နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Thursday, May 28, 2009

ပြတင်းပေါက် အပြင်ဘက်ကို ငေးကြည့် … အမေတွေရဲ့ မျက်နှာကို တွေ့ရလိမ့်မယ

မနက်လေနဲ့အတူ
မိုးကောင်းကင်က ဖြာကျလာတဲ့ အလင်းရောင်အောက်
ကောင်းကင်ကြီးကို မော့ကြည့်မိတော့
အဖြူရောင် တိမ်ကလေးတွေ တရွေ့ရွေ့ ပြေးလွှားသွားနေတာကို
ကျနော် ကြည့်ရင်း … ကြည့်ရင်း …
မေမေ … မေမေ ရေ …
ကျနော် … အော်ဟစ်ပြီး ခေါ်လိုက်ချင်တယ်။

မေမေ့ကို သိပ်ချစ်တယ် …
မေမေ့ကို လွမ်းတယ် …
မေမေ့ကို သတိရတယ် …
မေမေ့ကို အောက်မေ့တယ် …
မေမေ့ကို လွမ်းဆွတ်တမ်းတစွာ ထွေးဖက်ထားချင်တယ် … မေမေ။

ကျနော် မှတ်မိတဲ့ သီချင်းစာသားလေးတစ်ကြောင်းကို ပြောချင်ပါတယ်။ ကမ္ဘာကျော် Mary Chapin Carpenter ရဲ့ သီချင်းထဲက စာသားလေးတစ်ကြောင်း ရှိတယ်။
`Sometimes you’re the wind-shield; sometimes you’re the bug’ လေးပါ။
`လောကမှာ လူတွေရဲ့ဘ၀က တခါတရံမှာ ခံနိုင်ရည်အား ကောင်းမွန်တဲ့ လေကာမှန်တစ်ချပ်ပမာ ကြံ့ကြံ့ခံနိုင်သလို၊ တခါတရံတော့လည်း ပျက်စီးလွယ်တဲ့ ပိုးကောင်လေးတမျှပါပဲ´တဲ့။


ဒီစာသားလေးဟာ အရမ်းကို လှပပါတယ်။ အရမ်းအဓိပ္ပါယ်ရှိတဲ့ စာသားလေးပါ။ ဒီစာသားလေးနဲ့ အမေတွေကို တင်စားကြည့်မယ်ဆိုရင် ကျနော်တို့ ဒီစာသားမှာ အမေတွေရဲ့ ဘ၀တွေကို မြင်ကြည့်လိုက်ပါ။ ဘယ်လိုဆိုတာ သိလာလိမ့်မယ်။ ပြောရမယ်ဆိုရင် ကျနော်တို့ရဲ့ အမေတွေဟာ ထာဝစဉ် ခံနိုင်ရည်အား ကောင်းမွန်တဲ့ အမေတွေပါပဲ။ တခဏသာ ပျက်စီးလွယ်တဲ့သူတွေ မဟုတ်သလို သားသမီးတွေအတွက်ဆိုရင် အမေတွေရဲ့ ငိုညည်းသံတွေကို အပြုံးမျက်နှာနဲ့ တိုက်ဖျက်ဖယ်ရှားပစ်လိုက်နိုင်သူတွေပါ။ သားသမီးတိုင်းအပေါ်မှာ အစဉ်ထာသရ တည်မြဲ၊ တည်ရှိပြီး နားလည်မှုအပြည့်အ၀၊ စာနာမှုတွေ အပြည့်အ၀၊ နွေးထွေးမှုတွေ အပြည့်အ၀၊ မေတ္တာတွေ အပြည့်အ၀ ပေးနိုင်စွမ်းရှိတဲ့ အမေတွေပါပဲ။
ဒါကြောင့် လူ့လောကထဲမှာ ရှင်သန်မွေးဖွားပြီး လူလားမြောက်လာကြတဲ့ လူသားမှန်သမျှ မိဘတွေ ဒါမှမဟုတ် အမေတွေအတွက် သားသမီးတိုင်း ကိုယ့်ရဲ့ ရှိသမျှ ဥာဏ်စွမ်းအား ကိုယ်စွမ်းအားနဲ့ တတ်စွမ်းသမျှ ဆောင်ရွက်ပေးသင့်ပါတယ်။
နောက်ပြီး ကျနော်တို့ အတွေးတွေ၊ အိပ်မက်တွေထဲမှာ ရှင်သန်နေတာလည်း အမေတွေပါပဲ။ လက်တွေ့ဘ၀မှာလည်း မှန်ကန်တဲ့ လမ်းညွှန်မှုတွေ၊ ပညာတွေ၊ ဘ၀အတွေ့အကြုံတွေ ပိုမိုပြီး ရှင်သန်ထွားကြိုင်းလာအောင် လုပ်ပေးနေတာလည်း ကျနော်တို့ရဲ့ အမေ၊ အမေတွေပါပဲ။ ဒီအတွက် အမေကိုချစ်တဲ့၊ အမေကို နားလည်စာနာတဲ့၊ အမေ့ရဲ့ မေတ္တာကို သိမြင်တဲ့ သားသမီးတိုင်း သိမှာပါ။
ကျနော်တို့ဆိုတဲ့ သားသမီးတွေဟာ အမေ့အကြောင်း ပြောဆို၊ ရေးသား၊ သီဆို၊ ကုံးဖွဲ့ကြတယ်။ ပြောမကုန်အောင်ကို ပြောဆိုကြတယ်။ တကယ့်တကယ်တမ်း သေချာကြည့်မယ်ဆိုရင် ကျနော်တို့ဆိုတဲ့ သားသမီးတွေဟာ အမေတွေကို `ခိုင်းနှိုင်းဖွဲ့ဆိုကြတာတော့ လွယ်ပေမယ့်၊ အမေတွေရဲ့ တကယ့်အစစ်အမှန် ရင်ထဲက ခံစားချက်၊ ဘ၀တွေကို နားလည်တတ်သိတဲ့၊ မျှဝေခံစားနိုင်တဲ့ သားသမီးတွေက အတော်ကို နည်းပါးပါတယ်။´ ကိုယ်စီကိုယ်ငှ အမေတွေကို ချစ်ကြတာပဲ၊ အမေတွေကို နားလည်တာပဲလို့ တချို့က ပြောဆိုကောင်း ပြောဆိုမှာပါ။ ပြောလည်း ပြောမှာပါ။ ဒါပေမယ့် ကျနော်ပြောခဲ့သလို ကျနော်တို့ဆိုတဲ့ သားသမီးတိုင်း အပြည့်အ၀ မရှိကြသေးပါဘူး။ ရှိခဲ့ကြရင်တောင် အတော့်ကို နည်းပါးသေးတယ်လို့ ကျနော် မြင်ပါတယ်။
ဒါကြောင့်လည်း သားသမီးတွေရဲ့ ဆိုးသမျှ၊ မိုက်ခဲ့သမျှ၊ ပေခဲ့သမျှ ကိစ္စအ၀၀တိုင်းကို အမေတွေဟာ ဒုနဲ့ဒေး ခံစားနေရတယ်။ ဒါပေမယ့် အမေတွေဆိုတာ သားသမီးတွေကို နှစ်နှစ်ကာကာ ချစ်ကြတာကိုး။ ဒါကြောင့် သားသမီးတွေ ဘယ်လောက်ပဲ ဆိုးဆိုး၊ ဘယ်လောက်ပဲ မိုက်မိုက် ဘယ်လောက်ပဲ ပေပေ၊ ဘယ်လောက်ပဲ ကောင်းကောင်း မျှဝေခံစားပြီး မေတ္တာတွေ အပြည့်အ၀ပေးကြတယ်။ နားလည်မှု အပြည့်အ၀ ပေးကြတယ်။ သားသမီးတွေ အရှေ့မှာဆိုရင် အမေတွေဟာ နှုတ်ခမ်းတွေက အမြဲပြုံးနေတာပဲ။ ပီတိမျက်နှာတွေလည်း ထာဝစဉ် ရှိနေတာပဲ။ `မမောနိုင် မပမ်းနိုင်´ဆိုတာမျိုးပေါ့။ တကယ့်တကယ်တမ်းကျရင် အမေတွေ ရင်ထဲမှာ ကြိတ်ခံစားနေရတာကို ဘယ်သူတွေက သိနိုင်မှာလဲ။ အဖေတွေတော့ သိနိုင်ကောင်းရဲ့ပေါ့။ ဒါလည်း အနည်းအကျဉ်းလောက်တော့ သိနိုင်ပါလိမ့်မယ်။ ကျနော်တို့ဆိုတဲ့ သားသမီးတွေဆို ဝေလာဝေးရောပေါ့။ သိနိုင်ဖို့နေနေသာသာ ကိုယ်ဖြစ်ချင်တာ၊ ကိုယ်လုပ်ချင်တာ၊ ကိုယ်သွားချင်ရာကိုပဲ လုပ်နေကြတာကိုး။ စကားပုံတောင် ရှိသေးတာပဲ။ `ခလုတ်ထိမှ အမိတ´ဆိုတာလေ။ ကျနော်တို့ဆိုတဲ့ သားသမီးတွေလည်း အဲဒီအတိုင်းပါပဲ။ ရာခိုင်နှုန်းအရ တွက်မယ်ဆိုရင် ၁၀၀ မှာ ၉၀ က များနေတာပါပဲ။ မိဘ ဒါမှမဟုတ် အမေတွေကို ခွန်းတုံ့မပြန်တဲ့ သားသမီး၊ ခံမပြောတဲ့ သားသမီး ဘယ်မှာရှိနေလို့လဲ။ အနည်းအများပဲ ကွာခြားပါတယ်။ ဒါက ကျနော်မြင်တာကို ပြောတာပါ။ အားလုံးကို သိမ်းကြုံးပြီး ၀ါးလုံးရှည်နဲ့ သရမ်းလိုက်တာတော့ မဟုတ်ပါဘူး။ အမေတွေကို ချစ်တဲ့ သားတစ်ယောက်အနေနဲ့ မြင်ကြည့်တာပါ။
ကျနော်လည်း အမေ့ကို ခံပြောခဲ့ဖူးပါတယ်။ ကိုယ်မှန်တယ်ထင်ပြီး ပြန်ပြောတာပဲ။ ခံပြောတာပဲ။
အမေက `ဒါ မဟုတ်ဘူး´လို့ ပြောတာကို ကျနော်က `ဟုတ်ပါတယ်၊ ဟုတ်ကို ဟုတ်ပါတယ် အမေရဲ့´
ပြန်ပြီးတော့ အော်ခဲ့တာပဲ။ ကောင်းကောင်းမွန်မွန် ပြန်ပြောတာမှ မဟုတ်ဘဲ။ တကယ်ဆိုရင် အမေပြောတာကို ကျနော်က သေချာနားထောင်ပြီးတော့မှ ကောင်းကောင်းမွန်မွန် ပြန်ပြောသင့်တာပါ။ ကျနော် အဲဒီတုန်းက မစဉ်းစားမိပါဘူး။ ကိုယ်လုပ်ချင်ရာကိုယ်ပဲ လုပ်ခဲ့တာကိုး။ ဘယ်မှာ စဉ်းစားမိမှာလဲ။ ဒါပေမယ့် ကျနော် သိနားလည်၊ စဉ်းစားမိလာတဲ့အချိန်က ဘယ်အချိန်လဲ သိလား။ အမေနဲ့ ခွဲခွာရတော့မှ သိလာ၊ စဉ်းစားတတ်လာတာပါ။ အမေနဲ့ သေကွဲခွဲခဲ့ရတဲ့အချိန်ကနေ ကနေ့အချိန်ထိပါပဲ။ အမေကတော့ ကောင်းရာမွန်ရာကို ရောက်နေလောက်ပါပြီ။ ဒါပေမယ့် ကျနော်ကတော့ အခုမှ စဉ်းစားမိနေတုန်းပါပဲ။ အမေ့ကို သတိရလေ၊ အမေ့အကြောင်းကို တွေးနေတဲ့အချိန်တိုင်း အမေ့ကို လွမ်းဆွတ်တမ်းတမိတယ်။ အမေပြောခဲ့တဲ့ စကားတွေကို ပြန်လည်ကြားယောင်နေမိတယ်။ အခု ကျနော် စာရေးနေတဲ့အချိန်ဆို ပိုတောင်ဆိုးပါသေးတယ်။ ရှေးလူကြီးသူကြီးတွေ ပြောခဲ့တာပဲ…
`နောင်တဆိုတာ နောင်မှရတာ မကောင်းဘူး´ တဲ့၊ နောင်တရခြင်းဟာ ကိုယ့်အတွက် တကယ်ဆို မကောင်းပါဘူး။
ဒါကြောင့် ကျနော် အမေတွေကို ချစ်တဲ့ သားသမီးတွေ၊ အမေတွေနဲ့ အတူတူ ရှိနေကြတဲ့၊ ရှိနေတုန်း သားသမီးတွေကို အနူးအညွှတ် ပြောချင်တာတစ်ခုက အမေတွေကို ဘယ်တော့မှ နှုတ်လှန်မထိုးပါနဲ့၊ ခံမပြောကြပါနဲ့၊ အမေတွေကို ကောင်းကောင်းမွန်မွန် ပြောဆိုကြပါလို့ ပြောချင်ပါတယ်။ အထက်မှာ ပြောခဲ့သလိုပဲ နောင်တဟာ နောင်မှရတာ မကောင်းပါဘူး။ ကျနော့်လို အမေနဲ့ ဝေးကွာနေမှ သတိရတမ်းတနေရတာမျိုးလည်း မဖြစ်စေချင်တာ အမှန်ပါပဲ။ ဒါတောင် ကျနော်ဟာ အမေနဲ့ ခွဲခွာခဲ့တာ နှစ်တိုလေးပဲ ရှိပါသေးတယ်။ ( ငါး )နှစ်လေးပါ။ တချို့သော သားသမီးတွေဆို နှစ်သက်တမ်းတွေ များနေကြသူတွေ ရှိပါတယ်။ ဒါပေမယ့် အမေနဲ့ အတူတူ မရှိခဲ့တော့တာ အမှန်ပါပဲ။ အမေနဲ့ အတူနေချင်ပါတယ်ဆိုပြီး အော်ဟစ်တမ်းတနေလို့လည်း ကျနော်တို့အတွက် ဘယ်မှာရနိုင်ပါတော့မလဲ။ တစ်ခုတော့ ဖြေသာတာပေါ့။ ကိုယ့်အနားမှာ အဖေရှိနေသေးတာပဲ။ အမေကတော့ ကျနော့်ရဲ့ နှလုံးသား၊ နှလုံးအိမ်ထဲမှာ၊ ရင်ထဲမှာ၊ ဦးနှောက်ထဲ၊ အသည်းထဲမှာ တည်ရှိနေ၊ ရှင်သန်နေသူပါပဲ။ ကျနော် အမေ့ကို သတိရ လွမ်းဆွတ်ရင်း အမေ ဆုံးပါးကွယ်လွန်သွားတဲ့ (ငါး)နှစ်ပြည့်မှာ ကျနော် အမေ့အတွက် ကဗျာတစ်ပုဒ် ရေးပေးခဲ့ပါသေးတယ်။ အဲဒီကဗျာကတော့ …
`မေမေ့ကို သားတို့ ပြောချင်ပါတယ်´
မေမေ
ဖေဖော်ဝါရီ(၁၄)ဆိုတဲ့ ဒီလ၊ ဒီရက်မှာ
မေမေဟာ သားတို့မောင်နှမတွေကို ခွဲခွာခဲ့တာ (၅)နှစ် ပြည့်ခဲ့ပြီ
မေမေစာ ဖေဖေ့ကို ခွဲခွာခဲ့တာလည်း (၅)နှစ် ပြည့်ခဲ့ပြီပဲ
မေမေ့ကို သားတို့ ပြောချင်ပါတယ်။

မေမေ
မေမေဟာ သားတို့အပေါ် ကျေးဇူးကြီးမား မြင့်မြတ်ခဲ့သူ
မေမေဟာ သားတို့နှလုံးအိမ်ထဲ ထာဝစဉ် ရှင်သန်နေသူဆိုတာ
မေမေ့ကို သားတို့ ပြောချင်ပါတယ်။

မေမေ
မေမေဟာ သားတို့ မျက်စိအောက်က ပျောက်ကွယ်သွားပေမယ့်
မေမေဟာ သားတို့ရဲ့ ရင်ထဲ၊ အသည်းထဲမှာ ထာဝရရှိနေသူဆိုတာ
ဒါကို …
မေမေ့ကို သားတို့ ထပ်လောင်းပြောချင်ပါတယ် … မေမေ။
ဒီကဗျာလေးနဲ့ ကျနော် အမေ့ကို ပြောချင်တာပါ။ အမေကြားအောင်လည်း ပြောချင်ပါတယ်။ ကျနော့်အမေ တစ်ယောက်တည်းအတွက်လည်း ဟုတ်သလို ကမ္ဘာပေါ်မှာရှိတဲ့ အမေတိုင်းကိုလည်း ပြောချင်တာပါ။ ကမ္ဘာပေါ်က အမေတိုင်းကို ကျနော့်အမေနဲ့ ထပ်တူ ဦးထိပ်ထားပြီး ဒီကဗျာလေးနဲ့အတူ ကန်တော့ပါတယ် … မေမေတို့ရေ … ။
အမေနဲ့ ပတ်သက်ပြီး ဆက်ပြောချင်တာတစ်ခု ရှိသေးတယ်။ အဲဒါကတော့ သူငယ်ချင်းတစ်ယောက်နဲ့ သူ့အမေရဲ့အကြောင်း နည်းနည်းလေး ပြောချင်ပါတယ်။ အမေချစ်တဲ့ သားသမီးတိုင်းကိုလည်း မျှဝေပေးချင်တဲ့ ဆန္ဒလေးတစ်ခုပါ။
ကျနော် မှတ်မှတ်ရရပါပဲ။ ကျနော်တို့ ကျောင်းဆင်းချိန်လည်း ဟုတ်၊ ညနေ နေ၀င်မယ့်အချိန်လည်း ဖြစ်တဲ့ ဆည်းဆာရောင် ကောင်းကင်အောက်လေးမှာပါ။ သူငယ်ချင်းနဲ့အတူ ကဗျာ၊ စာတွေရေးဖို့ ချိန်းထားတော့ ကျနော် သူ့ကို ၀င်ခေါ်ဖို့ သူ့အိမ်ထဲဝင်တဲ့ ရှေ့ခွေးခြေမှာ ခြေလှမ်းရုံရှိသေးတယ်။ သူငယ်ချင်းက သူ့အမေကို အော်နေတာ ကြားလိုက်ရတယ်။
သူက အမေလို့တောင် မခေါ်တော့ဘူး။
`ခင်ဗျား ကျနော် ငါးပိတို့စရာ မစားဘူးဆိုတာ သိရက်နဲ့ ဘာဖြစ်လို့ ချက်ထားတာလဲ၊ ဟိုမှာလဲ ကြက်ဥကျော်၊ ဒါလည်း ကျုပ်မစားဘူးဆိုတာ ခင်ဗျားကြီး မသိဘူးလား၊ ဒါနဲ့များ ကျုပ်ကို မွေးထားသေးတယ်၊ ကိုယ့်ကလေး ကြိုက်မကြိုက်ဆိုတာ ခင်ဗျား မစဉ်းစားတတ်ဘူးလား´ တဲ့။
တော်တော်အ၀င်ဆိုးတဲ့ စကားလုံးတွေပါပဲ။ ဘေးနားမှာ အိမ်တွေကလည်း ရှိသေးတယ်။ ကျနော် အဲဒီအချိန်တုန်းက တခဏတော့ လန့်သွားတယ်။ ကြက်သီးမွေးညှင်းတောင် ထခဲ့ရတယ်။ ဒါပေမယ့် ကျနော့်အသိက ဒီကောင့်ကို ခေါ်ဖို့လေ။ ဒါကြောင့် သူ့ကို ၀င်ခေါ်လိုက်တယ်။ ကျနော် သူ့လက်ကို ဆွဲခေါ်ပြီး အပြင်ထွက်ခါနီးမှာ သူ့အမေ ငိုလိုက်တဲ့ အသံတိုးတိုးလေး ကြားလိုက်ရတယ်။ ကျနော်လည်း စိတ်မကောင်းပါဘူး။ အဲဒီတုန်းကတော့ ကျနော်တို့ဟာ အမေတွေကို အလေးထားရကောင်းမှန်း သိပ်မသိကြသေးဘူး။ ကိုယ်လုပ်ချင်ရာကိုပဲ ဇွတ်လုပ်ယူကြတဲ့ ကောင်တွေပဲကိုး။ အမေတွေ ဘာဖြစ်ဖြစ် အသိတရားကို မရကြဘူး။
အဲဒီလိုဖြစ်ပြီး မနက်မှာ ကျနော် သူ့အိမ်ဘက်ကို ရောက်ဖြစ်ပါသေးတယ်။ ကျနော့်မသိစိတ်က အမေတွေကို ချစ်နေပါတယ်။ ဒါကြောင့်လားတော့ မသိဘူး။ အဲဒီအိမ်ဘက်ကို ကျနော် ပြန်ရောက်ဖြစ်သွားတာပါ။ သူ့အမေ ဘယ်လိုများ ဖြစ်နေမလဲ၊ မျက်နှာမကောင်းဖြစ်နေလား စသည်ဖြင့် သို့လော၊ သို့လော အမေးတွေက ပေါ်လာတယ်။ သိချင်တဲ့စိတ်က ၀င်လာတော့ သွားကြည့်မိပါတယ်။ အံ့သြခဲ့ပါတယ်။ သူ့အမေဟာ ပြုံးပြုံးရွှင်ရွှင်နဲ့ အိမ်အလုပ်တွေကို လုပ်နေတယ်၊ ၀င်းဝင်းပပ မျက်နှာလေးနဲ့ပါ။
အခု ဒီအကြောင်း ရေးနေတဲ့အချိန်မှာ ပိုပြီး ကြက်သီးထလာတယ်။ ပိုပြီး ၀မ်းနည်းလာတယ်။ အမှန်အတိုင်းပြောရရင် ဒီကောင့်ကိုလည်း ကျနော် ခုနေချိန် အနားမှာ ရှိနေရင်တော့ လက်သီးနဲ့ အားကုန်ထိုးမိမှာပဲ။ ဒီကောင်ဟာ ကျနော့်သူငယ်ချင်း မှန်ပေမယ့် တော်တော်ကို ရိုင်းစိုင်းတဲ့ကောင်ပါပဲ။ ကျနော် ယူကြုံးမရ ဖြစ်ရပါတယ်။ ကျနော့်အမေကို ကျနော် အဲဒီလောက်ထိ မရိုင်းခဲ့ပေမယ့် သူငယ်ချင်းက ရိုင်းခဲ့တာကို ပြန်အမှတ်ရမိတော့ အမေအတွက် အတော့်ကို ၀မ်းနည်းရပါတယ်။ အဲဒီအချိန်တုန်းက သူ့အမေ ဘယ်လောက်ထိအောင် ကြိတ်ခံစားနေရမယ်ဆိုတာ အခုလိုအချိန်မှာ ပြန်တွေးကြည့်ရင် ကျနော့်စိတ်တွေ ခြောက်ခြားခဲ့ရပါတယ်။ တကယ်လို့များ ငါသာ သူ့နေရာမှာဆိုရင် ဒီလိုအချိန်မှာ အမေရှိနေရင် ငါ ဘယ်လိုများ အမေ့ကို မျက်နှာပြရမလဲလို့ပေါ့။ အဲဒီလို ကျနော် တွေးမိတော့ ကြောက်ခဲ့တာ အမှန်ပါ။ အဲဒီအကြောင်းတွေ ထိုင်ရေးနေရင်း အမေ့ကို ကျနော် ပိုပိုချစ်လာတဲ့သား ဖြစ်ချင်လာပါတယ်။ ဒါပေမယ့် လွန်ခဲ့ပါပြီ။
ဒါကြောင့် အမေကို ချစ်ကြတဲ့ သားသမီးတိုင်း၊ အမေနဲ့အတူ ရှိနေကြတဲ့ သားသမီးတိုင်း ကိုယ့်ရဲ့အမေတွေကို ကျနော့်သူငယ်ချင်းလိုမျိုး မလုပ်ကြပါနဲ့။ နောင်တချိန်မှာ ကိုယ်ဟာ ဘာဖြစ်သွားမလဲဆိုတာ မသိပါဘူး။ ကိုယ့်ရဲ့အမေတွေကတော့ သားသမီးတွေ ဆိုးမိုက်ပေတေပေမယ့်၊ ရိုင်းခဲ့ပေမယ့် အပြုံးမျက်နှာလေးနဲ့ ခွင့်လွှတ်ပြီး မေတ္တာတွေ၊ နွေးထွေးမှုတွေ၊ အကြင်နာတရားတွေ၊ ယုယမှုတွေ အထပ်ထပ် ပေးနေဦးမှာ ဖြစ်ပါတယ်။
ဒီအတွက် ကျနော်လည်းပဲ တခြားသော အမေတွေကို ကိုယ့်ရဲ့အမေနဲ့ထပ်တူ ဦးထိပ်ထားပြီး တတ်အားသရွေ့ ကူညီသွားမှာပါ။ ကြိုးစားသွားမှာပါ။ ဒါကြောင့် ကျနော့်မေမေကို ကျနော် ဒီနေရာက ဦးထိပ်ထား ဦးချကန်တော့ရင်း မေမေ့ကို ပြောချင်ပါသေးတယ်။
မေမေ ...
မေမေ ရှိခဲ့စဉ် အချိန်တုန်းက သားဟာ အပူအပင်ကင်းစွာ၊ မကြောင့်မကြ နေထိုင်ခဲ့၊ စားသောက်ခဲ့ရသူပါ။
မေမေ ...
မေမေ ရှိခဲ့စဉ်အခါကလည်း ကျနော်တို့ ညီအစ်ကို မောင်နှမ သားသမီးတွေအပေါ်မှာ မေမေဟာ ခွင့်လွှတ်သည်းညည်းခံနိုင်စွမ်း၊ နားလည်စာနာစွာ၊ ကြင်နာယုယစွာ မေတ္တာတွေ ဖြန့်ကျက်ပေးခဲ့တဲ့ မေမေပါ။
မေမေ ...
နောက်တစ်ခုရှိသေးတယ် မေမေရဲ့...
ကမ္ဘာပေါ်မှာရှိတဲ့ မိခင်တိုင်း၊ မေမေတိုင်းဟာ သားသမီးတွေရဲ့ တုနှိုင်းမဲ့ မေတ္တာရှင် သူရဲကောင်းတွေပါ။ မေမေလည်း သူရဲကောင်းတွေထဲက သူရဲကောင်းတစ်ဦးပါပဲ ... မေမေ။
ပြတင်းပေါက် အပြင်ဘက်ကို ငေးကြည့်တဲ့အခါ အမေတွေရဲ့ မျက်နှာကို မြင်ရလိမ့်မယ် ... ။

မာန်လှိုင်းငယ်
၂၀၀၉ ခုနှစ်၊ မေလ (၁၆)ရက်။

1 comments:

Ta'ang Laday said...

ဒါဆိုရင် စိမ်းအိပ်ရာနိုးတိုင်း ပြတင်းပေါက်အပြင်ကို အရင်ဆုံးငေးကြည့်မယ်နော်။ အမေရှိတယ်ဆိုတဲ့ စိတ်နဲ့ပေါ့။ ဒီကဗျာလေးကို တင်ပေးတဲ့အတွက်ကျေးဇူးအရမ်းတင်တယ်နော် ။ ဒါပေမယ့်အမေ့ကို ပိုလွမ်းလာသလိုပဲ။။

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes