နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Saturday, January 14, 2012

`အမည်နာမနဲ့ အပိုင်းအစများကြား´

ခါးသီးတဲ့ အဖြစ်အပျက်တွေဟာ
လူတယောက်ဆီမှာ ...
တိုးတိတ်စွာ မာကျောနေလေရဲ့။


နံရံပေါ်က ပြက္ခဒိန်ဟောင်းများ
တရွက်ပြီးတရွက်
တခုပြီးတခု
ခုန်ဆင်းသွားကြပြီးတဲ့နောက် ...
ပြက္ခဒိန်သစ်ရဲ့ နှစ်ဦးအစ
ဟန်ဆောင်မှု ကင်းကင်းနဲ့
ဒီနေ့မှာ ...
မိုးအုပ်တွေ ပြေးနေလေရဲ့။

ရုတ်တရက် မိုးရွာမလိုနဲ့
ခြေသံတွေ ပြင်းထန်
လေးညှင်းတွေ လှုပ်ရမ်း
အသက်ရှူသံတွေလည်း မောဟိုက်
တချိန်ထဲမှာ ...
ဝမ်းသားခြင်းများ
ကြည်နူးခြင်းများ
ပျော်ရွှင်ခြင်းများ
ပီတိအပြုံးများနဲ့ ငိုကြွေးသံတို့
မိုးလုံးပြည့်အောင် လျှံတတ်သွားလေရဲ့။

ခါးသီးတဲ့ အဖြစ်အပျက်တွေဟာ
လူတယောက်ဆီက ...
တိတ်တိတ်ကလေး ဖယ်ခွာသွားစေဖို့
ရိုးသားမှုနဲ့အတူ
အမည်နာမနဲ့ အပိုင်းအစများကြား
ကဗျာဆရာဟာ
ဘယ်လောက်ထိ အရေးကြီးသလဲဆိုတော့။

ဒီအချိန် ဒီကာလမှာ
လူတယောက် (ကဗျာဆရာ) ကို
ရဲရင့်ပြတ်သားစွာ ကူးခတ်လာနိုင်စေဖို့
အားပါလှတဲ့ ကဗျာ့အလှအပတွေဟာ
နေရာအနှံ့ ခုန်ပေါက်ကာ ဖြတ်ကျော်လာမယ့် အချိန်အခါကောင်းတရပ်ပါ။ ။

(မှတ်ချက်။ ။ ကိုကျော် (နေဘုန်းလတ်) ပြန်လာမှုအတွက် အဝေးတနေရာက နွေးထွေးစွာကြိုဆိုနိုင်ဖို့ ဒီကဗျာနဲ့ အတူ ကိုကျော် ကျန်းကျန်းမာမာနဲ့ ပျော်ရွှင်မှုအပေါင်းနဲ့ ပြည့်စုံပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။)

မာန်လှိုင်းငယ်
၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလ (၁၃) ရက်။

Saturday, December 17, 2011

"ရှစ်ရက် ရှစ်လ ရှစ်ဆယ့်ရှစ်" ဟာ ကြာခဲ့ပြီလား

ဒီည ...
ကောင်းကင်ကို မော့ကြည့်ဖြစ်တယ်
ဒါပေမယ့်
လမင်းနဲ့ ကြယ်ပွင့်တွေတော့ မမြင်ရပါ။


ဒီည ...
အိပ်မက်တခု ထွေးပိုက်မိတယ်
မှတ်မိနေတဲ့ ပုံရိပ်တခုနဲ့
တိုးတိုးတဲ့တဲ့ အာရုံထဲ စကားလုံးများ တိုးဝင်လာတယ်
"ရှစ်ရက် ရှစ်လ ရှစ်ဆယ့်ရှစ်" တဲ့
ပဲ့တင်ထပ်ကာ လွှင့်ပျံ့နေခဲ့
သူမ ...
နီးနီးလာရာကနေ ဝေးသထက် ဝေးဝေးသွားပြန်တယ်။

ဒီနေ့ ...
သမိုင်းမှတ်တိုင်လွှင့်ထူစေခဲ့တဲ့
အတိတ်က
ကြေကွဲဖွယ်ပုံရိပ်များနဲ့ ငိုချင်းထပ် တေးသံများ
စစ်ဖိနပ်သံနဲ့ သေနက်သံတွေအောက်
ယမ်းငွေ့တွေ တဝေေ၀ တလူလူနဲ့
မိုးလုံးပြည့် ထက်ကောင်းကင်
စကြာဝဌာတခုလုံးကို တုန်းဟီးစေခဲ့တဲ့
"ရှစ်ရက် ရှစ်လ ရှစ်ဆယ့်ရှစ်" ဟာ ကြာခဲ့ပြီလား ... ။

ဒီနေ့ ...
မိုးစက်တွေက အေးခဲသလို
မိုးကောင်းကင်ကြီးက ပြာရီအုံ့မှိုင်းလွမ်းမောနေစဉ်
အလိုက်ကန်းဆိုး မိုးဖွဲတွေက ဆက်တိုက် သည်းသန်နေတယ်။ ။

မာန်လှိုင်းငယ်
၂၀၁၁ ခုနှစ်၊ သြဂုတ်လ (၈) ရက်။

ခေတ်ပျက်ဒိုင်ယာရီ စာမျက်နှာများ

(၁)
အိပ်ခန်းကျဉ်းကျဉ်းမှောင်မှောင်ထဲ
စိတ္တဇလူသားတဦး
နံရံပေါ် ရေးခြစ်
`ငါ့ကို ဆေးရုံမပို့ကြပါနဲ့´။


(၂)
လမ်းမရဲ့ ပလက်ဖောင်းပေါ်
ဗေဒင်ဆရာတဦး
ကျောက်သင်ပုန်းမှာ အကြိမ်ကြိမ်အခါခါ ရေးတွက်ကြည့်
`ငါ မနက်ဖြန် သေရတော့မယ်´။

(၃)
လမ်းမရဲ့ ဟိုတဖက်
သူတောင်းစားတဦး
ခွက်ကို မှောက်ပြီး စိတ်ထဲက ညည်းတွား
`ငါ ဒီနေ့ ငတ်တောင်သေသွားနိုင်တယ်´။

(၄)
အဲယားကွန်းခန်းထဲက
ကုမ္ပဏီပိုင်ရှင်တဦး
ကွန်ပျူတာပေါ် ရိုက်ထည့်
`အနာဂတ်အတွက် ပိုက်ဆံပိုရမှ ဖြစ်မယ်´။

(၅)
မြိုပြရပ်ကွက်ထဲ
ဘ၀င်လေဟတ်သူ လူငယ်တဦး
ဘီယာခွက်ကို ငုံ့ကြည့်ရင်း
`ရပ်ကွက်ထဲမှာ ငါ အချမ်းသာဆုံး´။

(၆)
ကျူးကျော်ရပ်ကွက်ထဲက
ချွတ်ခြုံကျသူတဦး
ဘာမှမရှိတဲ့ ထမင်းအိုးကို ဖွင့်ကြည့်
`၀မ်းက တထွာမို့လို့သာပေါ့ကွာ´။

(၇)
စတိတ်ရှိုးပွဲရဲ့ မီးရောင်တွေအောက်မှာ
အဆိုတော်တဦး
ခုန်ပေါက်ပြေးလွှား သီဆိုရင်း
`ငါ့ကို ပြိုင်သူ ငါ့ရန်သူပဲ´။

(၈)
အသားအရောင် ခွဲခြားမှုကို တော်လှန်ခဲ့သူ
မာတင်လူသာကင်းရဲ့
ကမ္ဘာကျော်မိန့်ခွန်း
"I have a dream"။

(၉)
ဗမာပြည်က
ခွေးဋီကာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းက
`ဆရာ မသေခင် ငြိမ်းချမ်းရေးကို မြင်သွားချင်တယ်´။

(၁၀)
ငြိမ်းချမ်းရေး ကဗျာဆရာ
ဒဂုန်တာရာက
`ရန်သူမရှိ၊ မိတ်ဆွေသာရှိ၊ မုန်းသူမရှိ၊ ချစ်သူသာရှိ´။

မာန်လှိုင်းငယ်
၂၀၁၁ ခုနှစ်၊ ဇွန်လ (၃) ရက်။

အရောင်မရောတဲ့ မြို့တော်

(၁)
ကိုကျော် ...
နေ့တနေ့ကုန်တိုင်း
သတိရလို့ ကဗျာတွေ ရေးဖြစ်တယ်
ဒါပေမယ့်
ကဗျာ့ကာရန်တွေက
ဖုန်းဆိုးမြေလမ်းမလို ကပေါက်သိကပေါက်ချာ
ခင်ဗျား မရှိတော့
အရာရာဟာ ခမ်းခြောက် အလွမ်းတစ္ဆေခြောက်ခံရတယ်။


(၂)
ပုထုဇဉ်လူသားများ အလွမ်းတွေ သွန်းဖြိုးဖို့
ပျောက်ဆုံးခဲ့တဲ့ မြို့တော်အတွက်
ပန်းချီတွေ ရေးခြယ်
ကဗျာတွေ ဖွဲ့နွဲ့
ဝတ္ထုတွေ သီကုံး
ရသတွေ လုံးထွေး
သံစဉ်တွေ `to burst´
နောက်ဆုံးမှာ ...
ဆိုက်ရောက်ဘူတာ လွမ်းရပါသည်
`လွတ်ကျခဲ့တဲ့ မြို့တော်´ဆီ ... ။

(၃)
ခင်ဗျား မသိတဲ့ အရာတခု
ကျနော့်ကာရန်တွေ
ခင်ဗျားလက်နဲ့ ဖုံးကွယ်ထားတဲ့ ဆူးကို
တဖျက်ဖျက်နဲ့ ရိုက်ခတ်လာတဲ့ လှိုင်းသံက
စေတနာကို အကျိုးမပေး
သံသယမျက်လုံးများနဲ့သာ ကြည့်နေမယ်ဆိုရင်
ကမ္ဘာကြီး အရည်ပျော်မယ့် ခေတ်တခေတ်ကို
ကမ်းပြိုရထားလို မကူးပြောင်းခင်အချိန်းလေးမှာ
အလှတရားနဲ့ စူးနစ်ဒဏ်ရာ
အမုန်းတရားနဲ့ စာနာခြင်းတို့ ဘုံလုံတလှည့် ရေတလှည့်
ဒီမြို့မှာ ခင်ဗျားတယောက်ထဲမဟုတ် ...
ခင်ဗျားမရှိတဲ့ ဒီမြို့မှာ
စေတနာသန့်သန့် ကာရန်တွေကိုတော့
ပြန်မရုပ်သိမ်းနိုင်ပါဘူး ... ။

(၄)
ကိုကျော် ...
ပြုံးပြုံးမော့မော့လေးနဲ့
အဆိပ်ဝိုင်တခွက်ကို သောက်ခဲ့ရင်
အဆိပ်ဟာ သတ္တိပဲ
ဘ၀ကို အမုန်းဖွဲ့စရာမလိုအောင်
ခင်ဗျာရဲ့ မှန်ကန်ခြင်း သစ္စာတရားကို
တချိန်ချိန်မှာ ...
ခင်ဗျားသောက်ခဲ့တဲ့ အဆိပ်ဝိုင်တခွက်ဟာ
ဒီနေ့ကမ္ဘာအတွက် မနက်ဖြန်ကမ္ဘာကို
ငြိမ်းချမ်းခြင်း အလင်းစက်ကလေး
ဒီ `လွတ်ကျခဲ့တဲ့ မြို့တော်´ မှာ
ဖြိုးဖြိုးဖျက်ဖျက် ထွန်းတောက်စေဖို့
ကျနော်တို့လည်း ...
ပြုံးပြုံးမော့မော့လေး အဆိပ်ဝိုင်တခွက်ကို သောက်ရင်း
နောင်တတစက်ကလေးမှ အရောင်မရောတဲ့ ဒီမြို့တော်မှာ ... ။ ။

မာန်လှိုင်းငယ်
၂၀၁၁ ခုနှစ်၊ မေလ (၂၇) ရက်။

မှတ်ချက်။ ။ ကိုနေဘုန်းလတ်ကို သတိရမှုကြောင့် ဒီကဗျာလေးကို ရေးဖွဲ့ခဲ့ခြင်းပါ။

တူညီ ကွဲပြား သုံးဦးသား

နိုင်ငံရေးကို သိသူက
ပေတံ၊ ခဲတံ၊ စာအုပ်ကို လှန်ကလော်ရင်း
လူအများ မြင်သာအောင်
ဒသန၊ ဝေါဟာရ၊ မူဝါဒတွေကို ရေးတယ်။


စီးပွားရေးကို သိသူက
လောဘဇောကို ဓားသွားပေါ်တင်ရင်း
လူအများ လည်ပင်းကို
ကွက်ကျော်ရိုက် ပေတီးတွက်ရင်း ညစ်တယ်။

အာဏာကို သိသူက
အာဏာရမ္မက်ဇောကို ဖက်တွဲရင်း
နိုင်ငံသူနိုင်ငံသားများကို
ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်၊ လိမ်ညာမှုတွေ အကုန်လုပ်တယ်။

မာန်လှိုင်းငယ်
၂၀၁၁ ခုနှစ်၊ မေလ (၁၂) ရက်။
(၁၁ နာရီ ၄၈ မိနစ်)

မှတ်ချက်။ ။ ကဗျာဆရာနေမျိုးရဲ့ ထရပ်ကားပေါ်က သစ်သီးတွေ (ခေတ်ပေါ်ကဗျာ) စာအုပ်ထဲမှ ထိုသုံးဦးကဗျာကို ဖတ်ရင်း ခံစားမိသွားတာလေးကို ရေးချလိုက်ခြင်းဖြစ်ပါတယ်။

သီချင်းနဲ့သာ ကဗျာသီ

ခြစားခြင်းခံနေရတဲ့
အိမ်အိုတွေ ဒုနဲ့ဒေး
အိုးအိမ်မဲ့တွေ ဒုနဲ့ဒေး
ဘယ်အရာတွေကမှ အရေးမလှုပ်
ငုတ်တုတ်ထိုင်ကာ ကြည့်နေကြ ... ။


ပျော်ရွှင်ခြင်းမဲ့၊ မေတ္တာငတ်
ခိုလုံရာမဲ့၊ ၀မ်းရေးပျက်
အငတ်ငတ်၊ အပျက်ပျက်
လျှောက်တည်ရာမဲ့စွာနဲ့
ဇာတ်ဆရာအလိုကျ
ရုန်းကန်းလိုက်ကြပေတော့ ... ။

သစ်တပင်ကောင်း ငှက်တသောင်းတဲ့
မေတ္တာတရားကို ရှာဖွေပါ
သစ္စာတရားကို သိမ်းဆည်းပါ
ဆန္ဒနဲ့ လောဘကို ခွဲခြားပါ
အသင်တို့ ...
ငိုးညည်းနေမယ့်အစား
သီးချင်းနဲ့သာ ကဗျာသီလိုက်ကြ ... ။

တိတ်ဆိတ်မှုက
အာရုံကို ဖမ်းစားလို့
ဖြူစင်မှုအတွင်းကလီဇာကို
ကောက်ကျစ်မှု ငမိုက်သားတွေ
တိုက်တူးကာ လိုက်စားနေတော့
ဆာလောင်မှုတွေ အတောမသတ်နိုင်အောင်
ရှေ့ဆက် ... ရုန်းကန်းလှုပ်ရှားနေကြပေဦး ... ။


မာန်လှိုင်းငယ်
၂၀၁၁ ခုနှစ်၊ မေလ (၆) ရက်။

ဒီလိုတွေးမိတယ်

ဒီလိုတွေးမိတယ်
ကြယ်ကြွေတဲ့အခါ
ဆုတောင်းပြည့်တယ်တဲ့
ဒါပေမယ့် ...
ကြယ်ကြွေက
ဘယ်သူ့အိပ်မက်ထဲ ထိုးဆင်းသွားခဲ့သလဲ။


ဒီလိုတွေးမိတယ်
အူဝဲဆိုပြီး ကြားလိုက်တဲ့အခါ
ကံကြမ္မာတို့ရဲ့ မှော်ဝင်စွမ်းနဲ့အတူ
ခလုတ်တိုက်လှဲဖို့ ဆီးကြိုခံလိုက်ပြီ။

ဒီလိုတွေးမိတယ်
သစ်ရွက်ကြွေတဲ့အခါ
တောင်းဆုများပြည့်သတဲ့လား
သိခဲ့တာ ...
သစ်ရွက်ကြွေ ငိုညည်းသံတခု
မြေကြီး ရီ(ရယ်)သံတခု
တို့က ...
သိမ့်သိမ့်တုန် ဒိုးယိုပေါက်ခဲ့တယ်။ ။

မာန်လှိုင်းငယ်
၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ (၁၇) ရက်။

မျှော်လင့်ခြင်းနဲ့ မိခင်

နှလုံးသားထဲ ထိ
ဝင်းမှည့်ချိုမြိန်ခြင်းများစွာ စီးဝင်နေတဲ့ မြစ်
ဧရာဝတီ ... ။


ယုံကြည်ချက်များ
မြဲမြန်ခြင်းများစွာ စိုက်ထူပေးနေတဲ့ မြစ်
ဧရာဝတီ ... ။

အနာဂတ်ဘဝ
လှလှပပ စိမ်းစိုခြင်းများစွာ သယ်ဆောင်ပေးနေတဲ့ မြစ်
ဧရာဝတီ ... ။

ကလေးငယ်
ရင်ဝယ်ပိုက်ထွေး မျှော်လင့်ခြင်းနဲ့ မိခင်
ဧရာဝတီ ... ။

ခံစားမှုဒုက္ခ
ထိန့်လန့်မှုအဖုံဖုံ ရပ်တန့်စေဖို့
တဖက်မှာ
ရေတခွက်ကို ကိုင်ရင်း
နေရောင်မှာ ထောင်ကြည့်လိုက်
ကြည်လင်တောက်ပမှုရဲ့ အကျိုးဆက်ကို ရှာတွေ့နိုင်မယ်။ ။

မာန်လှိုင်းငယ်

Thursday, February 10, 2011

`ကွက်လပ်လေးတခုရဲ့ နေ့ရက်တွေထဲမှာ´

ခွဲခွာခဲ့တာ ကြာပြီ ငတ်ငတ်မွတ်မွတ် တမ်းတနေရတဲ့ နေ့ရက်တွေမှာ ...။
ဘ၀မှာ ... အဆုံးအစမဲ့ လမ်းပျောက်နေရင်လည်း
ကျနော်တို့ဆီ ...
လင်းလက်တောက်ပစွာ ပြန်လာခဲ့ပါ တမ်းတနေမိပါရဲ့ ... မေမေ။

ခွဲခွာခဲ့တာ ကြာပြီ ငတ်ငတ်မွတ်မွတ် တမ်းတနေရတဲ့ နေ့ရက်တွေမှာ ...။
ကျနော်တို့ ခေါင်း ထက်ကောင်းကင်က
နေ၊ လ၊ ကြယ်၊ တာရာတွေ
အခါတိုင်းလိုပဲ အနတ္တ (အဆုံးမရှိ) တည်ရှိနေလေရဲ့ ... မေမေ။

ခွဲခွာခဲ့တာ ကြာပြီ ငတ်ငတ်မွတ်မွတ် တမ်းတနေရတဲ့ နေ့ရက်တွေမှာ ...။
ဘ၀သံသရာမှာ ... နေ့မြင် ညပျောက်
ညမြင် နေ့ပျောက်၊ ကြယ်မြင် လပျောက်
မပြောင်းမလဲ ဖြစ်မြဲစွာ အရှိကို အရှိအတိုင်းပါပဲ
ဒါပေမယ့်
မေမေရေ ...
ကျနော်တို့ရဲ့ အတ္တရင်ခွင်ကြီးထဲမှာတော့
အခါတိုင်းလိုပဲ ကွက်လပ်လေးတခု ကျန်နေစမြဲပါ ... မေမေ။

ခွဲခွာခဲ့တာ ကြာပြီ ငတ်ငတ်မွတ်မွတ် တမ်းတနေရတဲ့ နေ့ရက်တွေမှာ ...။
ကျနော်တို့ရဲ့ ဘ၀မှတ်တိုင်မှာတော့
`ကွက်လပ်လေးတခုရဲ့ နေ့ရက်တွေထဲမှာ´
အခါခါအလီလီ သမိုင်းအက္ခရာအဖြစ် တင်ရှိနေဆဲပါ ... မေမေ။ ။

မာန်လှိုင်းငယ်
၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄) ရက်။

အချိန်ရရင် မေ့နိုင်အောင်တော့ တိမ်ပေါ်တက်လိုက်ပါဦး

မနက်ခင်းနဲ့အတူ
အာရုံဦးရောင်လေး ထွန်းတောက်လာဖို့
ငါ့ခြေရာတွေ ထင်ကျန်သွားအောင်
နက်နက်နဲနဲလေး ခြွေယူသွား ...
အချိန်ရရင် မေ့နိုင်အောင်တော့ တိမ်ပေါ်တက်လိုက်ပါဦး။

ညနေခင်းနဲ့အတူ
ဆည်းဆာရောင်လေး ဖြာကျလာဖို့
ငါ့သက်ပြင်းတွေ ထင်ဟပ်သွားအောင်
ပြင်းပြင်းရှရှလေး နုတ်ယူသွား ...
အချိန်ရရင် မေ့နိုင်အောင်တော့ တိမ်ပေါ်တက်လိုက်ပါဦး။

သန်းခေါင်ယံနဲ့အတူ
ညဥ့်ဦးရောင်လေး ပိန်းပိတ်လာဖို့
ရှေ့က နံရံတွေ ကွာကျသွားအောင်
ငါ့အရိပ်တွေ မည်းမှောင်သွားအောင်
နှစ်၊ လ၊ ရက်တွေ ကြာညောင်းလာတဲ့ကာလတခုထိ

ကြောင်းကျိုးမဆီလျှော်တဲ့ သေခြင်းတရားတခုကြောင့်
မတော်တဆ သူရဲကောင်း မဖြစ်ချင်ဘူး
ဒါပေမယ့် ...
အညတြထဲက အညတြသာ ဖြစ်လာစေဖို့အတွက်
အချိန်ရရင် မေ့နိုင်အောင်တော့ တိမ်ပေါ်တက်လိုက်ပါဦးမယ်။

မာန်လှိုင်းငယ်
၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ (၂၆) ရက်။
(၁၀း၂၄) မိနစ်တိတိ

Wednesday, August 25, 2010

`အချစ်ဟာ အလွမ်းဖြစ် .. အလွမ်းဟာ အချစ်ဖြစ်´

အတိတ်ကို ကြိုက်တဲ့နေရာကနေ ပြန်စလို့ရရင်
ပဉ္စလက်ကဝေတွေနဲ့အတူ ဟိုး အထက်
ကြောင်လိမ်လှေခါးထစ်တိုင်း တတ်တတ်ပြီး
အေးချမ်းသာယာတဲ့ ငွေစန္ဒာလမင်းကြီးကို ဆွတ်ခူးယူလိုက်ချင်ပါရဲ့ ... ။


နောက်တော့
မဟာတံတိုင်းကြီးပေါ် ခုန်တတ်လာတဲ့ ၀ူခုန်းမျောက်မင်းလို
မဟာရွှေဒုတ်ကြီးကို ကိုင်ရင်း
လက်ညှိုးညွန်ရာ ရေဖြစ်စေဖို့
ညီမလေးရေ ...
မင်း .. အိမ်ပြန်ရောက်ရင် ဧည့်စာရင်း တိုင်ထားဦးနော် ... ။

အမှောက်ပယောဂအားလုံး
မင်းကို လာရောက်ချည်နှောင်သွားပါဦးမယ်
ဒါကြောင့်
သမိုင်းရဲ့ မင်းကျန်စစ်လို လှံတချက်ထောက်ပြီး
မင်းဆီ အရောက်လှမ်းခဲ့ပါမယ် ... ။ ။

မာန်လှိုင်းငယ်

Friday, August 20, 2010

မပြုံးနိုင် မပျော်နိုင် ကြာလေပြီလား

စိမ်းလန်းစိုပြေနေတဲ့ မြေဟာ
တရွေ့ရွေ့နဲ့ အထပ်ထပ် အခါခါ
ယမ်းငွေ့တွေ ဖုံး
ရမ္မက်မုဆိုးတွေ လုံး
မပြုံးနိုင် မပျော်နိုင် ကြာလေပြီလား။


လောဘ ဒေါသ မောဟမီးတွေ အလျံတငြီးငြီး တောက်
ရမ္မက်မီးတွေ တဟုန်းဟုန်း တောက်
အမှောင်တွေ အထပ်ထပ် ဖုံးတဲ့ အ၀ီစိငရဲထဲမှာ
အသက်တွေက အစိုးမရ
ငတ်ပျက်ခေါင်းပါးမှုတွေက အငေါ်ထူးထူး
ကပ်ဘေးအန္တရာယ်တွေက အုပ်စိုးမိုး
ငြိမ်းချမ်းရေးကို သယ်ဆောင်ပေးမဲ့
သံလွင်ခက်နဲ့ ချိုးငှက်ကလေးလည်း
အဝေးဆုံးအဝေးကို ထွက်သွားလေပြီလား။

လူ့ယဉ်ကျေးတွေရဲ့ သမိုင်း
သွေးစက်လှိုင်းတွေ ရိုက်ခတ်
သွေးမုန်တိုင်းတွေ တိုက်ခတ်
သမိုင်းတကွေ့ မော်ကွန်းတင်ဖို့
မှတ်ကျောက်အက္ခရာ ထိုးလိုက်လေပြီလား။

ရုပ်နမ်ဝတ္ထု တိုးတက်မှုနောက် တကောက်ကောက်
သစ္စာတရားတွေ အမှောင်ဖုံး
မေတ္တာတရားတွေ ခေါင်းပါး
ပြည်ဖုံးခါချ အ၀ီစိငရဲထဲ ထိုးဆင်းဖို့ တာစူနေလေပြီလား။

ဘယ်နေ့ ဘယ်အချိန် မပြီးဆုံးနိုင်မယ့်
နာတာရှည် ပြည်တွင်းစစ်ကြီး ဆင်နွှဲ
ဥသြသံလည်း မသာမယာ
ခေါင်းလောင်းသံလည်း မညင်မသာ
လောကရဲ့ အလှတွေ အစား
လောဘရဲ့ အတ္တတွေက ချစားတိုက်စား
အနာဂတ်သမိုင်း ထွန်းလင်းဖို့
ရောင်နီတွေ ဖြာဖြာလင်းစေဖို့
ငြိမ်းချမ်းရေးသမိုင်း စိုက်ထူကြပါတော့လား။ ။

မာန်လှိုင်းငယ်
၂၀၁၀ ခုနှစ်၊ သြဂုတ်လ (၂၀) ရက်။

Tuesday, August 10, 2010

ပန်းအိုး၊ ပုံတူပန်းချီဆရာ

ပန်းကို
ပန်းအိုးထဲမှာ ထိုးစိုက်လိုက်တော့
ပန်းအိုး။


ကိုယ်တိုင်
ပုံတူအဖြစ် ထုဆစ်လိုက်တော့
ပုံတူပန်းချီဆရာ။

တပင်ချင်း
တလွှာချင်း
တဆင့်ချင်း
ကောက်ကြောင်းတခုချင်း
ဟိုကူး ဒီခုန်
ဟိုရေး ဒီခြစ်
လိုရင်းရောက်အောင်
ဖန်တီးဖွဲ့ယူလိုက်တော့။

အဆုံးမှာ ...
ပန်းတွေ ဝေဆာစေဖို့
ပန်းအိုးက ရင်းခံ
ပုံတူတွေ ဆင့်ပွားစေဖို့
ပုံတူပန်းချီဆရာ နင်းခံ။

ဒီအချိန်မှာ ...
ပန်းအိုးက ပြုံး
ပုံတူပန်းချီဆရာက မုန်း
ပန်းအိုး၊ ပုံတူပန်းချီဆရာ ဘ၀မှာ ... ။ ။

မာန်လှိုင်ငယ်
၂၀၁၀ ခုနှစ်၊ သြဂုတ်လ (၉) ရက်။

Monday, August 9, 2010

မိုးစက်များရဲ့ လမ်းပေါ်က အသက်တွေနဲ့ ရက်စွဲများ

၁။
သမိုင်းကို ပြန်လှန်ကြည့်လိုက်တော့
`စ´ကတည်းက `စ´လာလိုက်တာ
တရက်ပြီး တရက်
တလပြီး တလ
တနှစ်ပြီး တနှစ်
တရွက်ပြီး တရွက်
လေမတိုက်ဘဲ
မိုးစက်များရဲ့ လမ်းပေါ်က အသက်တွေနဲ့ ရက်စွဲများ ... ။


၂။
အသေအချာ ပြောနိုင်တာကတော့
အတိတ်နေ့တွေ နိုးထ
မျက်ရည်မိုးတွေ ရွာသွန်း
ခါးသီးမှုတွေ အန်ထုတ်
သွေးညှီနံ့တွေ မပျယ်သေး
နှလုံးအိမ်ရဲ့ ဥကွဲသိုက်ပျက်သံနဲ့အတူ။

၃။
အသေအချာ ပြောနိုင်တာကတော့
ဒီနေ့ ဒီရက် ဒီလ ရောက်တိုင်း
မဖိတ်ခေါ်ဘဲ မိုးစက်တွေ ကြွေ
မတီးဘဲ ခေါင်းလောင်းသံတွေ ညံ
မထွက်ဘဲ ဥသြသံတွေ လျံ
နာကြည်မှုများ အသားကုန် ဖွင့်ထားတဲ့ ညည်းတွားသံနဲ့အတူ။

၎။
အသေအချာ ပြောနိုင်တာကတော့
ရောင်နီများ မထွန်းတောက်နိုင်ခဲ့ပြီ
မီးများလည်း မသာယာနိုင်ခဲ့ပြီ
ဟောဒီ ပြတင်းဝမှာ အသံမဲ့ နရီသံများနဲ့အတူ။

၅။
အသေအချာ ပြောနိုင်တာကတော့
ပြန်ပြောင်းကာ စဉ်းစား ...
အဘိုးက အဖေ့ကို
အတိတ်သမိုင်း လက်ဆင့်ကမ်းခဲ့တယ်
အဖေက သူ့ကို
ရာဇ၀င်ကြွေး လက်ဆင့်ကမ်းခဲ့တယ်
သူက သူ့သားကို
ဘာတွေများ လက်ဆင့်ကမ်းခဲ့ဦးမလဲ
သင်းကွဲ မိခင်များရဲ့ ငိုညည်းသံနဲ့အတူ။

၆။
အသေအချာ ပြောနိုင်တာကတော့
အသားကျူးတဲ့ ရသေ့
ဘုရားစူးတဲ့ မင်းရဲ့ အစွန်းရောက် ယုတ်မာမှု (ကမ်းကုန်)
တချို့
သားသမီးကွဲ ... မယားကွဲ
တချို့
ညီအကိုကွဲ ... မောင်နှမကွဲ
တချို့
အဖေကွဲ ... အမေကွဲ
တချို့
ရှင်ကွဲ ... သေကွဲ
ကွဲကွာ .. ခွဲခွာ .. ကြာခဲ့တာ
ဒီနေ့မှာ ...
အတိတ်သမိုင်းရဲ့ ရာဇ၀င်
ဒီနေ့တိုင် သက်သေထူ
ဤလူ့ဘောင် အကုန်လုံး
ရဲရဲတောက် ခွပ်ဒေါင်းအလံနဲ့အတူ။

၇။
သမိုင်းကို ပြန်လှန်ကြည့်လိုက်တော့
`စ´ကတည်းက `စ´လာလိုက်တာ
တရက်ပြီး တရက်
တလပြီး တလ
တနှစ်ပြီး တနှစ်
တရွက်ပြီး တရွက်
လေမတိုက်ဘဲ
မိုးစက်များရဲ့ လမ်းပေါ်က အသက်တွေနဲ့ ရက်စွဲများ ... ။ ။

မာန်လှိုင်ငယ်
၂၀၁၀ ခုနှစ်၊ သြဂုတ်လ (၈) ရက်။

Friday, July 16, 2010

ခွဲခွာနေ့တနေ့

ရယ်မောခြင်းတွေ ရပ်
ဘ၀အမောတွေ ချေဖျက်ဖို့
အတောမသတ်နိုင်တဲ့ ငိုချင်းတွေ လောင်းချ
ဒါ ...
ဘ၀တဲ့လား။

အတိတ်က အရိပ်
ပစ္စုပ္ပန်ရဲ့ အာသီသ
အနာဂတ်မှာ ခ၀ါချ
ဒါ ...
ဘ၀တဲ့လား။

ပျော်ရွှင်မှုက လှောင်ရီ(ရယ်)
ခွဲခွာမှုက ငိုချင်းထပ်
လေးညှင်းသတင်းက သယ်ဆောင်သွား
ဒါ ...
ဘ၀တဲ့လား။

အို ... သူငယ်ချင်း
အနာဂတ်ဘ၀ လှသွေးကြွယ်ဖို့
ခွဲခွာနေ့တနေ့ လှန်ပစ်ရင်းနဲ့
ပျော်ရွှင်နေ့သစ်ကို ဖွင့်ထုတ်လိုက်တော့
ဒါ ...
ဘ၀ရဲ့ သင်္ခါရ ... ။ ။

မာန်လှိုင်းငယ်
၂၀၁၀ ခုနှစ်၊ ဇူလိုင်လ (၁၅) ရက်။

Friday, June 4, 2010

တိုးတိုးသဲ့သဲ့ ပန်းချီကားများရဲ့ တယောသံ

ရိုးမတောင်တန်းကြီးရဲ့ ကျောက်ကုန်းထက်က အရာများ
အရိုးပေါ်အရေတင် ဖြစ်နေပြီလား
အရိုးအပြိုင်းပြိုင်း ထနေပြီလား အတွေးအမျှင်တန်းနေချိန်
တယောတလက်ကို ထမ်း
တရွေ့ရွေ့ လှမ်းတက်လာတဲ့ ခြေလှမ်းနဲ့
လက်တဖက်က ကလောင်တံ
နောက်တဖက်က စုတ်တံနှင့် ဆေးစက်
သူ ဦးတည်ရာရိုးမပေါ်
အရုဏ်ပျို့ချိန် မနက်ခင်းတခုမှာ ... ။


တယောထိုးဖို့ သံစဉ် မရှိတော့တာလား
ကဗျာသီဖို့ ကာရံ ရှာမရတော့တာလား
ပန်းချီချယ်ဖို့ ရှုခင်းရှုကွက် မမြင်နိုင်တော့တာလား
သူ ငေးငိုင်စွာ ရပ်တန့်နေ ... ။

အဲဒီတမနက်
သူ့ စိတ်က ဘယ်ဆီရောက်နေတာလဲ
ဇွန်လရဲ့ မိုးရေစက်တွေထဲ
တသသနဲ့ လွမ်းဆွတ်
မေမေ များ ...
ဘာကို ဘယ်လို တွေးနေရှာလေမလဲ
တယောက်တည်းတက်တဲ့ မွေးနေ့ပွဲလေးများ ကျင်းပနေလေမလား
မသေချာ ... ။

ဒါပေမဲ့
သားသမီးများစွာ
မရေမတွက်နိုင်တဲ့ ပန်းရောင်စုံ သားသမီးများစွာ
မေမေ့ကို ဂုဏ်ပြုဦးညွှတ်ကြ
အထိမ်းအမှတ်တွေ ပြုကြ
ကမ္ဘာနှင့် အ၀ှမ်း
တခန်းတနား ... ။

သူ ...
မေမေ့ဆီ လွင့်မျော
လေအလျင်ရဲ့ အဟုန်နဲ့အတူ
လေပြေလေညှင်းလေးနဲ့အတူ
မေမေ့ရင်ခွင်ဆီအရောက် တိုးဝှေ့နေရှာပြီ။

ဒီအချိန်မှာ
တယောသံ ညှင်းညှင်းလည်း ထွက်ပေါ်လာ
ကဗျာဖွဲ့သံ တိုးတိုးသဲ့သဲ့ လွင့်ပျံလာ
စုတ်တံချယ်သ ပန်းချီကားတွေ တကားပြီးတကား ထွက်ကျလာ
စဉ်း စား ကြည့်
သူ့ လက်များဟာ ... ။ ။

မာန်လှိုင်းငယ်
၂၀၁၀ ခုနှစ်၊ ဇွန်လ (၄) ရက်

ဒေါ်အောင်ဆန်းစုကြည် (၆၅) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်သို့ ဦးညွတ်ဂုဏ်ပြုလိုက်တဲ့ ကဗျာပါ။

Wednesday, May 26, 2010

ဖြစ်မလာခဲ့ ...

(၁)
ဝိုင်ဝိုင်းရဲ့
သမင်လည်ပြန် သီချင်းကို ခေတ္တပိတ်
ရှိရှိသမျှတွေနဲ့ နားကိုပိတ်တော့
မရောက်ဖြစ်သေးတဲ့ ဒေသက
အသံမျိုးစုံရဲ့ အနှိပ်စက်ခံရ။


(၂)
လေးဘက်လေးတန် ကော်နာများဆီက
အရုပ်ကြိုးပျက် လူနာများဆီက
ပြူးကြောင်ကြောင် ဆေးသမားရဲ့
ညှီစို့စို့ အနံ့အသက်တွေ
စံပယ်ရနံ့လို ဖြစ်မလာခဲ့ပြန်။

(၃)
နေ့စဉ်နဲ့ အမျှ
သစ္စာတွေမဲ့ ချစ်ခြင်းတွေမဲ့
ဂုဏ်သရေတွေမဲ့ သိက္ခာတွေမဲ့
မဲ့ ... ပေါင်းများစွာက
ခုထိ ...
နေ၀င် မိုးချုပ် မိုးချုပ် နေ၀င်
ပြေးလွှားနေတုန်း။

