စိမ်းလန်းစိုပြေနေတဲ့ မြေဟာ
တရွေ့ရွေ့နဲ့ အထပ်ထပ် အခါခါ
ယမ်းငွေ့တွေ ဖုံး
ရမ္မက်မုဆိုးတွေ လုံး
မပြုံးနိုင် မပျော်နိုင် ကြာလေပြီလား။
လောဘ ဒေါသ မောဟမီးတွေ အလျံတငြီးငြီး တောက်
ရမ္မက်မီးတွေ တဟုန်းဟုန်း တောက်
အမှောင်တွေ အထပ်ထပ် ဖုံးတဲ့ အ၀ီစိငရဲထဲမှာ
အသက်တွေက အစိုးမရ
ငတ်ပျက်ခေါင်းပါးမှုတွေက အငေါ်ထူးထူး
ကပ်ဘေးအန္တရာယ်တွေက အုပ်စိုးမိုး
ငြိမ်းချမ်းရေးကို သယ်ဆောင်ပေးမဲ့
သံလွင်ခက်နဲ့ ချိုးငှက်ကလေးလည်း
အဝေးဆုံးအဝေးကို ထွက်သွားလေပြီလား။
လူ့ယဉ်ကျေးတွေရဲ့ သမိုင်း
သွေးစက်လှိုင်းတွေ ရိုက်ခတ်
သွေးမုန်တိုင်းတွေ တိုက်ခတ်
သမိုင်းတကွေ့ မော်ကွန်းတင်ဖို့
မှတ်ကျောက်အက္ခရာ ထိုးလိုက်လေပြီလား။
ရုပ်နမ်ဝတ္ထု တိုးတက်မှုနောက် တကောက်ကောက်
သစ္စာတရားတွေ အမှောင်ဖုံး
မေတ္တာတရားတွေ ခေါင်းပါး
ပြည်ဖုံးခါချ အ၀ီစိငရဲထဲ ထိုးဆင်းဖို့ တာစူနေလေပြီလား။
ဘယ်နေ့ ဘယ်အချိန် မပြီးဆုံးနိုင်မယ့်
နာတာရှည် ပြည်တွင်းစစ်ကြီး ဆင်နွှဲ
ဥသြသံလည်း မသာမယာ
ခေါင်းလောင်းသံလည်း မညင်မသာ
လောကရဲ့ အလှတွေ အစား
လောဘရဲ့ အတ္တတွေက ချစားတိုက်စား
အနာဂတ်သမိုင်း ထွန်းလင်းဖို့
ရောင်နီတွေ ဖြာဖြာလင်းစေဖို့
ငြိမ်းချမ်းရေးသမိုင်း စိုက်ထူကြပါတော့လား။ ။
မာန်လှိုင်းငယ်
၂၀၁၀ ခုနှစ်၊ သြဂုတ်လ (၂၀) ရက်။
Friday, August 20, 2010
မပြုံးနိုင် မပျော်နိုင် ကြာလေပြီလား
11:20 AM
မာန်လှိုင်းငယ်
1 comment
1 comments:
ကဗျာပါရမီရှိတဲ့သူပဲလေ..
ကောင်းတာပေါ့..
ငြိမ်းချမ်းရေးကိုတောင့်တမိတယ်..
မသဒ္ဓါ
Post a Comment