နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Saturday, December 17, 2011

ဒီလိုတွေးမိတယ်

ဒီလိုတွေးမိတယ်
ကြယ်ကြွေတဲ့အခါ
ဆုတောင်းပြည့်တယ်တဲ့
ဒါပေမယ့် ...
ကြယ်ကြွေက
ဘယ်သူ့အိပ်မက်ထဲ ထိုးဆင်းသွားခဲ့သလဲ။


ဒီလိုတွေးမိတယ်
အူဝဲဆိုပြီး ကြားလိုက်တဲ့အခါ
ကံကြမ္မာတို့ရဲ့ မှော်ဝင်စွမ်းနဲ့အတူ
ခလုတ်တိုက်လှဲဖို့ ဆီးကြိုခံလိုက်ပြီ။

ဒီလိုတွေးမိတယ်
သစ်ရွက်ကြွေတဲ့အခါ
တောင်းဆုများပြည့်သတဲ့လား
သိခဲ့တာ ...
သစ်ရွက်ကြွေ ငိုညည်းသံတခု
မြေကြီး ရီ(ရယ်)သံတခု
တို့က ...
သိမ့်သိမ့်တုန် ဒိုးယိုပေါက်ခဲ့တယ်။ ။

မာန်လှိုင်းငယ်
၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ (၁၇) ရက်။

မျှော်လင့်ခြင်းနဲ့ မိခင်

နှလုံးသားထဲ ထိ
ဝင်းမှည့်ချိုမြိန်ခြင်းများစွာ စီးဝင်နေတဲ့ မြစ်
ဧရာဝတီ ... ။


ယုံကြည်ချက်များ
မြဲမြန်ခြင်းများစွာ စိုက်ထူပေးနေတဲ့ မြစ်
ဧရာဝတီ ... ။

အနာဂတ်ဘဝ
လှလှပပ စိမ်းစိုခြင်းများစွာ သယ်ဆောင်ပေးနေတဲ့ မြစ်
ဧရာဝတီ ... ။

ကလေးငယ်
ရင်ဝယ်ပိုက်ထွေး မျှော်လင့်ခြင်းနဲ့ မိခင်
ဧရာဝတီ ... ။

ခံစားမှုဒုက္ခ
ထိန့်လန့်မှုအဖုံဖုံ ရပ်တန့်စေဖို့
တဖက်မှာ
ရေတခွက်ကို ကိုင်ရင်း
နေရောင်မှာ ထောင်ကြည့်လိုက်
ကြည်လင်တောက်ပမှုရဲ့ အကျိုးဆက်ကို ရှာတွေ့နိုင်မယ်။ ။

မာန်လှိုင်းငယ်

Thursday, February 10, 2011

`ကွက်လပ်လေးတခုရဲ့ နေ့ရက်တွေထဲမှာ´

ခွဲခွာခဲ့တာ ကြာပြီ ငတ်ငတ်မွတ်မွတ် တမ်းတနေရတဲ့ နေ့ရက်တွေမှာ ...။
ဘ၀မှာ ... အဆုံးအစမဲ့ လမ်းပျောက်နေရင်လည်း
ကျနော်တို့ဆီ ...
လင်းလက်တောက်ပစွာ ပြန်လာခဲ့ပါ တမ်းတနေမိပါရဲ့ ... မေမေ။

ခွဲခွာခဲ့တာ ကြာပြီ ငတ်ငတ်မွတ်မွတ် တမ်းတနေရတဲ့ နေ့ရက်တွေမှာ ...။
ကျနော်တို့ ခေါင်း ထက်ကောင်းကင်က
နေ၊ လ၊ ကြယ်၊ တာရာတွေ
အခါတိုင်းလိုပဲ အနတ္တ (အဆုံးမရှိ) တည်ရှိနေလေရဲ့ ... မေမေ။

ခွဲခွာခဲ့တာ ကြာပြီ ငတ်ငတ်မွတ်မွတ် တမ်းတနေရတဲ့ နေ့ရက်တွေမှာ ...။
ဘ၀သံသရာမှာ ... နေ့မြင် ညပျောက်
ညမြင် နေ့ပျောက်၊ ကြယ်မြင် လပျောက်
မပြောင်းမလဲ ဖြစ်မြဲစွာ အရှိကို အရှိအတိုင်းပါပဲ
ဒါပေမယ့်
မေမေရေ ...
ကျနော်တို့ရဲ့ အတ္တရင်ခွင်ကြီးထဲမှာတော့
အခါတိုင်းလိုပဲ ကွက်လပ်လေးတခု ကျန်နေစမြဲပါ ... မေမေ။

