နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Saturday, December 17, 2011

အရောင်မရောတဲ့ မြို့တော်

(၁)
ကိုကျော် ...
နေ့တနေ့ကုန်တိုင်း
သတိရလို့ ကဗျာတွေ ရေးဖြစ်တယ်
ဒါပေမယ့်
ကဗျာ့ကာရန်တွေက
ဖုန်းဆိုးမြေလမ်းမလို ကပေါက်သိကပေါက်ချာ
ခင်ဗျား မရှိတော့
အရာရာဟာ ခမ်းခြောက် အလွမ်းတစ္ဆေခြောက်ခံရတယ်။


(၂)
ပုထုဇဉ်လူသားများ အလွမ်းတွေ သွန်းဖြိုးဖို့
ပျောက်ဆုံးခဲ့တဲ့ မြို့တော်အတွက်
ပန်းချီတွေ ရေးခြယ်
ကဗျာတွေ ဖွဲ့နွဲ့
ဝတ္ထုတွေ သီကုံး
ရသတွေ လုံးထွေး
သံစဉ်တွေ `to burst´
နောက်ဆုံးမှာ ...
ဆိုက်ရောက်ဘူတာ လွမ်းရပါသည်
`လွတ်ကျခဲ့တဲ့ မြို့တော်´ဆီ ... ။

(၃)
ခင်ဗျား မသိတဲ့ အရာတခု
ကျနော့်ကာရန်တွေ
ခင်ဗျားလက်နဲ့ ဖုံးကွယ်ထားတဲ့ ဆူးကို
တဖျက်ဖျက်နဲ့ ရိုက်ခတ်လာတဲ့ လှိုင်းသံက
စေတနာကို အကျိုးမပေး
သံသယမျက်လုံးများနဲ့သာ ကြည့်နေမယ်ဆိုရင်
ကမ္ဘာကြီး အရည်ပျော်မယ့် ခေတ်တခေတ်ကို
ကမ်းပြိုရထားလို မကူးပြောင်းခင်အချိန်းလေးမှာ
အလှတရားနဲ့ စူးနစ်ဒဏ်ရာ
အမုန်းတရားနဲ့ စာနာခြင်းတို့ ဘုံလုံတလှည့် ရေတလှည့်
ဒီမြို့မှာ ခင်ဗျားတယောက်ထဲမဟုတ် ...
ခင်ဗျားမရှိတဲ့ ဒီမြို့မှာ
စေတနာသန့်သန့် ကာရန်တွေကိုတော့
ပြန်မရုပ်သိမ်းနိုင်ပါဘူး ... ။

(၄)
ကိုကျော် ...
ပြုံးပြုံးမော့မော့လေးနဲ့
အဆိပ်ဝိုင်တခွက်ကို သောက်ခဲ့ရင်
အဆိပ်ဟာ သတ္တိပဲ
ဘ၀ကို အမုန်းဖွဲ့စရာမလိုအောင်
ခင်ဗျာရဲ့ မှန်ကန်ခြင်း သစ္စာတရားကို
တချိန်ချိန်မှာ ...
ခင်ဗျားသောက်ခဲ့တဲ့ အဆိပ်ဝိုင်တခွက်ဟာ
ဒီနေ့ကမ္ဘာအတွက် မနက်ဖြန်ကမ္ဘာကို
ငြိမ်းချမ်းခြင်း အလင်းစက်ကလေး
ဒီ `လွတ်ကျခဲ့တဲ့ မြို့တော်´ မှာ
ဖြိုးဖြိုးဖျက်ဖျက် ထွန်းတောက်စေဖို့
ကျနော်တို့လည်း ...
ပြုံးပြုံးမော့မော့လေး အဆိပ်ဝိုင်တခွက်ကို သောက်ရင်း
နောင်တတစက်ကလေးမှ အရောင်မရောတဲ့ ဒီမြို့တော်မှာ ... ။ ။

မာန်လှိုင်းငယ်
၂၀၁၁ ခုနှစ်၊ မေလ (၂၇) ရက်။

မှတ်ချက်။ ။ ကိုနေဘုန်းလတ်ကို သတိရမှုကြောင့် ဒီကဗျာလေးကို ရေးဖွဲ့ခဲ့ခြင်းပါ။

တူညီ ကွဲပြား သုံးဦးသား

နိုင်ငံရေးကို သိသူက
ပေတံ၊ ခဲတံ၊ စာအုပ်ကို လှန်ကလော်ရင်း
လူအများ မြင်သာအောင်
ဒသန၊ ဝေါဟာရ၊ မူဝါဒတွေကို ရေးတယ်။


စီးပွားရေးကို သိသူက
လောဘဇောကို ဓားသွားပေါ်တင်ရင်း
လူအများ လည်ပင်းကို
ကွက်ကျော်ရိုက် ပေတီးတွက်ရင်း ညစ်တယ်။

အာဏာကို သိသူက
အာဏာရမ္မက်ဇောကို ဖက်တွဲရင်း
နိုင်ငံသူနိုင်ငံသားများကို
ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်၊ လိမ်ညာမှုတွေ အကုန်လုပ်တယ်။

မာန်လှိုင်းငယ်
၂၀၁၁ ခုနှစ်၊ မေလ (၁၂) ရက်။
(၁၁ နာရီ ၄၈ မိနစ်)

မှတ်ချက်။ ။ ကဗျာဆရာနေမျိုးရဲ့ ထရပ်ကားပေါ်က သစ်သီးတွေ (ခေတ်ပေါ်ကဗျာ) စာအုပ်ထဲမှ ထိုသုံးဦးကဗျာကို ဖတ်ရင်း ခံစားမိသွားတာလေးကို ရေးချလိုက်ခြင်းဖြစ်ပါတယ်။

သီချင်းနဲ့သာ ကဗျာသီ

ခြစားခြင်းခံနေရတဲ့
အိမ်အိုတွေ ဒုနဲ့ဒေး
အိုးအိမ်မဲ့တွေ ဒုနဲ့ဒေး
ဘယ်အရာတွေကမှ အရေးမလှုပ်
ငုတ်တုတ်ထိုင်ကာ ကြည့်နေကြ ... ။


ပျော်ရွှင်ခြင်းမဲ့၊ မေတ္တာငတ်
ခိုလုံရာမဲ့၊ ၀မ်းရေးပျက်
အငတ်ငတ်၊ အပျက်ပျက်
လျှောက်တည်ရာမဲ့စွာနဲ့
ဇာတ်ဆရာအလိုကျ
ရုန်းကန်းလိုက်ကြပေတော့ ... ။

သစ်တပင်ကောင်း ငှက်တသောင်းတဲ့
မေတ္တာတရားကို ရှာဖွေပါ
သစ္စာတရားကို သိမ်းဆည်းပါ
ဆန္ဒနဲ့ လောဘကို ခွဲခြားပါ
အသင်တို့ ...
ငိုးညည်းနေမယ့်အစား
သီးချင်းနဲ့သာ ကဗျာသီလိုက်ကြ ... ။

တိတ်ဆိတ်မှုက
အာရုံကို ဖမ်းစားလို့
ဖြူစင်မှုအတွင်းကလီဇာကို
ကောက်ကျစ်မှု ငမိုက်သားတွေ
တိုက်တူးကာ လိုက်စားနေတော့
ဆာလောင်မှုတွေ အတောမသတ်နိုင်အောင်
ရှေ့ဆက် ... ရုန်းကန်းလှုပ်ရှားနေကြပေဦး ... ။


မာန်လှိုင်းငယ်
၂၀၁၁ ခုနှစ်၊ မေလ (၆) ရက်။

ဒီလိုတွေးမိတယ်

ဒီလိုတွေးမိတယ်
ကြယ်ကြွေတဲ့အခါ
ဆုတောင်းပြည့်တယ်တဲ့
ဒါပေမယ့် ...
ကြယ်ကြွေက
ဘယ်သူ့အိပ်မက်ထဲ ထိုးဆင်းသွားခဲ့သလဲ။


ဒီလိုတွေးမိတယ်
အူဝဲဆိုပြီး ကြားလိုက်တဲ့အခါ
ကံကြမ္မာတို့ရဲ့ မှော်ဝင်စွမ်းနဲ့အတူ
ခလုတ်တိုက်လှဲဖို့ ဆီးကြိုခံလိုက်ပြီ။

ဒီလိုတွေးမိတယ်
သစ်ရွက်ကြွေတဲ့အခါ
တောင်းဆုများပြည့်သတဲ့လား
သိခဲ့တာ ...
သစ်ရွက်ကြွေ ငိုညည်းသံတခု
မြေကြီး ရီ(ရယ်)သံတခု
တို့က ...
သိမ့်သိမ့်တုန် ဒိုးယိုပေါက်ခဲ့တယ်။ ။

မာန်လှိုင်းငယ်
၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ (၁၇) ရက်။

မျှော်လင့်ခြင်းနဲ့ မိခင်

နှလုံးသားထဲ ထိ
ဝင်းမှည့်ချိုမြိန်ခြင်းများစွာ စီးဝင်နေတဲ့ မြစ်
ဧရာဝတီ ... ။


ယုံကြည်ချက်များ
မြဲမြန်ခြင်းများစွာ စိုက်ထူပေးနေတဲ့ မြစ်
ဧရာဝတီ ... ။

အနာဂတ်ဘဝ
လှလှပပ စိမ်းစိုခြင်းများစွာ သယ်ဆောင်ပေးနေတဲ့ မြစ်
ဧရာဝတီ ... ။

ကလေးငယ်
ရင်ဝယ်ပိုက်ထွေး မျှော်လင့်ခြင်းနဲ့ မိခင်
ဧရာဝတီ ... ။

ခံစားမှုဒုက္ခ
ထိန့်လန့်မှုအဖုံဖုံ ရပ်တန့်စေဖို့
တဖက်မှာ
ရေတခွက်ကို ကိုင်ရင်း
နေရောင်မှာ ထောင်ကြည့်လိုက်
ကြည်လင်တောက်ပမှုရဲ့ အကျိုးဆက်ကို ရှာတွေ့နိုင်မယ်။ ။

မာန်လှိုင်းငယ်

Thursday, February 10, 2011

`ကွက်လပ်လေးတခုရဲ့ နေ့ရက်တွေထဲမှာ´

ခွဲခွာခဲ့တာ ကြာပြီ ငတ်ငတ်မွတ်မွတ် တမ်းတနေရတဲ့ နေ့ရက်တွေမှာ ...။
ဘ၀မှာ ... အဆုံးအစမဲ့ လမ်းပျောက်နေရင်လည်း
ကျနော်တို့ဆီ ...
လင်းလက်တောက်ပစွာ ပြန်လာခဲ့ပါ တမ်းတနေမိပါရဲ့ ... မေမေ။

ခွဲခွာခဲ့တာ ကြာပြီ ငတ်ငတ်မွတ်မွတ် တမ်းတနေရတဲ့ နေ့ရက်တွေမှာ ...။
ကျနော်တို့ ခေါင်း ထက်ကောင်းကင်က
နေ၊ လ၊ ကြယ်၊ တာရာတွေ
အခါတိုင်းလိုပဲ အနတ္တ (အဆုံးမရှိ) တည်ရှိနေလေရဲ့ ... မေမေ။

ခွဲခွာခဲ့တာ ကြာပြီ ငတ်ငတ်မွတ်မွတ် တမ်းတနေရတဲ့ နေ့ရက်တွေမှာ ...။
ဘ၀သံသရာမှာ ... နေ့မြင် ညပျောက်
ညမြင် နေ့ပျောက်၊ ကြယ်မြင် လပျောက်
မပြောင်းမလဲ ဖြစ်မြဲစွာ အရှိကို အရှိအတိုင်းပါပဲ
ဒါပေမယ့်
မေမေရေ ...
ကျနော်တို့ရဲ့ အတ္တရင်ခွင်ကြီးထဲမှာတော့
အခါတိုင်းလိုပဲ ကွက်လပ်လေးတခု ကျန်နေစမြဲပါ ... မေမေ။

ခွဲခွာခဲ့တာ ကြာပြီ ငတ်ငတ်မွတ်မွတ် တမ်းတနေရတဲ့ နေ့ရက်တွေမှာ ...။
ကျနော်တို့ရဲ့ ဘ၀မှတ်တိုင်မှာတော့
`ကွက်လပ်လေးတခုရဲ့ နေ့ရက်တွေထဲမှာ´
အခါခါအလီလီ သမိုင်းအက္ခရာအဖြစ် တင်ရှိနေဆဲပါ ... မေမေ။ ။

မာန်လှိုင်းငယ်
၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄) ရက်။

အချိန်ရရင် မေ့နိုင်အောင်တော့ တိမ်ပေါ်တက်လိုက်ပါဦး

မနက်ခင်းနဲ့အတူ
အာရုံဦးရောင်လေး ထွန်းတောက်လာဖို့
ငါ့ခြေရာတွေ ထင်ကျန်သွားအောင်
နက်နက်နဲနဲလေး ခြွေယူသွား ...
အချိန်ရရင် မေ့နိုင်အောင်တော့ တိမ်ပေါ်တက်လိုက်ပါဦး။

ညနေခင်းနဲ့အတူ
ဆည်းဆာရောင်လေး ဖြာကျလာဖို့
ငါ့သက်ပြင်းတွေ ထင်ဟပ်သွားအောင်
ပြင်းပြင်းရှရှလေး နုတ်ယူသွား ...
အချိန်ရရင် မေ့နိုင်အောင်တော့ တိမ်ပေါ်တက်လိုက်ပါဦး။

သန်းခေါင်ယံနဲ့အတူ
ညဥ့်ဦးရောင်လေး ပိန်းပိတ်လာဖို့
ရှေ့က နံရံတွေ ကွာကျသွားအောင်
ငါ့အရိပ်တွေ မည်းမှောင်သွားအောင်
နှစ်၊ လ၊ ရက်တွေ ကြာညောင်းလာတဲ့ကာလတခုထိ

ကြောင်းကျိုးမဆီလျှော်တဲ့ သေခြင်းတရားတခုကြောင့်
မတော်တဆ သူရဲကောင်း မဖြစ်ချင်ဘူး
ဒါပေမယ့် ...
အညတြထဲက အညတြသာ ဖြစ်လာစေဖို့အတွက်
အချိန်ရရင် မေ့နိုင်အောင်တော့ တိမ်ပေါ်တက်လိုက်ပါဦးမယ်။

မာန်လှိုင်းငယ်
၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ (၂၆) ရက်။
(၁၀း၂၄) မိနစ်တိတိ

Wednesday, August 25, 2010

`အချစ်ဟာ အလွမ်းဖြစ် .. အလွမ်းဟာ အချစ်ဖြစ်´

အတိတ်ကို ကြိုက်တဲ့နေရာကနေ ပြန်စလို့ရရင်
ပဉ္စလက်ကဝေတွေနဲ့အတူ ဟိုး အထက်
ကြောင်လိမ်လှေခါးထစ်တိုင်း တတ်တတ်ပြီး
အေးချမ်းသာယာတဲ့ ငွေစန္ဒာလမင်းကြီးကို ဆွတ်ခူးယူလိုက်ချင်ပါရဲ့ ... ။


နောက်တော့
မဟာတံတိုင်းကြီးပေါ် ခုန်တတ်လာတဲ့ ၀ူခုန်းမျောက်မင်းလို
မဟာရွှေဒုတ်ကြီးကို ကိုင်ရင်း
လက်ညှိုးညွန်ရာ ရေဖြစ်စေဖို့
ညီမလေးရေ ...
မင်း .. အိမ်ပြန်ရောက်ရင် ဧည့်စာရင်း တိုင်ထားဦးနော် ... ။

အမှောက်ပယောဂအားလုံး
မင်းကို လာရောက်ချည်နှောင်သွားပါဦးမယ်
ဒါကြောင့်
သမိုင်းရဲ့ မင်းကျန်စစ်လို လှံတချက်ထောက်ပြီး
မင်းဆီ အရောက်လှမ်းခဲ့ပါမယ် ... ။ ။

မာန်လှိုင်းငယ်

Friday, August 20, 2010

မပြုံးနိုင် မပျော်နိုင် ကြာလေပြီလား

စိမ်းလန်းစိုပြေနေတဲ့ မြေဟာ
တရွေ့ရွေ့နဲ့ အထပ်ထပ် အခါခါ
ယမ်းငွေ့တွေ ဖုံး
ရမ္မက်မုဆိုးတွေ လုံး
မပြုံးနိုင် မပျော်နိုင် ကြာလေပြီလား။


လောဘ ဒေါသ မောဟမီးတွေ အလျံတငြီးငြီး တောက်
ရမ္မက်မီးတွေ တဟုန်းဟုန်း တောက်
အမှောင်တွေ အထပ်ထပ် ဖုံးတဲ့ အ၀ီစိငရဲထဲမှာ
အသက်တွေက အစိုးမရ
ငတ်ပျက်ခေါင်းပါးမှုတွေက အငေါ်ထူးထူး
ကပ်ဘေးအန္တရာယ်တွေက အုပ်စိုးမိုး
ငြိမ်းချမ်းရေးကို သယ်ဆောင်ပေးမဲ့
သံလွင်ခက်နဲ့ ချိုးငှက်ကလေးလည်း
အဝေးဆုံးအဝေးကို ထွက်သွားလေပြီလား။

လူ့ယဉ်ကျေးတွေရဲ့ သမိုင်း
သွေးစက်လှိုင်းတွေ ရိုက်ခတ်
သွေးမုန်တိုင်းတွေ တိုက်ခတ်
သမိုင်းတကွေ့ မော်ကွန်းတင်ဖို့
မှတ်ကျောက်အက္ခရာ ထိုးလိုက်လေပြီလား။

ရုပ်နမ်ဝတ္ထု တိုးတက်မှုနောက် တကောက်ကောက်
သစ္စာတရားတွေ အမှောင်ဖုံး
မေတ္တာတရားတွေ ခေါင်းပါး
ပြည်ဖုံးခါချ အ၀ီစိငရဲထဲ ထိုးဆင်းဖို့ တာစူနေလေပြီလား။

ဘယ်နေ့ ဘယ်အချိန် မပြီးဆုံးနိုင်မယ့်
နာတာရှည် ပြည်တွင်းစစ်ကြီး ဆင်နွှဲ
ဥသြသံလည်း မသာမယာ
ခေါင်းလောင်းသံလည်း မညင်မသာ
လောကရဲ့ အလှတွေ အစား
လောဘရဲ့ အတ္တတွေက ချစားတိုက်စား
အနာဂတ်သမိုင်း ထွန်းလင်းဖို့
ရောင်နီတွေ ဖြာဖြာလင်းစေဖို့
ငြိမ်းချမ်းရေးသမိုင်း စိုက်ထူကြပါတော့လား။ ။

မာန်လှိုင်းငယ်
၂၀၁၀ ခုနှစ်၊ သြဂုတ်လ (၂၀) ရက်။

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes