နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Tuesday, August 10, 2010

ပန်းအိုး၊ ပုံတူပန်းချီဆရာ

ပန်းကို
ပန်းအိုးထဲမှာ ထိုးစိုက်လိုက်တော့
ပန်းအိုး။


ကိုယ်တိုင်
ပုံတူအဖြစ် ထုဆစ်လိုက်တော့
ပုံတူပန်းချီဆရာ။

တပင်ချင်း
တလွှာချင်း
တဆင့်ချင်း
ကောက်ကြောင်းတခုချင်း
ဟိုကူး ဒီခုန်
ဟိုရေး ဒီခြစ်
လိုရင်းရောက်အောင်
ဖန်တီးဖွဲ့ယူလိုက်တော့။

အဆုံးမှာ ...
ပန်းတွေ ဝေဆာစေဖို့
ပန်းအိုးက ရင်းခံ
ပုံတူတွေ ဆင့်ပွားစေဖို့
ပုံတူပန်းချီဆရာ နင်းခံ။

ဒီအချိန်မှာ ...
ပန်းအိုးက ပြုံး
ပုံတူပန်းချီဆရာက မုန်း
ပန်းအိုး၊ ပုံတူပန်းချီဆရာ ဘ၀မှာ ... ။ ။

မာန်လှိုင်ငယ်
၂၀၁၀ ခုနှစ်၊ သြဂုတ်လ (၉) ရက်။

Monday, August 9, 2010

မိုးစက်များရဲ့ လမ်းပေါ်က အသက်တွေနဲ့ ရက်စွဲများ

၁။
သမိုင်းကို ပြန်လှန်ကြည့်လိုက်တော့
`စ´ကတည်းက `စ´လာလိုက်တာ
တရက်ပြီး တရက်
တလပြီး တလ
တနှစ်ပြီး တနှစ်
တရွက်ပြီး တရွက်
လေမတိုက်ဘဲ
မိုးစက်များရဲ့ လမ်းပေါ်က အသက်တွေနဲ့ ရက်စွဲများ ... ။


၂။
အသေအချာ ပြောနိုင်တာကတော့
အတိတ်နေ့တွေ နိုးထ
မျက်ရည်မိုးတွေ ရွာသွန်း
ခါးသီးမှုတွေ အန်ထုတ်
သွေးညှီနံ့တွေ မပျယ်သေး
နှလုံးအိမ်ရဲ့ ဥကွဲသိုက်ပျက်သံနဲ့အတူ။

၃။
အသေအချာ ပြောနိုင်တာကတော့
ဒီနေ့ ဒီရက် ဒီလ ရောက်တိုင်း
မဖိတ်ခေါ်ဘဲ မိုးစက်တွေ ကြွေ
မတီးဘဲ ခေါင်းလောင်းသံတွေ ညံ
မထွက်ဘဲ ဥသြသံတွေ လျံ
နာကြည်မှုများ အသားကုန် ဖွင့်ထားတဲ့ ညည်းတွားသံနဲ့အတူ။

၎။
အသေအချာ ပြောနိုင်တာကတော့
ရောင်နီများ မထွန်းတောက်နိုင်ခဲ့ပြီ
မီးများလည်း မသာယာနိုင်ခဲ့ပြီ
ဟောဒီ ပြတင်းဝမှာ အသံမဲ့ နရီသံများနဲ့အတူ။

၅။
အသေအချာ ပြောနိုင်တာကတော့
ပြန်ပြောင်းကာ စဉ်းစား ...
အဘိုးက အဖေ့ကို
အတိတ်သမိုင်း လက်ဆင့်ကမ်းခဲ့တယ်
အဖေက သူ့ကို
ရာဇ၀င်ကြွေး လက်ဆင့်ကမ်းခဲ့တယ်
သူက သူ့သားကို
ဘာတွေများ လက်ဆင့်ကမ်းခဲ့ဦးမလဲ
သင်းကွဲ မိခင်များရဲ့ ငိုညည်းသံနဲ့အတူ။

၆။
အသေအချာ ပြောနိုင်တာကတော့
အသားကျူးတဲ့ ရသေ့
ဘုရားစူးတဲ့ မင်းရဲ့ အစွန်းရောက် ယုတ်မာမှု (ကမ်းကုန်)
တချို့
သားသမီးကွဲ ... မယားကွဲ
တချို့
ညီအကိုကွဲ ... မောင်နှမကွဲ
တချို့
အဖေကွဲ ... အမေကွဲ
တချို့
ရှင်ကွဲ ... သေကွဲ
ကွဲကွာ .. ခွဲခွာ .. ကြာခဲ့တာ
ဒီနေ့မှာ ...
အတိတ်သမိုင်းရဲ့ ရာဇ၀င်
ဒီနေ့တိုင် သက်သေထူ
ဤလူ့ဘောင် အကုန်လုံး
ရဲရဲတောက် ခွပ်ဒေါင်းအလံနဲ့အတူ။

၇။
သမိုင်းကို ပြန်လှန်ကြည့်လိုက်တော့
`စ´ကတည်းက `စ´လာလိုက်တာ
တရက်ပြီး တရက်
တလပြီး တလ
တနှစ်ပြီး တနှစ်
တရွက်ပြီး တရွက်
လေမတိုက်ဘဲ
မိုးစက်များရဲ့ လမ်းပေါ်က အသက်တွေနဲ့ ရက်စွဲများ ... ။ ။

မာန်လှိုင်ငယ်
၂၀၁၀ ခုနှစ်၊ သြဂုတ်လ (၈) ရက်။

Friday, July 16, 2010

ခွဲခွာနေ့တနေ့

ရယ်မောခြင်းတွေ ရပ်
ဘ၀အမောတွေ ချေဖျက်ဖို့
အတောမသတ်နိုင်တဲ့ ငိုချင်းတွေ လောင်းချ
ဒါ ...
ဘ၀တဲ့လား။

အတိတ်က အရိပ်
ပစ္စုပ္ပန်ရဲ့ အာသီသ
အနာဂတ်မှာ ခ၀ါချ
ဒါ ...
ဘ၀တဲ့လား။

ပျော်ရွှင်မှုက လှောင်ရီ(ရယ်)
ခွဲခွာမှုက ငိုချင်းထပ်
လေးညှင်းသတင်းက သယ်ဆောင်သွား
ဒါ ...
ဘ၀တဲ့လား။

အို ... သူငယ်ချင်း
အနာဂတ်ဘ၀ လှသွေးကြွယ်ဖို့
ခွဲခွာနေ့တနေ့ လှန်ပစ်ရင်းနဲ့
ပျော်ရွှင်နေ့သစ်ကို ဖွင့်ထုတ်လိုက်တော့
ဒါ ...
ဘ၀ရဲ့ သင်္ခါရ ... ။ ။

မာန်လှိုင်းငယ်
၂၀၁၀ ခုနှစ်၊ ဇူလိုင်လ (၁၅) ရက်။

Friday, June 4, 2010

တိုးတိုးသဲ့သဲ့ ပန်းချီကားများရဲ့ တယောသံ

ရိုးမတောင်တန်းကြီးရဲ့ ကျောက်ကုန်းထက်က အရာများ
အရိုးပေါ်အရေတင် ဖြစ်နေပြီလား
အရိုးအပြိုင်းပြိုင်း ထနေပြီလား အတွေးအမျှင်တန်းနေချိန်
တယောတလက်ကို ထမ်း
တရွေ့ရွေ့ လှမ်းတက်လာတဲ့ ခြေလှမ်းနဲ့
လက်တဖက်က ကလောင်တံ
နောက်တဖက်က စုတ်တံနှင့် ဆေးစက်
သူ ဦးတည်ရာရိုးမပေါ်
အရုဏ်ပျို့ချိန် မနက်ခင်းတခုမှာ ... ။


တယောထိုးဖို့ သံစဉ် မရှိတော့တာလား
ကဗျာသီဖို့ ကာရံ ရှာမရတော့တာလား
ပန်းချီချယ်ဖို့ ရှုခင်းရှုကွက် မမြင်နိုင်တော့တာလား
သူ ငေးငိုင်စွာ ရပ်တန့်နေ ... ။

အဲဒီတမနက်
သူ့ စိတ်က ဘယ်ဆီရောက်နေတာလဲ
ဇွန်လရဲ့ မိုးရေစက်တွေထဲ
တသသနဲ့ လွမ်းဆွတ်
မေမေ များ ...
ဘာကို ဘယ်လို တွေးနေရှာလေမလဲ
တယောက်တည်းတက်တဲ့ မွေးနေ့ပွဲလေးများ ကျင်းပနေလေမလား
မသေချာ ... ။

ဒါပေမဲ့
သားသမီးများစွာ
မရေမတွက်နိုင်တဲ့ ပန်းရောင်စုံ သားသမီးများစွာ
မေမေ့ကို ဂုဏ်ပြုဦးညွှတ်ကြ
အထိမ်းအမှတ်တွေ ပြုကြ
ကမ္ဘာနှင့် အ၀ှမ်း
တခန်းတနား ... ။

သူ ...
မေမေ့ဆီ လွင့်မျော
လေအလျင်ရဲ့ အဟုန်နဲ့အတူ
လေပြေလေညှင်းလေးနဲ့အတူ
မေမေ့ရင်ခွင်ဆီအရောက် တိုးဝှေ့နေရှာပြီ။

ဒီအချိန်မှာ
တယောသံ ညှင်းညှင်းလည်း ထွက်ပေါ်လာ
ကဗျာဖွဲ့သံ တိုးတိုးသဲ့သဲ့ လွင့်ပျံလာ
စုတ်တံချယ်သ ပန်းချီကားတွေ တကားပြီးတကား ထွက်ကျလာ
စဉ်း စား ကြည့်
သူ့ လက်များဟာ ... ။ ။

မာန်လှိုင်းငယ်
၂၀၁၀ ခုနှစ်၊ ဇွန်လ (၄) ရက်

ဒေါ်အောင်ဆန်းစုကြည် (၆၅) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်သို့ ဦးညွတ်ဂုဏ်ပြုလိုက်တဲ့ ကဗျာပါ။

Wednesday, May 26, 2010

ဖြစ်မလာခဲ့ ...

(၁)
ဝိုင်ဝိုင်းရဲ့
သမင်လည်ပြန် သီချင်းကို ခေတ္တပိတ်
ရှိရှိသမျှတွေနဲ့ နားကိုပိတ်တော့
မရောက်ဖြစ်သေးတဲ့ ဒေသက
အသံမျိုးစုံရဲ့ အနှိပ်စက်ခံရ။


(၂)
လေးဘက်လေးတန် ကော်နာများဆီက
အရုပ်ကြိုးပျက် လူနာများဆီက
ပြူးကြောင်ကြောင် ဆေးသမားရဲ့
ညှီစို့စို့ အနံ့အသက်တွေ
စံပယ်ရနံ့လို ဖြစ်မလာခဲ့ပြန်။

(၃)
နေ့စဉ်နဲ့ အမျှ
သစ္စာတွေမဲ့ ချစ်ခြင်းတွေမဲ့
ဂုဏ်သရေတွေမဲ့ သိက္ခာတွေမဲ့
မဲ့ ... ပေါင်းများစွာက
ခုထိ ...
နေ၀င် မိုးချုပ် မိုးချုပ် နေ၀င်
ပြေးလွှားနေတုန်း။

(၄)
ဒီလိုနဲ့ပဲ
ပြေးရင်းလွှားရင်း
မီးဖိုချောင်တွင်းက
သင်္ခါရသတရားတွေ
ဘ၀အမောတွေ
ပြုံးပြုံးကြီး ဆီးကြိုစောင့်နေသလိုမျိုး
ဖိနပ်ပါး၊ ရေငတ်သလိုမျိုး
ဘ၀ကို ခြွေချနေသလား
ဒါမှမဟုတ်
ဘ၀ကို အနင်းခံပြီးမှ ခြွေချနေသလား။

(၅)
အဲဒီနေ့က စလို့
အတိတ်ဆီ နောက်ပြန်လှည့်
ပစ္စုပ္ပန်ကို ငုံ့ကြည့်
အနာဂတ်ကို လှမ်းဆွဲလိုက်တော့
ခေတ်ပျက်ကြီးထဲ
ဆက်ပြီး မိုက် ဆက်ပြီး မှား
ဆက်တိုက်လုပ်နေရင်း
ငါ ဟာ ...
အ ရူး တယောက်ပါလား။

(၆)
နောက်ဆုံးတော့ ...
အမှန်တရားကို ခုတုံးလုပ်
အခွင့်အလမ်းကို အသုံးချ
သစ္စတရားကို နာကျင်အောင် နင်းခြေတက်သွားတော့
လမ်းမမြင် ကမ်းမမြင်
လေမမြင် ရေမမြင်
စုံလုံးကန်းနေတဲ့ အ ရူး တယောက်
သိသလိုလိုနဲ့ သိချင်ယောင်ဆောင်ဖြစ်တယ်
မသိသလိုလိုနဲ့ မသိချင်ယောင်ဆောင်ဖြစ်တယ်။

(၇)
ဒါကြောင့်
ပြူးကြောင်ကြောင် ဆေးသမားရဲ့
ညှီစို့စို့ အနံ့အသက်တွေ
စံပယ်ရနံ့လို ဖြစ်မလာခဲ့ပြန်။ ။

မာန်လှိုင်းငယ်
၂၀၁၀ ခုနှစ်၊ မေလ (၁၃) ရက်။
(၁၂း၀၀ တိတိ)

အဆီအငေါ မတည့်စွာ ကဗျာဖွဲ့ဖြစ်ပါသည်။ စိတ်ထဲရှိရာ ရေးချလိုက်သည်။

လာ နမ်း လှည့် ပါ

လာ နမ်း လှည့် ပါ
သစ္စာတရားမှာ ရက်အကန့်အသတ်မရှိသလို
အချစ်နဲ့ အမုန်းလည်း စည်းမခြားခဲ့ပါဘူး။


လာ နမ်း လှည့် ပါ
အထီးကျန်ခြင်းဆိုတာ အခန်းတွင်း ခြင်ထောင်တခုလိုပါပဲ
ပိုင်ရှင်မဲ့ရင် အသက်မဲ့တယ်
ပိုင်ဆိုင်သူရှိရင် အသက်ဝင်တယ်
ဒါ ပေ မယ့် ...

လာ နမ်း လှည့် ပါ
တခါတခါ ကိုယ့်ကိုကိုယ် မေ့လျော့နေတဲ့အချိန်မျိုးမှာ
ရှက်ပြေး မျက်ရည်စက်ကို မျက်တောင် ပုတ်ခတ် သိမ်းဆည်းရုံနဲ့
ညနေခင်းဟာ ၀ါကျတကြောင်း မဖြစ်ထိုက်ပါဘူး။

လာ နမ်း လှည့် ပါ
ကြေကွဲလွမ်းဆွတ်မှုတွေ စီမကြည့်ခင်
ပြိုလှဲကြေမွမှုနဲ့ ဒဏ်ရာတွေကို အနားကွပ်
အထီးကျန်ခြင်းများနဲ့သာ အသားကျစေဖို့
ဒို့များ ...
ကြိုးစားလိုက်ပါဦးမယ် ။ ။

မာန်လှိုင်းငယ်
၁၂း၀၀ နာရီတိတိ
၂၀၁၀ ခုနှစ်၊ မေလ (၁၂) ရက်။

Thursday, March 18, 2010

ကျောက်ဆစ်ရုပ်တု

ငိုမဲ့မဲ့ လမင်းကို
လှိမ့်တတ်လာတဲ့ လှိုင်းတွေက
မျှော်လင့်ချက်မဲ့ အကြည့်နဲ့ ကြည့်နေရင်း
စိတ်ဝိဉာဏ် လေယူရာ ယိမ်းနွဲ့ကနေချိန်


ဟိုး ... အရှေ့မှာ
ငုတ်တုတ်ထိုင် ကျောက်ဆစ်ရုပ်တု
လှိုင်းတွေကို အသက်မဲ့စွာ စကားပြောနေတယ်။

ရှုပ်ပွ အတိတ်တွေ
မလှမပ ပစ္စုပ္ပန်တွေ
ညှင်းတိုးတိုး ဘဝတွေ
လုံးထွေး
သတ်ပုတ်
အော်သံတွေကြားတော့
ငိုမဲ့မဲ့ လမင်းက လှမ်းကြည့်
လှိမ့်တတ်လာတဲ့ လှိုင်းတွေက မော်ကြည့်
ဂနာပငြိမ် ဝိဉာဏ်က လှန့်ဖြန့်ကာ
နောက်ကို လည်ပြန်ကြည့်
... ... ... ... ... ... ...
... ... ... ... ... ... ...
ဘယ်အရာကိုမှ မသိရှာတဲ့
ငုတ်တုတ်ထိုင် ကျောက်ဆစ်ရုပ်တု
အသက်မဲ့စွာ စကားပြောနေတုန်း။ ။

မာန်လှိုင်းငယ်
၂ဝ၁ဝ ခုနှစ်၊ မတ်လ (၁၈) ရက်။

Tuesday, February 9, 2010

ဖြူစင်ရှင်းသန့် နှလုံးသားပိုင်ရှင်

ဟိုး ...
အဝေး လင်းလက်နေတဲ့
မိုးကုတ်စက်ဝိုင်းနဲ့အပြိုင်
မှိတ်တုတ်မှိတ်တုတ် ကြယ်တွေထဲ
မေမေ ပါများ ပါနေမလား။


ဒါမှမဟုတ်
မေမေ့ မျက်လုံးတွေ
လမင်းနဲ့အပြိုင်
မောင်နှမတွေကို အုပ်မိုးကာ ...
မေမေ ကြည့်များ ကြည့်နေမလား။

ဒါနဲ့ ...
အခန်းပြတင်းပေါက်ဘောင်ဘေး
အဝေးကို မျှော်ကာငေးရင်း
ဖျက်ခနဲ့
ကောင်းကင်ကို ထွင်းဖောက်ထွက်လာတဲ့
မေမေ့ မျက်နှာ အကြင်နာရိပ် ...
အေးမြအပြုံးငွေ့တွေက
သားကို လွှမ်းခြုံနွေးထွေးသွားစေတယ်။

ဒါ ...
ဖြူစင်ရှင်းသန့် နှလုံးသားပိုင်ရှင်
သားတို့မောင်နှမတွေရဲ့ မေမေ ပါပဲ။ ။

မာန်လှိုင်းငယ်
၂၀၁၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၆)ရက်။
ည (၈း၀၀)နာရီ။

Tuesday, November 10, 2009

ချိုမြိန်ခြင်းအရသာ

မှောင်မိုက်မလိုနဲ့
လမင်းဟာ ရှုမ၀မင်းသမီး
လမ်းလျှောက်ထွက်လာသလိုမျိုး
အာရုံကို လှည့်စားခံလိုက်ရတယ်။


ငြိမ်သက်နေတဲ့ လေတွေဟာ
ရှင်သန်ထမြောက်လာသလို
`၀ုန်း` ဆို ၀င်တိုက်သွားတော့
အတွေးကို ကျီစားခံလိုက်ရတယ်။

ဒိုးယိုပေါက် ဦးနှောက်ရဲ့ ကလီဇာ
ကလီကမာ ပြုတော့
ဗရမ်းဗတာ အတွေးရိပ်တွေက
မဆုံးနိုင်တဲ့ အဝေးကို သယ်ဆောင်ခံလိုက်ရတယ်။

ဒီလိုနဲ့ ...
အပြုစားခံ
ကျီစားခံ
သယ်ဆောင်ခံလိုက်ရခြင်း အနက်အဓိပ္ပါယ်ဟာ
ငရုပ်ဆုံထဲ ငရုပ်ကျည်ပွေ့ ထောင်းထည့်လိုက်သလို
အဆုံးမှာ ...
ချိုမြိန်ခြင်းအရသာကို ခံစား ... ။ ။

မာန်လှိုင်းငယ်
၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်။

Friday, September 4, 2009

ပုံရိပ်များနဲ့ သူမရဲ့ နောက်ဆုံးခရီး

အတိတ်က
ပျော်ရွှင်စရာနေ့ရက်တွေ
အတိအပြည့်ရှိခဲ့တဲ့
ကျောင်းကလေးရေ ...။

သူငယ်ချင်းတသိုက်
သိပ်ခင်မင်ရင်းနှီးခဲ့သူတွေကို
ခေါ်ဆောင်စုစည်းပေးတဲ့
ကျောင်းကလေးရေ ...။


ဖြူ စိမ်း တူညီဝတ်စုံ
ကိုယ်စီ ...
တက်ကြွရွှင်လန်း
ကြည်နူးမှုတွေ
အားမာန်တွေ အပြည့်နဲ့ ဖန်တီးပေးခဲ့တဲ့
ကျောင်းကလေးရေ ...။

မနက် ခေါင်းလောင်းသံ
သာသာယာယာ လျှံထွက်
အပြေးအလွှား သူငယ်ချင်းများနဲ့
ကျောင်းကလေးဆီ ... ကိုယ်စီ
ဆွဲဆောင်ပေးနိုင်တဲ့
ကျောင်းကလေးရေ ...။

လွယ်အိတ်ကို စလွယ်သိုင်း
အိမ်ပြန်လမ်းကို ခြေဦးတည်
လက်ပြနှုတ်ဆက် ကျောခိုင်းတော့
(ကျောင်းစာသင်နှစ်ပြီးဆုံးခြင်း)
ကျောင်းကလေးရဲ့ ငိုးငြီးသံ
ငါတို့ ကြားနေရတာ ....
ကျောင်းကလေး အသိပါ။

ခုတော့ ...
ဆုံဆည်းခဲ့တဲ့ သူငယ်ချင်းများ
တယောက်တနယ်စီ ကိုယ်စီ ခွဲခွာ
လွမ်းဆွတ်မှုတွေနဲ့
နှုတ်ဆက်လက်ပြကာ သွားကြတာလည်း
ကျောင်းကလေး အသိပါ။

ကျောင်းကလေးရေ
ပြောပြရဦးမယ် ...
မနေ့ ည (၈) နာရီမှာ
သိပ်ခင်မင်တဲ့
ငါတို့ရဲ့ သူငယ်ချင်းတယောက်
ဆုံးသွားပြီတဲ့ ကြားလိုက်ရတာ မယုံနိုင်စရာပါ။

ကျောင်းကလေးရေ
ငါတို့ ရင်ထဲ ငိုငြီးရပြီ
သူမရဲ့ ခွဲခွာခြင်းဟာ ထာဝရ
သူမရဲ့ နှုတ်ဆက်ခြင်းဟာ ရာသက်ပန်
ငါတို့ကို လက်ပြပြီးတော့
နှုတ်ဆက်ဖော်တောင် မရလိုက်ပါဘူး။

ကျောင်းကလေးရေ ...
မင်းသိလား
သူမရဲ့ အပြုံး
သူမရဲ့ ရယ်(ရီ)သံတွေဟာ
ငါတို့ရဲ့ စာသင်ခန်း
ငါတို့ရဲ့ ၀န်းကျင်
ငါတို့ရဲ့ သူငယ်ချင်းများရဲ့ နှလုံးသားထဲ
စိမ့်ဝင်ကာ ပံ့တင်နေတုန်းပါပဲ
ယနေ့တိုင်
သူမရဲ့ ရယ်(ရီ)သံဟာ
ငါတို့ကို ပျော်ရွှင်ကြည်နူးမှုတွေ ရစေတယ်။

ကျောင်းကလေးရေ ...
မင်းလည်း ငိုငြီးလိုက်ပါတော့
သူမကို နှုတ်ဆက်ဖို့
ငါတို့တွေ တတ်နိုင်တာ ငိုငြီးပြီး
လွမ်းဆွတ်တမ်းတမှုတွေနဲ့ပဲ ရှိနေပါတယ်။

ကျောင်းကလေးရေ ...
ငါတို့ သူမ ကြားရအောင်
ပြောလိုက်ကြပါစို့
`သူငယ်ချင်းရေ
မင်းရဲ့ ဘ၀မှာ ပြီးပြည့်စုံရယ်လို့ မရှိခဲ့ပေမယ့်
နှောင်ဘ၀မှာ ပျော်ရွှင်မှုတွေနဲ့သာ စိတ်ချမ်းသာမှု ရှိနေပါစေ
ရောက်ရာအရပ်မှာ ပျော်ရွှင်ပါစေ
ကောင်းရာသုဂတိ လားပါစေ`
ငါတို့ မင်းကို နှုတ်ဆက်လိုက်ပါတယ်
မင်းကြားရင် သာဓုခေါ် သူငယ်ချင်း
မင်းရဲ့ နောက်ဆုံးခရီးကို ငါတို့ ပို့လိုက်ပါတယ်။

မာန်လှိုင်းငယ်
၂၀၀၉ ခုနှစ်၊ စက်တင်ဘာလ (၄)ရက်။

မှတ်ချက်။ ။ ကျောင်းနေဖက်သူငယ်ချင်းတယောက်၊ ကျနော်တို့ သိပ်ခင်မင်ခဲ့ကြတဲ့ ချစ်သူငယ်ချင်း (အူးနီဂေ)တယောက် ၂၀၀၉ ခုနှစ်၊ စက်တင်ဘာလ (၃) ရက်နေ့တွင် ဆုံးပါးကွယ်လွန်ခြင်းအတွက် အမှတ်တရကဗျာလေးတပုဒ် ရေးဖွဲ့လိုက်ခြင်းပါ။

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes