Friday, November 30, 2007
Thursday, November 29, 2007
(၉၂)နှစ်ပြည့် အဖွားမာသို့ မြေးတယောက်ရဲ့ ပန်ကြားစာ
မာန်လှိုင်းငယ်

(အဖွားမာရဲ့ (၉၂)နှစ်ပြည့် မွေးနေ့ကို ဂုဏ်ပြုခြင်း)
အဖွားမာ ...
ကျနော် စာတော ကဗျာတောထဲ
မရဲတရဲ တိုးဝင်စမှာ ...
အဖွားမာရဲ့စာပေကို နှစ်ခြိုက်စွာ ဖတ်ရတယ်။
အဖွားမာ ...
အဖွားမာရဲ့ တစ်သက်တာထဲမှာ
အဖွားမာရဲ့ စာပေချစ်မှု
အဖွားမာရဲ့ အနုပညာမြတ်နိုးမှု
အဖွားမာရဲ့ ငြိမ်းချမ်းမှု စကားတွေကို
မြတ်မြတ်နိုးနိုး ရင်ထဲမှာ ထာဝစဉ် သိမ်းထားခဲ့ပါတယ်။
အဖွားမာ ...
ဆရာအောင်ဝေးလိုတော့ မတားပါဘူး
ဒါပေမယ့်
အဖွားမာ မြင်လိုတဲ့ ဒီမိုကရေစီရတဲ့အထိတော့
ကျနော်တို့နဲ့ အတူ
ရင်အုပ်မကွာ ထွေးပိုက်ရင်း ရပ်တည်ပေးသွားပါဦး ... အဖွားမာ။
အဖွားမာ ...
အဆုံးအစမဲ့တဲ့ ကောင်းကင်ပြာပြာအောက်မှာ
စက်တင်ဘာမျက်ရည်တွေ မီးတောက်ခဲ့ရတယ်
သံဃာ့သင်္ကန်းတွေ သွေးစွန်းခဲ့ရတယ်
ပြည်သူတွေရဲ့ တောက်ခေါက်သံတွေ လမ်းမတွေပေါ် လှိုင်းထန်ခဲ့ရတယ်။
အဖွားမာ ...
ဒီလှိုင်းရဲ့ အားမာန်နဲ့
ငွားငွားစွင့်စွင့် ရွက်လွှင့်လာမယ့်
သံဃာ့သွေး၊ ခွပ်ဒေါင်းသွေးတွေရဲ့ သစ္စာတရားဟာ
စစ်အစိုးရရဲ့ စစ်ဝါဒကို
ပြာပုံဘ၀ရောက်သည်အထိ နိဂုံးချုပ်သွားစေမယ့်နေ့ကို
စောင့်ကြည့်ပေးသွားပါဦး ... အဖွားမာ။
မာန်လှိုင်းငယ်
၂၀၀၇ ခုနှစ်၊ နိုဝင်ဘာလ (၂၉)ရက်။

Posted in: ကဗျာမြန်မာရဲ့ သံဃာ
ဆရာတော်တပါးက ပေးပို့လာတဲ့ ကဗျာပါ။ ကျနော့် ဘလော့ဂ်မှာ တင်ချင်တာနဲ့ ပြန်လည်တင်ထားလိုက်ပါတယ်။
မြန်မာရဟန်းရှင်လူတို့ အားတက်စေရန်အတွက် ရည်ရွယ်ပါသည်။
မြန်မာရဲ့ သံဃာ
(သို့)
နှစ်ထောင့်ခုနစ်(၂၀၀၇)ရဲ့ ပဲ့တင်သံ
ဆယ်ခုနှစ် စက်တင်ဘာ
အရင်းတည်ခဲ့တဲ့ နေ့ရက်မဟာ
ဖခင်ရင်းပမာ တိုင်တည်ကာ
ရွှေတိဂုံခြေရင်း
ဝပ်ဆင်းခဲ့တဲ့ သံဃာတော်
ဆွမ်းဒကာနဲ့ သာသနာအတွက်နော်။
နေ့စဉ်ရက်ဆက်လို့
လမ်းပေါ်မှာ ဖိနပ်ပျက်လဲ
ပြည်သူတွေရဲ့ အပြုံး
လက်ခုပ်သံ တဗြုန်းဗြုန်းနဲ့
နေပူမှာ သွေးဆူခဲ့သနော်။
နှစ်ဆယ့်လေး စက်တင်ဘာ
ဆရာဒကာ လက်တွဲခဲ့တာ
မျိုးဆက်သစ်ကျောင်းသား
ပြည်ချစ်များနဲ့ ဖွဲ့တည်
မိမြန်မာပြည် လွတ်လပ်ရေး
ခွေးစစ်များကို ခြောက်လှန့်ပေးသနော်။
စက်တင်ဘာ နှစ်ဆယ့်ခြောက်
သံဃာစင်ပါမှောက်ခဲ့တဲ့
ပြည်သူတို့ရဲ့ မြင်ကွင်း
အရှေ့မုခ်လှေကားဆင်းမှာ
သွေးတွေမြေလူး
စစ်ဘီလူးရူးခဲ့တယ်နော်။
ဒါပေမယ့် ဒို့သံဃာ
အညံ့မခံတဲ့ သက်သေတာ
ထောင်နံရံက လျှောက်မှာ
အာခေါင်သံပေါက်ပေမယ့်
အာဏာရှင်စစ်ရူး
သူ့သေတွင်း သူတူးစေမယ်နော်။
အရှင်ရေ၀တ (ကေတု)

Posted in: ကဗျာSaturday, November 24, 2007
တန်ဆောင်မုန်းလ ဆေးပေါင်းခည ဇာတ်သိမ်းပိုင်း
မာန်လှိုင်းငယ်
ကျနော်တို့ သူငယ်ချင်းအားလုံး ဘယ်လိုပုံစံတွေနဲ့ သွားသလဲဆိုတာ သိချင်လား။ ကျနော် ပြောပြမယ်။ အဲ ... အရက် (သေရည်)သောက်ထားတော့ ကျနော်တို့ အားလုံးက မူးနေပါတယ်။ ဒါပေမယ့် တော်တော်လေးကို မူးနေကြတာမဟုတ်ပါဘူး။ ခြေလှမ်းကလေး နည်းနည်း ယိုင်ရုံလေးပါ။
ကျနော်တို့ သူငယ်ချင်းတွေမှာ ဒီအကောင်သေးကို နှိပ်စက်ရင်း သွားကြတာပါ။ တခြားရပ်ကွက်ကို သွားတာဆိုတော့ လုံခြုံရေးတွေနဲ့ တိုးရင် ဘယ်လိုလုပ်မလဲ ...။ သူတို့ ဆီက ငတေကောင်တွေနဲ့ လည်း တိုးနေရင် ဘယ်လိုလုပ်မလဲ ... စသဖြင့် စသဖြင့်ပေါ့။ ဒီကောင့်ကို ၀ိုင်းဝန်းမေးကြ။ ခြိမ်းခြောက်ကြတယ်ဗျာ။ ဒါပေမယ့် ဒီကောင်က အကောင်တော့ သေးတယ်။ ခေါင်းမာတယ်။ သူ့ချစ်သူနဲ့ မတွေ့ရကို မနေနိုင်တာလဲ ပါနေတယ်ဆိုတော့ ဒီကောင့်ကို ဘယ်လိုပဲ ပြောပြော။ ဘယ်လို ပဲ သွယ်ဝိုက်ပြီး ခေါ်ထုတ် ခေါ်ထုတ်။ ခြေလှမ်းတွေက သူ့ကောင်မလေးဆီကို ရောက်သွားကြတယ်။
သူ့ကောင်မလေးဆီရောက်တော့ ပြဿနာက တတ်ပြီဗျာ။ ဒီကောင်နဲ့ သူ့ကောင်မလေးက ချိန်းထား ကြတာလည်း မဟုတ်။ ဘယ်ရက်။ ဘယ်အချိန်မှာ လာမယ်လို့လဲ ကြိုတင်မပြောထားကြတော့ ဒုက္ခ တွေ့ကြပြီ။ ဒီကောင်အပူမိတော့ ကျနော်တို့ပါ ကူးလာတယ် ဒီကောင့်အပူလေ။ ဒါနဲ့ ၀ိုင်းဝန်းပြီး စဉ်းစား အကြံတွေ ထုတ်ကြပါပြီ။ အဲဒီမှာ။ ကျနော်တို့ထဲမှာ ဥာဏ်ကောင်းတဲ့ သူက ပါနေတော့ အဖြေက ပေါ်လာပါတယ်။ တော်တော်စဉ်းစားပြီးမှ ရတာပါ။ ဟဲ .. ဟဲ .. သူငယ်ချင်းတယောက်ရဲ့ အကြံပေး ချက်နဲ့ လုပ်ကြရတော့မှာလေ။ ဒါပေမယ့် ဒီကောင်က မ၀င်ရဲပြန်ဘူး။ အဲဒီခြံဝိုင်းထဲကို။ ဒါနဲ့ မဲနှိုက်ကြ ပြန်တာပေါ့။ မဲပေါက်တဲ့သူက ကောင်မလေးကို ခေါ်ထုတ်ပေးဖို့ တာဝန်ယူရတယ်။ ကျနော်ဆို ဘုရား တနေရတယ်။ မလွယ်ပါဘူး။ ရင်ကိုမောနေတာပါပဲ။ ငါများ ပေါက်သွားမလားပေါ့။ အမျိုးမျိုး စဉ်းစားပြီး တွေးပူစိုးရိမ်နေရတယ်။ ကဲ ... မဲ ဘယ်လိုလုပ်ကြသလဲဆိုရင် ... လူက ရှစ်ယောက်ဆိုတော့ မဲအဖြစ် သုံးတာက တုတ်ချောင်းရှစ်ချောင်းပါ။ တချောင်းက အတိုလုပ်ထားတယ်။
နှိုက်ပါ။ တယောက်နှိုက်လိုက်ပါတယ် ... “တုတ်ရှည်”
နောက်တယောက် .. “တုတ်ရှည်”တဲ့
ဒီလိုနဲ့ နှိုက်ကြတာ တုတ်ရှည်ပေါက်တာက ငါးယောက်တောင် ရှိနေပါပြီ။ ငါးယောက်ပြီးသွားတော့ သုံးယောက်ပဲ ကျန်တော့တယ်။ ကျန်တဲ့ သုံးယောက်က ကျနော်ရယ်။ အဲဒီကောင် (ချစ်သူနဲ့ တွေ့ချင်တဲ့ကောင်)ရယ်။ မဲကိုင်တဲ့ တယောက်ပါပဲ။ ကျနော်လည်း
“မထူးဘူး။ ငါအရင်နှိုက်မှ ဖြစ်မယ်။ တော်ကြာ ဟိုကောင် အရှည်ပဲ ထပ်ကျရင် မလွယ်ဘူး” ဆိုတာနဲ့ ကျနော် နှိုက်လိုက်တယ်။ ရင်ထဲမှာတော့ ဘုရားတနေတာ ဘယ်သူမှမသိဘူး။ ဟ .. ဟ
ဖွ .. ထွက်လာပါပြီ။ “တုတ် .. ရှည်” ဆိုပဲ။ ကျနော် ပြောလိုက်တာဗျာ။ ထအော်မိလို့ အကုန်လုံး ၀ိုင်းကန်ကြတာ။ မနဲကြီး ကိုယ့်ပါးစပ်ကို ဘရိတ်အုပ်လိုက်ရတယ်။ ဟ .. ဟ ပျော်သွားတာပဲ။ နောက်ဆုံးတော့ မဲကိုင်ဒိုင်လုပ်တဲ့ ကောင်ပဲ မဲပေါက်သွားတယ်။ ကံဆိုးပေတာကိုး။
ကဲ .. မောင်ကံဆိုးလေးရေ။ သွားပေတော့ ကိုယ်တို့ကတော့ ခြံအပြင်ကနေ စောင့်နေရော့မယ်။ အောင်နိုင်သူလေသံတွေနဲ့ ပြောလိုက်ကြတာပါ။ ဒီကောင့်ခမျာ။ မျက်နှာ မဲ့ရွဲ့ပြီး သိပ်သိပ်ကလေး ထွက်သွားရတယ်။ အဲ .. မဟုတ်ဘူး။ ၀င်သွားရတာပါ။ ကောင်မလေး အခန်းက ဘယ်အခန်းလည်း ဆို တာ သူ့ချစ်သူတောင် မသိတာ ကျနော်တို့က ဘယ်လိုလုပ်သိမှာလဲ။ အခုတော့ ရင် တဒိုင်းဒိုင်းနဲ့ စောင့်မျှော်နေကြရတယ်။
ဝင်သွားတဲ့ကောင်က ဘယ်လို တခန်းထနေတယ် မသိပါဘူး စောင့်နေရတာ နာရီဝက်တောင် ကြာနေပြီး မထွက်လာသေးဘူး။ ကျန်ခဲ့တဲ့ ကျနော်တို့က ချစ်သူနဲ့ တွေရမယ့်ကောင်က ၀ိုင်းပြောကြ ပြန်တယ်။
“ဟဲ့.. ကောင်။ မင်း သိပ်ပြီး စိတ်လှုပ်ရှားမနေနဲ့တော့ ခုလောက်ဆို ဟိုကောင်နဲ့ မင်း ချစ်သူတို့ တွေ့လို့ တခြားအပေါက်ကနေ ထွက်သွားသလားမသိဘူး”။ နောက်တယောက်က “ တော်ကြာ ... မင်း အထီးကျန်ဖြစ်နေဦးမယ်နော် ... ဟ ... ဟ” ။ “ကဲ ... မင်း ဘယ်လိုလုပ်မလဲ ပြောကွာ”ဆိုပြီး ကျနော်တို့ တတွေ ၀ိုင်းနောက်ကြတာ ဒီကောင်က မျက်နှာငယ်လေးနဲ့ပါ။ ကျနော်တို့ကတော့ ပျော်ရွှင်နေကြပေမယ့် ဒီကောင့်ခမျာ မပျော်နိုင်ပါဘူး။ စောင့်နေတာက မိနစ်လေးဆယ် ပြည့်တော့မယ် လေ။ အမှန်တော့ ကျနော်တို့ ကျနော်တို့ ဒီလိုပဲ စောင့်နေမယ့်အစား ပျော်စရာလေး ဖြစ်အောင် ဒီကောင့်ကို ၀ိုင်းနောက်နေကြတာပါ။
တယောက်က ... “ မင်းတို့ နားထောင်တဲ့ ခြေသံတွေ ထွက်လာပြီ။” ကျနော်တို့လည်း အပြင်ကနေ အထဲကို ချောင်းကြည့်လိုက်တော့ မှန်လိုက်လေ။ ဘချောသားက ကောင်မလေး လက်ကို ကိုင်ပြီး ထွက်လာတာကိုး။ ကျနော်တို့ အနားလည်း ရောက်ရော။ “ရော့ ... မင်းကောင်မလေး။ မင်းတို့ တနေရာမှာ သွားတွေ့တော့ဆိုပြီး” ဒေါသသံ နည်းနည်း ပါတယ်ထင်တယ်။ ပြောလိုက်ပါတယ်။ သူတို့ နှစ်ယောက်လည်း ပျော်သွားကြတယ်။ ကျနော်တို့ကိုတောင် မကြည့်တော့ဘူး။ နှစ်ယောက်သား လစ်သွားတယ်။ ဘယ်နေရာလည်းဆိုတာ ကျနော်တို့ မသိကြဘူးလို့ သူတို့ နှစ်ယောက်ကထင်ထား တာလေ။ ဟ .. ဟ
ကောင်မလေးကို သွားခေါ်ထုတ်ခဲ့တဲ့ ကောင်ကို ကျနော်တို့ကြည်လိုက်တော့ အင်း ဘချောသားက ချွေးတွေ ထွက်နေတာ မနည်းဘူး။ မျက်နှာ။ ကိုယ်လုံး စသဖြင့် အကုန်လုံးကိုပါပဲ။ ကျနော်တို့လည်း ဒီကောင့်ကို ၀ိုင်းမေးကြတယ်။
“မင်း ဘယ်လိုလုပ် ကောင်မလေးကို ရအောင်ခေါ်ထုတ်လာလဲကွ”ပေါ့။
ဒီမှာတင် ဒီကောင်က မပြောချင်ပြောချင် မျက်နှာနဲ့ “မင်းတို့က မေးနိုင်တာပေါ့လေ .. ငါ့မှာတော့ ကောင်မလေး အခန်းကို လိုက်ရှာရတာ အခန်းက လေးခန်းတောင်ရှိတယ်.. ဟိုကောင့် ကောင်မလေးက ဘယ်နေရာမှာလဲ ငါမှမသိတာ။ ဒါနဲ့ ငါလည်း ထရံပေါက်ကနေ လိုက်ချောင်းနေရ တာ။ မလွယ်ဘူးကွ။ ကောင်မလေး အဖေနဲ့ အမေတွေ။ အကိုတွေ နိုးလို့ကတော့ မလွယ်ပါဘူး။ သိသွားလို့ကတော့ ငါတို့ အကုန်လုံး ရုံးရောက်ကုန်မှာလေ။ ငါလည်း စိတ်ရှည်ရှည်နဲ့ လိုက်ချောင်းတာ။ ဟဲ .. ဟဲ အဲဒီမှာလေ အဘိုးကြီးနဲ့ အဘွားကြီး ဖတ်ပြီး နေကြတာတွေ့တယ်။ (တယောက်နဲ့ တယောက် ဖတ်ပြီး အိပ်ပျော်နေကြတာကို ပြောတာပါ။ တမျိုးမထင်နဲ့)။ အဲဒါနဲ့ ငါလည်း နာရီတော် တော်ကြာ ကောင်မလေးကို ဖြည်းဖြည်းနဲ့ စိတ်ရှည်ရှည်ထားပြီး ရှာနေရတယ်။ အဲဒါကြောင့် ငါ နာရီဝက်ကျော် ကြာသွားတာပါ။ အဲဒီလိုကြာပြီးမှ ကောင်မလေးကို တွေ့တယ်။ ကောင်မလေးက တော်တာ် အိပ်ပုတ်ကြီးတယ်ကွာ။ ငါ ခေါ်တာတောင် မကြားနိုင်ဘူး။ အိပ်နေတာက သူများတွေ ပျော်နေတဲ့ အချိန်မှာ ဒီကောင်မလေးက အိပ်ပျော်နိုတယ်။ အဲဒီအချိန် သူ့ကောင်လေးကို သတိ တောင် ရပါ့မလားမသိပါဘူး။ ဒါနဲ့ လည်း ထရံပေါက်ကြားကနေ တုတ်တချောင်းထိုးထည့်ပြီးတော နိုးရတယ်။ တော်ပါသေးရဲ့ ကောင်မလေးက မအော်လို့က အော်များ အော်လိုက်ရင် မတွေးရဲစရာကွာ။ ငါလည်း ကောင်မလေး နိုးနိုးချင်း ငါ့နာမည်ပြောပြလိုက်တယ်။ ပြီးတော့ နင့်ကောင် လာခေါ်ခိုင်းတာလို့ နင့်ကောင်က အပြင်မှာ စောင့်နေတယ် မြန်မြန်ထ လိုက်ခဲ့။ ဒါပဲဆိုပြီး ငါစောင့်လိုက်ရသေးတယ်။ မချောသားကလည်း မယုံဘူးလားမသိပါဘူး။ ငါ ငါးမိနစ်တောင် စောင့်ရသေးတယ်။ မချောသား အောက်လည်းရောက်ရော မင်းတို့ဆီ လက်ကိုဆွဲ ခေါ်ခဲ့တာကွ။ ထွီး … မလွယ်ဘူး။ ကဲ .. ဇာတ်လမ်း က ဆုံးပြီး ဟိုနှစ်ယောက်ကို သွားချောင်းဖို့ ကျန်သေးတယ် မြန်မြန်လုပ်” ဆိုပြီး အဲဒီကောင် လောဆော်လိုက်တယ်။ ကျနော်တို့လည်း အဲဒါကြတော့ မြန်သား။ ဟိုနှစ်ယောက်ထွက်သွားတဲ့ နေရာ ရောက်တော့ … အင်း သူတို့နှစ်ယောက် “ခစ် ခစ် .. ဟိ ဟိ”တွေ ရယ်နေလို့။
သူတို့ နှစ်ယောက် ပြောစကားတွေ နားထောင်။ သူတို့ ဘာတွေများလုပ်မလဲလို့ ကြည့်နေကြတာ။ တယောက်မှလည်း အသံမထွက်ရဲဘူး။ ထွက်လို့ကတော့ သူတို့နှစ်ယောက် ထပြေးမှာကိုပါ။ အဲဒီလိုမျိုး ကြည့်နေတုန်း။ ကျနော်တို့ထဲမှာ တယောက်ထက်လျော့နေတယ်။ ကြည့်လိုက်တော့ မတွေ့တော့ဘူး။
ကျနော်ထင်တယ်။ နာရီဝက်တောင် မကြာဘူး။ ပျောက်သွားတဲ့ကောင် ပြန်ရောက်လာတယ်။ မျက်နှာ က ဖူးနေပြီ။ ဒီကောင် ပြဿနာဖြစ်ခဲ့ပြီဆိုတာ သိလိုက်ကြတယ်။ ဒီကောင်က ခံရတာကို အငြိမ်မနေ နိုင်ဘူး။ ပါးစပ်က ပွစိ .. ပွစိနဲ့ ပဌာန်းရွတ်နေတယ်။ ကျနော်တို့ကို မဲဆွယ်နေတယ်လေ။ သူ့ကို ချလိုက် တဲ့ကောင်တွေကို သွားပြန်ချမယ် တကဲ .. ကဲပဲ။ တားလို့လဲမရဘူး။ ကျနော်တို့လည်း အဲဒီလိုဖြစ်နေ တော့ ဟိုနှစ်ယောက် ချိန်းတွေ့နေတာကို ကျနော်တို့က ချောင်းကြည့်တယ်ဆိုတာ ပေါ်ကုန်ပြီပေါ့ဗျာ။ ဟိုနှစ်ယောက်လဲ စိတ်တို။ ခံရတဲ့ ကောင်ကလည်း ပွစိ .. ပွစိနဲ့ဆိုတော့ ကျနော်တို့ထဲမှာ စိတ်မြန်လက်မြန်။ ဒေါသကြီးတတ်တဲ့ တကောင်ပါတယ်။ ဒီကောင် “၀ုန်း” ဆို ထပြောတယ်။
“ကဲ မင်း ဖြစ်ချင်တာကို ငါတို့ လုပ်ပေးမယ်။ ကဲ … ဟဲ့ကောင်တွေ တွေဝမနေနဲ့ သွားချမယ် .. လာ။” ဆိုတော့ အားလုံးလည်း မနေနိုင်ဘူး။ ချီတက်သွားကြတယ်။ ဒီထဲမှာ ချစ်သူနဲ့ တွေ့တဲ့အကောင်လည်း ပါတယ်။ သူ့ကောင်မလေးကိုတော့ သူ့အိမ် အရင်ပြန်ပို့ပေးလိုက်တယ်။ ပြီးတာနဲ့ ကျနော်တို့အားလုံး ရန်ဖြစ်ခဲ့တဲ့ နေရာကို အရောက်သွားကြတယ်။
ရောက်ပါပြီ။ ကျနော်တို့ကောင် ခံခဲ့ရတဲ့နေရာကိုပါ။ အားပါးပါး ဒီကောင်ခံရမှာပေါ့ ဟိုဘက်က ကောင်တွေက လူဆယ်ယောက်တောင်ဆိုတော့ မခံရပဲ နေမလား။ ကျနော်တို့တောင် နည်းနည်း ရှိန်သွားတယ်။ အဲဒီထဲမှာ ကျနော်က သတ္တိနည်းတယ်ဗျ။ ကိုယ့်အသားနာမှာကို အရမ်းစိုးရိမ်တယ်။ ရန်လည်း မဖြစ်ချင်ဘူး။ ကျနော့် ကောင်တွေကို ထိန်းကြည့်ပါသေးတယ်။ မရတော့ဘူး။ ဘာမပြော .. ညာမပြော သွားဆွဲထိုးပြီလေ။ ကျနော်က နောက်ဆုံးကနေ လိုက်သွားရတယ်။ တော်သေးတယ်။ ကျနော်နဲ့ ချရမယ့်အကောင်က နည်းနည်း သေးလို့။ ကျနော်ကလည်း ဗလကလည်း မရှိတာနဲ့လေ အံကိုက်ဖြစ်သွားတယ်။ ဖိုက် .. ကြပါပြီဗျာ။ ကျနော်တို့ ဖြစ်တဲ့နေရာက ချောင်းဘေး။ ကွက်လပ်နေရာ မှာဆိုတော့ ရှင်းနေတာပဲ။ လကလည်း သာနေတယ်။ ကျန်တဲ့ကောင်တွေကတော့ နွားသိုး ကြိုးပျက် သွားသလိုပါပဲ။ နတ်ပူးသလို ချကြ။ ဖိုက်ကြတော့တာပါပဲ။ ကျနော်နဲ့ ကျနော့်ရန်သူကတော့ မဖိုက်ကြသေးဘူး။ ဘယ်သူ အရင်ချမလဲလို့ တယောက်ကို တယောက်ကြည့်နေကြတာပါ။
အဲဒီလို တယောက်ကို တယောက် ကြည့်လိုက်။ ဟိုလှည့်လိုက်။ ဒီလှည့်လိုက်နဲ့ ဟိုကောင်တွေ ချတာ မောလို့ ပြီးကုန်တဲ့အထိ ကျနော်တို့ နှစ်ယောက်က မဖိုက်ရသေးဘူး။ ကံကောင်းတယ်လို့ ပြောရမလား တော့မသိဘူး။ ကျနော်ကလည်း ရန်မဖြစ်ချင်တာနဲ့ဆိုတော့ သူ့ဖက်လည်း အဲဒီလိုပဲလားတော့ မသိဘူး ကျနော့်အဖို့တော့ ကံကောင်းတယ်။ အသားလည်း မနာတော့ဘူး။ ကျနော့်ကောင်တွေကို ပြန်ခေါ်လာ ရတော့တယ်။ ဟ … ဟ .. ဟ ကျနော့်ကောင်တွေကတော့ နဖူးကွဲတဲ့လူက ကွဲ။ လက်။ တံတောင်စေ့ တွေ ကွဲသူက ကွဲပေါ့။ ကျနော်တို့လည်း ကြာကြာမနေရဲဘူး… တော်ကြာ လုံခြုံရေးတွေ ရောက်လာရင် အားလုံး အချုပ်ထဲမှာနေရမယ်။ လုံခြုံရေးတွေကို ကရင်တွေခေါ်တာကတော့ (ဘီဘဲလ်)ပေါ့။
ကျနော်တို့လည်း ကိုယ့်နေရာကို ပြန်ရောက်တာနဲ့ ကျနော်က ပတ်တီးတွေ သွားယူပေးရတော့တာပါပဲ။
ကျနော်တို့ သူငယ်ချင်းတသိုက်ရဲ့ တန်ဆောင်မုန်းလပြည့်နေ့ (ဆေးပေါင်းခတဲ့ ည)ကို ဖြတ်သန်းခဲ့ကြ တာ ကြာပါပြီး။ အခု ပြန်လည်ပြောပြရင်း ကျနော့်ရဲ့ သူငယ်ချင်းအားလုံးကို ဆေးပေါင်းခတဲ့ည ရောက်တိုင်း အဲဒီအမှတ်တရလေးတွေကို သတိရနေတယ်ဆိုတဲ့အကြောင်း ဒီမှာတင် ကျနော် ပြောလိုက်ပါတယ်ဗျာ။ (ကျနော်တို့ ဆေးပေါင်းခညမှာ ပျော်ရွှင်စရာ အမှတ်တရလေးတွေကို ပြောပြ လိုက်တာပါ)
ကဲ … ဒီလောက်ဆို ကျနော့်ရဲ့ “တန်ဆောင်မုန်းလ ဆေးပေါင်းခ” အကြောင်းက လုံလောက်သွားပြီ ထင်ပါတယ်နော်။ အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေဗျာ။
“တန်ဆောင်မုန်းလ ဆေးပေါင်းခည ဇာတ်သိမ်းပိုင်း”

Posted in: အမှတ်တရ စာစု“နှလုံးသား မှတ်ကျောက်”
မာန်လှိုင်းငယ်
“နှလုံးသား မှတ်ကျောက်”
ဖေဖေဟာ
တခါ တခါ အသိရခက်
ရေငုံ နှုတ်ပိတ်
သားကို ဘာမှ မပြော။
ဖေဖေဟာ
တခါ တခါ အသိရလွယ်
စမ်းရေးစီးသံပမာ
သားကို ချိုသာစွာ ပြော။
ဖေဖေ့မေတ္တာ
မြစ်ပင်လယ်မက
အဆုံးအစမဲ့ အပြောကျယ်။
ဖေဖေ့ဂရုဏာ
တော အထပ်ထပ်
တောင် အထပ်ထပ်တောင် တုန်လှုပ်။
ဒါကြောင့် ...
ဖေဖေ့ကို
သား ဦးချကန်တော့ ဂုဏ်ပြုရင်း
နှလုံးသား မှတ်ကျောက်
ကျောက်ထက် မှတ်တိုင် လွှင့်ထူးထားတယ်။ ။
ဖေဖေဟာ
တခါ တခါ အသိရခက်
ရေငုံ နှုတ်ပိတ်
သားကို ဘာမှ မပြော။
ဖေဖေဟာ
တခါ တခါ အသိရလွယ်
စမ်းရေးစီးသံပမာ
သားကို ချိုသာစွာ ပြော။
ဖေဖေ့မေတ္တာ
မြစ်ပင်လယ်မက
အဆုံးအစမဲ့ အပြောကျယ်။
ဖေဖေ့ဂရုဏာ
တော အထပ်ထပ်
တောင် အထပ်ထပ်တောင် တုန်လှုပ်။
ဒါကြောင့် ...
