နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Thursday, January 1, 2009

လူထုစိန်ဝင်းနှင့် ရေကြည်ရာမြက်နုရာ

မေးမြန်းသူ - အေးအောင်
ဖြေဆိုသူ - လူထုစိန်ဝင်း

လူထုစိန်ဝင်းနှင့် ရေကြည်ရာမြက်နုရာ

လူငယ်ထုအပေါ်အမြဲလိုလို ကောင်းရာကောင်းကြောင်း အကြံပြုရေးသား တင်ပြပေးနေသည့် ဆရာလူထုစိန်ဝင်းနှင့် ရေကြည်ရာမြက်နုရာရှာကြသူ မြန်မာလူငယ်များအကြောင်း မေးမြန်းဖြစ်ခဲ့သည်များကို ...

ယခုတစ်ပတ် ဖော်ပြပေးလိုက်ပါသည်။ အသက်(၆၈)နှစ် ရှိနေပြီဖြစ်သည့် ဆရာလူထုစိန်ဝင်းသည် ကျန်းမာရေး အခြေအနေအရ နေအိမ်၌ပင် အေးအေးလူလူနေထိုင်ကာ စာပေများရေးသားရင်း လူငယ် များအတွက် စိတ်အာဟာရကို မွန်မြတ်သောစေတနာ၊ ကရုဏာဖြင့် ဖြည့်တင်းပေးလျက်ရှိကြောင်း လျှပ်တစ်ပြက်သတင်းဂျာနယ် စာမျက်နှာပေါ်မှ ဤသို့ချပြလိုက်ရပါသတည်း။


ဒီလူငယ်တွေ ပြည်ပကိုထွက်ခွာ အလုပ်လုပ်ကြတော့ သူတို့မှာ အဆင်ပြေတာလည်း ရှိတယ်။ တချို့ကျတော့ ဟိုနိုင်ငံသားခံယူလိုက်တာ လည်းရှိတယ်။ ဒီကိုပြန်လာတာလည်း ရှိတယ်ပေါ့ဆရာရယ်။ ဒီကအခြေအနေနဲ့ သူနဲ့မကိုက်လို့ဆိုပြီး ပြန်ထွက်လာတာလည်း ရှိ တယ်။ ဒီအပေါ် ဆရာဘယ်လိုဝေဖန် အကြံပြုလိုပါသလဲ။
ဆရာက အနှစ်(၂ဝ)ကျော်လောက် အင်္ဂလိပ်စကားပြော သင်တန်းဖွင့်ခဲ့တာကိုး။ နိုင်ငံခြားသွားချင် တဲ့ လူငယ်တွေတင်မကဘူး လူလတ်ပိုင်းလည်းပါတယ်။ လုပ်ငန်းခွင်ထဲ ရောက်နေတဲ့သူတွေ၊ အင်ဂျင် နီယာ၊ ဆရာဝန်တွေပါ ဆရာ့ကျောင်းမှာ လာတက်ကြတော့ အများကြီးတွေ့ခဲ့ပါတယ်။ သွားကြတဲ့ အထဲမှာ အလုပ်အကိုင်ကြောင့် သွားကြတဲ့ သူတွေနဲ့တော့ ဆရာနဲ့သိပ်မရင်းနှီးဘူး။ အဲဒီဟာတော့ ဆရာသိပ်မပြောတတ်ဘူး။ ပညာသင်ဖို့သွားကြတဲ့သူတွေ အကြောင်း ဆရာကပိုပြီးများများသိတယ်။
လူငယ်တွေ နိုင်ငံခြားသွားတာဟာ ဆရာကတော့ ကောင်းတဲ့လက္ခဏာလို့ပဲ မြင်တယ်။ ဒီလိုသွားမှ သူများနိုင်ငံတွေရဲ့ ကောင်းတာတွေလည်း သိလာတယ်။ မကောင်းတာလည်းသိလာတယ်။ မျိုးချစ်စိတ် ရှိတယ်ဆိုတာ နှိုင်းယှဉ်ချက်ရှိမှ မျိုးချစ်စိတ်ရှိတာ။ သူများနိုင်ငံတွေ ကောင်းတာတွေမြင်ရသလို၊ မကောင်းတာတွေလည်း မြင်တတ်ရမယ်။ အလားတူ ကိုယ့်နိုင်ငံရဲ့အားသာချက်၊ အားနည်းချက်တွေ လည်းသိလာမယ်။ အဲဒီလို နှိုင်းယှဉ်ပြီးသိတဲ့အခါမှ တို့လူမျိုးက ဘယ်လောက် ချစ်စရာကောင်းသလဲ၊ တို့လူမျိုးကဘယ်လောက် ယဉ်ကျေးမှု အဆင့်အတန်း မြင့်မားသလဲဆိုတာ သိလာမယ်။ အဲဒီကျမှ မျိုးချစ်စိတ်ဆိုတာ ပေါ်ထွက်နိုင်လာမယ်။ ဒီအတိုင်းနေလို့ မျိုးချစ်စိတ်ဆိုတာ ထွက်မလာဘူး။ ဒါကြောင့် မို့ နိုင်ငံခြားကိုသွားတယ်၊ လာတယ်ဆိုတာ ဆရာ့အနေနဲ့ သဘောကျတယ်။ ဆရာအနှစ်(၂ဝ)သင်ခဲ့ဖူး တော့ လူငယ်တွေဘာဖြစ်လို့ နိုင်ငံခြားသွားချင်သလဲဆိုတော့ ဆရာတွေ့သလောက်တော့ နိုင်ငံခြားကို အထင်ကြီးပြီး သွားချင်တဲ့သူကတော့ အင်မတန်နည်းပါတယ်။ မြန်မာလူငယ်လေးတွေ သွားချင်ကြ တယ်ဆိုတာ များသောအားဖြင့်မိဘကို လုပ်ကျွေးချင်လို့၊ ကျေးဇူးဆပ်ချင်လို့၊ ဒီအင်မတန်မွန်မြတ်တဲ့ ရည်ရွယ်ချက်ကလေးနဲ့သွားကြတာ။ ဆရာ့ကျောင်းမှာ တက်တော့ လူအများစုကလည်း ပညာတတ် လူငယ်တွေများတယ်။ အနိမ့်ဆုံးဆိုလည်း ဆရာက ဆယ်တန်းအောင်မှ လက်ခံတာကိုး။ ပညာတတ် တွေအများစု နိုင်ငံခြားကိုရောက်သွားပြီးတော့ မြန်မာလူမျိုးတွေ ဒုက္ခရောက်တယ်ဆိုတာ အင်မတန် နည်းပါတယ်။ မရှိသလောက်ရှားပါတယ်။ ရောက်တဲ့နေရာမှာ မြန်မာလူမျိုးဟာ အဆင်ပြေအောင် နေ တတ်၊ ထိုင်တတ်၊ လုပ်တတ်၊ ကိုင်တတ်တယ်။ နောက်တစ်ခါ မြန်မာလူမျိုးရဲ့ ပညာအဆင့်အတန်းက အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆိုရင်အများကြီးကိုသာပါတယ်။ အထူးသဖြင့် အင်္ဂလိပ်စာနဲ့ ပတ်သက်လို့ပေါ့။ ဂျပန်နဲ့ယှဉ်မလား။ ကိုရီးယားတွေနဲ့ ယှဉ်မလား။ ဒီနားက ယိုးဒယားတို့ ဘာတို့ဆိုထည့်မပြောနဲ့တော့။ ထိပ်တန်းရောက်နေတဲ့ တရုတ်၊ ဂျပန်၊ ကိုရီးယားတို့နဲ့ယှဉ်ရင် အင်္ဂလိပ်စကားပြော၊ အင်္ဂလိပ်စာဖတ် နားလည်တဲ့နေရာမှာ မြန်မာက အဲဒီလူတွေထက် သုံး၊ လေးဆလောက်သာတယ်။
အဲဒီတော့ မြန်မာလူမျိုးဟာ ဘယ်နိုင်ငံပဲရောက်ရောက် ဒုက္ခမရောက်ကြတော့ဘူး။ ဒါကြောင့် လူငယ်တွေ သွားတာဟာ မိဘကျေးဇူးဆပ်ချင်လို့ သွားကြတာဖြစ်တဲ့အတွက် ဒုက္ခလည်း သိပ်မရောက် ကြပါဘူး။ ဆရာကတော့ အဲဒါကို ကောင်းတယ်လို့ပဲမြင်တယ်။ အလုပ်အကိုင်ကြောင့် သွားတဲ့လူတွေ နဲ့တော့ ဆရာကသိပ်မရင်းနှီးဘူး။ တစ်ဆင့်စကား တစ်ဆင့်နားနဲ့ မလေးရှားမှာ ဘယ်လောက် ဒုက္ခ ရောက်တယ်။ ထိုင်းမှာ ဘယ်လောက်အနှိမ်ခံရတယ် ဆိုတာတွေတော့ ကြားနေရတာပေါ့လေ။ ကိုယ်တွေ့မဟုတ်တော့ ဒါတွေတော့ဆရာသိပ်မပြောတတ်ဘူး။

ဒီလိုဆို ကော်လာဖြူနဲ့ပတ်သက်ပြီးပဲ ဆရာပိုအကျွမ်းဝင်တယ်ပေါ့နော်။
ဟုတ်တယ်။ ဆရာက ပညာတတ်လူတန်းစားနဲ့ပဲ ပိုရင်းနှီးတယ်။

နိုင်ငံခြားက မိတ်ဆွေတစ်ယောက် ပြောပြတာက စင်ကာပူက အိုင်တီလောကမှာ မြန်မာ ပညာရှင်ပေါင်း အခုဆိုရင်အယောက်(၃ဝဝ)ကျော်လောက်ရှိပါပြီ။ အဲဒီပညာရှင်(၃ဝဝ)ကျော် က ပြန်မွေးထုတ်ပေးရင် ကျောင်းသားပေါင်း တစ်သိန်းလောက်ထပ်ထွက်လာမယ်။ ဒါပေမဲ့ အဲဒီလူတွေက မြန်မာပြည်ပြန်လာမှာလား ဆိုတော့ ပြန်မလာချင် ကြသေးတာ များတယ်တဲ့။ အဲဒီအခြေအနေအပေါ် brain drain ဖြစ်တယ်လို့ယူဆလို့ရမလား။
ဒီ brain drain အကြောင်းကတော့ ဆရာမကြာခဏရေးဖူးပါတယ်။ အခုလိုပညာတတ်တွေ နိုင်ငံခြား ထွက်ကုန်တာ မကောင်းဘူးဆိုတာ ဆရာရေးဖူးပါတယ်။ brain drain အကြောင်း ဆရာ ခဏခဏရေးတယ်။ သူများတွေ မရေးတာတွေတောင် ဆရာရေးတယ်။ brain dry ဆိုတာ သူများနိုင်ငံ တွေမှာ brain drain ပြဿနာပဲရှိတယ်။ ဆရာတို့မှာကျတော့ brain တွေက dry ဖြစ်ကုန်တယ်။ ကိုယ့်အတတ်ပညာနဲ့ ကိုယ်လုပ်ကိုင်မစားရဘဲ ကိုယ်သင်ထားတဲ့ပညာကတခြား၊ အလုပ်ကတခြား ဆိုတော့ ဦးနှောက်တွေ ခြောက်ခမ်းကုန်တယ်။ အဲဒါကြောင့် brain dry ပြဿနာဆိုပြီး ဆရာရေးခဲ့ဖူး တယ်။ နောက်တစ်ခုက နိုင်ငံခြားထွက်သွားပြီးတော့ ပြန်မလာကြဘူးဆိုတာ အပိုင်းနှစ်ပိုင်းရှိတယ်။ တစ်ပိုင်းကတော့ ကိုယ့်တိုင်းပြည်၊ ကိုယ့်ယဉ်ကျေးမှုကို မချစ်တတ်တဲ့သူ။ နောက်တစ်ပိုင်းက စီးပွားရေး အခြေအနေအရ မိဘကိုလုပ်ကျွေးချင်တယ်၊ ကျေးဇူးဆပ်ချင်တယ်။ နိုင်ငံခြားမှာရှာဖွေလို့ရလာတာ လေးနဲ့ မိဘကိုကျေးဇူးဆပ်ချင်တာကြောင့် ပြန်မလာတာတစ်ပိုင်းရှိတယ်။ ကိုယ့်တိုင်းပြည်ကိုမချစ်လို့ ပြန်မလာတဲ့ သူဆိုတာ ဆရာအတွေ့အကြုံအရအင်မတန်နည်းပါတယ်။

အခွင့်သာရင်တော့ သူတို့ပြန်လာကြမယ်လို့ ဆိုလိုတာလားခင်ဗျ။
လာကြပါတယ်။ ဆရာ့ကျောင်းသားတပည့်တွေဆို အများကြီးပြန်လာ ကြတာရှိပါတယ်။

နောက်တစ်ခုက ဒီမှာဖြစ်တဲ့ ကိစ္စတစ်ခုက လူငယ်တချို့က အမြင်လွဲတာမှာ ဆယ်တန်း အောင်ပြီးရင်လည်း ရန်ကုန်မှာ ကုမ္ပဏီဝန်ထမ်းလုပ်လည်း မားကတ်တင်း၊ စာရေးလောက် နဲ့ပဲ ပြီးမယ်ဆိုပြီး ရှာကြံလို့ရတဲ့ ငွေလေးနဲ့ စင်ကာပူ၊ မလေးရှားစသည်ဖြင့်ထွက်ကြတယ်။ သူတို့ဟာ ဒီကသင်ပေးလိုက်တဲ့ပညာကို တန်ဖိုးမထားတတ်တဲ့ သဘောလေးတွေ ဆောင်လာ ကြတယ်။ အဲဒါကို ဆရာဘယ်လိုသုံးသပ်မိလဲ။
နိုင်ငံခြားသွား၊ ပင်ပင်ပန်းပန်းကြိုးစားရှာကြတာ။ ဥပမာ ဂျပန်နိုင်ငံမျိုးကို လူတွေကသိပ်ပြီး အားကျ နေတယ်။ ဂျပန်ရောက်တဲ့ သူကတကယ်ဆိုရင် သိပ်သနားဖို့ကောင်းတယ်။ နေ့အလုပ်၊ ညအလုပ်နှစ်ခု လောက်ခွဲလုပ်ရတယ်။ ဒါမှလည်း မိဘဆီပိုက်ဆံပို့နိုင်ရှာမှာ။ နေ့အလုပ်က ပြန်လာရင် အဝတ်အစား တောင်မလဲနိုင်ဘူး။ အဲဒီအဝတ်နဲ့ထိုးအိပ်ရတယ်။ အိပ်ရာနိုးတာနဲ့ပဲ ချက်ချင်း အလုပ်ပြေးရတယ်။ အဲဒီ လိုပြေးလွှားနေကြရတာ။ ဒီကလေးတွေ အပင်ပန်းခံပြီး သွားလုပ်တာမှာ သူတို့တွေချည်းပဲ အပြစ်တင် လို့မရဘူး။
တစ်ခါတုန်းက ဆရာရေးဖူးတယ်။ 'မြန်မာတွေဖျင်းတယ်၊ ပျင်းတယ်၊ ညံ့တယ်'လို့ဆိုပြီး တချို့မှား ပြောလေ့ရှိတာရှိတယ်။ ဆရာကရေးလိုက်တာမှာ ''တစ်နာရီကို (၆)ဒေါ်လာပေးပြီး ခိုင်းကြည့်ပါလား၊ မြန်မာတွေပျင်းသလား၊ အလုပ်ခိုကပ်သလားသိရအောင်''လို့။ အဲဒီလိုကိုရေးဖူးတယ်။ မြန်မာပြည် လောက်နေလို့ထိုင်လို့ကောင်းတဲ့နိုင်ငံ အစားအသောက်အတွက် ထမင်းငတ်မှာ မပူရဘူး။ ဆရာတို့ မြန်မာပြည်က မချမ်းသာရင်သာရှိမယ်။ ထမင်းငတ်တယ်ဆိုတာ ဘယ်ခေတ်ကမှမရှိခဲ့ဘူး။ ဖက်ဆစ် ဂျပန်လက်အောက်မှာ နေတုန်းကတောင် ထမင်းမငတ်ခဲ့ဘူး။ အဲဒီလိုနိုင်ငံမှာ ဗြဟ္မစိုရ်တရား ဆိုတာ လည်း မဆိတ်သုဉ်းသေးဘူး။ မေတ္တာ၊ စေတနာကို တန်ဖိုးထားနေကြတုန်းပါ။ နယ်ကနေ ရန်ကုန်က ဆွေမျိုး အိမ်မှာကျောင်းတက်၊ ပညာသင်ဆိုတာ မြန်မာပြည်မှာဘဲ လုပ်လို့ရတယ်။ နိုင်ငံခြားမှာ ဒီလို လုပ်လို့မရဘူး။
မြန်မာပြည်လောက် နေလို့ကောင်းတဲ့နိုင်ငံဟာ ကမ္ဘာမှာမရှိသလောက် ရှားပါတယ်။ ဘယ်သူမှ နိုင်ငံခြားမထွက်ချင်ဘူး။ ထွက်ပြီးရင်လည်း တစ်သက်လုံး ဘယ်သူမှဟိုမှာမနေချင်ဘူး။ ပြန်လာချင် တာပဲ။
ဒီကအလုပ်ရှင်တွေ၊ ကုမ္ပဏီတွေက သူများနိုင်ငံပေးသလို တစ်နာရီ (၆)ဒေါ်လာ၊ (၇)ဒေါ်လာ ပေးပြီးခိုင်းကြည့်ပါလား။ ဘယ်သူမှမထွက်ပါဘူး။ အခုစာရေးဆရာတွေလည်း ရေးကြ၊ အလုပ်ရှင်တွေ လည်း ပြောကြတာမှာ ''မြန်မာတွေပျင်းတယ်၊ ခိုကပ်တယ်''တဲ့။ နောက်ပြီးတော့ စင်ကာပူဟာဖြင့် ဘယ်လောက်ထိ သန့်ရှင်းတယ်၊ နိုင်ငံတကာစံချိန်မီ ဘယ်လိုအလုပ်လုပ်ကြတယ်။ ဘယ်လောက် ကြိုးစားကြတယ်လို့ ဆိုကြတယ်။ အလုပ်လုပ်တဲ့နေရာမှာ နိုင်ငံတကာစံကိုမပြောပါနဲ့။ အဲဒီလိုဆရာပြော ချင်တယ်။ အဲဒီလို နိုင်ငံတကာ စံနဲ့ပေးမယ်ဆိုရင် ဆရာပြောရဲပါတယ်။ မြန်မာလူမျိုး ဘယ်သူမှ နိုင်ငံ ခြားမှာ သွားမလုပ်ဘူးလို့။ ရှေးတုန်းက ဆရာတို့ဟာ အင်္ဂလိပ်လက် အောက်မှာနေခဲ့ရတယ်။ သွားချင် လည်း လွတ်လွတ်လပ်လပ်သွားလို့ရတယ်။ ဘယ်နိုင်ငံသွားသွား။ အိန္ဒိယဆိုရင် အိမ်ဦးနဲ့ ကြမ်းပြင် ကူးလို့ရတယ်။ အဲဒီလို လွတ်လွတ်လပ်လပ် သွားလို့ရတဲ့ခေတ်မှာတောင် မြန်မာလူမျိုးတွေ ဘယ်နိုင်ငံ မှဒီလောက် မသွားခဲ့ဘူး။ အိန္ဒိယ၊ တရုတ်ကလူတွေ ဒီမှာလာပြီး ကူလီလာလုပ်ကြတယ်။ သင်္ဘောသား ဆိုရင်လည်း မြန်မာလူမျိုးတွေ မလုပ်ခဲ့ဘူး။ သင်္ဘောသားဆိုရင် ခေါ်တော ကုလားတွေပဲလုပ်တာ။ ဒါကြောင့် ဆလင်တို့ဘာတို့ဆိုတဲ့ စကားတွေဟာ ကုလားစကားတွေ။ မြန်မာတွေမလုပ်တဲ့ ပင်ပင် ပန်းပန်း အလုပ်တွေကို ကုလားတွေပဲလာလုပ်ခဲ့တာ။

တရုတ်ပြည်ဆိုရင် သူ့ပညာတတ်တွေကို သူပြန်စုနိုင်ခဲ့တယ်လို့ဆိုပါတယ်။
သူများနိုင်ငံကို သခင်ကြီးခေါ်ချင် သူတွေကတော့ အင်္ဂလိပ်လက်အောက် နေခဲ့စဉ်ကရှိခဲ့လို့ အခုလည်းရှိနေတယ်။ မြန်မာချင်းစကားမပြောချင်ဘူး။ မြန်မာလူငယ်အများစုမှာ အမေကျော် ဒွေးတော် လွမ်းတဲ့စိတ်မရှိပါဘူး။ ဒါကိုတော့ ဆရာပြောရဲတယ်။

အဲဒီတော့ ပြည်ပရောက် ပညာတတ်လူငယ်တွေကို အချိန်မရွေး ပြန်စုစည်းနိုင်မယ့် အနေအထားရှိလား။
အချိန်မရွေးစုစည်းနိုင်ပါတယ်။ ဆရာရဲရဲပြောရဲပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဆရာကိုယ်တိုင် အနှစ်(၂ဝ)ကျော် နိုင်ငံခြားသွားတဲ့သူတွေကို ဆရာစာသင်တာကိုး။ ဆရာ့တပည့်တွေကို နေ့တိုင်းထိ တွေ့ နေရတော့ကောင်း ကောင်းသိတယ်။ ဘိုရူးရူးပြီးသွားတဲ့သူအင်မတန်နည်းပါတယ်။ အများစုက ပညာသင်ဖို့နဲ့ နောက်တစ်ခုက မိဘအလုပ်အကျွေးပြုချင်လို့ နိုင်ငံခြားထွက် ပိုက်ဆံရှာတာပါ။

Wednesday, December 31, 2008

တူတူပျော်ပျော်

မာန်လှိုင်းငယ်

ကဲ … …
နှစ်သစ်ကို ကြို၊ လူတွေ ပျော်ဖို့
နွှဲလိုက်ရအောင်၊ ဒီညမှာပေါ့
တူတူပျော်ပျော်၊ ယှဉ်ကာတွဲကာ။


ဝိုင်းကြီးပတ်မယ်၊ မီးပုံနံဘေး
ဆိုကြမယ် ဟေ့၊ သီချင်းကို ကွယ်
တူတူပျော်ပျော်၊ ခုန်ကာကကာ။

ဝိုင်းထိုင်လိုက်မယ်၊ မီးပုံနံဘေး
ဂီတာကို တီး၊ လူတွေ မူးလို့
တူတူပျော်ပျော်၊ အော်ကာဟစ်ကာ။

ကဲ … …
အားလုံး အတူ၊ အော်လိုက်ရအောင်
ဝမ်း တူး သုံး …
`ဟတ်ပီး နယူး ရီးရား´၊ `၂ ၀ ၀ ၉´
`ဟတ်ပီး နယူး ရီးရား´၊ `၂ ၀ ၀ ၉´။

ကဲ … …
နှစ်သစ်ရောက်ပြီ၊ နိုးထကြစို့
နှစ်သစ်မနက်၊ ပျော်မြူးကြဖို့
သူငယ်ချင်းတို့ … … ။ ။

၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာလ (၃၁)ရက်။

Tuesday, December 30, 2008

မနက်ဖြန်ဆိုတာ ညတညပဲ ခြားတယ်

မာန်လှိုင်းငယ်

အနှစ်နှစ်ဆယ် …
ကျစ်ကျစ်လျစ်လျစ် ဆုပ်ကိုင်ပြဖို့
ခါးသီးနာကျင်မှုတွေ အပြည့်ပဲရှိတယ်။


အနှစ်နှစ်ဆယ် …
သံလွင်ခက်နဲ့ ဂျိုးဖြူငှက်လည်း
အမှန်တရားနှင့် ငြိမ်းချမ်းမှုရဲ့ သင်္ကေတအဖြစ် ရှိနေမြဲ။

အနှစ်နှစ်ဆယ် …
နာဂစ်ခြေဖ၀ါးအောက်
ကူပါ … ကယ်ပါ …
တစာစာ အသံတွေလည်း
ဝပ်တွားခယခဲ့ရပြီးပါပြီ။

အနှစ်နှစ်ဆယ် …
ကောက်ရိုးအဆွေးတွေ ပြာကျဖို့
လောင်ကျွမ်းမှု ခလုတ်ကို
တချို့က မျက်လုံးမှိတ် ရှာနေတုန်း
တချို့က စမ်းတ၀ါးဝါး ရှာနေတုန်း
တချို့က တတ်သုတ်ရိုက် နှိပ်နေတုန်း
တချို့က ပင်ပန်းမောဟိုက်စွာ နှိပ်နေတုန်း
တချို့က ရဲဝံ့ပြတ်သားစွာ ထိနေတုန်း
တချို့က ယုံကြည်ခိုင်မာစွာ ထိနေတုန်း
တချို့က စတေးခံ ရင်ဆိုရင် ခလုတ်ကို နှိပ်လိုက်နိုင်တယ်။

အနှစ်နှစ်ဆယ် …
ခါးသီးမှုတွေ
နာကျင်မှုတွေ
သက်သာယာ။ သက်သာကြောင်း
အဆိပ်ပါတဲ့ရေကို မသိကျိုးကျွံ သောက်သုံးနေတယ်။

အနှစ်နှစ်ဆယ် …
ဘယ်လောက်ပဲ အသွားထက်ထက်
ဘယ်လောက်ပဲ အဆိပ်ပြင်းပြင်း
ယုံကြည်ရဲမှ
ရင်ဆိုင်ရဲမှ
တောက်ခံနိုင်မှ
အမှန်တရားရဲ့ နေခြည်ဟာ ပေါ်လာမှာပါ။

အနှစ်နှစ်ဆယ် …
ထပ်မံပြီး
လူငယ်တို့ရဲ့ လက်၊ ခြေဖ၀ါးဟာ
မာကျောလာတယ်
ခိုင်မှာလာတယ်
ရဲဝံ့လာတယ်
ပြတ်သားလာတယ်
ကိုယ့်လက်၊ ကိုယ့်ခြေဖ၀ါးကို ငုံ့ကြည့်စရာတောင် မလိုတော့ပါဘူး။

အနှစ်နှစ်ဆယ် …
လူငယ်များရဲ့ ရင်ထဲအသဲထဲ
ဘ၀နဲ့ချီပြီး ခါးသီးမှုတွေ ပြည့်သိပ်လာတာနဲ့အမျှ
တဆတ်ဆတ်နဲ့ အန်ကျလာဖို့ ၀န်မလေးတော့ပါဘူး။

အနှစ်နှစ်ဆယ် …
ကုန်လွန်ခဲ့တဲ့ အိပ်မက်တွေလည်း
ထပ်မံ ရှင်နိုင်ဖို့ …

လူငယ်တို့ရဲ့ လက်၊ ဖြေဖ၀ါးကို ယုံကြည်ရဲမယ်ဆိုရင်
မနက်ဖြန်ဆိုတာ ညတညပဲ ခြားသလို
အနာဂတ်ဆိုတာလည်း တစ်မနက်ပါပဲ။

2008 ခုနှစ်။ ဒီဇင်ဘာလ (29)ရက်။

Friday, November 28, 2008

မိတ်ဆွေ ဘယ်လဲ ဘာလဲ

မာယာအွန်လိုင်းမဂ္ဂဇင်းဘလော့ဂ်ကနေ တဆင့် ကူးယူဖော်ပြလိုက်ခြင်းဖြစ်တယ်။ ဒီနေရာမှာ ကလစ်လိုက်ပါ။ ကျနော် ဆရာလူထုစိန်ဝင်းရေးတဲ့ ဆောင်းပါးလေးတွေကို တတ်နိုင်တလောက်တော့ ပြန်တင်ပေးချင်လို့ပါ။ ကိုယ်တိုင်လည်း ကြိုက်နှစ်သက်တာကြောင့်လည်း ပါ ပါတယ်၊

မိတ်ဆွေ ဘယ်လဲ ဘာလဲ

လူထုစိန်ဝင်း

မိတ်ဆွေ....
သင့်အိမ်ထဲကို တဖက်ခြံက မွေးကင်းစမြွေပွေးတကောင် တိုးဝင်ရောက်ရှိလာတယ်ဆိုရင် သင်ဘာလုပ်မလဲ။အမိဝမ်းဗိုက်က ထွက်လာ ကာစကလေး သနားပါတယ်ဆိုပြီး နို့တိုက်မွေးမြူထား မလား။
ဒါမှမဟုတ်။ တနေ့နေ့မှာ ကိုယ့်အိမ်က ကလေးတွေကို ကိုက်သတ်မယ့် အန္တရာယ် ကောင်လေးလို့ သဘေထားပြီး ရိုက်သတ်ပစ်လိုက် မ လား။
မြွေပွေးလေးတကောင်မဟုတ်ဘဲ၊ မျက်လုံးကလေးတောင် ကောင်းကောင်း မဖွင့်တတ် သေးတဲ့ မွေးကင်းစ ကြောင်ငယ်ကလေးတ ကောင်ကို တွေ့လိုက်ရမယ်ဆိုရင်တော့ မိတ်ဆွေ ဘာလုပ်မလဲ။


ဒီ ဒုတိယမေးခွန်းကို မိတ်ဆွေဘယ်လိုဖြေမယ်ဆိုတာ လူတိုင်းဆဝါး မိနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘယ်လို လူသားမျိုးမဆို ကြောင်သတ္တဝါကို ရွံတတ်မုန်းတတ်သူ ဖြစ်စေအုံးတော့ မွေးကင်းစ သနားစရာ သတ္တဝါလေးတကောင် တကျီကျီ တကျာကျာနဲ့ အော်မြည်နေတာကို မြင်တွေ့လိုက်ရရင် သနားဂရုဏာ သက်ဝင်ပြီး ရင်ခွင်ထဲပွေ့ ပိုက်ထား မိကြမှာ။ နို့ရှာပြီး တိုက်မိကြမှာချည့် ဖြစ်လို့ပါ။ ပထမမေးခွန်းရဲ့ အဖြေကို ဆဝါးမိဖို့ကြတော့ သိတ်မလွယ်လှပါဘူး။ ဘာကြောင့်လဲဆိုတော့ ဖြေတဲ့လူရဲ့ အတွေးအခေါ်ကို လိုက်ပြီး အဖြေ အမျိုးမျိုး ထွက်လာနိုင်လို့ပါ။
မိတ်ဆွေဟာ မြွေပွေးဆိုတာ ကြီးကြီးငယ်ငယ် မြွေပွေးပဲ။ အဆိပ်နဲ့၊ အစွယ်နဲ့၊ လူကို သေစေအန္တရာယ်ဖြစ်စေတဲ့ သတ္တဝါပဲလို့ တွေးမိမယ်ဆိုရင် ကျောက်တုံးကြီးကြီးတတုံးယူပြီး ထုသတ်လိုက်မှာပါ။
မိတ်ဆွေဟာ မြွေပွေးကို မြွေပွေးလို့မတွေးပဲ မွေးကင်းစ သနားစရာ သတ္တဝါ ကလေးတခု အဖြစ်နဲ့သာ တွေးမိမယ်ဆိုရင်တော့ နို့တိုက်ပြီး မွေးမြူထားမိမှာပါ။
မိတ်ဆွေဟာ မြွေပွေးကို မြွေပွေးလို့တွေးမိပေမယ့် လတ်တလော အန္တရာယ် မဖြစ်စေတာရယ်၊ ဘေးလူတွေက ရက်စက်ကြမ်းကြုတ်သူ တဦးရယ်လို့ အထင်ခံရမှာ စိုးရိမ် တာရယ်ကြောင့် တုတ်ကလေး တချောင်းနဲ့ ကော်ပြီး နီးရာချုံပုတ်တခု ထဲပစ်ထည့်လိုက်မိ ပါလိမ့်မယ်။
မိတ်ဆွေ....
သင် ဘယ်လိုတွေးပြီး ဘယ်လိုလုပ်မလဲ။
မိတ်ဆွေ....
သင်ဟာ ရိုးရိုးလူသာမန်တဦး မဟုတ်ပဲ၊ စာတိုပေစ အဖတ်အရှု အလေ့အလာ ဝါသနာ ထုံသူတဦး ဖြစ်နေမယ်ဆိုရင် ပြီးတော့ မြန်မာပြည်မှာနေပြီး မြန်မာစကားပြောတဲ့ မြန်မာလူမျိုး တဦး ဖြစ်နေမယ်ဆိုရင် မေးခွန်းကို ပုံစံပြောင်းပြီး မေးကြည့်ပါရစေ။
ဒီနေ့ မြန်မာစာပေနယ်အတွင်းကို မျက်မှောက်ခေတ် မြန်မာပြည်သူတွေရဲ့ ဖြစ်ပေါ် တိုးတက်မှုအဆင့်၊ ပကတိအခြေအနေတို့နဲ့ နည်းနည်းလေးမှ မအပ်စပ်တဲ့၊ ဖြစ်တည်မှု ပဓါနဝါဒတို့၊ ကပ်ဖကာဝါဒတို့၊ ဆာရီယယ်ဝါဒတို့စတဲ့ စိတ္တဇစာပေ အယူအဆဝါဒ အမျိုးမျိုး တွေ၊ ကာလလရေကြည် သန္ဓေတည်အောင် အစွမ်းကုန်ကြိုးစားအားထုတ် နေကြတာ တွေကို.....

မိတ်ဆွေ ဘယ်လိုတွေးပြီး ဘယ်လိုလုပ်မလဲ။
ဒီ စိတ္တဇ စာပေဝါဒတွေကို သွတ်သွင်းလာကြခြင်းဟာ ပြည်သူပြည်သားတွေ အထူး သဖြင့် လူငယ်လူရွယ်လေးတွေကို မိမိတို့ရဲ့ ပကတိ အခြေအနေမှန်ကို မျက်ခြည်ပြတ်သွား အောင် တမင်တကာ ရည်ရွယ်ချက် ရှိရှိနဲ့ မျက်စိထဲ သဲပက်ပြီး လမ်းလွှဲကို ဆွဲခေါ်သွားဖို့ လုပ်ဆောင်နေပါလားလို့ ရှုတ်ချမလား။
ဒါမှမဟုတ် စာပေတို့ အနုပညာတို့ဆိုတာ ပုံသဏ္ဍာန် အမျိုးမျိုးရှိနေအောင် ဆန်းသစ် တီထွင်နေကြရတာဖြစ်တယ်။ ဆန်းသစ်တာ မှန်သမျှ အားလုံးကို လက်ခံရမယ်လို့တွေးပြီး၊ အဲဒီ စိတ္တဇအယူဝါဒတွေကို ကြိုဆိုထွေးပိုက်ထားမလား။
ဒါမှမဟုတ် သမိုင်းအချိုးအကွေ့တခုကို ကြုံကြိုက်တဲ့အခါတိုင်း အခါတိုင်းမှာ လှိုင်းဂယက်ကလေးတွေ ထတတ်မြဲ ဖြစ်တယ်။ နောင်ကျတော့လဲ အချိန်က ဆုံးဖြတ်သွား ပါလိမ့်မယ်။ သမိုင်းက သက်မှတ်ပေးသွားပါလိမ့်မယ်။ ဒါမျိုးတွေဟာ လက်ဖက်ရည်ပန်းကန် ထဲမှာကျတဲ့ မုန်တိုင်းလောက်သာရှိပါတယ်။ ဘာမှ ကြီးကြီးကျယ်ကျယ် အန္တရာယ် မပြုနိုင်ပါ ဘူး။ ဒါကြောင့် ဘာမှဝင် ရှုတ်ချတားဆီးတာတွေ လုပ်ဖို့မလိုပါဘူး လို့တွေးပြီး ကိုယ်ထိုးမြဲ တယောလေးကိုပဲ အေးအေးဆေးဆေး ဆက်ထိုးနေလိုက်မလား။

မိတ်ဆွေ
သင်ဘယ်လိုတွေးပြီး၊ ဘယ်လိုပြောမယ်ဆိုတာ ဘယ်သူမှ သိထားနိုင်မယ် မဟုတ်ပါ။ ဘာကြောင့်လဲဆိုတော့ သင့်ရဲ့အဖြေဟာ သင်ဘယ် နေရာက ရပ်ကြည့်နေသလဲဆိုတဲ့ အပေါ်မှာတည်နေလို့ပါ။
လူတယောက်ရဲ့ အမြင်ဆိုတာ သူရပ်ကြည့်နေတဲ့နေရာ အပေါ်မှာတည်ပြီး ဖြစ်လာရ တာပါ။ အဲဒီအမြင်ကို အခြေခံပြီးမှ သူ့အတွေး၊ သူ့ဆုံး ဖြတ်ချက်တို့ ဖြစ်ပေါ်လာရပါတယ်။
အဲဒါကြောင့် မိတ်ဆွေရဲ့ အတွေးနဲ့ မိတ်ဆွေရဲ့ အဖြေကို ဘယ်သူမှ မှန်မှန်ကန်ကန် သိထားနိုင်စွမ်း ရှိမယ်မဟုတ်ပါဘူး။ ကျွန်တော်လည်း မသိထားနိုင်ပါဘူး။
ဒါပေမယ့် ဒီမေးခွန်းသုံးခု မေးဖို့ဖြစ်လာရတဲ့ အခြေခံအကြောင်းတရားတွေ အကြောင်း ကိုတော့ ကျွန်တော်ရှင်းပြနိုင်ပါတယ်။ အဲဒီအခြေခံ အကြောင်းတရားတွေကို ဆင်ခြင်သုံးသပ် ကြည့်ပါ။ လေးလေးနက်နက် တွေးကြည့်ပါ။ ရှေ့ကိုလှမ်းမျှော်ကြည့်သလို အတိတ်ကိုလည်း ပြန်သုံးသပ် ကြည့်ပါ။ လတ်တလော ပစ္စုပ္ပန်မျက်မွေးတထောက်ကလေးကိုသာ မကြည့်ဘဲ မျက်စိတဆုံး ထိမျှော်ကြည့်လိုက်ပါ။ ပြီးတော့ မိတ်ဆွေကိုယ်တိုင်ရဲ့ အတွေးအမြင်အသိနဲ့ ကြိုက်သလို ဆုံးဖြတ်ပြီး အဖြေထုတ်လိုက်ပါ။ အဲဒီအဖြေဟာ ကျွန်တော်နဲ့ သဘောထား ကိုက်ညီတဲ့ အဖြေဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ မညီပေ မတူပေမယ့်လည်း မိတ်ဆွေရဲ့အဖြေက အငှားတွေး၊ အငှားမြင်၊ အငှားသိကပေါ်ထွက်လာတဲ့ သူများရဲ့ခေါင်းထဲက အတွေးကို မိတ်ဆွေရဲ့ အငှားပါးစပ်က ပြောပေးတဲ့ အဖြေမဟုတ်ပဲ မိတ်ဆွေရဲ့ ကိုယ်တိုင်အတွေး၊ ကိုယ်တိုင်အမြင်၊ ကိုယ်တိုင်အသိက ပေါ်ထွက်လာတဲ့ အဖြေဖြစ်တယ်ဆိုရင် ကျွန်တော် လေးစားပါတယ်။ တန်ဖိုးထားပါမယ်။ လက်ခံသင့်တဲ့ အဖြေလို့ထင်ရင်လည်း ကျွန်တော့်အဖြေကို ကြက်ခြေခတ်ပစ်လိုက်ပြီး မိတ်ဆွေရဲ့အဖြေကို ပြောင်းလဲလက်ခံပါ့မယ်။
အမှန်တရားကို ရှာကြတဲ့အခါမှာ မျက်စိကိုဖွင့် နားကိုစွင့်ထားဖို့ လိုအပ်တယ်လို့ ကျွန်တော်ခံယူပါတယ်။
ကဲ အခု ကျွန်တော် မေးခွန်းသုံးခု ပေါ်ထွက်လာစေတဲ့ အခြေခံအကြောင်းတရားကို ရှင်းပြပါရစေ။
ဒီနေ့ မြန်မာစာပေလောကမှာ လက်ချိုးရေတွက်ရင် လက်နှစ်ဖက်တောင် ပြည့်အောင် မရှိတဲ့ လူတစုက မြန်မာပြည်သူတွေရဲ့ ပကတိ အခြေအနေကို လုံးဝမျက်ကွယ် ပြုထား ရုံသာမက လူငယ်လူရွယ်လေးတွေ အားလုံးကိုပါ ပကတိအခြေအနေကို မျက်ခြည်ပြတ်သွား အောင် ရည်ရွယ်ချက်ရှိရှိနဲ့ အနောက်နိုင်ငံတွေက ဗုံမဟုတ်ပတ်မဟုတ် စိတ္တဇစာပေ အယူအဆတွေ သွတ်သွင်းပေးနေကြပါတယ်။ သူတို့သွတ်သွင်းလာတဲ့ စာပေအယူအဆ ဆိုတာတွေဟာ တကယ်တော့ တိုးတက်ပါတယ်လို့ နာမည်ကောင်း ယူချင်ပြီး တိုးတက်တဲ့ သူတွေရဲ့ အလုပ်မျိုးကို မလုပ်နိုင်တဲ့၊ မလုပ်ရဲ့တဲ့၊ အချောင်သမားတွေရဲ့ ဆင်ခြေလုံးတွေသာ ဖြစ်ပါတယ်။ အတ္တသမားတွေရဲ့သမားဂုဏ်ပြဝါဒတွေသာ ဖြစ်ကြပါတယ်။
ဒါတွေကို တချို့က လူငယ်တွေရဲ့အသံလို့ လွဲမှားစွာ ထင်မှတ်နေကြပါတယ်။ လူငယ်တွေကို တီထွင်ခွင့်တွေပေးကြပါ။ ဆန်းသစ်ခွင့်တွေ ပြုကြပါ။ လူငယ်တွေရဲ့ လွတ်လပ်တဲ့ ဆန္ဒပြုသံတွေကို ပိတ်ပင်တားဆီးမလုပ်ကြပါနဲ့ ဆိုတဲ့စကားမျိုးတွေလဲ ပြော တတ်ကြပါတယ်။ လူငယ်၊ လူငယ်နဲ့သာပြောနေကြတာ ဘယ်လိုလူငယ်လဲဆိုတာတော့ ခွဲခွဲခြားခြား မပြောကြပါဘူး။ ဂျာမဏီနိုင်ငံမှရှိတဲ့ တူရကီ လူမျိုးတွေရဲ့ အိမ်တွေကို လိုက်ပြီးမီးရှို့နေတာ၊ တအိမ်သားလုံး ကလေးတွေပါမကျန် မီးလောင်တိုက်သွင်းနေတာစတဲ့ လုပ်ရပ်မျိုးတွေကို လုပ်နေတဲ့ နာဇီ လက်သစ် လူငယ်မျိုးတွေလား။
အမေရိကန်နိုင်ငံမှရှိတဲ့ လူမည်းဘုရားရှိခိုးကျောင်းတွေကို မီးလိုက် ရှို့နေကြတဲ့ ကေသုံးလုံးဂိုဏ်းသား လူငယ်မျိုးတွေလား။
ဂျပန်ပြည်ထဲမှာရှိနေတဲ့ ပါကစ္စတန်နိုင်ငံသားတွေ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေကို မော်တော်ဆိုင်ကယ်တွေနဲ့လိုက်တိုက်၊ ချိန်းကြိုးတွေနဲ့ရိုက် လုပ်နေကြတဲ့ Hell's Angels လမ်းသရဲဂိုဏ်းသား လူငယ်မျိုးတွေလား။
ဒီလိုလူငယ်မျိုးတွေကိုတော့ ကျွန်တော်တို့ အားမပေးနိုင်ပါဘူး။ တီထွင် ဆန်းသစ်တယ် ဆိုတိုင်းလည်း မထောက်ခံသင့်ပါဘူး။ အနုမြူဗုံးတို့၊ ဓာတုဗေဒနဲ့ အဆိပ်ငွေ့ဗုံးတို့၊ ရောဂါပိုးမွှားဗုံးတို့၊ နပန်းလောင်မီးဗုံးတို့ စတဲ့ တီထွင်မှုတွေကို ကျွန်တော်တို့ ထောက်ခံကြ ရမှာလား။ ဆန်းတိုင်း၊သစ်တိုင်း ထွင်တိုင်းလည်း ကောင်းတာမဟုတ်ပါဘူး။ လူသားတွေကို အကျိုးရှိစေတဲ့၊ ဆန်းသစ်တီထွင်မှုမျိုးသာ လိုလားအပ်ပါတယ်။
လူသားတွေရဲ့ ဦးဏှောက်ကို အဆိပ်ကျွေးတဲ့၊ အယူအဆမှန်သမျှ၊ ဝါဒမှန်သမျှ၊ လုပ်ရပ်မှန်သမျှ ရှုတ်ချကြရပါမယ်။ ကိုယ့်တယောလေး ကိုယ်ထိုးပြီး အေးအေးနေမယ်ဆိုရင် တော့ အဆိပ်ပင်လေးတွေ တနေ့တခြား ကြီးထွားလာပါလိမ့်မယ်။ မြွေပွေးလေးက မြွေပွေးကြီး ဖြစ်သွားပါ လိမ့်မယ်။ မြွေပွေးကြီးကနေ မြွေပွေးလေးတွေ အရာအထောင် ဖြစ်သွားပါ လိမ့်မယ်။
အဲဒီ အခြေခံအကြောင်းတရားတွေကြောင့် ကျွန်တော်ရဲ့ မေးခွန်းသုံးခု ပေါ်ထွက်လာရ တာပါ။
ဒီအခြေခံ အကြောင်းတရားတွေကို နက်နက်နဲနဲ ဆင်ခြင်ပြီး မေးခွန်းတွေကို ဖြေကြည့်လိုက်ပါ မိတ်ဆွေ။
မှန်တာနဲ့ မှားတာ၊ တရားတာနဲ့ မတရားတာတို့မှာ ကြားဆိုတာ မရှိပါဘူး။ ဓမ္မနဲ့ အဓမ္မတို့ မှာလည်း ကြားဆိုတာ မရှိပါဘူး။
ကဲ..... မိတ်ဆွေ......
ဘယ်လိုတွေးပြီး ဘယ်လိုလုပ်မလဲ။

လူထုစိန်ဝင်း။
မဏ္ဍိုင် မဂ္ဂဇင်း။ ၁၉၉၇၊ ဂျူလိုင်လ။

(မော်ဒန်လက်ဖက်ရည်ပန်းကန်ထဲက မုန်တိုင်းငယ်နှင့် အခြားဆောင်းပါးများ စာအုပ်၊ ပထမအကြိမ် ၁၉၉၉၊ စာမျက်နှာ ၈၁ မှ ကူးယူဖော်ပြပါတယ်)

Tuesday, October 28, 2008

နန္ဒောပနန္ဒနဂါးချွတ်တော်မူပုံ

ကျနော် ဆောင်းပါးတပုဒ်ကို တင်ပေးလိုက်ပါတယ်။ ဘလော့ဂ်မှာ စာမတင်တာ ကြာနေတော့ သူငယ်ချင်းတွေက ပြောနေကြတယ်။ အထူးသဖြင့် ကျနော်အခင်မင်ရဆုံးသူငယ်ချင်း တယောက်ကိုလည်း အားနာတာနဲ့ အမြဲအားပေးနေတဲ့ သူငယ်ချင်းလေးပါ။ အခု အဲဒီအတွက် တောင်းပန်တဲ့အနေနဲ့ စာတင်ပေးလိုက်ပါတယ်။ ကိုယ့်ကိုယ်ပိုင်စာတော့ မဟုတ်ပါဘူး၊ အီးမေးထဲကို ပို့လာပေးတဲ့ စာပါ၊ ဆရာကြီးလူထုစိန်ဝင်းရဲ့ စာပါ၊ မေတ္တာအကြောင်းကို ရေးဖွဲ့ ထားတဲ့ စာပါ၊ ဒီစာကို ဖတ်ရင်းနဲ့ သူငယ်ချင်းအားလုံး။ အချစ်ရဆုံးသူငယ်ချင်းကို ပေးဖတ်ချင်တာနဲ့ တင်ပေးလိုက်ပါတယ်။ အားလုံးပဲ ဒီဆောင်းပါးကို ဖတ်ပြီးကြသူတွေလည်း ရှိမှာပါ၊ ဒါပေမယ့် ကျနော် ပြန်တင်ပေးလိုက်တယ်ဗျာ၊ အားလုံး မေတ္တာထားခြင်းသည်း ကိုယ့်ကိုယ်လည်း မေတ္တာရောင်ပြန်သက်ရောက်လာပါလိမ့်မယ်ဗျာ၊


နန္ဒောပနန္ဒနဂါးချွတ်တော်မူပုံ
လူထုစိန်ဝင်း

''မေတ္တာ''ဆိုတဲ့ခေါင်းစဉ်နဲ့ စာတစ်ပုဒ်ရေးပေးဖို့လူငယ်တစ်ယောက်က မေတ္တာရပ်ခံလာပါတယ်။မေတ္တာ နဲ့ပတ်သက်တဲ့ စာရေးဆရာအသီးသီးရဲ့အမြင်များကို လုံးချင်းစာအုပ် ထုတ်ချင်လို့ပါလို့ဆိုပါတယ်။ စာမူတွေစုံသလောက်ရှိနေပြီမို့ ရုံးတင် တော့မှာလို့လည်းပြောတာကြောင့် သွက်သွက်ကလေးရေးပေးရမယ့် သဘောဖြစ်ပါတယ်။လူငယ်များကို တတ်စွမ်းသမျအားပေးနေကျဖြစ်တဲ့အတိုင်း ရေးပေးပါမယ်လို့ကတိပေး လိုက်ပါတယ်။


ရှာမှရှားတဲ့စိတ်ဓာတ်
ကတိသာပေးလိုက်တာ။ရေးဖို့တော့ တော်တော်လက်တွန့်ပါတယ်။အကြောင်းရာကလေးနက်လွန်း လေတော့ မရေးခင် အများကြီးချင့်ချိန်ရတယ်။ဘာသာတရားမှာ အလေးအနက်မွေ့လျောတဲ့ဘိုးဘွား မိဘများရဲ့အဆုံးအမအောက်မှာ ကြီးပြင်းခဲ့ရ တာဖြစ်တာကြောင့် မေတ္တာ၊ ကရုဏာ၊ စေတနာဆိုတဲ့စကား များကို ငယ်စဉ်ကတည်းက ရင်းနှီးယဉ်ပါးခဲ့ပါတယ်။ လေးလေးနက်နက်လည်း တန်ဖိုးထားခဲ့တယ်။ဒီစကား သုံးလုံးနဲ့ မြန်မာလူမျိုးတို့ရဲ့ဂုဏ်သိက္ခာ၊ ကမ္ဘာအလယ်မှာ ထင်ရှားဝင့်ကြွား နိုင်ခဲ့တာကိုလည်း သတိပြုမိတယ်။နိုင်ငံခြားသားများရေးတဲ့ မြန်မာအကြောင်း စာအုပ်တိုင်းလိုလိုမှာ မြန်မာလူမျိုးတို့ရဲ့''မေတ္တာ၊ စေတနာ၊ ကရုဏာ''တို့ဟာ ရှာမှရှားဆိုရလောက်အောင်ကို ထူးခြားမြင့်မြတ်လှကြောင်းရေးကြတာတွေကို တွေ့ရလေ့ရှိတယ်။
ခါးခါးသည်းမုန်းခဲ့ပေမယ့်
အထူးသဖြင့် စစ်အတွင်းကာလက စစ်ပြေးခေါ်ရာစစ်သားတွေရဲ့ ကုလားလူမျိုးတွေကို လမ်းခရီးတစ် လျောက်မှာရှိတဲ့ မြို့တွေရွာတွေက မြန်မာလူမျိုးများက ရက်ရက်ရောရောကျွေးကြမွေးကြစောင့်ရှောက်ကြ တာတွေကို အနောက်နိုင်ငံသား စာရေးဆရာများက တအံ့တသြရေးသားခဲ့ကြသလို၊ စစ်ပြန်ဂျပန်စာရေး ဆရာတွေကလည်း သူတို့စစ်ပြေး ဂျပန်စစ်သားတွေကို မြန်မာရွာသူရွာသားများက ကရုဏာအပြည့်နဲ့ စောင့်ရှောက်ကျွေးမွေးခဲ့တာများကို တသသနဲ့ကျေးဇူးတင်မဆုံးရေးသားခဲ့ကြတယ်။
စစ်မဖြစ်ခင်ကဆိုရင် ကိုယ့်လူမျိုးကို ''ထီးကျိုးစည်ပေါက်'' ဖြစ်အောင်လုပ်ခဲ့ကြတဲ့ နယ်ချဲ့တွေဆိုပြီး မျက်နှာဖြူမှန်သမျကို မြန်မာတွေက ခါးခါးသည်းမုန်းခဲ့ကြတာ။စစ်ဖြစ်ပြီးနောက် ရောက်လာတဲ့ ဂျပန်ဖက်ဆစ်တွေကလည်း မြန်မာတွေကို ပါးရိုက်၊ နားရိုက်၊ လက်သည်းခွံခွာနဲ့ ရိုင်းရိုင်းစိုင်းစိုင်း ကြမ်း ကြမ်းတမ်းတမ်းပြုမူကြလေတော့ အကြီးအကျယ်အော့နှလုံးနာခဲ့ကြတာ။ ဒီအထဲကတောင် သူတို့တတွေ ဒုက္ခရောက်ကြလေတော့ မြန်မာလူမျိုးများဟာ မျက်နှာလွှဲမနေနိုင်ကြဘဲ ကိုယ်တိုင် ဗုံးဒဏ်၊ စက်သေနတ်ဒဏ်ကြောက်နေရတဲ့ကြားက ရှိသမျလေး ခွဲဝေကျွေးမွေးပြီး ခိုအောင်းစရာရှာဖွေပေးခဲ့ကြ လေတယ်။
တုံ့ပြန်ကျေးဇူး
ဒီဘက်ခေတ်မှာလည်း မြန်မာပြည်ကိုရောက်ဖူးတဲ့ ဘယ်နိုင်ငံခြားသားကိုဖြစ်ဖြစ်၊ မြန်မာနိုင်ငံနဲ့ပတ်သက် ပြီးအမှတ်အရဆုံးအကြောင်းအရာဟာ ဘာပါလဲလို့မေးကြည့်လိုက်တိုင်း၊ မြန်မာလူမျိုးတို့ရဲ့မေတ္တာ စေတနာပါလို့ဖြေကြတာချည်းပါပဲ။ဗုဒ္ဓတရားတော်များရဲ့အဆုံးအမနဲ့ ကြီးပြင်းလာရတာကြောင့် မြန်မာလူ မျိုးတိုင်းဟာ မေတ္တာ၊ စေတနာတို့ရဲ့ မြင့်မြတ်မှုနဲ့ တန်ဖိုးစွမ်းအားကို ချွင်းချက်မရှိယုံကြည်ကြပါတယ်။
ကိုယ်တိုင်လည်း ကိစ္စများမြောင် လူတို့ဘောင်ရဲ့ ၀ိစိကိစ္ဆာအမျိုးမျိုးကြားမှာ ပွေလီရှုပ်ထွေးနေရတာကြောင့် ဘုရားရိပ်တရားရိပ်နဲ့ အလှမ်းကွာ ဝေးနေဆဲဖြစ်ပေမယ့် မေတ္တာ၊ စေတနာတို့ရဲ့ တန်ခိုးစွမ်းအားကိုတော့ အကြွင်းမဲ့ယုံကြည်ခဲ့ပါတယ်။၁၉၈၀ လောက်ကစပြီး ဒုက္ခိတဘ၀နဲ့ အိုးမကွာအိမ်မကွာလုပ်နိုင်တဲ့ စကားပြောသင်တန်းတော့ဖွင့်ထားခဲ့ရာမှာ ပညာနဲ့စီးပွားရှာစားတဲ့ ''ပညာ ရေးပွဲစား''မဖြစ်စေရဘူးဆိုတဲ့ အဓိဌာန်ခိုင်ခိုင်မာမာချပြီးလုပ်ခဲ့လေတော့ တုံ့ပြန်ကျေးဇူးတွေကို အတောမသပ် နိုင်အောင်ရရှိခံစားခဲ့ရတာကို လက်တွေ့ကြုံခဲ့ဖူးပါတယ်။၁၉၈၀ခုနှစ်လောက်က သင်တန်းကြေး ၃၀၀ိ/- နဲ့ မတတ်မချင်းကြိုက်သလောက် တတ်၊ ငါးနှစ်တက်တက်၊ ဆယ်နှစ်တက်တက် လခထပ်ပေးစရာမလိုဘူးလို့ဖွင့်ခဲ့တာဖြစ်လေတော့ ကျောင်းသားသစ်လက်မခံပါဆိုတဲ့ ဆိုင်းဘုတ်ဆယ့်နှစ်ရာသီချိတ်ဆွဲထားရလောက်အောင် သင်တန်းသားတွေ ကြိတ်ကြိတ်တိုးစည်ကားနေပေမယ့် သူများကျူရှင်ဆရာတွေလို သူဋ္ဌေးတော့မဖြစ်ခဲ့ဘူး။
ဒါပေမယ့် ဘယ် သူဌေးသူကြွယ်မင်းစိုးရာဇာတွေမှမရနိုင်တဲ့မေတ္တာစေတနာတွေကိုတော့ စာမသင်တာ အတော်ကြာနေပြီဖြစ် တာတောင် ဒီနေ့ထိအလျံပယ် ခံစားနေရဆဲဖြစ်တယ်။မေတ္တာပေးရင် မေတ္တာရ တယ်ဆိုတာကိုတော့ အကြွင်းမဲ့ယုံကြည်ခဲ့၊ ယုံကြည်ဆဲဖြစ်တယ်။
လူသားအားလုံး နားလည်ကြပါရဲ့လား
ကိုယ်ကမေတ္တာတရားကို အကြွင်းမဲ့ယုံကြည်ပြီး လောကကို မေတ္တာထားနေပေမယ့် လောကလူသားအား လုံးက မေတ္တာတရားကို နားလည်ကြပါရဲ့လား၊ပွားများနိုင်ကြပါရဲ့လား။ ခံယူနိုင်ပါရဲ့လား။သမိုင်းကြောင်းကို ပြန်လည်သုံးသပ်ပြီး လောကကိုမျော်မှန်းကြည့်ရှုလိုက်တော့ သတ္တလောကကြီးတစ်ခုလုံးဟာ ပစ္စန္တရာဇ်အရပ်သဖွယ် စရိုက်ညွှန်တောကြီးအတွင်း နစ်ပြီးရင်းနစ်နေတဲ့စက်ဆုပ်စရာလောကကြီးအဖြစ် သာမြင်နေရတော့တယ်။
ကောင်းဘွိုင်တွေနားလည်ပါ့မလား
သမိုင်းခေတ်တစ်ခေတ်တုန်းက ဟစ်တလာတို့ မူဆိုလီနီတို့ တိုဂျိုတို့လို လက်နက်အားကိုးတဲ့စစ်ဝါဒီများ ကို ယဉ်ကျေးတဲ့ကမ္ဘာတစ်ခုလုံးက မေတ္တာစကား၊ ငြိမ်းချမ်းရေးစကား တွေပြောပြီး ချစ်ကြည်ရေး၊ ငြိမ်းချမ်းရေးစာချုပ်တွေချုပ်ဆိုခဲ့ကြတာပဲ။ဒါပေမယ့် သူတို့တတွေ နားလည်တန်ဖိုးထားခဲ့ကြရဲ့လား။ အခုခေတ်မှာလည်း အီရတ်တို့အာဖဂန်နစ္စတန်တို့ကသားသည်မိခင်တွေက မေတ္တာစကား၊ ငြိမ်းချမ်းရေး စကားတွေမနားတမ်းပြောနေကြပြီး ဗုံးမိုးကျည် ဆံမိုးတွေရွာချနေတာကို ရပ်စဲဖို့ အသနားခံတောင်းပန် နေကြတာပဲ။
ဒါပေမယ့် မေတ္တာဆိုတာ မေတ္တာတရားအကြောင်းနားလည်တဲ့ သူတွေနဲ့တွေ့မှ တန်ဖိုးရှိတယ်လို့ ထင်မိတာပဲ။စွမ်းအားချင်းရင်ဆိုင်တာ မြန်မာလူမျိုး အများစုဟာ ရိုင်းစိုင်းကြမ်းတမ်းလှပြီး တန်ခိုးစွမ်းအားလည်းထက်မြက်လှတဲ့ နန္ဒောပနန္ဒနဂါးကြီးကို ဗုဒ္ဓဘုရားရှင်က ဘယ်လိုရင်ဆိုင်ခဲ့သလဲ ဆိုတာကို ကြားဖူးကြမှာပါ။ နဂါးကြီးဟာ ဘယ်လောက်များတန်ခိုးစွမ်းအားကြီးမားလိုက်သလဲဆိုရင် သူပါးပြင်းထောင်ထားရင် မြင့်မိုရ်တောင်နဲ့တကွ နတ်ပြည်ခြောက်ထပ်ကိုပါ မမြင်နိုင်အောင်ဖုံးကွယ် သွားပါသတဲ့။
မျက်စောင်းတချက်ထိုးလိုက်တာနဲ့ အရာရာဟာ ပြာဖြစ်သွားပါ သတဲ့။ အဲဒီနဂါးကြီးကို ရင်ဆိုင်ဖို့ မြတ်စွာဘုရားက ရှင်မောဂ္ဂယဉ်ကိုယ်တော်ကြီးကို အမိန့်တော်ရှိတဲ့အခါမှာ ရဟန္တာကိုယ်တော်ကြီးက နန္ဒောပနန္ဒထက် အဆပေါင်းများစွာကြီးတဲ့ နဂါးကြီးသဏ္ဍာန်ဖန်ဆင်းပြီး နဂါးကြီးကို ဆယ့်လေးပတ် ရစ်ပတ်ပြီးမှ မြင့်မိုရ်တောင်နဲ့ဖိကြိတ်ပါသတဲ့။နဂါးကြီးမှုတ်ထုတ်တဲ့အဆိပ်မီးထက် အပြန်တစ်ရာသာတဲ့ အဆိပ်မီးကို ထုတ်လွှတ်ပြီးနှိပ်နယ်ပါတယ်။ဒါတင်မက နဂါးကြီးရဲ့ဘယ်ဘက်နားက၀င်ပြီး ညာဘက်နားကထွက်၊ နဂါးကြီးရဲ့အာခံတွင်းက၀င်ပြီး အစာအိမ်ထဲမှာ စင်္ကြန်ကြွလုပ်ပြီး တန်ခိုးပြတော်မူပါတယ်။အဲဒီလိုအကြိမ်ကြိမ်အထပ်ထပ် သူ့ထက်အဆမတန်အင်အားကြီးမားတဲ့ တန်ခိုးစွမ်းအားကိုပြသပါမှပဲ နဂါးကြီးဟာ အားမတန်မာန်လျော့ပြီး မြတ်စွာဘုရားရဲ့ခြေတော်ရင်းမှဝပ် စင်းလာရပါတော့တယ်။
နဂါးနိုင်လက်နက်သုံးဖို့လို
ဗုဒ္ဓဘုရားရှင်ဆိုတာ မေတ္တာအရှင်၊ ကရုဏာသခင်ဖြစ်ပါတယ်။ဗုဒ္ဓဘာသာဝင်တိုင်း ဘုရားရှင်ရဲ့ တရားကို ဦးထိပ်ပန်ဆင်ပြီး မေတ္တာတရားကို လက်ကိုင်ထားပွားများကြပါတယ်။ဒါပေမယ့်လို့မေတ္တာတရား ကိုနားမလည်တဲ့နန္ဒောပနန္ဒနဂါးမင်း လို အရိုင်းအစိုင်းကိုရင်ဆိုင်တဲ့အခါကျတော့ ဗုဒ္ဓဘုရားသခင်ပင်လျင် နဂါးနားလည်တဲ့ဘာသာစကားဖြစ်တဲ့ တန်ခိုးစွမ်းအားကို သူထက်အဆ ပေါင်းများစွာသာလွန်ကြောင်းပြသ မာန်စွယ်ကျိုးစေပြီးမှ တရားပြချွတ်တော်မူခဲ့တာဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

Thursday, October 9, 2008

ထိတွေ့ခံစားပြီး

ထိတွေ့ခံစားပြီး

မာန်လှိုင်းငယ်

လေပြေလေညင်းလေတွေက
လတ်လတ်ဆတ်ဆတ်ပါ
ထိတွေ့ခံစားပြီး
အတိတ်က အကြောင်းအရာတွေကို
ခဏလေးဖြစ်ဖြစ်၊ စက္ကန့်ဝက်လေးဖြစ်ဖြစ် ရှာကြည့်ပါ။


လေပြေလေညင်းလေးတွေက
လတ်လတ်ဆတ်ဆတ်ပါ
ထိတွေ့ခံစားပြီး
ပစ္စုပ္ပန်အတွက် ဘာတွေများလုပ်ပေးသင့်သလဲ
ခဏလေးဖြစ်ဖြစ်၊ စက္ကန့်ဝက်လေးဖြစ်ဖြစ် စဉ်းစားကြည့်ပါ။

လေပြေလေညင်းလေးတွေက
လတ်လတ်ဆတ်ဆတ်ပါ
ထိတွေ့ခံစားပြီး
အနာဂတ်မှာ ကိုယ့်သမိုင်းအတွက်
ဘယ်လိုရေးထိုးထွင်းထုကြမလဲ
ခဏလေးဖြစ်ဖြစ်၊ စက္ကန့်ဝက်လေးဖြစ်ဖြစ် တွေးကြည့်ပါ။

2008 ခုနှစ်၊ အောက်တိုဘာလ (9)ရက်။

Monday, July 21, 2008

မိုးကုတ်စက်ဝိုင်း ရှိနေသမျှ ကိုယ် …

မာန်လှိုင်းငယ်

"မိုးကုတ်စက်ဝိုင်း ရှိနေသမျှ ကိုယ် …"

လေပြည်လေနုတွေက
ရှေ့က မည်းမည်းမြင်ရာမှန်သမျှ
အဆီးအတားမဲ့ ထိုးဖောက်သလိုမျိုး
သွေးတွေက
ခန္ဓာကိုယ်သွေးကြောထဲ ဟိုဝင်ဒီထွက်
ကွေ့ကွေ့ကောက်ကောက် တိုးဝှေ့သလိုမျိုး
ကိုယ်လည်းလေ
မင်းကို အချိန်တိုင်း … အချိန်တိုင်း တွေ့ချင်နေတယ်။


ပင်လယ်က
လရောင်ကို မော်ကြည့်နေသလိုမျိုး
လှိုင်းတွေက
လကို လိုက်တမ်းပြေးတမ်းနဲ့
စိန်ခေါ်ကာ လိုက်ဖမ်းနေသလိုမျိုး
ကိုယ်လည်းပဲ
မင်းကို မနက်နေထွက် … ညနေ၀င်တိုင်း
တမ်းတမ်းတတနဲ့ လွမ်းဆွတ်နေတယ်။

မိုးကုတ်စက်ဝိုင်း
ဝန်ရိုးစွန်းတွေ ရှိနေသမျှ
ကိုယ် …
မင်းကို ရာသီတွေ ပြောင်းလဲသွားလဲ စောင့်မျှော်နေပါတယ်။ ။

မာန်လှိုင်းငယ်
၂၀၀၈ ခုနှစ်၊ ဇူလိုင်လ (၂၀)ရက်။

Monday, July 14, 2008

ဝါဆိုလပြည့်

ဝါဆိုလပြည့်
အခုလာမယ့် (၁၇)ရက်နေ့မှာ ၀ါးတွင်းကာလ။ လပြည့်နေ့ဖြစ်ပါတယ်၊ အခုလို ၀ါတွင်းကာလရောက်တော့မယ်ဆိုရင်ဘဲ မြတ်စွာဘုရားရှင်ရဲ့ သားတော်တွေဖြစ်တဲ့ ရဟန်း သံဃာတော်တွေကို ဆွမ်းတွေ လောင်း၊ ၀တ္ထုအစုစုတို့ကို လှူတဲ့မြင်ကွင်း။ ဘုန်းကြီးကျောင်း မှာ တရားဘာဝနာသွားရောက်အားထုတ်တာကိုလည်း ပြန်ပြီးတွေ့မြင်ရမယ့် ဒီဝါတွင်းကာလ မှာ ကြည်ညိုဖွယ် တွေ့မြင်ရမှာကို တွေးပြီး တအားကို ၀မ်းသာအားရ ကြည်နူးမိမှာ အမှန်ပါပဲ။
ဒါပေမယ့်ဗျာ ဒီဝါတွင်းကာလမှာ ကျနော်က အလှူတွေလုပ်နိုင်ပါ့မလား၊ ဒါမှမဟုတ် တရားဘာဝနာများ ပွားများနိုင်ပါ့မလား၊

ဘာပဲဖြစ်ဖြစ်ပါ၊ ဖြစ်နိုင်ရင်တော့ မြန်မာပြည်မှာ နာဂစ်မုန်းတိုင်းဒဏ်ခံထားရတဲ့ လူတွေအတွက်တော့ ကျနော် ဆုတောင်းပေးနေမှာပါ။ သူတို့တွေရဲ့ ဘ၀ဟာ အင်မတန်မှကို ချွတ်ချုံကျသွားတဲ့ ဘ၀ပါပဲ။ သူတို့တွေရဲ့ ဘ၀အသစ်တဖန်တိုးတက်လာစေဖို့အတွက် ကျနော် ဒီဝါတွင်းကာလမှာ ဆုတောင်းမေတ္တာပို့မယ်။ ကျနော်ဟာ သူတို့တွေအတွက် ဆုတောင်းပေး နိုင်ရုံသက်သက်ပဲ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အခုလို ဒီစကားကိုပဲ သုံးဖြစ်တာပါ။
မြန်မာပြည်က လေဘေးသင့်ပြည်သူတွေကော ဒီဝါတွင်းကာလမှာ ဘာတွေများ လုပ် ဆောင်နိုင်ပါ့မလဲ၊ သူတို့ရုန်းကန်နေရတဲ့ဘ၀အတွက် ကုသိုလ်ကောင်းမှုတွေကော ယူနိုင်ကြပါ့ မလား။ ကျနော် တွေးမိပါတယ်ဗျာ။
နောက်ပြီး နာဂစ်ဒဏ်ခံ ကလေးတွေအတွက်ဆိုရင် ပိုမိုပြီး ဆုတောင်းလုပ်ဆောင်ပေးရ မှာပါ၊ ဒီဝါတွင်းကာမှာပေါ့ဗျာ၊ ဒါကြောင့် အားလုံးသော လူသားအားလုံး ကိုယ်တတ်နိုင်တဲ့ ဘက်။ ကိုယ်လုပ်နိုင်တဲ့ အရာလေးနဲ့ ဒီဝါတွင်းကာလမှာပဲ လုပ်ဆောင်ပေးကြပါလို့ တိုက်တွန်း ချင်တယ်ဗျာ။
အားလုံးသော မိတ်ဆွေသူငယ်ချင်းများအားလုံးလဲ ဒီဝါတွင်းကာလမှာ ပျော်ပျော်ရွှင်ရွှင် နဲ့ ကုသိုလ်ကောင်းမှု အစုစုတို့ကို ရယူနိုင်ကြပြီး စိတ်နှလုံးပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ်ဗျာ။

Thursday, June 19, 2008

မေမေ ဘယ်လိုနေရှာမလဲ

မာန်လှိုင်းငယ်

မေမေ ဘယ်လိုနေရှာမလဲ

ဒီနေ့၊ ဒီအချိန်
အပြင်ဘက်မှာတော့
အားလုံး၊ အားလုံးသော သားသမီးတွေ
မေမေ့ပုံပါတဲ့ တီရှပ်အင်္ကျီကို ၀တ်ဆင်ထားရင်း
မွေးနေ့ပွဲကို ကျင်းပနေကြလေရဲ့။

ဒီအချိန်မှာ
မေမေ ဘယ်လိုများရှိနေရှာမလဲ …။


မေမေဟာ
ဒီလိုနေ့မျိုးမှာ
အိမ်ပြတင်းပေါက်နံဘေး
ကုလာထိုင်ပေါ် ထိုင်နေရင်း
ကမ္ဘာ့အနှံ့ပြုလုပ်နေတဲ့
မေမေ့မွေးနေ့တွေဆီကို
အာရုံတွေ ဖြန့်လွှတ်ထားလိမ့်မယ်လို့ မြင်မိလေရဲ့။

သည်လိုနဲ့
မေမေ့နှလုံးသားက မပြုံးရယ်နိုင်ခဲ့တာ
ကြာလှရောပေါ့ … ။

ဒါပေမယ့်
မေမေ့အပြုံးတွေက
မိုးတွေရွာတိုင်း "ထ" ပွင့်တဲ့ ပန်းတွေလိုမျိုး
ကမ္ဘာ့အနှံ့ ကြဲပက်ထားလေရဲ့။

လင်းယုန်တောင်ပံလို
တအိအိနဲ့ ရိုက်ခက်ရွေ့လျားနေတဲ့
ပင်လယ်လှိုင်းခက်တွေကြား
ဘယ်သောအခါမှ နစ်မြုပ်သွားမှာမဟုတ်တဲ့
မေမေ့ရဲ့ ရဲရင့်တဲ့သတ္တိသွေးတွေ …
မေမေ့ရဲ့ ငြိမ်းချမ်းခြင်း ဂရုဏာတွေ …
မေမေ့ရဲ့ ပြည်သူနဲ့ နိုင်ငံအပေါ်ထားရှိတဲ့ မေတ္တာတရားတွေ …
အားလုံး …
ရေပြင်ပေါ်မှာ တဖွေးဖွေးနဲ့
ကြယ်တာရာတွေ ထွန်းတောက်လတ်နေသလို
ကမ္ဘာပေါ်မှာ ထာဝရအောင်ပွဲခံနိုင်တုန်း ရှိလေရဲ့။

ဒီနေ့ …
မေမေ့အသက် (၆၃)နှစ်ပြည့်ပါပြီ။

မေမေ …
ပါးရည်တွေ တွန့်နေပါစေ …
မေမေ သက်ကျော်ရာကျော်ရှည်နိုင်စေဖို့
သားတို့ ဒီနေ့ချိန်ခါရောက်တိုင်း
မေမေ့အတွက် မွေးနေ့မင်္ဂလာပွဲကို ကျင်းပရင်း ဂုဏ်ပြုသွားမှာပါ။

ဒီနေ့
မိုးတိမ်တွေက မကြည်လင်
ညို့မှိုင်းမှိုင်း ကောင်းကင်အောက်မှာ
မေမေစု "သက်ကျော်ရာကျော်ရှည်ပါစေ"
မေမေစု "အမြန်ဆုံး လွတ်မြောက်ပါစေ"
"မေမေစုကို ချက်ချင်းလွတ် …
ချက်ချင်းလွှတ်" တခဲနက်ကြွေးကြော်သံတွေ
မေမေ့ကိုချစ်တဲ့ သားသမီးအားလုံးရဲ့
ရင်ထဲကဆန္ဒတွေ
စကြာဝဠာတခွင်လုံး ဘ၀ဂ်ညံလို့
တမိုးလုံး ဟိန်းလျှံတက်သွားခဲ့တယ်
နှလုံးသားချင်း နားလည်ခံစား
မေမေ…ကြားနိုင်ပါစေသား။ ။

မာန်လှိုင်းငယ်
၂၀၀၈ ခုနှစ်၊ ဇွန်လ (၁၉)ရက်။

Friday, June 6, 2008

မအိုသော၊ မနာသော၊ မသေဆုံးသော …

မာန်လှိုင်းငယ်

မအိုသော၊ မနာသော၊ မသေဆုံးသော …

မိခင်ဆိုတာ ကျနော့်ဘ၀နဲ့ယှဉ်ပြောရရင် ဖ၀ါးလက်နှလုံး၊ ပခုံးလက်နှသစ်ကတည်း က အရာရာကို ထိန်းသိမ်းပဲ့ပြင်၊ ပြုစုယုယခဲ့သူဖြစ်တာကြောင့် အရမ်းကို အနှိုင်းမဲ့ဖြစ်ပါ တယ်။ အင်မတန်ကိုလည်း ကျေးဇူးကြီးမားလှပါတယ်။ သားသမီးတွေအတွက်ဆိုရင် အသက်ပေးပြီး မွေးခဲ့တဲ့၊ ချစ်ခဲ့တဲ့ မိခင်ပဲဖြစ်ပါတယ်။ ကျနော်တို့အတွက်တော့ မိခင်တွေရဲ့ အနှိုင်းမဲ့မှုကို စာလုံးတွေနဲ့ ဖော်ကျူးလို့ ဘယ်လိုမှ ပြည့်စုံလုံလောက်နိုင်မယ် မဟုတ်ဘူး လို့ပဲ ပြောရမှာပါ။

မိခင်လို့ ဆိုလိုက်တာနဲ့ ကျနော်တို့တွေရဲ့ ဦးနှောက်ထဲမှာ "ငါတို့ရဲ့ မိခင်"၊ "ငါတို့ရဲ့ မွေးမိခင်"၊ "ငါတို့ရဲ့ ကျေးဇူးရှင် မေမေ" လို့ ကိုယ့်မိခင်လို့သာ အတွေးက ၀င်လာကြတယ်။ ပြောဆိုကြတယ်။ ဟုတ်ပါတယ်။ ကျနော်တို့မှာ ဒီမိခင်၊ ဒီမိဘက ပေးခဲ့လို့၊ မွေးခဲ့လို့၊ လူ့လောကကြီးထဲကို ရောက်လာကြရတာပဲမဟုတ်လား။ ဒါဟာ တကယ့်ကို မှန်ကန်နေတဲ့ အရာပါ။

ကျနော် .. မိခင်တို့ရဲ့ အကြောင်းကို မပြေခင် အင်္ဂလိပ်စာလုံးဖြစ်တဲ့ (Mother) မြန်မာလို (မိခင်)ဆိုတဲ့အက္ခရာကို အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်။ လူတိုင်းတော့ သိပြီးသား ပါ၊ ဒါပေမယ့် ကျနော် သိသလောက်၊ နားလည်သလို ပြန်ရေးလိုက်ပါတယ်။ မြန်မာလိုပြန် အဆင်ချောအောင် ရေးထားပါတယ်။ အင်္ဂလိပ်စာလုံးတွေကတော့ သူငယ်ချင်းဆီကတ ဆင့် ရထားလို့ ပြန်ဖော်ပြလိုက်တာပါ။ ဖတ်ကြည့်ပါဦး။

Mother (မိခင်ဆိုတဲ့ အဓိပ္ပါယ်)

M = is for the millions things she gives us.
မိခင်ဟာ ကျနော်တို့ကို သန်းပေါင်းများစွာသော ထိုက်တန်တဲ့အရာကို ပေးခဲ့သူပါ။
O = means only that she's growing old.
မိခင်ဟာ သားသမီးတွေရှင်သန်ဖို့အတွက် ပေးဆပ်ရင်း အိုမင်းရင့်ရော်သွားခဲ့သူပါ။
T = is for tears she to save us.
မိခင်ဟာ သားသမီးတွေရဲ့ နောင်ရေးအတွက် ကျမျက်ရည်များခဲ့ရသူပါ။
H = is for heart of purest gold.
မိခင်ဟာ ကျနော်တို့အတွက်တော့ ဖြူစင်အေးမြတဲ့ ရွှေစင်နှလုံးသားပိုင်ရှင်ပါ။
E = is for her eyes, with love sight.
မိခင်ဟာ ကျနော်တို့ကို ဂရုဏာများနဲ့ ကြီးမားတဲ့မေတ္တာ၊ အကြင်နာတွေနဲ့ ကြည့်ရှု ပြုစုစောင့်ရှောက်ခဲ့သူပါ။
R = means right she'll always be.
မိခင်ဟာ ကျနော်တို့အတွက် အမြဲတမ်းမှန်ကန်တဲ့ စကားတွေကိုတာ ပြောဆိုတတ် တဲ့ သူပါ။


ကျနော် ဒီစာကိုဖတ်လိုက်တိုင်း မိခင်တိုင်းကို စာနာလာမိတယ်၊ ပိုမိုနားလည်လာ တယ်၊ မိခင်တိုင်းဟာ သားသမီးတွေ ကောင်းစားဖို့အတွက်၊ သားသမီးတွေ လူတလုံး၊ သူတလုံးဖြစ်လာဖို့အတွက်၊ သားသမီးတွေ ပညာတတ်ကြီး ဖြစ်လာဖို့အတွက်ကို ကျားကုတ်ကျားခဲ၊ ကိုယ်ဖိရင်ဖိ၊ မအိပ်မနေ စွန့်လွှတ်အနစ်နာခံပြီး ကျွေးမွေးခဲ့တာတွေ၊ ပြုစုစောင့်ရှေက်ခဲ့တာတွေ၊ ဒီသားတွေ၊ ဒီသမီးတွေ အတောင်စုံအောင် ဖြည့်ဆည်းပေးခဲ့ တာတွေဟာ မိခင်တိုင်းရဲ့ မေတ္တာ၊ မိခင်တိုင်းရဲ့ မျှော်မှန်းချက်တွေပါပဲ။

မိခင်တွေကို ကြည့်လိုက်ပါ။ သားသမီးတွေအပေါ်ဘယ်လောက်ထိအောင် ချစ်လဲ ဆိုရင် သားသမီးတွေရဲ့အသက်ကို သူတို့ရဲ့ အသက်ထက်တောင် တန်ဖိုးထား ပုံအောပြီး ချစ်ကြတာပါ။

ဘာကြောင့် ကျနော် ဒီလိုပြောရသလဲဆိုရင် ကျနော့်ကိုယ်တွေ့ ဖြစ်ရပ်ရှိခဲ့လို့ပါပဲ။ ကျနော် ပြန်ပြောပြချင်တယ်။

"ကျနော် ဆယ်တန်းနှစ်တုန်းကပါ၊ ကျနော့်အမေ နေမကောင်းဖြစ်နေတာ၊ ဖြစ်နေတာက ရိုးရိးမဟုတ်ပါဘူး၊ အိပ်ယာထဲကတောင် မထနိုင်တဲ့အခြေအနေမှာ၊ ဖြစ်ချင် တော့ ကျနော် ကျောင်းတတ်နေရင်း အဖျားဝင်လာလို့ ဆေးခန်းသွာပြတယ်၊ ပြီးတာနဲ့ အိမ်မှာအနားပြန်ယူခဲ့တယ်။ အမေတို့ရော၊ ဆရာဝန်တို့ပါ ကျနော်အဖျားဝင်တာ ရိုးရိုးပဲဆို ပြီး စိုးရိမ်စိတ်သိပ်မရှိသေးပါဘူး။ တရက်လောက်နေပြီးတာနဲ့ မနက်မှာပဲ ဆေးသောက်ဖို့ ဆိုပြီး ညီမလေးလာနိုးတယ်၊ အဲဒီမှာ ကျနော်ထလို့မရတော့ပါဘူး။ ခြေတွေလက်တွေ လှုပ်လို့ကိုမရတော့ဘူးလေ၊ ပိုဆိုးတာက ခြေထောက်ပါ၊ လမ်းလျှောက်လို့ကိုမရတော့ဘူး။ အဲဒီအကြောင်းကို အဖေရော၊ အမေပါသိတော့ တော်တော်လေးကို စိုးရိမ်ကြပါတယ်။ အဆိုးဆုံးက အမေပါ။ အိပ်ယာထဲက မထနိုင်တဲ့ အမေဟာ သားသမီးဇောနဲ့ ထလာတယ်၊ ကျနော့်အနေားမှာ လာနေတယ်၊ ကျနော်စားချင်တဲ့ အရာတွေကို မေးတယ်၊ ကျနော် စားချင်၊ ဖြစ်ချင်တာတွေ အကုန်လုပ်ပေးဖို့အတွက်ပေါ့။ သူ့ရောဂါတောင် သူမကြည့်တော့ ပါဘူး၊ ကျနော့်အတွက်ကိုပဲ ဂရုစိုက်တယ်၊ ကျနော်ရော၊ အကိုရော၊ ညီမလေးရော အဖေပါ ၀ိုင်းပြောကြတယ်၊ အမေ အိမ်ယာထဲမှာပဲ နေပေါ့၊ မစိုးရိမ်ပါနဲ့လို့ မရပါဘူး၊ ကျနော့်အနား မှာ နေပြီး ကျနော့်ရဲ့ ဝေယျာဝစ္စတွေကို လုပ်ပေးတယ်။ ရေပတ်တိုက်ပေးတယ်။ ခြေထောက်ပြန်ကောင်းလာအောင် နှိပ်နှယ်ပေးတယ်။ နောက်ဆုံးအားမရလို့ အနှိပ်ကျွမ်း ကျင်တဲ့ အဒေါ်တယောက်ကို ခေါ်ပြီး နှိပ်ခိုင်းတယ်။ ဒါတွေဟာ ကျနော့်အတွက်ပေါ့၊ တကယ်ဆိုရင် အမေလည်း ကျန်းမာရေးမကောင်းဘူး၊ ဒီလို ကျန်းမာရေးမကောင်းတဲ့ကြား က၊ အိပ်ယာထဲက မထနိုင်တဲ့ကြားက အမေဟာ ကျနော့်အတွက်ကို လာလုပ်ပေးတယ်၊ ဂရုဏာတွေ ပေးတယ်။ သူ့ရင်ခွင်ထဲမှာ ထည့်ထးတယ်။ ဒါဟာ ကျနော်တို့ကို ချစ်တဲ့၊ သားသမီးကို ချစ်တဲ့ မိခင်ပါ။ သူဘာဖြစ်နေနေ ဂရုမစိုက်ဘူး၊ သားသမီးကောင်းဖို့၊ သားသမီးအတွက်ကိုတာ ကြည့်တတ်တဲ့၊ စိုးရိမ်ပူပန်တဲ့ မိခင်ပါ။"

ကျနော့်အဖြစ်အပျက်ကို ပြောရင်း ကျနော့်မိခင်ကို ဖော်ကျူးနေတယ်လို့ပဲ ပြော ပြော၊ ချီးမွန်းခန်းတွေ ဖွင့်နေတယ်လို့ပဲ ဆိုဆို၊ ကျနော်ကတော့ ကျနော့်မိခင်ရဲ့ သားသမီး တွေအပေါ် ချစ်တတ်တဲ့၊ သားသမီးတွေအတွက် စိုးရိမ်ပူပန်တတ်တဲ့၊ သားသမီးတွေအပေါ် ဂရုဏာတရား၊ မေတ္တာတရားပြည့်ဝတဲ့ ကျနော့်မိခင်ကို ကျနော် အလွန်တရာကိုမှ စာဖွဲ့လို့ ကို မကုန်နိုင်တဲ့၊ ခိုင်းနှိုင်းလို့ကို မယှဉ်တာတဲ့ မိခင်ပါပဲလို့ ပြောချင်ပါတယ်။ စာဖတ်သူအား လုံးလည်း ကိုယ့်ရဲ့မိခင်တွေကို ဒီလိုပဲ ဖွင့်ဆို၊ ပြောချင်မှာပဲ၊ မပြောချင်ရင်တောင် ရင်ထဲမှာ သိမ်းထားမယ်လို့ ကျနော် အခိုင်အမာ ယုံကြည်လက်ခံတယ်။

တချို့သော လူတွေဆို မိခင်ကို ဖော်ကျူးဖွဲ့ဆိုတာတွေ၊ ရေးကြတာတွေ၊ ပြောကြ တာတွေ တပုံ တပုံကြီးပါပဲ။ ကျနော်ထပ်ပြောချင်ပါသေးတယ်။ အဲဒါကတော့ ကျနော့်မိခင် ကိုတာ ဖွဲ့ဆို၊ ပြောဆိုပြီး တခြားသော မိခင်တွေကို မပြောရကောင်းလားလို့တော့ မမြင်ပါနဲ့၊ ကျနော် … ကျနော့်မိခင်အပါအ၀င် ကမ္ဘာပေါ်မှာရှိတဲ့ မိခင်တိုင်းကို ကျနော့်မိခင်ကို ပြောသ လို အားလုံးသော မိခင်တို့ကိုလည်း ပြောဆို၊ ဖွဲ့ဆို၊ ရေးပြချင်ပါတယ်။ မိခင်ကို ချစ်တတ်တဲ့ သားသမီးတိုင်းရဲ့ ကိုယ်စား ကျနော် ဒီနေရာကနေ ပြောချင်ပါသေးတယ်။

မိခင်တိုင်း … မိခင်တိုင်းဟာ သားသမီးတွေကို အသက်ပေးပြီး မွေးခဲ့၊ ချစ်ခဲ့တဲ့ သူ တွေပါ။ မိခင်တွေဟာ သားသမီးတွေအတွက် ဘယ်လောက်ထိ ပေးဆပ်သလဲ၊ ဘယ်လို ရပ်တည်ခဲ့သလဲဆိုတာကို ပြောပြချင်တယ်။ ကျနော်တို့ ဘေးအိမ်က အဒေါ်တယောက်ရဲ့ ရပ်တည်ချက်၊ သားသမီးအတွက် ပေးဆပ်တဲ့အကြောင်းလေးကို ပြောပြမယ်။

သူမမှာ သားသမီး ဘယ်နှစ်ယောက်ရှိတယ်ဆိုတာ ကျနော် မသိဘူး။ ဒါပေမယ့် ကျနော် မြင်နေတာက သူမရဲ့ သားသမီးတွေအတွက် တနေ့တာ ရုန်းကန်နေတာကိုပါ။ ကျနော် သတိထားမိတာ တခုရှိတယ်။ သူမမှာ ယောင်္ကျားမရှိတော့တာလား။ ဒါမှမဟုတ် အမျိုးမျိုးရှိနိုင်တယ်၊ သေချာတာကတော့ သူမအနားမှာ သူမယောင်္ကျားမရှိတာကိုတော့ ကျနော်တွေ့ရတယ်၊ ကျနော်တို့နိုင်ငံမှာ အခြေအနေတွေက တော်တော်ကို ဆိုးဆိုးရွားရွား ဖြစ်နေတော့ တဖက်နိုင်ငံမှာလာပြီး အလုပ်လာလုပ်နေရတဲ့ သူမပါ။ အဲဒါဟာ သားသမီးအ တွက်ပဲလို့ ကျနော် မြင်ပါတယ်။ သူမဟာ လင်ယောင်္ကျားမပါပဲနဲ့ တဖက်နိုင်ငံမှာ လာပြီး လုပ်ဝံ့တဲ့ သူမဟာ ဘယ်သူ့အတွက် ဖြစ်နိုင်မလဲ … စာဖတ်သူတွေ ဖတ်ရင်းနဲ့တောင် တွေး လို့ရပါတယ်။ အဲဒါဟာ သူ့ရဲ့ သာားသမီးတွေရဲ့ ရှေ့ရေး၊ အနာဂတ်အတွက်ပဲ ဖြစ်ပါလိမ့် မယ်။

ကြည့်ပါဦး၊ သူမဟာ မနက်မိုးလင်းတာနဲ့ သားသမီးတွေ ကျောင်းသွားဖို့အတွက် စောစောထပြီး လုပ်ပေးရတယ်။ သားသမီးတွေ ကျောင်းသွားပြီးတဲ့အခါ သူမကိုယ်တိုင် အလုပ်ကို စက်ဘီးလေးနဲ့ ပြေးနေရတယ်။ ညနေဆို ငါးနာရီခွဲလောက်မှ အိမ်ပြန်ရောက် တယ်။ အဲဒီအချိန်မှာ ကလေးတွေက အိမ်မှာ ရှိနေပါပြီ၊ သူမ အိမ်ရောက်တာနဲ့ ကလေး တွေအတွက် ထမင်းချက်ပြုတ်ရ၊ ကလေးတွေရဲ့ အ၀တ်အစားတွေ လျှော်ရဖွတ်ရတယ်။ သားသမီးတွေ မျက်နှာမငယ်ရအောင်၊ တခြားကလေးတွေနဲ့ တန်းတူ သူမကလေးတွေ နေရအောင် အလုပ်တဖက်နဲ့ မနားရအောင် လုပ်ကိုင်နေတာ၊ ကလေးတွေကို ကြည့်ရှု စောင့်ရှောက်နေရပါတယ်။ ဒါဟာ သူမရဲ့ တနေ့တာ အချိန်အတွင်းမှာ လုပ်ကိုင်ဆောင် ရွက်နေရတဲ့ အကြောင်းကို ပြောပြတာပါ။

ကျနော် စဉ်းစားကြည့်မိခဲ့တာတွေကို ပြောချင်ပါတယ်။

တကယ်ဆိုရင် ဒီမှာလာပြီး အလုပ်လုပ်နေတာ တယ်မလွယ်ပါဘူး။ သူမ ပိုက်ဆံ ဘယ်လောက်ရသလဲ၊ ရတဲ့ပိုက်ဆံလေးနဲ့ အိမ်လခ ပေးရတာရယ်၊ မီးခ ပေးရတာရယ်၊ ရေခ ပေးရတာရယ်၊ ကလေးတွေရဲ့ မုန့်ဖိုးပဲဖိုး ပေးရတာရယ်၊ ၀မ်းစားအတွက်ရယ်၊ တကယ်တွက်ကြည့်ရင် လောက်ချင်မှလည်း လောက်မှာပါ။ ဒါပေမယ့် သူမဟာ ကလေး တွေကို တင့်တင့်တယ်တယ်ထားနိုင်တာကို ကျနော် လေးစားပါတယ်။ ချီးကျူးပါတယ်။ သူမနေရာမှာ ကျနော့်မိခင်ကို အစားထိုးပြီး စဉ်းစားကြည့်တော့လည်း ထပ်တူမကျရင် တောင် ကျနော့်မိခင်လည်း ဒီလိုပဲ ရုန်းကန်ခဲ့ရမှာပဲ၊ ကျနော်တို့အတွက်ပေါ့။ တခုသာတာ က ကျနော်တို့ မိသားစုထဲမှာ၊ ကျနော့်မိခင်နားမှာ အဖေရှိခဲ့တော့ အမေဟာ သူမလောက် တော့ မပင်ပန်းခဲ့လောက်ဘူးပေါ့၊ ကျနော် ပြောသလိုပါပဲ၊ ထပ်တူမကျလောက်ဘူးဆိုတာ လေ၊ ဒါပေမယ့် တူတာတခုရှိတယ်၊ အဲဒါကတော့ မိခင်တိုင်း သားသမီးတွေအပေါ်ထားတဲ့ မေတ္တာ၊ ဂရုဏာ၊ အချစ် အဲဒါတွေ ဖြစ်နိုင်၊ တူနိုင်ပါတယ်။ မိခင်တိုင်းဟာ သူတို့သားသမီး တွေကို ချစ်တဲ့အချစ်တွေဟာ အားလုံးတူညီနေကြတယ်လို့ ကျနော် ယုံကြည့်ပါတယ်။

စာဖတ်သူတွေကို ကျနော် မေးခွန်းတွေ မေးချင်ပါတယ်။ ကိုယ့်ဟာကိုယ် ဝေဖန် ပိုင်းစစ်၊ စမ်းစစ်ဖို့ပါပဲ။ ကျနော်လည်း စမ်းစစ်ပါမယ်။

မိခင်လို့ ဆိုလိုက်တာနဲ့
၁။ ကိုယ့်ရဲ့ မိခင်သာလျှင် အမြင့်မြတ်ဆုံးလို့ ထင်သလား။
၂။ တခြားသော မိခင်တွေကို ကိုယ့်ရဲ့ မိခင်လို့ လက်ခံနိုင်သလား။
၃။ ဘယ်လို မိခင်မျိုးကိုမှ ကိုယ့်ရဲ့ မိခင်လို့ သတ်မှတ်ပါသလဲ။

အဲဒီမွေးခွန်းသုံးခုကို ဖြေကြည့်ကြရင်း၊ စဉ်းစားကြည့်ကြရင်း ကိုယ့်ရဲ့သဘောထား တွေကိုလည်း ပြောခဲ့ကြပါ။ ကဲ … စာဖတ်သူတွေပဲ စဉ်းစားလို့၊ ဖြေကြည့်လို့လဲ မပြီးပါဘူး။ ကျနော်ကိုယ်တိုင်လည်း ဖြေကြည့်ပါမယ်၊ စဉ်းစားပြီး ကျနော့်သဘောထားကို ပြောပါမယ်။

၁။ ကိုယ့်ရဲ့ မိခင်သာလျှင် အမြင့်မြတ်ဆုံးလို့ ထင်သလား။

ကျနော် ငယ်ငယ်တုန်းကတော့ ကျနော့်မိခင်သာလျှင် အမြင့်မြတ်ဆုံးလို့ ထင်ခဲ့တယ်။ သူများတွေကို မပြောရင်တောင် ကျနော့်ရဲ့ စိတ်ထဲမှာ အဲဒီလို ထင်ခဲ့ပါတယ်။ ဒါပေမယ့် ကျနော် ဒီအသက်အရွယ်ထိရောက်လာတဲ့အချိန်မှာ ဒီမေးခွန်းလေးကို ပြန်စဉ်း စားကြည့်မိတယ်။ - ငါ ငယ်ငယ်တုန်းက ထင်ခဲ့သလို မဟုတ်ပါလားဆိုတာ သိလာရတယ်။ မြင်လာတယ်။ သူစိမ်းနယ်ထဲကို ခြေချလာခဲ့တာရယ်၊ ကျနော့်ရဲ့ အတွေ့အကြုံအရလည်း သိလာရပါတယ်။

ကိုယ့်ရဲ့ မိခင်သာလျှင် အမြင့်မြတ်ဆုံး မဟုတ်တော့ပါဘူး၊ မိခင်တိုင်း၊ မိခင် တိုင်းဟာ မြင့်မြတ်ကြပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ မိခင်တိုင်းဟာ သားသမီးတွေအတွက် တော့ အမြင့်မြတ်ဆုံးပါပဲ။ မိခင်တိုင်းရဲ့ မြင့်မြတ်ပုံချင်း မတူညီတာပဲ ကွာမယ်။ ကျနော် ထပ်ပြောပါရစေ … မိခင်တိုင်း … မိခင်တိုင်းဟာ ဘာသာလူမျိုးကွဲပြားပါစေ၊ အသားအ ရောင် ကွဲပြားပါစေ၊ မိခင်ဟာ မိခင်ပါပဲ။ ဒါကြောင့် အားလုံးသော မိခင်တွေဟာ အမြင့်မြတ် ဆုံးပါပဲလို့ ကျနော် အဲဒီလို ရဲရဲကြီးကို ယုံကြည်တယ်။ လက်လည်း လက်ခံပါတယ်။

၂။ တခြားသော မိခင်တွေကို ကိုယ့်ရဲ့ မိခင်လို့ လက်ခံနိုင်ပါသလား။

ဒီမေးခွန်းကို လူတိုင်း ဘယ်လိုဖြေကြမလဲတော့ မသိဘူးဗျ၊ ကျနော်က လည်း တော်တော့ကို စဉ်းစားယူရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်လည်း လူသား ထဲက လူတယောက်မို့လို့ပါပဲ။ ကိုယ့်မိခင်ကလွဲပြီး တခြားသော မိခင်တွေကို ဘယ်သူတွေ က လက်ခံနိုင်ပါ့မလဲ။ အနည်းအများပေါ်မှာလဲ မူတည်ပါတယ်။ သေချာတာတခုတော့ ရှိ တယ်။ အဲဒါကတော့ ကျနော် အမှန်အတိုင်းဝန်ခံရရင် တခြားသော မိခင်တိုင်းကို ကိုယ့်ရဲ့ မိခင်ရယ်လို့ လက်မခံထားနိုင်သည့်တိုင် စဉ်းစားပြီး သဘောထားပြည့်ဝစွာ စာနာနားလည် ပြီး လက်ခံနိုင်ပါတယ်။

ဒီလိုပြောလိုက်လို့ အံ့သြမသွားကြပါနဲ့ ကျနော် အထက်က မိခင်တို့ရဲ့အ ကြောင်းကို ပြောခဲ့သလိုပါပဲ၊ မိခင်တွေ စာနာတယ်၊ နားလည်တယ်၊ မိခင်တိုင်းကို ကိုယ့်ရဲ့ မိခင်လို့ သဘေားထားပြီး ခွင့်လွတ်နားလည်ပေးနိုင်လိမ့်မယ်လို့ ကျနော့်ကိုယ် ကျနော် အဲဒီ လို လက်ခံယုံကြည်ပါတယ်။ အပြည့်အ၀တော့ ဖြစ်ချင်မှလည်း ဖြစ်မှာပါ။

စာဖတ်သူတွေအားလုံး စဉ်းစားကြပါ။ ငါက ဘယ်လိုရှိတယ်၊ ငါ့ခံစားချက် က ဒီလိုပဲလားဆိုတာတွေကို ကိုယ့်ဖာသာကိုယ် စဉ်းစားပြီး ဖြေကြည့်စေချင်ပါတယ်။

၃။ ဘယ်လို မိခင်မျိုးကိုမှ ကိုယ့်ရဲ့ မိခင်လို့ သတ်မှတ်ပါသလဲ။

ကျနော်ကိုယ်တိုင် မေးလိုက်တဲ့ မေးခွန်းကို ကျနော် ဘယ်လို ပြန်ဖြေရမလဲ မသိတော့ဘူး၊ မေးခွန်းက နည်းနည်းခက်သွားတယ်လို့ ထင်တယ်။ ဒါပေမယ့် ကျနော် ကြိုး စားပြီး ဖြေပေးပါ့မယ်။

ကျနော် ငယ်ငယ်တုန်းကတော့ အတွေးကို ပြောပြချင်တယ်။ ကျနော့်မိခင် ဟာ ကျနော်တို့အပေါ်မှာ ယုယမှုတွေ ပေးတဲ့၊ ဂရုဏာတရား ပေးတဲ့၊ အလိုလိုက်တတ်တဲ့ စသည်ဖြင့်ပါပဲ၊ အဲဒီလို မိခင်မျိုးကို ဖြစ်စေချင်ခဲ့တာလေ။ အဲဒီလို တွေးထင်ခဲ့တာတွေ၊ ဖြစ်စေချင်တာတွေဟာ ကျနော်တို့အပေါ်မှာ တကယ်ပဲ အဲဒီလို ဖြစ်စေခဲ့ပါတယ်။

နောက်တခုရှိသေးတယ်၊ လူသားအားလုံး သို့မဟုတ် သားသမီးတိုင်းအား လုံးဟာ ကိုယ့်ရဲ့ မိခင်ကိုတော့ မိခင်ကောင်း၊ မိခင်မြတ်ဖြစ်စေချင်ကြတာချည်းပါပဲ။ "အို မိခင် ခွင့်လွတ်ပါ" ကျနော်ပြောမယ့် စကားလုံးအသုံးအနှုန်းအတွက် နားနဲ့မနာ၊ ဖ၀ါးနဲ့သာ နာပါလို့ ပြောပါရစေ။ တချို့သော လူသားတွေဟာ ကိုယ့်ရဲ့ မိခင် မကောင်းတဲ့ မိခင်ဖြစ် ကြည့်၊ ဆိုးသွမ်းတဲ့ မိခင်ဖြစ်ကြည့် သူတို့တွေဟာ ကိုယ့်မိခင်ပါလို့ သူတပါးကို ပြောဆိုပြဖို့ ရာ ခက်ခဲကြမယ်လို့ ကျနော်ထင်တယ်။ တချို့သော လူသားတွေနော်။

ကျနော်ကိုယ်တိုင်ရော အဲဒီလိုမျိုးသာ ကိုယ့်မိခင်ဖြစ်ရင် ဘယ်လို လုပ်မလဲ၊ ကျနော်ကတော့ ကိုယ့်မိခင် ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ထာဝစဉ်သာ ကိုယ့်မိခင်ပါပဲ။ ကျနော့်ရဲ့ ဦးထိပ်မှာ မိခင်ကို ထားပါ့မယ်။ ဒါဟာ ကျနော့်ရဲ့ နှလုံးသားက သတ်မှတ်တဲ့ ခံစားချက်စကားတွေပါပဲ။ စာဖတ်သူတွေရော ဘယ်လိုမျိုး သတ်မှတ်မလဲ၊ ကိုယ့်ဖာသာကိုယ် စဉ်းစားကြည့်မယ်ဆိုရင်ပေါ့။

မိခင်တွေဟာ အိုမင်းမစွမ်းဖြစ်သွားတာတောင် သားမီးတွေကို ဘယ်လောက်ချစ်သ လဲ။ သူတို့ အိုမင်းသွားရင်၊ သေဆုံးသွားရင်တောင် သူတို့မေတ္တာဟာ အိုမင်းသွားမယ် မဟုတ်ပါ၊ သေဆုံးသွားမယ်မဟုတ်ပါ၊ အမြဲထာဝရသစ်လွင်ရှင်သန်နေမယ်ဆိုတာ ကျနော် ယုံယုံကြည်ကြည် ပြောချင်ပါတယ်။ အခု သူငယ်ချင်းတယောက်ဆီက ရခဲ့တဲ့ စာသားလေး တချို့ကို ပြန်ပြောပြချင်ပါသေးတယ်။ အဲဒီ မိခင်ရေးထားတဲ့စာက "ငါ အိုသွားတဲ့ အခါ"တဲ့။

ငါ အိုသွားတဲ့ အခါ

"တနေ့ထက် တနေ့ အိုစာသွားတဲ့ ငါ့ကိုကြည့်ပြီး ၀မ်းမနည်းပါနဲ့၊ နားလည် ပေးပါ၊ အားပေးပါ၊ အရင်တုန်းက လူ့ဘ၀သက်တမ်းအတွက် ငါ လမ်းညွန်ခဲ့သလို အခုအ ချိန်မှာ ငါ့ဘ၀ နောက်ဆုံးအချိန်တွေအတွက် အဖော်ပြုပေးပါ။ အချစ်နဲ့ အေးမြမှုတွေကို ငါ ပြုံးပြုံးလေး လက်ခံမှာပါ။ အဲဒီအပြုံးတွေထဲမှာ မဆုံးတဲ့ ငါ့ မေတ္တာတွေ တွေ့ရမှာပါ။"တဲ့။

ဒီစာသားလေးကို မိခင်တယောက်ရေးခဲ့တဲ့ စာသားလေးပါ။ စာဖတ်သူအားလုံးကို ဝေမျှပေးလိုက်ပါတယ်။ ကိုယ့်ရဲ့ မိခင်တွေကို အဲဒီလိုမျိုး ပြောထားတဲ့အတိုင်းတာ လျှောက်သွားမယ်ဆိုရင် မိခင်တိုင်းရဲ့ အပြုံးတွေ ဝေေ၀ဆာဆာ ပွင့်နေမှာ အမှန်ပါပဲ။

ကျနော်နဲ့ လုပ်ဖော်ကိုင်ဖက် အမတယောက်ဟာ သားသမီးတယောက်ရဲ့ ခံစား ချက်လေးကို ပြောပြပါတယ်။ ဒီမှာ ကျနော် ပြန်ရေးပေးလိုက်ပါတယ်။ ဖတ်ကြည့်ကြပါဦး။

"ကမ္ဘာပေါ်မှာရှိတဲ့ မိခင်တိုင်း … မိခင်တိုင်းရဲ့ မေတ္တာ၊ စေတနာတွေဟာ ဘာနဲ့မှ နှိုင်းယှဉ်လို့မှမရအောင် ကြီးမားပါတယ်။ ကျမအကြောက်ဆုံးကတော့ ကျမဘေးနားမှာ အမေမရှိတော့မှာကိုပါဘဲ၊ ကျမဘေးနားမှာ အမေရှိနေရင် လုံခြုံစိတ်ချပြီး ပြည့်စုံပြီလို့ ယုံ ကြည်တယ်။ အသက်အရွယ်ကြီးလာလေ အမေတယောက်ရဲ့ မေတ္တာကြီးမားမှုကို ပိုပြီးနား လည်ခဲ့ရလေ ဖြစ်ပါတယ်။"

အိုခြင်း၊ နားခြင်း၊ သေခြင်းဆိုတဲ့ အနိစ္စတရားကို ဘယ်သူမှ၊ ဘယ်အရာကမှ မကျော်လွှားနိုင်ဟု ဗုဒ္ဓမြတ်စွာက ဟောကြားတော်မူခဲ့ပါတယ်။

မိခင်တို့ရဲ့ မေတ္တာဟာ အနိစ္စတရားကို ကျော်လွန်နိုင်စွမ်းရှိတယ်လို့ ကျနော် ယုံ ကြည်နေမိတယ်။

မိခင်တို့ရဲ့ မေတ္တာဟာ ဘယ်အခါမှာမှ မအိုမင်း …
မိခင်တို့ရဲ့ မေတ္တာဟာ ဘယ်အခါမှာမှ မထိခိုက်နိုင် …
မိခင်တို့ရဲ့ မေတ္တာဟာ ဘယ်အခါမှာမှ သေဆုံးသွားလိမ့်မယ် မဟုတ်ပါ။


မာန်လှိုင်းငယ်
၂၀၀၈ ခုနှစ်။ မေလ (၂)ရက်။

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes