အရုဏ်ကျင်း စ ကတည်းက
လှမ်းခဲ့ရ ခြေလှမ်းတွေ
အစိုးမရ
ဒရစပ် လှမ်းနေရပါလား။
မျှော်လင့်ခြင်း အိပ်မက်များနဲ့
ဒီခရီးဟာ
အနာဂတ် ပန်းတိုင်ကို မျှော်ကြည့်
ရှိမှ ရှိပါလေစ။
နေ့နေ့ ညညဆိုတာ
မသိရှာ၊ မမြင်ရှာတဲ့ ခရီးလား
စမ်းတ၀ါးဝါးနဲ့ အဆုံးအစမဲ့
ဟိုး --- မိုးကုတ်စက်ဝိုင်းတိုင်
အတောမသတ်နိုင်အောင်
လှမ်းနေရမှာ သေချာရဲ့။
ဒီခရီးဟာ
ရုပ်ရှင်ထဲက ပြက္ခဒိန်စာမျက်နှာလို
တစက္ကန့်တိုင်း မျက်စီတမှိတ်တိုင်းမှာ
ပြောင်းရွှေ့ လွင့်မျော သွားနေလိုက်တာ။
ဒီခရီး
မြစ်ရေစီးထဲက အနည်များလို
တဖြည်းဖြည်းချင်း ထပ်
တရွေ့ရွေ့ချင်း ထပ်ပြီး
နုံးမြေထုတောင် ဖြစ် ဖြစ် လာပြီ။
ဒီခရီး
တရစ်ပြီး တရစ်
တနှစ်ပြီး တနှစ်
နှစ်လတွေသာ
ထပ် ထပ် လာလိုက်တာ
‘ဆယ့် ရှစ် နှစ်’ ဆိုတဲ့ ခရီးရှည်ကြီး
ငါ့ရှေ့မှောက်
မခေါ်ပဲ ရောက် ရောက် လာ
မဖိတ်ပဲ ပေါက် ပေါက် လာ
လျှောက်မြဲ လျှောက်ဆဲ ငါ။
မာန်လှိုင်းငယ်
(31. 07. 2006)
0 comments:
Post a Comment