(၄)
ဒီလိုနဲ့ပဲ
ပြေးရင်းလွှားရင်း
မီးဖိုချောင်တွင်းက
သင်္ခါရသတရားတွေ
ဘ၀အမောတွေ
ပြုံးပြုံးကြီး ဆီးကြိုစောင့်နေသလိုမျိုး
ဖိနပ်ပါး၊ ရေငတ်သလိုမျိုး
ဘ၀ကို ခြွေချနေသလား
ဒါမှမဟုတ်
ဘ၀ကို အနင်းခံပြီးမှ ခြွေချနေသလား။

(၅)
အဲဒီနေ့က စလို့
အတိတ်ဆီ နောက်ပြန်လှည့်
ပစ္စုပ္ပန်ကို ငုံ့ကြည့်
အနာဂတ်ကို လှမ်းဆွဲလိုက်တော့
ခေတ်ပျက်ကြီးထဲ
ဆက်ပြီး မိုက် ဆက်ပြီး မှား
ဆက်တိုက်လုပ်နေရင်း
ငါ ဟာ ...
အ ရူး တယောက်ပါလား။

(၆)
နောက်ဆုံးတော့ ...
အမှန်တရားကို ခုတုံးလုပ်
အခွင့်အလမ်းကို အသုံးချ
သစ္စတရားကို နာကျင်အောင် နင်းခြေတက်သွားတော့
လမ်းမမြင် ကမ်းမမြင်
လေမမြင် ရေမမြင်
စုံလုံးကန်းနေတဲ့ အ ရူး တယောက်
သိသလိုလိုနဲ့ သိချင်ယောင်ဆောင်ဖြစ်တယ်
မသိသလိုလိုနဲ့ မသိချင်ယောင်ဆောင်ဖြစ်တယ်။

(၇)
ဒါကြောင့်
ပြူးကြောင်ကြောင် ဆေးသမားရဲ့
ညှီစို့စို့ အနံ့အသက်တွေ
စံပယ်ရနံ့လို ဖြစ်မလာခဲ့ပြန်။ ။

မာန်လှိုင်းငယ်
၂၀၁၀ ခုနှစ်၊ မေလ (၁၃) ရက်။
(၁၂း၀၀ တိတိ)

အဆီအငေါ မတည့်စွာ ကဗျာဖွဲ့ဖြစ်ပါသည်။ စိတ်ထဲရှိရာ ရေးချလိုက်သည်။

လာ နမ်း လှည့် ပါ

လာ နမ်း လှည့် ပါ
သစ္စာတရားမှာ ရက်အကန့်အသတ်မရှိသလို
အချစ်နဲ့ အမုန်းလည်း စည်းမခြားခဲ့ပါဘူး။


လာ နမ်း လှည့် ပါ
အထီးကျန်ခြင်းဆိုတာ အခန်းတွင်း ခြင်ထောင်တခုလိုပါပဲ
ပိုင်ရှင်မဲ့ရင် အသက်မဲ့တယ်
ပိုင်ဆိုင်သူရှိရင် အသက်ဝင်တယ်
ဒါ ပေ မယ့် ...

လာ နမ်း လှည့် ပါ
တခါတခါ ကိုယ့်ကိုကိုယ် မေ့လျော့နေတဲ့အချိန်မျိုးမှာ
ရှက်ပြေး မျက်ရည်စက်ကို မျက်တောင် ပုတ်ခတ် သိမ်းဆည်းရုံနဲ့
ညနေခင်းဟာ ၀ါကျတကြောင်း မဖြစ်ထိုက်ပါဘူး။

လာ နမ်း လှည့် ပါ
ကြေကွဲလွမ်းဆွတ်မှုတွေ စီမကြည့်ခင်
ပြိုလှဲကြေမွမှုနဲ့ ဒဏ်ရာတွေကို အနားကွပ်
အထီးကျန်ခြင်းများနဲ့သာ အသားကျစေဖို့
ဒို့များ ...
ကြိုးစားလိုက်ပါဦးမယ် ။ ။

မာန်လှိုင်းငယ်
၁၂း၀၀ နာရီတိတိ
၂၀၁၀ ခုနှစ်၊ မေလ (၁၂) ရက်။

Thursday, March 18, 2010

ကျောက်ဆစ်ရုပ်တု

ငိုမဲ့မဲ့ လမင်းကို
လှိမ့်တတ်လာတဲ့ လှိုင်းတွေက
မျှော်လင့်ချက်မဲ့ အကြည့်နဲ့ ကြည့်နေရင်း
စိတ်ဝိဉာဏ် လေယူရာ ယိမ်းနွဲ့ကနေချိန်


ဟိုး ... အရှေ့မှာ
ငုတ်တုတ်ထိုင် ကျောက်ဆစ်ရုပ်တု
လှိုင်းတွေကို အသက်မဲ့စွာ စကားပြောနေတယ်။

ရှုပ်ပွ အတိတ်တွေ
မလှမပ ပစ္စုပ္ပန်တွေ
ညှင်းတိုးတိုး ဘဝတွေ
လုံးထွေး
သတ်ပုတ်
အော်သံတွေကြားတော့
ငိုမဲ့မဲ့ လမင်းက လှမ်းကြည့်
လှိမ့်တတ်လာတဲ့ လှိုင်းတွေက မော်ကြည့်
ဂနာပငြိမ် ဝိဉာဏ်က လှန့်ဖြန့်ကာ
နောက်ကို လည်ပြန်ကြည့်
... ... ... ... ... ... ...
... ... ... ... ... ... ...
ဘယ်အရာကိုမှ မသိရှာတဲ့
ငုတ်တုတ်ထိုင် ကျောက်ဆစ်ရုပ်တု
အသက်မဲ့စွာ စကားပြောနေတုန်း။ ။

မာန်လှိုင်းငယ်
၂ဝ၁ဝ ခုနှစ်၊ မတ်လ (၁၈) ရက်။

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes