မှောင်ကြီးမည်းကြီး အလင်းရှာသူ
မှောင်ကြီးမည်းကြီး အလင်းရှာသူ
ဘ၀ရဲ့ခရီးအဆုံးက ကမ်းမမြင် လမ်းမမြင်
လောကဓံမုန်တိုင်းရဲ့ ရေဆန် လေဆန်ထဲ
မရဲတရဲနဲ့ လှော်ခတ်ဆန်တက် လာလိုက်တာ --- ။
မှောင်ကြီးမည်းကြီး အလင်းရှာသူ
ဇာတိလှေကို မျက်ရည်မြစ်ထဲ ကြိုးဖြည်လွှတ်ချ
နယ်ပယ်သစ်ဆီ စွန့်ထွက်ခဲ့သူ
ပလူတွေ ဗျိုင်းတွေ ပျံသလို
ဦးတည်ရာမဲ့ ခိုကိုးရာမဲ့ ပျံသန်းနေပုံများ
စိတ်ကိုလောင်မြိုက်စေဖို့ ဖြစ်နေပါပေါ့လား။
မှောင်ကြီးမည်းကြီး အလင်းရှာသူ
ရိုးသားတာ အပြစ်ကင်းစင်တာက လွဲလို့
ဘာဆိုဘာမှ မပိုင်ဆိုင်ကြသူများ
အလင်းကို ရှာ၏၊ အလင်းကား မတွေ့
တနေ့ပြီး တနေ့
နေ့ပေါင်းများစွာ။
မှောင်ကြီးမည်းကြီး အလင်းရှာသူ
ဘ၀ကို ကြက်ပူတိုက်သလို တိုက်ရင်း
ရောင်ကိုင်းလာတဲ့ နိစ္စဒူဝ ညတွေထဲ
သိုးတကောင်လို လည်စင်းခံနေရ
သောကဝေဒနာတွေသာ တောင်စဉ်တောင်တန်းဖြစ်ခဲ့။
အလင်းရှာသူများရဲ့
“We need justice.
We want to go home.” ဆိုတဲ့ စကား
မှောင်ကြီးမည်းကြီး
ဟောဒီ တောကြီးမျက်မည်းထဲမှာ
မုန်တိုင်းဘောင်ဘင်ထအောင် ကြားနေရ
တမိုးလုံးပြည့် ပိန်းပိတ်အောင်မှောင်
လျှပ်ရောင်တွေ ပြိုးပြက်တဲ့ ဒီညမှာ
ဒုက္ခတွေသာ သည်းမိုးသည်းရွာ သွန်းချနေတော့တယ်။ ။
မာန်လှိုင်းငယ်
2007 ခုနှစ်၊ ဇွန်လ (20)ရက်။
ဒီကဗျာကတော့ ရွေ့ပြောင်းအလုပ်သမားများနှင့် ဒုက္ခသည်များ၏ ခံစားနေရတဲ့ ခံစားချက်များအကြောင်းကို ကျနော် ရေးဖွဲ့ထားခြင်းဖြစ်ပါတယ်။



11:44 AM
မာန်လှိုင်းငယ်
Posted in:
0 comments:
Post a Comment