(၁)
ကိုကျော် ...
နေ့တနေ့ကုန်တိုင်း
သတိရလို့ ကဗျာတွေ ရေးဖြစ်တယ်
ဒါပေမယ့်
ကဗျာ့ကာရန်တွေက
ဖုန်းဆိုးမြေလမ်းမလို ကပေါက်သိကပေါက်ချာ
ခင်ဗျား မရှိတော့
အရာရာဟာ ခမ်းခြောက် အလွမ်းတစ္ဆေခြောက်ခံရတယ်။
(၂)
ပုထုဇဉ်လူသားများ အလွမ်းတွေ သွန်းဖြိုးဖို့
ပျောက်ဆုံးခဲ့တဲ့ မြို့တော်အတွက်
ပန်းချီတွေ ရေးခြယ်
ကဗျာတွေ ဖွဲ့နွဲ့
ဝတ္ထုတွေ သီကုံး
ရသတွေ လုံးထွေး
သံစဉ်တွေ `to burst´
နောက်ဆုံးမှာ ...
ဆိုက်ရောက်ဘူတာ လွမ်းရပါသည်
`လွတ်ကျခဲ့တဲ့ မြို့တော်´ဆီ ... ။
(၃)
ခင်ဗျား မသိတဲ့ အရာတခု
ကျနော့်ကာရန်တွေ
ခင်ဗျားလက်နဲ့ ဖုံးကွယ်ထားတဲ့ ဆူးကို
တဖျက်ဖျက်နဲ့ ရိုက်ခတ်လာတဲ့ လှိုင်းသံက
စေတနာကို အကျိုးမပေး
သံသယမျက်လုံးများနဲ့သာ ကြည့်နေမယ်ဆိုရင်
ကမ္ဘာကြီး အရည်ပျော်မယ့် ခေတ်တခေတ်ကို
ကမ်းပြိုရထားလို မကူးပြောင်းခင်အချိန်းလေးမှာ
အလှတရားနဲ့ စူးနစ်ဒဏ်ရာ
အမုန်းတရားနဲ့ စာနာခြင်းတို့ ဘုံလုံတလှည့် ရေတလှည့်
ဒီမြို့မှာ ခင်ဗျားတယောက်ထဲမဟုတ် ...
ခင်ဗျားမရှိတဲ့ ဒီမြို့မှာ
စေတနာသန့်သန့် ကာရန်တွေကိုတော့
ပြန်မရုပ်သိမ်းနိုင်ပါဘူး ... ။
(၄)
ကိုကျော် ...
ပြုံးပြုံးမော့မော့လေးနဲ့
အဆိပ်ဝိုင်တခွက်ကို သောက်ခဲ့ရင်
အဆိပ်ဟာ သတ္တိပဲ
ဘ၀ကို အမုန်းဖွဲ့စရာမလိုအောင်
ခင်ဗျာရဲ့ မှန်ကန်ခြင်း သစ္စာတရားကို
တချိန်ချိန်မှာ ...
ခင်ဗျားသောက်ခဲ့တဲ့ အဆိပ်ဝိုင်တခွက်ဟာ
ဒီနေ့ကမ္ဘာအတွက် မနက်ဖြန်ကမ္ဘာကို
ငြိမ်းချမ်းခြင်း အလင်းစက်ကလေး
ဒီ `လွတ်ကျခဲ့တဲ့ မြို့တော်´ မှာ
ဖြိုးဖြိုးဖျက်ဖျက် ထွန်းတောက်စေဖို့
ကျနော်တို့လည်း ...
ပြုံးပြုံးမော့မော့လေး အဆိပ်ဝိုင်တခွက်ကို သောက်ရင်း
နောင်တတစက်ကလေးမှ အရောင်မရောတဲ့ ဒီမြို့တော်မှာ ... ။ ။
မာန်လှိုင်းငယ်
၂၀၁၁ ခုနှစ်၊ မေလ (၂၇) ရက်။
မှတ်ချက်။ ။ ကိုနေဘုန်းလတ်ကို သတိရမှုကြောင့် ဒီကဗျာလေးကို ရေးဖွဲ့ခဲ့ခြင်းပါ။
Saturday, December 17, 2011
အရောင်မရောတဲ့ မြို့တော်
3:48 PM
မာန်လှိုင်းငယ်
No comments
0 comments:
Post a Comment