ဖေဖေ့ကို
သား ဦးချကန်တော့ ဂုဏ်ပြုရင်း
နှလုံးသား မှတ်ကျောက်
ကျောက်ထက် မှတ်တိုင် လွှင့်ထူးထားတယ်။ ။
Posted in: ကဗျာThursday, November 22, 2007
တန်ဆောင်မုန်းလ ဆေးပေါင်းခ
မာန်လှိုင်းငယ်
ဆေးပေါင်းခတဲ့ညအကြောင်း ကိုရွာသား က ရေးပြီးတော့ ကျနော့်ဆီကို TAG ဆိုတဲ့ ဆေးပေါင်းခည ငနဲလေးကို ခေါ်လာသဗျ။ ကိုရွာသား မခေါ်လာခင် အရင် TAG ဆိုတဲ့ ရုပ်ရှင်တို့က ပြောတဲ့ စကား ငနဲကြီးလေးကို နှင်းဆီနီနီ က ကျနော့်အိမ်ကို အရောက်ပို့ပေးထားသေးတယ်ဗျာ။
ကျနော် မအားလို့ မရေးဖြစ်သေးတာပါ။ ဒီအကြွေးတွေကိ မဆပ်ရသေးတဲ့အချိန်မှာပဲ နောက်ထပ် TAG ဆိုတဲ့ ချစ်သူတို့ အိပ်ဖွင့်ပေးစာ ငတိလေးက ၀င်ရောက်လာပြန်တယ်ဗျာ။ သူ့ကို ခေါ်လာသူကတော့ နှင်းမိုးဝေ ပါ။ ကျနော့်ကို အကို မဲပါတယ်တဲ့ လာကြည့်ပါဦးဆိုလို့ သွားကြည့်လိုက်တာ နံပါတ်လေး ချိတ်နေတယ်ဗျာ။
ကဲ ... အကြွေး သုံးခုကိုတော့ ဆပ်ရတော့မှာပေါ့။ ဒါနဲ့ ဘယ်ဟာကို အရင် ဆပ်မလဲဆိုတာ စဉ်းစားလိုက်တော့ ဆေးပေါင်းခတဲ့ ညအကြောင်းကို အရင် ဆပ်မယ်လို့ ပေါ်လာတယ်။ ဒါကြောင့် ဆေးပေါင်းခတဲ့ ည အကြောင်းကို ချရေးလိုမယ် ... ကိုရွာသား ရေ ... ရေးပြီဗျာ။
ကျနော် ဆေးပေါင်းခတဲ့ ညကို မဖြတ်သန်းဖြစ်ခဲ့တာ လေးနှစ်တောင် ကျော်နေပြီ။ အမှန်အတိုင်း ပြောရရင် သတိတောင် မရတော့လောက်အောင်ကို မေ့နေပါတယ်။ ဒါနဲ့ ဖြတ်သန်းဖြစ်ခဲ့တဲ့ လွန်ခဲ့တဲ့ ကျောင်းသားဘ၀တုန်းက ဆေးပေါင်းခတဲ့ ည အမှတ်တရလေးတွေကို ပြန်ပြောင်းအောက်မေ့လိုက်ပြီ။
တန်ဆောင်မုန်းလပြည့်နေ့ညကို ရောက်တာနဲ့ အရင်ဆုံးဘာလုပ်တယ်လို့ ထင်လဲ။ ကျနော်တို့ သူငယ်ချင်းတသိုက်။ သူငယ်ချင်းဆိုလို့ ငယ်ပေါင်းကြီးဖော်တွေပါ။ ကျနော်နဲ့ သူငယ်ချင်းတွေ လပြည့်နေ့ညမှာ ဘာလုပ်မယ်ဆိုတာ စဉ်းစားကြတယ်။ ဘယ်မှာစုဆုံမယ်ဆိုတာလည်း သတ်မှတ်ခဲ့ကြ တယ်။ ဒါနဲ့ ကျနော်တို့ သူငယ်ချင်းတသိုက် စုဆုံတဲ့ နေရာက တောင်ကုန်းပေါ်က ဘုန်းကြီးကျောင်း အောက် တောင်ခြေသူငယ်ချင်းတယောက်အိမ်မှာ စုဆုံဖြစ်ကြတယ်။ ဒီလိုစုဆုံကြတာနဲ့ သူငယ်ချင်း တွေ မီးဖိုတယ်ဗျာ။ မီးပုံကို အလယ်မှာထားပြီး ၀ိုင်းကြီးပတ် “၀” လုံး ပုံစံထိုင်ကြတယ်။ ဂီတာက လေးလက်။ ဘာဂျာက တခု။ လက်ခုပ် (လက်နှစ်ဖက်)က အများကြီးပါ။ သူငယ်ချင်းတွေက မများပါ ဘူး။ ရှစ်ယောက်ပါပဲ။
လပြည့်ညမှာ ကျနော်တို့ သူငယ်ချင်းတွေ ဂီတာတီးပြီး သီချင်းဝိုင်းဆိုကြတယ်။ ဒီကြားထဲ အရက်ကလေး (သေရည်)ပါ ပါလိုက်သေးတယ်ဗျာ။ သေရည်ပါတော့ ကျနော်တို့အတွက် အမြည်းက လိုနေပြီး ဒါနဲ့ သူငယ်ချင်း တယောက် စလိုက်တယ်။
“ငါတို့ တွန့်တိုတတ်တဲ့ အိမ်က ကြက်သွားခိုးကြမယ်။ ဘယ်လိုလဲ”
တယောက်က အစဖော်လိုက်ပါပြီး။
ထောက်ခံတဲ့လူက ခုနှစ်ယောက်။ မထောက်ခံတဲ့ လူက တယောက် (အဲဒါ ကျနော်)ပါ။
ကျနော်က ပြောလိုက်တယ်။
“လပြည့်ညမှာ သူများကြက်သွားခိုးတာ မကောင်းဘူး”လို့ ဆိုလိုက်တော့ ၀ိုင်းသမကြတယ်ဗျာ။
ပြောလိုက်တဲ့ စကားတွေကို နားထောင်ကြည့်လိုက်ပါဦး။
“မင်းက ဘာအခုမှ သူတော်ကောင်းလာလုပ်နေလဲ”တဲ့
“မင်းက ကြောက်လို့လား ... ငရဲက ကြောက်စရာမဟုတ်ပါဘူး”တဲ့
“မင်း ကြောက်ရင်နေခဲ့ ... ငါတို့တော့ သွားခိုးမယ် .. ရလာလို့ရှိရင် မင်း လာစားရဲ လာစားကြည့်”တဲ့ဗျာ
ကဲ ကျနော်က ဘာပြန်ပြောမလဲ။ အကုန်လုံးက တယောက်တခွန်းဝိုင်းပြောကြပြီလေ။ ကျနော်လည်း အများနဲ့ တယောက်ဆိုတော့ အရှုံးပေးလိုက်ရတယ်။ မဲများတဲ့ ဘက်ကို လိုက်ရစမြဲပဲလေ။ သူတို့ ပြောတာလည်း မခံချင်းဘူး။ ဒါနဲ့ လိုက်လုပ်ရောဆိုပါတော့။
အင်း ... ကျနော့် ကောင်တွေတော့ တော်တော် တော်တယ်ဗျ။ ကြက်ကိုခိုးတာ အသံတောင် မထွက်ဘူး။ ကြက်မအော်ဘူးလို့ ပြောတာပါ။ ခိုးနည်းလေး ပြောပြမယ်။ တယောက်က ကြက်ခြေထောက်ကို ကိုင်တယ်။ နောက်တယောက် ကြက်ကိုယ်လုံးကို ကိုင်တယ်။ ကျန်တဲ့ တယောက်က ကြက်ခေါင်း (နှုတ်သီး)ကို ကိုင်ပြီး သုံးယောက်ပေါင်း ဖမ်းပြီး ခိုးပြေးကြတယ်ဗျာ။ ကျနော့်မှာဖြင့် စိုးရိမ်ရတယ်။ သိသွားရင် မလွယ်ဘူးပေါ့။ နောက်ဆုံးတော့လည်း ကြက်သားစားရ တော့တယ်ဗျာ။ ကြက်သားကို ကျနော်တို့ ချက်စားတာ မဟုတ်ဘူး။ ကြက်ကောင်လုံးကို ကင်စားကြတာ။ ကောင်းတယ်နော်။ အရသာက သိပ်ရှိကြတယ်။ ကျနော် အဲဒီတုန်းက အရက် မသောက်တတ်သေးပါဘူး။ စိတ်က စမ်းချင်တာနဲ့ လိုက်သောက်တာ တခွက်နဲ့ကို ချာလပတ်ကို လည် တယ်ဗျာ။ ကြက်သားကင်စားလိုက် အရက်သောက်လိုက်။ ဂီတာလေး တီး။ သီချင်းလေး ဆိုလိုက်ကြနဲ့ ပျော်စရာညလေး တညပါပဲ။
ကျနော်တို့ သူငယ်ချင်းတွေ ကောင်းကင်က ကြယ်တွေ။ လကို ကြည့်ပြီး စိတ်ကူးယဉ်တဲ့လူက ယဉ်။ ရည်းစားကို လွမ်းတဲ့ လူက လွမ်းပေါ့။ အားလုံး အဲဒီလို ရှိနေချိန်မှာ ကျနော်တို့ထဲမှာ အကောင်အသေး ဆုံး (အကောင်အသေးဆုံးဆိုလို့ ကိုယ်လုံးကို ပြောတာနော်) က သူ့ရည်းစားဆီ သွားချင်တယ်လို့ ထအော်တယ်။ အားလုံး အတွေးတွေက ပျက်ကုန်လို့ ၀ိုင်းအော်ဆဲကြသေးတယ် ဒီကောင့်ကိုပေါ့ဗျာ။ ကျနော်တို့ ဒီကောင့်ဆန္ဒကို ဖြည့်ဆည်းပေးကြတယ်လေ။ ဒီကောင့်ကောင်မလေးနဲ့ မတွေ့ခင် ကျနော်တို့ သူငယ်ချင်းတွေ မယ်ဇလီဆီချက်ချက်စားတဲ့ အိမ်မှာ လိုက်စားကြသေးတယ်ဗျာ။ အရသာ ရှိလားမရှိလားတော့ မသိဘူး။ အရက်က ၀င်နေတာကိုး။ စားကြ။ ပြောကြပေါ့။ ဒါနဲ့ သူငယ်ချင်းတွေ ချီတာက်ပါပြီး။ ဟိုကောင့် ချစ်သူကောင်မလေးဆီကိုပေါ့။ ကျနော်တို့ နေတာက ရပ်ကွက်အလိုက်နဲ့ဆို တော့ ဘေးချင်းကပ်ရပ် ရပ်ကွက်မှာရှိတဲ့ ကျနော်တို့ သူငယ်ချင်းကောင်းမလေးအိမ်ကို ချီတက်သွားကြ တာပါ။
ရောက်ပါပြီး။ သူ့ချစ်သူကောင်မလေးဆီကို ....
ဆက်ရန် .....
“တန်ဆောင်မုန်းလ ဆေးပေါင်းခ”

Posted in: အမှတ်တရ စာစုကဗျာဆရာ နှင့် ကဗျာ စီးချင်းထိုးပွဲ
မာန်လှိုင်းငယ်
“ကဗျာဆရာ နှင့် ကဗျာ စီးချင်းထိုးပွဲ”
ကဗျာဆရာ နှင့် ကဗျာ စီးချင်းထိုးပွဲမှာ ...
ကဗျာဆရာက
ကဗျာကို အလှဲထိုးဖို့ တာစူနေတယ်။
ကဗျာက
ကဗျာဆရာကို လှောင်ရယ်နေတယ်။
ကဗျာဆရာက
အိနြေ္ဒမျက်နှာနဲ့ ကဗျာကို
ပဲပင်ပေါက် ပျိုးသလို
အတားအဆီးမဲ့ ထိုးလေပြီ။
ကဗျာက
စပ်ဖြဲဖြဲမျက်နှာနဲ့ ကဗျာဆရာကို
ရန်ခုန်သံမြန်လာအောင်
ဟိုခုန် ဒီပေါက် ပြေးလေပြီ။
ညက လကို လိုက်ဖမ်းသလို
ကဗျာဆရာက ကဗျာကို လိုက်ဖမ်းနေတယ်။
လက ညကို ပုန်းရှောင်သလို
ကဗျာက ကဗျာဆရာကို ပုန်းရှောင်နေတယ်။
ကဗျာဆရာ နှင့် ကဗျာ
တန်းတူထပ်စစ်ပွဲ ထိုးလေပြီ။
ကဗျာ နှင့် ကဗျာဆရာ
ကဗျာ ရစ်သမ်က ငြိမ်းချမ်းရေးဆို
ကဗျာဆရာ နှလုံးသားက ဘယ်လိုဘာလဲ ... ။
ဒီလိုနဲ့
ကဗျာဆရာရဲ့ ကလောင်ဟာ
ကဗျာကို အလှဲမသိပ်နိုင်သေးပါ။
ကဗျာကလည်း
ကဗျာဆရာကို မလှည့်စားနိုင်သေးပါ။
ကဗျာဆရာ နှင့် ကဗျာ စီးချင်းထိုးပွဲမှာ ... ။ ။

Posted in: ကဗျာWednesday, November 21, 2007
ဒီကမ္ဘာကြီးပေါ်မှာ
မာန်လှိုင်းငယ်
`ဒီကမ္ဘာကြီးပေါ်မှာ´
တခါတုန်းက
ကမ္ဘာကြီးပေါ်မှာ
မိခင်နဲ့ သား ရှိခဲ့ပါတယ်။
နှစ်တွေကြာလာတဲ့အခါ
မိခင် မရှိတော့
သားခမျာ …
ယောင်ချာချာ ယောင်နနဖြစ်နေတယ်။
မိခင်မေတ္တာ
သိလိုက်ချိန်မှာ
သား မျက်မမြင်ဖြစ်နေတာ
ဒီကမ္ဘာကြီးပေါ်မှာ …. ။ ။
မာန်လှိုင်းငယ်။
တခါတုန်းက
ကမ္ဘာကြီးပေါ်မှာ
မိခင်နဲ့ သား ရှိခဲ့ပါတယ်။
နှစ်တွေကြာလာတဲ့အခါ
မိခင် မရှိတော့
သားခမျာ …
ယောင်ချာချာ ယောင်နနဖြစ်နေတယ်။
မိခင်မေတ္တာ
သိလိုက်ချိန်မှာ
သား မျက်မမြင်ဖြစ်နေတာ
ဒီကမ္ဘာကြီးပေါ်မှာ …. ။ ။
မာန်လှိုင်းငယ်။
Posted in: ကဗျာTuesday, November 20, 2007
ဝမ်းတထွာ
မာန်လှိုင်းငယ်
“၀မ်းတထွာ”
တဘ၀စာ ဖူလှုံဖို့
လမ်းဘေး ၀မ်းတထွာအတွက်
ရုန်းကန် လှုပ်ရှားနေရတယ်။
အဲဒီ ၀မ်းတထွာရဖို့အတွက်
တနေကုန် တနေခန်း
သူတို့ဟာ …
မောဟိုက်နွမ်းလျနေရတယ်။
သူတို့ ...
ဝမ်းတထွာအတွက် ကြိုးစားနေချိန်မှာ
ငါတို့ဟာ
သက်တောင့်သက်သာ ထိုင်ပြီး လုပ်နေကြတယ်။
အဲဒီိလို
သူတို့ ၀မ်းတထွာအတွက် ရှာရင်း
ဘ၀အသက်ရှင်သန်နိုင်ဖို့
တလမ်းဝင် တလမ်းထွက်
ဒုက္ခ ဆင်းရဲများစွာ ဝေနေရတယ်။
ဒီလိုနဲ့
တနေ၀င် တမိုးချုပ်တော့
အိမ်ပြန်ဖို့တောင်
သူတို့ခမျာ …
နှေးကွေးလေးလံစွာ
ခြေထောက်တွေကို သယ်ဆောင်နေရတယ်။
ဒါကို …
မြင်နေရတော့
ရင်ထဲမှာ ဗလောင်ဆူ
သြော်…
တို့နိုင်ငံ … တို့နိုင်ငံ … ။ ။
မာန်လှိုင်းငယ်
တဘ၀စာ ဖူလှုံဖို့
လမ်းဘေး ၀မ်းတထွာအတွက်
ရုန်းကန် လှုပ်ရှားနေရတယ်။
အဲဒီ ၀မ်းတထွာရဖို့အတွက်
တနေကုန် တနေခန်း
သူတို့ဟာ …
မောဟိုက်နွမ်းလျနေရတယ်။
သူတို့ ...
ဝမ်းတထွာအတွက် ကြိုးစားနေချိန်မှာ
ငါတို့ဟာ
သက်တောင့်သက်သာ ထိုင်ပြီး လုပ်နေကြတယ်။
အဲဒီိလို
သူတို့ ၀မ်းတထွာအတွက် ရှာရင်း
ဘ၀အသက်ရှင်သန်နိုင်ဖို့
တလမ်းဝင် တလမ်းထွက်
ဒုက္ခ ဆင်းရဲများစွာ ဝေနေရတယ်။
ဒီလိုနဲ့
တနေ၀င် တမိုးချုပ်တော့
အိမ်ပြန်ဖို့တောင်
သူတို့ခမျာ …
နှေးကွေးလေးလံစွာ
ခြေထောက်တွေကို သယ်ဆောင်နေရတယ်။
ဒါကို …
မြင်နေရတော့
ရင်ထဲမှာ ဗလောင်ဆူ
သြော်…
တို့နိုင်ငံ … တို့နိုင်ငံ … ။ ။
မာန်လှိုင်းငယ်
Posted in: ကဗျာနိယာမတရားရဲ့ ပရိယာယ်
မာန်လှိုင်းငယ်
“နိယာမတရားရဲ့ ပရိယာယ်”
ငါ …
ကြည့်နေတယ်
လေတိုက်ခတ်မှုကြောင့်လား
မြေရဲ့ဆွဲငင်အားကြောင့်လား
ဒါမှမဟုတ်
လောကနိယာမတရားကြောင့်လား
မသိ …
သစ်ရွက်တွေ
ဝေ့ကာဝိုက်ကာ
တဖြုတ်ဖြုတ်ကြွေနေတယ်။
ငါ …
ကြည့်နေတယ်
လေရဲ့ သယ်ဆောင်မှုကြောင့်လား
ရနံ့ သင်းပျံ့မှုကြောင့်လား
ဒါမှမဟုတ်
လောကအမိန့်တော်ကြောင့်လား
မသိ …
လိပ်ပြာတွေ
ဟိုပျံ ဒီဝဲ
ကူးလူးဆက်ဆံ ပန်းဝတ်ရည်ကို သောက်နေတယ်။
ငါ …
ကြည့်နေတယ်
နေရဲ့အပူရှိန်ကြောင့်လား
မြေကြီးရဲ့ ရောင်ပြန်တံလျှပ်တွေကြောင့်လား
ဒါမှမဟုတ်
တောင်ကြီးတောင်မြင့်တွေကြောင့်လား
မသိ …
အဘိုးအိုတယောက်
ဖုတ်လှိုက် ဖုတ်လှိုက်
မောဟိုက်နွမ်းလျစွာ တက်လှမ်းနေတယ်။ ။

Posted in: ကဗျာ

11:03 AM
မာန်လှိုင်းငယ်