နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Thursday, June 19, 2008

မေမေ ဘယ်လိုနေရှာမလဲ

မာန်လှိုင်းငယ်

မေမေ ဘယ်လိုနေရှာမလဲ

ဒီနေ့၊ ဒီအချိန်
အပြင်ဘက်မှာတော့
အားလုံး၊ အားလုံးသော သားသမီးတွေ
မေမေ့ပုံပါတဲ့ တီရှပ်အင်္ကျီကို ၀တ်ဆင်ထားရင်း
မွေးနေ့ပွဲကို ကျင်းပနေကြလေရဲ့။

ဒီအချိန်မှာ
မေမေ ဘယ်လိုများရှိနေရှာမလဲ …။


မေမေဟာ
ဒီလိုနေ့မျိုးမှာ
အိမ်ပြတင်းပေါက်နံဘေး
ကုလာထိုင်ပေါ် ထိုင်နေရင်း
ကမ္ဘာ့အနှံ့ပြုလုပ်နေတဲ့
မေမေ့မွေးနေ့တွေဆီကို
အာရုံတွေ ဖြန့်လွှတ်ထားလိမ့်မယ်လို့ မြင်မိလေရဲ့။

သည်လိုနဲ့
မေမေ့နှလုံးသားက မပြုံးရယ်နိုင်ခဲ့တာ
ကြာလှရောပေါ့ … ။

ဒါပေမယ့်
မေမေ့အပြုံးတွေက
မိုးတွေရွာတိုင်း "ထ" ပွင့်တဲ့ ပန်းတွေလိုမျိုး
ကမ္ဘာ့အနှံ့ ကြဲပက်ထားလေရဲ့။

လင်းယုန်တောင်ပံလို
တအိအိနဲ့ ရိုက်ခက်ရွေ့လျားနေတဲ့
ပင်လယ်လှိုင်းခက်တွေကြား
ဘယ်သောအခါမှ နစ်မြုပ်သွားမှာမဟုတ်တဲ့
မေမေ့ရဲ့ ရဲရင့်တဲ့သတ္တိသွေးတွေ …
မေမေ့ရဲ့ ငြိမ်းချမ်းခြင်း ဂရုဏာတွေ …
မေမေ့ရဲ့ ပြည်သူနဲ့ နိုင်ငံအပေါ်ထားရှိတဲ့ မေတ္တာတရားတွေ …
အားလုံး …
ရေပြင်ပေါ်မှာ တဖွေးဖွေးနဲ့
ကြယ်တာရာတွေ ထွန်းတောက်လတ်နေသလို
ကမ္ဘာပေါ်မှာ ထာဝရအောင်ပွဲခံနိုင်တုန်း ရှိလေရဲ့။

ဒီနေ့ …
မေမေ့အသက် (၆၃)နှစ်ပြည့်ပါပြီ။

မေမေ …
ပါးရည်တွေ တွန့်နေပါစေ …
မေမေ သက်ကျော်ရာကျော်ရှည်နိုင်စေဖို့
သားတို့ ဒီနေ့ချိန်ခါရောက်တိုင်း
မေမေ့အတွက် မွေးနေ့မင်္ဂလာပွဲကို ကျင်းပရင်း ဂုဏ်ပြုသွားမှာပါ။

ဒီနေ့
မိုးတိမ်တွေက မကြည်လင်
ညို့မှိုင်းမှိုင်း ကောင်းကင်အောက်မှာ
မေမေစု "သက်ကျော်ရာကျော်ရှည်ပါစေ"
မေမေစု "အမြန်ဆုံး လွတ်မြောက်ပါစေ"
"မေမေစုကို ချက်ချင်းလွတ် …
ချက်ချင်းလွှတ်" တခဲနက်ကြွေးကြော်သံတွေ
မေမေ့ကိုချစ်တဲ့ သားသမီးအားလုံးရဲ့
ရင်ထဲကဆန္ဒတွေ
စကြာဝဠာတခွင်လုံး ဘ၀ဂ်ညံလို့
တမိုးလုံး ဟိန်းလျှံတက်သွားခဲ့တယ်
နှလုံးသားချင်း နားလည်ခံစား
မေမေ…ကြားနိုင်ပါစေသား။ ။

မာန်လှိုင်းငယ်
၂၀၀၈ ခုနှစ်၊ ဇွန်လ (၁၉)ရက်။

2 comments:

Yan said...


ဒီနေ့
မိုးတိမ်တွေက မကြည်လင်
ညို့မှိုင်းမှိုင်း ကောင်းကင်အောက်မှာ
မေမေစု "သက်ကျော်ရာကျော်ရှည်ပါစေ"
မေမေစု "အမြန်ဆုံး လွတ်မြောက်ပါစေ"
"မေမေစုကို ချက်ချင်းလွတ် …
ချက်ချင်းလွတ်"
စင်္ကြာဝဠာတခွင် ဟိန်းလျှံသွားလေရဲ့။ ။


အဲဒီ့စာသားလေးတွေကို ကျွန်တော့်ပါးစပ်က အသံထွက်ပြီးတော့ကို ရွတ်ဆိုသွားခဲ့တယ်...

ကဗျာလေးကောင်းတယ်ဗျာ. ခံစားချက်နဲ့ ရင်းပြီး ရေးထားတာ တန်ဖိုးရှိပါတယ်.

မေမေစု ကျန်းမာချမ်းသာပါစေ....

Moe Hlaing Nya said...

ဒီနေ့ ပြူတင်းပေါက်ဘေးက မိုးကောင်းကင် ကို အမေငေးနေမယ် ... လွတ်လပ်တဲ့ကောင်းကင်အောက်မှာ မလွတ်လပ်တဲ့ သူ့ပြည်သူအတွက် အမေ့အသက်၆၃ ဒါပေမယ့် အမေ့စိတ်က နုပျိုဆဲပါ သူ့တိုင်းပြည် သူ့လူမျိုးတွေအတွက် အမေကသစ်လွင်တဲ့အနာဂတ်တွေ ပျိုးထောင်ပေးချင်တယ် အဲဒီမိခင်ကောင်းပေါ့ သူ့လွတ်လပ်မှုကို စတေးခံ လူသားသန်းခြောက်ဆယ်ကို အမှောင်နဲ့နံရံကြားက ဆင်းရဲမှုနဲ့နာကျင်ခြင်းက အမှန်တရားရဲ့လမ်းတွေကို အမေ အသွေးအသက်နဲ့ ထွန်းလင်းပြနေတုန်း အမေကကျွန်တော်တို့ နှလုံးသားကိုနွေးထွေးစေခဲ့တယ် အမေသက်တော်ရာကျော်ရှည်ပါစေ....။

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes