နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Monday, August 9, 2010

မိုးစက်များရဲ့ လမ်းပေါ်က အသက်တွေနဲ့ ရက်စွဲများ

၁။
သမိုင်းကို ပြန်လှန်ကြည့်လိုက်တော့
`စ´ကတည်းက `စ´လာလိုက်တာ
တရက်ပြီး တရက်
တလပြီး တလ
တနှစ်ပြီး တနှစ်
တရွက်ပြီး တရွက်
လေမတိုက်ဘဲ
မိုးစက်များရဲ့ လမ်းပေါ်က အသက်တွေနဲ့ ရက်စွဲများ ... ။


၂။
အသေအချာ ပြောနိုင်တာကတော့
အတိတ်နေ့တွေ နိုးထ
မျက်ရည်မိုးတွေ ရွာသွန်း
ခါးသီးမှုတွေ အန်ထုတ်
သွေးညှီနံ့တွေ မပျယ်သေး
နှလုံးအိမ်ရဲ့ ဥကွဲသိုက်ပျက်သံနဲ့အတူ။

၃။
အသေအချာ ပြောနိုင်တာကတော့
ဒီနေ့ ဒီရက် ဒီလ ရောက်တိုင်း
မဖိတ်ခေါ်ဘဲ မိုးစက်တွေ ကြွေ
မတီးဘဲ ခေါင်းလောင်းသံတွေ ညံ
မထွက်ဘဲ ဥသြသံတွေ လျံ
နာကြည်မှုများ အသားကုန် ဖွင့်ထားတဲ့ ညည်းတွားသံနဲ့အတူ။

၎။
အသေအချာ ပြောနိုင်တာကတော့
ရောင်နီများ မထွန်းတောက်နိုင်ခဲ့ပြီ
မီးများလည်း မသာယာနိုင်ခဲ့ပြီ
ဟောဒီ ပြတင်းဝမှာ အသံမဲ့ နရီသံများနဲ့အတူ။

၅။
အသေအချာ ပြောနိုင်တာကတော့
ပြန်ပြောင်းကာ စဉ်းစား ...
အဘိုးက အဖေ့ကို
အတိတ်သမိုင်း လက်ဆင့်ကမ်းခဲ့တယ်
အဖေက သူ့ကို
ရာဇ၀င်ကြွေး လက်ဆင့်ကမ်းခဲ့တယ်
သူက သူ့သားကို
ဘာတွေများ လက်ဆင့်ကမ်းခဲ့ဦးမလဲ
သင်းကွဲ မိခင်များရဲ့ ငိုညည်းသံနဲ့အတူ။

၆။
အသေအချာ ပြောနိုင်တာကတော့
အသားကျူးတဲ့ ရသေ့
ဘုရားစူးတဲ့ မင်းရဲ့ အစွန်းရောက် ယုတ်မာမှု (ကမ်းကုန်)
တချို့
သားသမီးကွဲ ... မယားကွဲ
တချို့
ညီအကိုကွဲ ... မောင်နှမကွဲ
တချို့
အဖေကွဲ ... အမေကွဲ
တချို့
ရှင်ကွဲ ... သေကွဲ
ကွဲကွာ .. ခွဲခွာ .. ကြာခဲ့တာ
ဒီနေ့မှာ ...
အတိတ်သမိုင်းရဲ့ ရာဇ၀င်
ဒီနေ့တိုင် သက်သေထူ
ဤလူ့ဘောင် အကုန်လုံး
ရဲရဲတောက် ခွပ်ဒေါင်းအလံနဲ့အတူ။

၇။
သမိုင်းကို ပြန်လှန်ကြည့်လိုက်တော့
`စ´ကတည်းက `စ´လာလိုက်တာ
တရက်ပြီး တရက်
တလပြီး တလ
တနှစ်ပြီး တနှစ်
တရွက်ပြီး တရွက်
လေမတိုက်ဘဲ
မိုးစက်များရဲ့ လမ်းပေါ်က အသက်တွေနဲ့ ရက်စွဲများ ... ။ ။

မာန်လှိုင်ငယ်
၂၀၁၀ ခုနှစ်၊ သြဂုတ်လ (၈) ရက်။

1 comments:

သဒ္ဓါလှိုင်း said...

ဘယ်တော့မှမပျောက်ပြက်မဲ့သမိုင်းရဲ့သွေးကွက်တွေပေါ့..
ပြည်သူအားလုံးအတွက်အမှန်တရားနဲ့ဒီမိုကရေစီအတွက်
အသက်စွန့်သွားသောသူရဲကောင်းအပေါင်းအား
လေးစားဦးညွှတ်ပါတယ်..။

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes