ရိုးမတောင်တန်းကြီးရဲ့ ကျောက်ကုန်းထက်က အရာများ
အရိုးပေါ်အရေတင် ဖြစ်နေပြီလား
အရိုးအပြိုင်းပြိုင်း ထနေပြီလား အတွေးအမျှင်တန်းနေချိန်
တယောတလက်ကို ထမ်း
တရွေ့ရွေ့ လှမ်းတက်လာတဲ့ ခြေလှမ်းနဲ့
လက်တဖက်က ကလောင်တံ
နောက်တဖက်က စုတ်တံနှင့် ဆေးစက်
သူ ဦးတည်ရာရိုးမပေါ်
အရုဏ်ပျို့ချိန် မနက်ခင်းတခုမှာ ... ။
တယောထိုးဖို့ သံစဉ် မရှိတော့တာလား
ကဗျာသီဖို့ ကာရံ ရှာမရတော့တာလား
ပန်းချီချယ်ဖို့ ရှုခင်းရှုကွက် မမြင်နိုင်တော့တာလား
သူ ငေးငိုင်စွာ ရပ်တန့်နေ ... ။
အဲဒီတမနက်
သူ့ စိတ်က ဘယ်ဆီရောက်နေတာလဲ
ဇွန်လရဲ့ မိုးရေစက်တွေထဲ
တသသနဲ့ လွမ်းဆွတ်
မေမေ များ ...
ဘာကို ဘယ်လို တွေးနေရှာလေမလဲ
တယောက်တည်းတက်တဲ့ မွေးနေ့ပွဲလေးများ ကျင်းပနေလေမလား
မသေချာ ... ။
ဒါပေမဲ့
သားသမီးများစွာ
မရေမတွက်နိုင်တဲ့ ပန်းရောင်စုံ သားသမီးများစွာ
မေမေ့ကို ဂုဏ်ပြုဦးညွှတ်ကြ
အထိမ်းအမှတ်တွေ ပြုကြ
ကမ္ဘာနှင့် အ၀ှမ်း
တခန်းတနား ... ။
သူ ...
မေမေ့ဆီ လွင့်မျော
လေအလျင်ရဲ့ အဟုန်နဲ့အတူ
လေပြေလေညှင်းလေးနဲ့အတူ
မေမေ့ရင်ခွင်ဆီအရောက် တိုးဝှေ့နေရှာပြီ။
ဒီအချိန်မှာ
တယောသံ ညှင်းညှင်းလည်း ထွက်ပေါ်လာ
ကဗျာဖွဲ့သံ တိုးတိုးသဲ့သဲ့ လွင့်ပျံလာ
စုတ်တံချယ်သ ပန်းချီကားတွေ တကားပြီးတကား ထွက်ကျလာ
စဉ်း စား ကြည့်
သူ့ လက်များဟာ ... ။ ။
မာန်လှိုင်းငယ်
၂၀၁၀ ခုနှစ်၊ ဇွန်လ (၄) ရက်
ဒေါ်အောင်ဆန်းစုကြည် (၆၅) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်သို့ ဦးညွတ်ဂုဏ်ပြုလိုက်တဲ့ ကဗျာပါ။
Friday, June 4, 2010
တိုးတိုးသဲ့သဲ့ ပန်းချီကားများရဲ့ တယောသံ
10:10 PM
မာန်လှိုင်းငယ်
1 comment
1 comments:
ရင်ထဲကအာဇာနည်မိခင်ဒေါ်အောင်ဆန်းစုကြည်
ရဲ့(၆၅)နှစ်မြောက်မွေးနေ့မှစပြီးကိုယ်ကျန်းမာ၊
စိတ်ချမ်းသာပါစေလို့ လေးလေးနက်နက် ဆုတောင်း
ပါတယ်.။နောက်မွေးနေ့တိုင်းမွေးနေ့တိုင်းမှာ အမေ
ချစ်တဲ့သားသမီးများစွာနဲ့မွေးနေ့ဆင်နွှဲနိုင်ပါစေအမေ...။
မသဒ္ဓါ
Post a Comment