ခွဲခွာခဲ့တာ ကြာပြီ ငတ်ငတ်မွတ်မွတ် တမ်းတနေရတဲ့ နေ့ရက်တွေမှာ ...။
ကျနော်တို့ရဲ့ ဘ၀မှတ်တိုင်မှာတော့
`ကွက်လပ်လေးတခုရဲ့ နေ့ရက်တွေထဲမှာ´
အခါခါအလီလီ သမိုင်းအက္ခရာအဖြစ် တင်ရှိနေဆဲပါ ... မေမေ။ ။

မာန်လှိုင်းငယ်
၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄) ရက်။

အချိန်ရရင် မေ့နိုင်အောင်တော့ တိမ်ပေါ်တက်လိုက်ပါဦး

မနက်ခင်းနဲ့အတူ
အာရုံဦးရောင်လေး ထွန်းတောက်လာဖို့
ငါ့ခြေရာတွေ ထင်ကျန်သွားအောင်
နက်နက်နဲနဲလေး ခြွေယူသွား ...
အချိန်ရရင် မေ့နိုင်အောင်တော့ တိမ်ပေါ်တက်လိုက်ပါဦး။

ညနေခင်းနဲ့အတူ
ဆည်းဆာရောင်လေး ဖြာကျလာဖို့
ငါ့သက်ပြင်းတွေ ထင်ဟပ်သွားအောင်
ပြင်းပြင်းရှရှလေး နုတ်ယူသွား ...
အချိန်ရရင် မေ့နိုင်အောင်တော့ တိမ်ပေါ်တက်လိုက်ပါဦး။

သန်းခေါင်ယံနဲ့အတူ
ညဥ့်ဦးရောင်လေး ပိန်းပိတ်လာဖို့
ရှေ့က နံရံတွေ ကွာကျသွားအောင်
ငါ့အရိပ်တွေ မည်းမှောင်သွားအောင်
နှစ်၊ လ၊ ရက်တွေ ကြာညောင်းလာတဲ့ကာလတခုထိ

ကြောင်းကျိုးမဆီလျှော်တဲ့ သေခြင်းတရားတခုကြောင့်
မတော်တဆ သူရဲကောင်း မဖြစ်ချင်ဘူး
ဒါပေမယ့် ...
အညတြထဲက အညတြသာ ဖြစ်လာစေဖို့အတွက်
အချိန်ရရင် မေ့နိုင်အောင်တော့ တိမ်ပေါ်တက်လိုက်ပါဦးမယ်။

မာန်လှိုင်းငယ်
၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ (၂၆) ရက်။
(၁၀း၂၄) မိနစ်တိတိ

Wednesday, August 25, 2010

`အချစ်ဟာ အလွမ်းဖြစ် .. အလွမ်းဟာ အချစ်ဖြစ်´

အတိတ်ကို ကြိုက်တဲ့နေရာကနေ ပြန်စလို့ရရင်
ပဉ္စလက်ကဝေတွေနဲ့အတူ ဟိုး အထက်
ကြောင်လိမ်လှေခါးထစ်တိုင်း တတ်တတ်ပြီး
အေးချမ်းသာယာတဲ့ ငွေစန္ဒာလမင်းကြီးကို ဆွတ်ခူးယူလိုက်ချင်ပါရဲ့ ... ။


နောက်တော့
မဟာတံတိုင်းကြီးပေါ် ခုန်တတ်လာတဲ့ ၀ူခုန်းမျောက်မင်းလို
မဟာရွှေဒုတ်ကြီးကို ကိုင်ရင်း
လက်ညှိုးညွန်ရာ ရေဖြစ်စေဖို့
ညီမလေးရေ ...
မင်း .. အိမ်ပြန်ရောက်ရင် ဧည့်စာရင်း တိုင်ထားဦးနော် ... ။

အမှောက်ပယောဂအားလုံး
မင်းကို လာရောက်ချည်နှောင်သွားပါဦးမယ်
ဒါကြောင့်
သမိုင်းရဲ့ မင်းကျန်စစ်လို လှံတချက်ထောက်ပြီး
မင်းဆီ အရောက်လှမ်းခဲ့ပါမယ် ... ။ ။

မာန်လှိုင်းငယ်

Friday, August 20, 2010

မပြုံးနိုင် မပျော်နိုင် ကြာလေပြီလား

စိမ်းလန်းစိုပြေနေတဲ့ မြေဟာ
တရွေ့ရွေ့နဲ့ အထပ်ထပ် အခါခါ
ယမ်းငွေ့တွေ ဖုံး
ရမ္မက်မုဆိုးတွေ လုံး
မပြုံးနိုင် မပျော်နိုင် ကြာလေပြီလား။


လောဘ ဒေါသ မောဟမီးတွေ အလျံတငြီးငြီး တောက်
ရမ္မက်မီးတွေ တဟုန်းဟုန်း တောက်
အမှောင်တွေ အထပ်ထပ် ဖုံးတဲ့ အ၀ီစိငရဲထဲမှာ
အသက်တွေက အစိုးမရ
ငတ်ပျက်ခေါင်းပါးမှုတွေက အငေါ်ထူးထူး
ကပ်ဘေးအန္တရာယ်တွေက အုပ်စိုးမိုး
ငြိမ်းချမ်းရေးကို သယ်ဆောင်ပေးမဲ့
သံလွင်ခက်နဲ့ ချိုးငှက်ကလေးလည်း
အဝေးဆုံးအဝေးကို ထွက်သွားလေပြီလား။

လူ့ယဉ်ကျေးတွေရဲ့ သမိုင်း
သွေးစက်လှိုင်းတွေ ရိုက်ခတ်
သွေးမုန်တိုင်းတွေ တိုက်ခတ်
သမိုင်းတကွေ့ မော်ကွန်းတင်ဖို့
မှတ်ကျောက်အက္ခရာ ထိုးလိုက်လေပြီလား။

ရုပ်နမ်ဝတ္ထု တိုးတက်မှုနောက် တကောက်ကောက်
သစ္စာတရားတွေ အမှောင်ဖုံး
မေတ္တာတရားတွေ ခေါင်းပါး
ပြည်ဖုံးခါချ အ၀ီစိငရဲထဲ ထိုးဆင်းဖို့ တာစူနေလေပြီလား။

ဘယ်နေ့ ဘယ်အချိန် မပြီးဆုံးနိုင်မယ့်
နာတာရှည် ပြည်တွင်းစစ်ကြီး ဆင်နွှဲ
ဥသြသံလည်း မသာမယာ
ခေါင်းလောင်းသံလည်း မညင်မသာ
လောကရဲ့ အလှတွေ အစား
လောဘရဲ့ အတ္တတွေက ချစားတိုက်စား
အနာဂတ်သမိုင်း ထွန်းလင်းဖို့
ရောင်နီတွေ ဖြာဖြာလင်းစေဖို့
ငြိမ်းချမ်းရေးသမိုင်း စိုက်ထူကြပါတော့လား။ ။

မာန်လှိုင်းငယ်
၂၀၁၀ ခုနှစ်၊ သြဂုတ်လ (၂၀) ရက်။

Tuesday, August 10, 2010

ပန်းအိုး၊ ပုံတူပန်းချီဆရာ

ပန်းကို
ပန်းအိုးထဲမှာ ထိုးစိုက်လိုက်တော့
ပန်းအိုး။


ကိုယ်တိုင်
ပုံတူအဖြစ် ထုဆစ်လိုက်တော့
ပုံတူပန်းချီဆရာ။

တပင်ချင်း
တလွှာချင်း
တဆင့်ချင်း
ကောက်ကြောင်းတခုချင်း
ဟိုကူး ဒီခုန်
ဟိုရေး ဒီခြစ်
လိုရင်းရောက်အောင်
ဖန်တီးဖွဲ့ယူလိုက်တော့။

အဆုံးမှာ ...
ပန်းတွေ ဝေဆာစေဖို့
ပန်းအိုးက ရင်းခံ
ပုံတူတွေ ဆင့်ပွားစေဖို့
ပုံတူပန်းချီဆရာ နင်းခံ။

ဒီအချိန်မှာ ...
ပန်းအိုးက ပြုံး
ပုံတူပန်းချီဆရာက မုန်း
ပန်းအိုး၊ ပုံတူပန်းချီဆရာ ဘ၀မှာ ... ။ ။

မာန်လှိုင်ငယ်
၂၀၁၀ ခုနှစ်၊ သြဂုတ်လ (၉) ရက်။

Monday, August 9, 2010

မိုးစက်များရဲ့ လမ်းပေါ်က အသက်တွေနဲ့ ရက်စွဲများ

၁။
သမိုင်းကို ပြန်လှန်ကြည့်လိုက်တော့
`စ´ကတည်းက `စ´လာလိုက်တာ
တရက်ပြီး တရက်
တလပြီး တလ
တနှစ်ပြီး တနှစ်
တရွက်ပြီး တရွက်
လေမတိုက်ဘဲ
မိုးစက်များရဲ့ လမ်းပေါ်က အသက်တွေနဲ့ ရက်စွဲများ ... ။


၂။
အသေအချာ ပြောနိုင်တာကတော့
အတိတ်နေ့တွေ နိုးထ
မျက်ရည်မိုးတွေ ရွာသွန်း
ခါးသီးမှုတွေ အန်ထုတ်
သွေးညှီနံ့တွေ မပျယ်သေး
နှလုံးအိမ်ရဲ့ ဥကွဲသိုက်ပျက်သံနဲ့အတူ။

၃။
အသေအချာ ပြောနိုင်တာကတော့
ဒီနေ့ ဒီရက် ဒီလ ရောက်တိုင်း
မဖိတ်ခေါ်ဘဲ မိုးစက်တွေ ကြွေ
မတီးဘဲ ခေါင်းလောင်းသံတွေ ညံ
မထွက်ဘဲ ဥသြသံတွေ လျံ
နာကြည်မှုများ အသားကုန် ဖွင့်ထားတဲ့ ညည်းတွားသံနဲ့အတူ။

၎။
အသေအချာ ပြောနိုင်တာကတော့
ရောင်နီများ မထွန်းတောက်နိုင်ခဲ့ပြီ
မီးများလည်း မသာယာနိုင်ခဲ့ပြီ
ဟောဒီ ပြတင်းဝမှာ အသံမဲ့ နရီသံများနဲ့အတူ။

၅။
အသေအချာ ပြောနိုင်တာကတော့
ပြန်ပြောင်းကာ စဉ်းစား ...
အဘိုးက အဖေ့ကို
အတိတ်သမိုင်း လက်ဆင့်ကမ်းခဲ့တယ်
အဖေက သူ့ကို
ရာဇ၀င်ကြွေး လက်ဆင့်ကမ်းခဲ့တယ်
သူက သူ့သားကို
ဘာတွေများ လက်ဆင့်ကမ်းခဲ့ဦးမလဲ
သင်းကွဲ မိခင်များရဲ့ ငိုညည်းသံနဲ့အတူ။

၆။
အသေအချာ ပြောနိုင်တာကတော့
အသားကျူးတဲ့ ရသေ့
ဘုရားစူးတဲ့ မင်းရဲ့ အစွန်းရောက် ယုတ်မာမှု (ကမ်းကုန်)
တချို့
သားသမီးကွဲ ... မယားကွဲ
တချို့
ညီအကိုကွဲ ... မောင်နှမကွဲ
တချို့
အဖေကွဲ ... အမေကွဲ
တချို့
ရှင်ကွဲ ... သေကွဲ
ကွဲကွာ .. ခွဲခွာ .. ကြာခဲ့တာ
ဒီနေ့မှာ ...
အတိတ်သမိုင်းရဲ့ ရာဇ၀င်
ဒီနေ့တိုင် သက်သေထူ
ဤလူ့ဘောင် အကုန်လုံး
ရဲရဲတောက် ခွပ်ဒေါင်းအလံနဲ့အတူ။

၇။
သမိုင်းကို ပြန်လှန်ကြည့်လိုက်တော့
`စ´ကတည်းက `စ´လာလိုက်တာ
တရက်ပြီး တရက်
တလပြီး တလ
တနှစ်ပြီး တနှစ်
တရွက်ပြီး တရွက်
လေမတိုက်ဘဲ
မိုးစက်များရဲ့ လမ်းပေါ်က အသက်တွေနဲ့ ရက်စွဲများ ... ။ ။

မာန်လှိုင်ငယ်
၂၀၁၀ ခုနှစ်၊ သြဂုတ်လ (၈) ရက်။

Friday, July 16, 2010

ခွဲခွာနေ့တနေ့

ရယ်မောခြင်းတွေ ရပ်
ဘ၀အမောတွေ ချေဖျက်ဖို့
အတောမသတ်နိုင်တဲ့ ငိုချင်းတွေ လောင်းချ
ဒါ ...
ဘ၀တဲ့လား။

အတိတ်က အရိပ်
ပစ္စုပ္ပန်ရဲ့ အာသီသ
အနာဂတ်မှာ ခ၀ါချ
ဒါ ...
ဘ၀တဲ့လား။

ပျော်ရွှင်မှုက လှောင်ရီ(ရယ်)
ခွဲခွာမှုက ငိုချင်းထပ်
လေးညှင်းသတင်းက သယ်ဆောင်သွား
ဒါ ...
ဘ၀တဲ့လား။

အို ... သူငယ်ချင်း
အနာဂတ်ဘ၀ လှသွေးကြွယ်ဖို့
ခွဲခွာနေ့တနေ့ လှန်ပစ်ရင်းနဲ့
ပျော်ရွှင်နေ့သစ်ကို ဖွင့်ထုတ်လိုက်တော့
ဒါ ...
ဘ၀ရဲ့ သင်္ခါရ ... ။ ။

မာန်လှိုင်းငယ်
၂၀၁၀ ခုနှစ်၊ ဇူလိုင်လ (၁၅) ရက်။

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes