့သားကောင်တွေပါပဲ
ငြိမ်းချမ်းစွာ၊ လွတ်လပ်စွာ၊ သွားလာနေထိုင်နေတဲ့ လူတွေကို
အဖိနှိပ်ခံဆိုတဲ့ စတစ်ကာကပ်
သွေးချောင်းစီးအောင် ရက်စက်ခဲ့ပြန်တယ်။

သဘာဝတ္တဓမ္မပါဘဲ
ဖိရင် ကြွမယ်
နှိပ်ရင် ချမယ်
သူပုန်သူကန်ဆိုတာ “အာခံရဲသူ” တွေဖြစ်တယ်။

ထောင်ထားခြားနားကြဟေ့ -
ဆင်းရဲဒုက္ခ
သားရဲတိရိစ္ဆာန်
လောကဓံ
မကြောက်တရားတွေ ရင်မှာဖြည့်
အားအင်အပြည့်။

ဟေ့ဒီမှာ ----
ပြင်းထန်တော်လှန်
ပင်လင်လှိုင်းလုံးကြီးတွေ
ကမ်းခြေကို တိုက်စားဖို့ဖြစ်တယ်။

မာန်လှိုင်းငယ်

ကျနော် ကဗျာစရေးသား၊ ရေးဖွဲ့၊ ဟိုခြစ်၊ ဒီခြစ်၊ လုပ်ခဲ့တဲ့အချိန်တုန်းက ဒီကဗျာကို ရေးဖွဲ့ထားတာပါ။ တော်တော်တော့ ကြာနေပါပြီး။

Loving

Loving !!!

The Foolish Succumb To Passion & Love ,
So, And are Often in Grief . !


The Clever Try To Be Free From Love ,
But Struggle With Self-Love . !

ဒီကဗျာကို ကျနော် နှစ်သက်လို့ပါ။ ဒါလေးကိုလည်း တင်ပေးလိုက်ပါတယ်။ စာရေးဆရာနာမည်ကို တော့ မေ့နေလို့ မသိတော့ဘူး။ ဒါကြောင့် ကျနော် ဒီအတိုင်းပဲ တင်ပေးလိုက်ပါတယ်။

Friday, August 17, 2007

မပြင်ဆင်ထားတဲ့ အစီအစဉ်တခု

အမည်မသိ

အသည်းနင့်အောင် ချစ်ခဲ့ပေမဲ့
ထားခဲ့သူက လှည့်မကြည့်ပြီမို့
အလွမ်းများက ရင်ထဲမှာ
ပြည့်နှက်ကာ အုပ်စိုး။

မယုံကြည်ခဲ့ဘူး မထင်ခဲ့ဘူး
တကယ်ဝေးပြီး ဆွေးရမယ်လို့။


အတွေးတွေတိုင်းမှာ မင်းကနေရာယူထားလေတော့
အလွမ်းအဆွေးတွေထဲက လွတ်မြောက်လမ်းကိုလည်း မမြင်တော့ဘူးပေါ့။

ခံစားရလွန်းလို့ ပဲ့ကြွေနေတဲ့အသဲကို
ပြန်ကုစားပေးခဲ့ပါချစ်သူရယ်။

မင်းကိုမချစ်တော့ဘူးလို့ စာတကြောင်းတည်းနဲ့ အဆုံးသတ်
sorry အထပ်ထပ်သုံးခဲ့တဲ့ ချစ်သူရယ်
အတိတ်ကာလက အရမ်းအရမ်းကို ချစ်ပါတယ်လို့ ပြောခဲ့တာမင်းဘဲမဟုတ်လား။

အဲဒီစကားလုံးတွေကို ၃ ရက်ဆိုတဲ့ အချိန်ကဆုံးဖြတ်
မင်းက ဒီဇာတ်လမ်းကို အဆုံးသတ်ခဲ့တယ်နော်။

နားလည်ပေးလို့ရအောင် ခိုင်လုံတဲ့အကြောင်းပြချက်လေးတော့ ပေးခဲ့ပါ။

ရင်ထဲကခံစားချက်တွေကို ပြောပြခွင့်မရှိတော့တဲ့ ဘ၀မှာ (အနေအထားမှာ)
မင်းဓါတ်ပုံလေးကို ကြည့်၊ အနမ်းလေးပေးပြီးတော့
တိုးတိုးလေးဘဲ ပြောနေတော့မယ်
မင်းကို အရမ်းချစ်တယ်ကွယ်။

ဒီကဗျာကို သူငယ်ချင်းတယောက်က ကျနော့်ဆီကို ပို့ထားတဲ့ ကဗျာတပုဒ်ပါ။ ကျနော်က ဒီဘလော့ဂ်မှာ တင်ပေးလိုက်ပါတယ်။ ကျနော်သူငယ်ချင်းရဲ့ ကလောင်ကို အလွတ်မရ၊ မသိတာကြောင့် အမည်မသိလို့ လို့ ပေးလိုက်ပါတယ်။ ကြိုက်ကြမယ်ထင်ပါတယ်။

နအဖစစ်အာဏာရှင်ကြီးမှာ

နအဖစစ်အာဏာရှင်ကြီးမှာ ပုဂံရာဇ၀င်ကလို “မင်းကြီးကျန်စစ်သားလို” နာမည်မရှိမှာ ကြောက်လို့ နာမည်တခုလောက်မှည့်ပေးလိုက်ပါတယ်ခင်ဗျာ။

နအဖစစ်အာဏာရှင်ကြီး သန်းရွှေနဲ့ စစ်ဗိုလ်ချုပ်တွေဟာ သူတို့ကိုယ်သူတို့ အရှက်မရှိဘုရင်ခေတ်သို့ ပြောင်းပြီး အစက ပျဉ်းမနားလို့ရှိတဲ့ နာမည်ကို နေပြည်တော်လို့ ပြောင်းပြီး သူများတည်ထားတဲ့မြို့ကို သွားရောက်ပြောင်းပြီး နေထိုင်ကြသတဲ့ကွယ်။ ကျနော်ကတော့ စစ်ဗိုလ်ချုပ်ကြီးသန်းရွှေကြီးကို အောဟုတ်ပါဘူး။ ခဏနေအရှင်မင်းကြီးမခေါ်လို့ အမျက်တော်ထွက်နေပါဦးမယ်။


ဟုတ်ပါပြီး အရှင်မင်းကြီးသန်းရွှေဆိုတော့ အရှင်မင်းကြီးလို့ခေါ်ရာမှာ သန်းရွှေဆိုတဲ့ နာမည်နဲ့မလိုက် ဘူးဗျ။ ဒါဆို အရှင်မင်းကြီးကို နာမည်တခုရှာပေးရမှာပေါ့။ ဒါဆိုရင် ဟိုပုဂံရာဇ၀င်ကြီးကို ပြန်သွားရ အောင်နော်။ ပုဂံရာဇ၀င်မှာဆိုရင်တော့ ကျန်စစ်သားမင်းကြီးဟာ နာမည်ကြီးပေါ့။ ဗိုလ်ချုပ်ကြီးကို လည်း ကျန်စစ်သားမင်းကြီးလို နာမည်ပေးရမှာပေါ့။ အင်းဟုတ်ပါပြီ။ ကျနော်ပဲ စစ်ဗိုလ်ချုပ်ကြီးကို အရှင်မင်းကြီးလို့ခေါ်လို့ရအောင် ပုဂံရာဇ၀င်က ကျန်စစ်မင်းကြီး နာမည်နဲ့ဆင်တူအောင်လို့ နာမည်ရှာ ပေးလိုက်တယ်။ နာမည်ကတော့ ကျန်စစ်သားမင်းကြီး နာမည်နဲ့တော့ နဲနဲတော့ တူတယ်ဗျ။ နာမည် လေးကတော့ “ကျောင်းစစ်သင်” တဲ့ဗျာ။ ဒီနာမည်လေးက ဗိုလ်ချုပ်ကြီးရဲ့ အလွန်ကြီးမှာတဲ့ ဘွဲ့တခုလို့ ကျနော်မှတ်ယူချင်ပါတယ်။ ဟို ဒီဘွဲ့ကတော့ဗျာ ပုဂံရာဇ၀င်က သူရဲကောင်းတွေလို စစ်လည်းမတိုက်ရ ဘူးဗျာ။ ဘာမှမလုပ်ရဘူး။ ထိုင်ပြီးခိုင်းယုံပဲ။ အဲလိုခိုင်းတဲ့ နေရာမှာတော့ အရှင်မင်းကြီး ကျောင်းစစ်သင်ကြီးက အလွန်တော်သတဲ့ကွယ်။ ဒီကျောင်းစစ်သင်ဆိုတဲ့ နာမည်ရဲ့ အဓိပ္ပာယ်ကတော့ လွယ်လွယ်လေးပါပဲ။ အသက်မပြည့်တဲ့ ကျောင်းသားတွေကို ကြမ်းတမ်းတဲ့ စစ်သင်တန်းကြီးကို ခဏ ခဏ မိသားစုတွေ မသိအောင်၊ အများပြည်သူတွေ မသိအောင် ခိုးဖမ်းပြီးသော်လည်းကောင်း၊ ဖြားယောင်သွေးဆောင်ခြင်းဖြင့်သော်လည်းကောင်း သင်ပေးဖို့အတွက် ခိုင်းစေနေလို့ ဒီဘွဲ့ကို ပေးလိုက်ရခြင်းဖြစ်ပါတယ်ဗျာ။ ဟဲ ဟဲ ဟဲ -------

ရှမ်းကလေး

Thursday, August 16, 2007

နိုင်ငံမဲ့တွေ ဖြစ်ရခြင်း


ဘ၀ဟာ
ဖန်ခွက်တလုံးလိုပဲ
ရေထည့်တော့
ပြည့်တဲ့အခါ ပြည့်
လျှံတဲ့အခါ လျှံ
ရေမထည့်တော့လည်း
ခြောက်သွေ့တဲ့အခါ ခြောက်သွေ့
ပြောင်သလင်းကို ခါနေတော့တာပဲ။

ကျုပ်တို့ နိုင်ငံကြီးဟာ..ဒီလိုမဟုတ်
သဘာဝသဃံဇာတပေါကြွယ်ဝတဲ့
နိုင်ငံများထဲက.. နိုင်ငံတနိုင်ငံ
သို့သော်
ဤပြည်ဖွား ခွေးသရမ်းကြီးတွေ
ကြိုးပြတ်သွားတဲ့ နွားသိုးလို
ထင်ရာ စိုင်း၊ မြင်ရာ ပိုင်းနေတော့
ဤပြည်ကြီးက
ဘယ်ခံနိုင်ပါတော့မလဲ။

ပြည်ကြီးသာ မဟုတ်
ပြည်ကြီးသားတတွေ
နွားသိုးတို့ရဲ့
ချို၊ လက်၊ ခြေတွေနဲ့
သရမ်းနေလေတော့
ဆိုးသထက် ဆိုးတဲ့
ဒုက္ခပင်လယ်ထဲ
ကမ်းတင်ရေမျော ဗေဒါဆိုက်နေရပြီ။

အဆုံးမှာ ---
တွေးလိုက်တိုင်း
ဖျက်ခနဲ --- ဖျက်ခနဲ
တပိုင်းတစ ပုံရိပ်လွှာတွေက
ဟို ပြေး၊ ဒီ ရောက်
နှစ်ကာလရှည်ကြာ
ပြည်လည်း မရောက်
အဆုံးကျတော့
ဖြစ်လိုက်ကြတာ နိုင်ငံမဲ့ပဲ။

မာန်လှိုင်းငယ်
၂၀၀၇ ခုနှစ်၊ မေလ

မှောင်ကြီးမည်းကြီး အလင်းရှာသူ

မှောင်ကြီးမည်းကြီး အလင်းရှာသူ

မှောင်ကြီးမည်းကြီး အလင်းရှာသူ

ဘ၀ရဲ့ခရီးအဆုံးက ကမ်းမမြင် လမ်းမမြင်

လောကဓံမုန်တိုင်းရဲ့ ရေဆန် လေဆန်ထဲ

မရဲတရဲနဲ့ လှော်ခတ်ဆန်တက် လာလိုက်တာ --- ။

မှောင်ကြီးမည်းကြီး အလင်းရှာသူ

ဇာတိလှေကို မျက်ရည်မြစ်ထဲ ကြိုးဖြည်လွှတ်ချ

နယ်ပယ်သစ်ဆီ စွန့်ထွက်ခဲ့သူ

ပလူတွေ ဗျိုင်းတွေ ပျံသလို

ဦးတည်ရာမဲ့ ခိုကိုးရာမဲ့ ပျံသန်းနေပုံများ

စိတ်ကိုလောင်မြိုက်စေဖို့ ဖြစ်နေပါပေါ့လား။

မှောင်ကြီးမည်းကြီး အလင်းရှာသူ

ရိုးသားတာ အပြစ်ကင်းစင်တာက လွဲလို့

ဘာဆိုဘာမှ မပိုင်ဆိုင်ကြသူများ

အလင်းကို ရှာ၏၊ အလင်းကား မတွေ့

တနေ့ပြီး တနေ့

နေ့ပေါင်းများစွာ။

မှောင်ကြီးမည်းကြီး အလင်းရှာသူ

ဘ၀ကို ကြက်ပူတိုက်သလို တိုက်ရင်း

ရောင်ကိုင်းလာတဲ့ နိစ္စဒူဝ ညတွေထဲ

သိုးတကောင်လို လည်စင်းခံနေရ

သောကဝေဒနာတွေသာ တောင်စဉ်တောင်တန်းဖြစ်ခဲ့။

အလင်းရှာသူများရဲ့

“We need justice.

We want to go home.” ဆိုတဲ့ စကား

မှောင်ကြီးမည်းကြီး

ဟောဒီ တောကြီးမျက်မည်းထဲမှာ

မုန်တိုင်းဘောင်ဘင်ထအောင် ကြားနေရ

တမိုးလုံးပြည့် ပိန်းပိတ်အောင်မှောင်

လျှပ်ရောင်တွေ ပြိုးပြက်တဲ့ ဒီညမှာ

ဒုက္ခတွေသာ သည်းမိုးသည်းရွာ သွန်းချနေတော့တယ်။

မာန်လှိုင်းငယ်

2007 ခုနှစ်၊ ဇွန်လ (20)ရက်။

ဒီကဗျာကတော့ ရွေ့ပြောင်းအလုပ်သမားများနှင့် ဒုက္ခသည်များ၏ ခံစားနေရတဲ့ ခံစားချက်များအကြောင်းကို ကျနော် ရေးဖွဲ့ထားခြင်းဖြစ်ပါတယ်။

နှလုံးသား နံရံမှာ

နှလုံးသား နံရံမှာ

လက်နဲ့ မရေး

အသက်နဲ့ ရေးတယ် ---

ဆေးနဲ့ မခြယ်

သွေးနဲ့ ခြယ်တယ် ---

ဘယ်တော့အခါမှ

မပြောင်း မလဲ

ထာဝရသစ်လွင်

ပြုံးမပျက်၊ နှလုံးလှတဲ့

မေမေစု ပါတကား။

အချစ်နဲ့ ကွေကွင်း

တမိသားစုနဲ့ ဝေးကွာ

တကိုယ်တည်း အထီးကျန်စံ သူ ---

မေမေစုဟာ

အတ္တကင်းစင်၊ အေးမြအပြုံး

ငြိမ်းချမ်းရေးနဲ့သာ

မြန်မာ ကျော်ကြား

ကမ္ဘာ ကျော်လွှားသည်က

မေမေစုပင်။

သတ္တိသွေးနဲ့

ရဲရဲတောက်တဲ့

ငြိမ်းချမ်းရေး သူရဲကောင်း

မေမေစုသည်

မြန်ပြည်ကြီးရဲ့

အလှပန်းချီကားကို ---

လက်နဲ့ မရေး

အသက်နဲ့ ရေးတယ် ---

ဆေးနဲ့ မခြယ်

သွေးနဲ့ ခြယ်တယ် ---

မေမေစုရဲ့

အကြင်နာတရား

မြန်မာပြည်တလွှား ---

ကမ္ဘာလွှမ်းတော့ ---

ကျနော်တို့ရဲ့

နှလုံးသား နံရံမှာ --- ။

မာန်လှိုင်းငယ်

2007 ခုနှစ်၊ ဇွန်လ (9)ရက်။

မွေးနေ့လက်ဇွဲ့

မွေးနေ့လက်ဖွဲ့

လေထုမရှိတဲ့ နေရာမှာ

အရပ်ရှစ်ခွင်၊ ရှစ်မျက်နှာထဲ

ပြတင်းပေါက်မှာ ထိုင်ကာငေးနေမလား။

လေထုမရှိတဲ့ နေရာမှာ

အဆက်အသွယ်တွေ ဝေး

ကလေးနှစ်ယောက်နဲ့ ခွဲခွာရသူ ---

သူမဟာ

ဝင်ရိုးစွန်းအနောက်မိုးကုတ်ကြား

ငုတ်လျှိုကာ သွားတော့မယ့်

နေ၀င်ချိန်ကိုပဲ လွမ်းမောနေမလား။

လေထုမရှိတဲ့ နေရာမှာ

မေ့မရနိုင်တဲ့ အတိတ်တွေနဲ့

ငြိမ်းချမ်းရေးချစ်တဲ့

မေတ္တာစစ်နဲ့ ကွေကွင်းရတဲ့

တသက်တကျွန်းသမျှ ခံနေရတဲ့

လွမ်းလွမ်းဆွတ်ဆွတ် အထီးကျန်နေသူ ---

သူမဟာ

(62)နှစ်ပြည့် မွေးနေ့ကိန့်တောင် မလှီးနိုင်ရှာ။

သူမအတွက် ---

ကဗျာမမီ။ စာမပီတဲ့

ဒီကဗျာနဲ့

ကျနော် ရေးဖွဲ့ရည်စူး

ငြိမ်းချမ်းရေး ချိုးသံနဲ့အတူ

အကျဉ်းစံအိမ်၊ သံဆူးကြိုးတွေ ကြားမှ

လွတ်မြောက်ကာ မွေးနေ့ကိန့် လှီးနိုင်ပါစေသား ---

မွေးနေ့ လက်ဖွဲ့အဖြစ်

ဆုတောင်းမေတ္တာပို့နေပါတယ် မေမေ။

မာန်လှိုင်းငယ်

(13. 06. 2007)

မေမေစု မွေးနေ့ကို ဂုဏ်ပြုထားတဲ့ ကဗျာပါ။

အမေစုနှင့်အတူ

အမေစုနှင့်အတူ --


အိပ်မက်မဟုတ်ပါ ---

အလှအပတွေနဲ့

ဆင်မြန်းထားတဲ့ စကားလုံးတွေ

မလိုချင်ပါ။

ဒီမှာ ---

ငါတို့လိုချင်တာ

အမေစု လွတ်မြောက်ရေး ---

နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး ပဲ။

ဒီမှာ ---

အမေစုနဲ့ တွေ့၊ ဆုံ၊ ဆွေး၊ နွေးရေး

အမေစုကို ပြန်၊ လွတ်၊ တွေ့၊ ဆုံရေးကိုပဲ

မြင်ချင်တယ်။

မာန်လှိုင်းငယ်

2007 ခုနှစ်၊ ဇွန်လ (4)ရက်။

စကား

အမေ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ ကဗျာတွေကို ကျနော် ဆက်လက်တင်ပေးပါဦးမယ်။ ကျနော် အမေစုအတွက် ရင်ထဲက ခံစားချက်တွေနဲ့ ရေးဖွဲ့ထားတဲ့ ကဗျာတွေပါ။ ကဗျာကောင်းတွေ တော့ မဟုတ်ပေမယ့်။ ကျနော့်ရင်ထဲက စကားတွေကိုတော့ ရေးချထားတဲ့ စကားလုံတွေပါ။ ဒါပေမယ့် ကျနော်ကတော့ ကဗျာလို့ပဲ သတ်မှတ်ပေးလိုက်ပါတယ်ဗျာ။

မာန်လှိုင်းငယ်

ဇူလိုင် အလွမ်းတေး

ဇူလိုင် အလွမ်းတေး

ကမ္ဘာကြီးအပေါ်

ဂြိုးဂြိုး ဂြိမ့်ဂြိမ့်

ဒေါသူပုန်ထ၊ မုန်ယိုအောင် ခြိမ်းပြီး

မှောင်ကြီးမည်းကြီး ရှိနေချိန်

လျှပ်ရောင်ဝင်းလက် ပြိုပျက်နေတယ်။

မကြာ --- အငွေ့အဖြစ် ပျံ့လွှင့်လို့

မိုးလုံးပြည့်အောင်

ထက်အောက်ကောင်းကင်

ကျဲပက်သွန်းကာ မိုးသည်းသည်း ရွာချပါ့မယ်။

ဇူလိုင်မိုးတွေ ---

သည်းသည်းမည်းမည်း သွန်းဖြိုးနေပြီး

အလွမ်းတေးသံ ပျံ့လွှင့်နေချိန်

မျက်ဝန်းအိမ်မှာ

မျက်ရည်မိုးဖြာ ---

ကမ္ဘာကြီးပေါ်

ဇူလိုင် အလွမ်းတေးတွေ ရှာချနေတယ်။

မာန်လှိုင်းငယ်

9. 07. 2007 ခုနှစ်

ကျနော့် စကား

ကျနော့် ကဗျာများကို ဆက်လက်တင်ပေးပါဦးမယ်။ ကျနော် ကဗျာတွေကို ရေးတာ ၀ါသနာပါတယ်။ ဒါပေမယ့် ကဗျာကိုတော့ ကျနော် ကောင်းကောင်းမရေးနိုင်သေးပါဘူး။ ကဗျာတွေကို ကြိုးစားပြီး ရေးတုန်း၊ ဖတ်တုန်းပါပဲ။ အားနည်းတာများ တွေ့ရင် ပြောဆို ဝေဖန်နိုင်ပါတယ်ဗျာ။ ကျနော် လှိုက်လှဲစွာ ကြိုဆိုနေပါတယ်။

မာန်လှိုင်းငယ်

ခရီး



အရုဏ်ကျင်း စ ကတည်းက

လှမ်းခဲ့ရ ခြေလှမ်းတွေ

အစိုးမရ

ဒရစပ် လှမ်းနေရပါလား။

မျှော်လင့်ခြင်း အိပ်မက်များနဲ့

ဒီခရီးဟာ

အနာဂတ် ပန်းတိုင်ကို မျှော်ကြည့်

ရှိမှ ရှိပါလေစ။

နေ့နေ့ ညညဆိုတာ

မသိရှာ၊ မမြင်ရှာတဲ့ ခရီးလား

စမ်းတ၀ါးဝါးနဲ့ အဆုံးအစမဲ့

ဟိုး --- မိုးကုတ်စက်ဝိုင်းတိုင်

အတောမသတ်နိုင်အောင်

လှမ်းနေရမှာ သေချာရဲ့။

ဒီခရီးဟာ

ရုပ်ရှင်ထဲက ပြက္ခဒိန်စာမျက်နှာလို

တစက္ကန့်တိုင်း မျက်စီတမှိတ်တိုင်းမှာ

ပြောင်းရွှေ့ လွင့်မျော သွားနေလိုက်တာ။

ဒီခရီး

မြစ်ရေစီးထဲက အနည်များလို

တဖြည်းဖြည်းချင်း ထပ်

တရွေ့ရွေ့ချင်း ထပ်ပြီး

နုံးမြေထုတောင် ဖြစ် ဖြစ် လာပြီ။

ဒီခရီး

တရစ်ပြီး တရစ်

တနှစ်ပြီး တနှစ်

နှစ်လတွေသာ

ထပ် ထပ် လာလိုက်တာ

‘ဆယ့် ရှစ် နှစ်’ ဆိုတဲ့ ခရီးရှည်ကြီး

ငါ့ရှေ့မှောက်

မခေါ်ပဲ ရောက် ရောက် လာ

မဖိတ်ပဲ ပေါက် ပေါက် လာ

လျှောက်မြဲ လျှောက်ဆဲ ငါ။

မာန်လှိုင်းငယ်

(31. 07. 2006) 5း04 နာရီ

ဒီကဗျာကတော့ ကျနော် ဂျာနယ်တခုမှာ ထည့်ပြီးသွားပါပြီ။ အခု ကျနော် ဒီမှာ ပြန်တင်ထားပါတယ်။

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes