နွေးထွေးစွာ အေးမြခြင်းများစွာနဲ့ မာန်လှိုင်းငယ်မှ ကြိုဆိုပါသည်။ အကြံပြုချက်များ၊ ဝေဖန်စာများကိုလည်း ကြားချင်ပါသည်။

Friday, June 4, 2010

တိုးတိုးသဲ့သဲ့ ပန်းချီကားများရဲ့ တယောသံ

ရိုးမတောင်တန်းကြီးရဲ့ ကျောက်ကုန်းထက်က အရာများ
အရိုးပေါ်အရေတင် ဖြစ်နေပြီလား
အရိုးအပြိုင်းပြိုင်း ထနေပြီလား အတွေးအမျှင်တန်းနေချိန်
တယောတလက်ကို ထမ်း
တရွေ့ရွေ့ လှမ်းတက်လာတဲ့ ခြေလှမ်းနဲ့
လက်တဖက်က ကလောင်တံ
နောက်တဖက်က စုတ်တံနှင့် ဆေးစက်
သူ ဦးတည်ရာရိုးမပေါ်
အရုဏ်ပျို့ချိန် မနက်ခင်းတခုမှာ ... ။


တယောထိုးဖို့ သံစဉ် မရှိတော့တာလား
ကဗျာသီဖို့ ကာရံ ရှာမရတော့တာလား
ပန်းချီချယ်ဖို့ ရှုခင်းရှုကွက် မမြင်နိုင်တော့တာလား
သူ ငေးငိုင်စွာ ရပ်တန့်နေ ... ။

အဲဒီတမနက်
သူ့ စိတ်က ဘယ်ဆီရောက်နေတာလဲ
ဇွန်လရဲ့ မိုးရေစက်တွေထဲ
တသသနဲ့ လွမ်းဆွတ်
မေမေ များ ...
ဘာကို ဘယ်လို တွေးနေရှာလေမလဲ
တယောက်တည်းတက်တဲ့ မွေးနေ့ပွဲလေးများ ကျင်းပနေလေမလား
မသေချာ ... ။

ဒါပေမဲ့
သားသမီးများစွာ
မရေမတွက်နိုင်တဲ့ ပန်းရောင်စုံ သားသမီးများစွာ
မေမေ့ကို ဂုဏ်ပြုဦးညွှတ်ကြ
အထိမ်းအမှတ်တွေ ပြုကြ
ကမ္ဘာနှင့် အ၀ှမ်း
တခန်းတနား ... ။

သူ ...
မေမေ့ဆီ လွင့်မျော
လေအလျင်ရဲ့ အဟုန်နဲ့အတူ
လေပြေလေညှင်းလေးနဲ့အတူ
မေမေ့ရင်ခွင်ဆီအရောက် တိုးဝှေ့နေရှာပြီ။

ဒီအချိန်မှာ
တယောသံ ညှင်းညှင်းလည်း ထွက်ပေါ်လာ
ကဗျာဖွဲ့သံ တိုးတိုးသဲ့သဲ့ လွင့်ပျံလာ
စုတ်တံချယ်သ ပန်းချီကားတွေ တကားပြီးတကား ထွက်ကျလာ
စဉ်း စား ကြည့်
သူ့ လက်များဟာ ... ။ ။

မာန်လှိုင်းငယ်
၂၀၁၀ ခုနှစ်၊ ဇွန်လ (၄) ရက်

ဒေါ်အောင်ဆန်းစုကြည် (၆၅) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်သို့ ဦးညွတ်ဂုဏ်ပြုလိုက်တဲ့ ကဗျာပါ။

Wednesday, May 26, 2010

ဖြစ်မလာခဲ့ ...

(၁)
ဝိုင်ဝိုင်းရဲ့
သမင်လည်ပြန် သီချင်းကို ခေတ္တပိတ်
ရှိရှိသမျှတွေနဲ့ နားကိုပိတ်တော့
မရောက်ဖြစ်သေးတဲ့ ဒေသက
အသံမျိုးစုံရဲ့ အနှိပ်စက်ခံရ။


(၂)
လေးဘက်လေးတန် ကော်နာများဆီက
အရုပ်ကြိုးပျက် လူနာများဆီက
ပြူးကြောင်ကြောင် ဆေးသမားရဲ့
ညှီစို့စို့ အနံ့အသက်တွေ
စံပယ်ရနံ့လို ဖြစ်မလာခဲ့ပြန်။

(၃)
နေ့စဉ်နဲ့ အမျှ
သစ္စာတွေမဲ့ ချစ်ခြင်းတွေမဲ့
ဂုဏ်သရေတွေမဲ့ သိက္ခာတွေမဲ့
မဲ့ ... ပေါင်းများစွာက
ခုထိ ...
နေ၀င် မိုးချုပ် မိုးချုပ် နေ၀င်
ပြေးလွှားနေတုန်း။

(၄)
ဒီလိုနဲ့ပဲ
ပြေးရင်းလွှားရင်း
မီးဖိုချောင်တွင်းက
သင်္ခါရသတရားတွေ
ဘ၀အမောတွေ
ပြုံးပြုံးကြီး ဆီးကြိုစောင့်နေသလိုမျိုး
ဖိနပ်ပါး၊ ရေငတ်သလိုမျိုး
ဘ၀ကို ခြွေချနေသလား
ဒါမှမဟုတ်
ဘ၀ကို အနင်းခံပြီးမှ ခြွေချနေသလား။

(၅)
အဲဒီနေ့က စလို့
အတိတ်ဆီ နောက်ပြန်လှည့်
ပစ္စုပ္ပန်ကို ငုံ့ကြည့်
အနာဂတ်ကို လှမ်းဆွဲလိုက်တော့
ခေတ်ပျက်ကြီးထဲ
ဆက်ပြီး မိုက် ဆက်ပြီး မှား
ဆက်တိုက်လုပ်နေရင်း
ငါ ဟာ ...
အ ရူး တယောက်ပါလား။

(၆)
နောက်ဆုံးတော့ ...
အမှန်တရားကို ခုတုံးလုပ်
အခွင့်အလမ်းကို အသုံးချ
သစ္စတရားကို နာကျင်အောင် နင်းခြေတက်သွားတော့
လမ်းမမြင် ကမ်းမမြင်
လေမမြင် ရေမမြင်
စုံလုံးကန်းနေတဲ့ အ ရူး တယောက်
သိသလိုလိုနဲ့ သိချင်ယောင်ဆောင်ဖြစ်တယ်
မသိသလိုလိုနဲ့ မသိချင်ယောင်ဆောင်ဖြစ်တယ်။

(၇)
ဒါကြောင့်
ပြူးကြောင်ကြောင် ဆေးသမားရဲ့
ညှီစို့စို့ အနံ့အသက်တွေ
စံပယ်ရနံ့လို ဖြစ်မလာခဲ့ပြန်။ ။

မာန်လှိုင်းငယ်
၂၀၁၀ ခုနှစ်၊ မေလ (၁၃) ရက်။
(၁၂း၀၀ တိတိ)

အဆီအငေါ မတည့်စွာ ကဗျာဖွဲ့ဖြစ်ပါသည်။ စိတ်ထဲရှိရာ ရေးချလိုက်သည်။

လာ နမ်း လှည့် ပါ

လာ နမ်း လှည့် ပါ
သစ္စာတရားမှာ ရက်အကန့်အသတ်မရှိသလို
အချစ်နဲ့ အမုန်းလည်း စည်းမခြားခဲ့ပါဘူး။


လာ နမ်း လှည့် ပါ
အထီးကျန်ခြင်းဆိုတာ အခန်းတွင်း ခြင်ထောင်တခုလိုပါပဲ
ပိုင်ရှင်မဲ့ရင် အသက်မဲ့တယ်
ပိုင်ဆိုင်သူရှိရင် အသက်ဝင်တယ်
ဒါ ပေ မယ့် ...

လာ နမ်း လှည့် ပါ
တခါတခါ ကိုယ့်ကိုကိုယ် မေ့လျော့နေတဲ့အချိန်မျိုးမှာ
ရှက်ပြေး မျက်ရည်စက်ကို မျက်တောင် ပုတ်ခတ် သိမ်းဆည်းရုံနဲ့
ညနေခင်းဟာ ၀ါကျတကြောင်း မဖြစ်ထိုက်ပါဘူး။

လာ နမ်း လှည့် ပါ
ကြေကွဲလွမ်းဆွတ်မှုတွေ စီမကြည့်ခင်
ပြိုလှဲကြေမွမှုနဲ့ ဒဏ်ရာတွေကို အနားကွပ်
အထီးကျန်ခြင်းများနဲ့သာ အသားကျစေဖို့
ဒို့များ ...
ကြိုးစားလိုက်ပါဦးမယ် ။ ။

မာန်လှိုင်းငယ်
၁၂း၀၀ နာရီတိတိ
၂၀၁၀ ခုနှစ်၊ မေလ (၁၂) ရက်။

Thursday, March 18, 2010

ကျောက်ဆစ်ရုပ်တု

ငိုမဲ့မဲ့ လမင်းကို
လှိမ့်တတ်လာတဲ့ လှိုင်းတွေက
မျှော်လင့်ချက်မဲ့ အကြည့်နဲ့ ကြည့်နေရင်း
စိတ်ဝိဉာဏ် လေယူရာ ယိမ်းနွဲ့ကနေချိန်


ဟိုး ... အရှေ့မှာ
ငုတ်တုတ်ထိုင် ကျောက်ဆစ်ရုပ်တု
လှိုင်းတွေကို အသက်မဲ့စွာ စကားပြောနေတယ်။

ရှုပ်ပွ အတိတ်တွေ
မလှမပ ပစ္စုပ္ပန်တွေ
ညှင်းတိုးတိုး ဘဝတွေ
လုံးထွေး
သတ်ပုတ်
အော်သံတွေကြားတော့
ငိုမဲ့မဲ့ လမင်းက လှမ်းကြည့်
လှိမ့်တတ်လာတဲ့ လှိုင်းတွေက မော်ကြည့်
ဂနာပငြိမ် ဝိဉာဏ်က လှန့်ဖြန့်ကာ
နောက်ကို လည်ပြန်ကြည့်
... ... ... ... ... ... ...
... ... ... ... ... ... ...
ဘယ်အရာကိုမှ မသိရှာတဲ့
ငုတ်တုတ်ထိုင် ကျောက်ဆစ်ရုပ်တု
အသက်မဲ့စွာ စကားပြောနေတုန်း။ ။

မာန်လှိုင်းငယ်
၂ဝ၁ဝ ခုနှစ်၊ မတ်လ (၁၈) ရက်။

Tuesday, February 9, 2010

ဖြူစင်ရှင်းသန့် နှလုံးသားပိုင်ရှင်

ဟိုး ...
အဝေး လင်းလက်နေတဲ့
မိုးကုတ်စက်ဝိုင်းနဲ့အပြိုင်
မှိတ်တုတ်မှိတ်တုတ် ကြယ်တွေထဲ
မေမေ ပါများ ပါနေမလား။


ဒါမှမဟုတ်
မေမေ့ မျက်လုံးတွေ
လမင်းနဲ့အပြိုင်
မောင်နှမတွေကို အုပ်မိုးကာ ...
မေမေ ကြည့်များ ကြည့်နေမလား။

ဒါနဲ့ ...
အခန်းပြတင်းပေါက်ဘောင်ဘေး
အဝေးကို မျှော်ကာငေးရင်း
ဖျက်ခနဲ့
ကောင်းကင်ကို ထွင်းဖောက်ထွက်လာတဲ့
မေမေ့ မျက်နှာ အကြင်နာရိပ် ...
အေးမြအပြုံးငွေ့တွေက
သားကို လွှမ်းခြုံနွေးထွေးသွားစေတယ်။

ဒါ ...
ဖြူစင်ရှင်းသန့် နှလုံးသားပိုင်ရှင်
သားတို့မောင်နှမတွေရဲ့ မေမေ ပါပဲ။ ။

မာန်လှိုင်းငယ်
၂၀၁၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၆)ရက်။
ည (၈း၀၀)နာရီ။

Tuesday, November 10, 2009

ချိုမြိန်ခြင်းအရသာ

မှောင်မိုက်မလိုနဲ့
လမင်းဟာ ရှုမ၀မင်းသမီး
လမ်းလျှောက်ထွက်လာသလိုမျိုး
အာရုံကို လှည့်စားခံလိုက်ရတယ်။


ငြိမ်သက်နေတဲ့ လေတွေဟာ
ရှင်သန်ထမြောက်လာသလို
`၀ုန်း` ဆို ၀င်တိုက်သွားတော့
အတွေးကို ကျီစားခံလိုက်ရတယ်။

ဒိုးယိုပေါက် ဦးနှောက်ရဲ့ ကလီဇာ
ကလီကမာ ပြုတော့
ဗရမ်းဗတာ အတွေးရိပ်တွေက
မဆုံးနိုင်တဲ့ အဝေးကို သယ်ဆောင်ခံလိုက်ရတယ်။

ဒီလိုနဲ့ ...
အပြုစားခံ
ကျီစားခံ
သယ်ဆောင်ခံလိုက်ရခြင်း အနက်အဓိပ္ပါယ်ဟာ
ငရုပ်ဆုံထဲ ငရုပ်ကျည်ပွေ့ ထောင်းထည့်လိုက်သလို
အဆုံးမှာ ...
ချိုမြိန်ခြင်းအရသာကို ခံစား ... ။ ။

မာန်လှိုင်းငယ်
၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်။

Friday, September 4, 2009

ပုံရိပ်များနဲ့ သူမရဲ့ နောက်ဆုံးခရီး

အတိတ်က
ပျော်ရွှင်စရာနေ့ရက်တွေ
အတိအပြည့်ရှိခဲ့တဲ့
ကျောင်းကလေးရေ ...။

သူငယ်ချင်းတသိုက်
သိပ်ခင်မင်ရင်းနှီးခဲ့သူတွေကို
ခေါ်ဆောင်စုစည်းပေးတဲ့
ကျောင်းကလေးရေ ...။


ဖြူ စိမ်း တူညီဝတ်စုံ
ကိုယ်စီ ...
တက်ကြွရွှင်လန်း
ကြည်နူးမှုတွေ
အားမာန်တွေ အပြည့်နဲ့ ဖန်တီးပေးခဲ့တဲ့
ကျောင်းကလေးရေ ...။

မနက် ခေါင်းလောင်းသံ
သာသာယာယာ လျှံထွက်
အပြေးအလွှား သူငယ်ချင်းများနဲ့
ကျောင်းကလေးဆီ ... ကိုယ်စီ
ဆွဲဆောင်ပေးနိုင်တဲ့
ကျောင်းကလေးရေ ...။

လွယ်အိတ်ကို စလွယ်သိုင်း
အိမ်ပြန်လမ်းကို ခြေဦးတည်
လက်ပြနှုတ်ဆက် ကျောခိုင်းတော့
(ကျောင်းစာသင်နှစ်ပြီးဆုံးခြင်း)
ကျောင်းကလေးရဲ့ ငိုးငြီးသံ
ငါတို့ ကြားနေရတာ ....
ကျောင်းကလေး အသိပါ။

ခုတော့ ...
ဆုံဆည်းခဲ့တဲ့ သူငယ်ချင်းများ
တယောက်တနယ်စီ ကိုယ်စီ ခွဲခွာ
လွမ်းဆွတ်မှုတွေနဲ့
နှုတ်ဆက်လက်ပြကာ သွားကြတာလည်း
ကျောင်းကလေး အသိပါ။

ကျောင်းကလေးရေ
ပြောပြရဦးမယ် ...
မနေ့ ည (၈) နာရီမှာ
သိပ်ခင်မင်တဲ့
ငါတို့ရဲ့ သူငယ်ချင်းတယောက်
ဆုံးသွားပြီတဲ့ ကြားလိုက်ရတာ မယုံနိုင်စရာပါ။

ကျောင်းကလေးရေ
ငါတို့ ရင်ထဲ ငိုငြီးရပြီ
သူမရဲ့ ခွဲခွာခြင်းဟာ ထာဝရ
သူမရဲ့ နှုတ်ဆက်ခြင်းဟာ ရာသက်ပန်
ငါတို့ကို လက်ပြပြီးတော့
နှုတ်ဆက်ဖော်တောင် မရလိုက်ပါဘူး။

ကျောင်းကလေးရေ ...
မင်းသိလား
သူမရဲ့ အပြုံး
သူမရဲ့ ရယ်(ရီ)သံတွေဟာ
ငါတို့ရဲ့ စာသင်ခန်း
ငါတို့ရဲ့ ၀န်းကျင်
ငါတို့ရဲ့ သူငယ်ချင်းများရဲ့ နှလုံးသားထဲ
စိမ့်ဝင်ကာ ပံ့တင်နေတုန်းပါပဲ
ယနေ့တိုင်
သူမရဲ့ ရယ်(ရီ)သံဟာ
ငါတို့ကို ပျော်ရွှင်ကြည်နူးမှုတွေ ရစေတယ်။

ကျောင်းကလေးရေ ...
မင်းလည်း ငိုငြီးလိုက်ပါတော့
သူမကို နှုတ်ဆက်ဖို့
ငါတို့တွေ တတ်နိုင်တာ ငိုငြီးပြီး
လွမ်းဆွတ်တမ်းတမှုတွေနဲ့ပဲ ရှိနေပါတယ်။

ကျောင်းကလေးရေ ...
ငါတို့ သူမ ကြားရအောင်
ပြောလိုက်ကြပါစို့
`သူငယ်ချင်းရေ
မင်းရဲ့ ဘ၀မှာ ပြီးပြည့်စုံရယ်လို့ မရှိခဲ့ပေမယ့်
နှောင်ဘ၀မှာ ပျော်ရွှင်မှုတွေနဲ့သာ စိတ်ချမ်းသာမှု ရှိနေပါစေ
ရောက်ရာအရပ်မှာ ပျော်ရွှင်ပါစေ
ကောင်းရာသုဂတိ လားပါစေ`
ငါတို့ မင်းကို နှုတ်ဆက်လိုက်ပါတယ်
မင်းကြားရင် သာဓုခေါ် သူငယ်ချင်း
မင်းရဲ့ နောက်ဆုံးခရီးကို ငါတို့ ပို့လိုက်ပါတယ်။

မာန်လှိုင်းငယ်
၂၀၀၉ ခုနှစ်၊ စက်တင်ဘာလ (၄)ရက်။

မှတ်ချက်။ ။ ကျောင်းနေဖက်သူငယ်ချင်းတယောက်၊ ကျနော်တို့ သိပ်ခင်မင်ခဲ့ကြတဲ့ ချစ်သူငယ်ချင်း (အူးနီဂေ)တယောက် ၂၀၀၉ ခုနှစ်၊ စက်တင်ဘာလ (၃) ရက်နေ့တွင် ဆုံးပါးကွယ်လွန်ခြင်းအတွက် အမှတ်တရကဗျာလေးတပုဒ် ရေးဖွဲ့လိုက်ခြင်းပါ။

Friday, July 17, 2009

ညီညွတ်ခြင်းနဲ့ ခိုင်မြဲကြ


နိုးထ တာစူနေတဲ့
လှိုင်းတံပိုး ဒီရေထဲ
တစ ... တစ ... ယိုယွင်းပြိုကျနေတဲ့
အမှောင်ခေတ်ပျက်ကြီးကို
အလင်းခေတ်ဆီ ခရီးနှင်ဖို့
သူမ ကြည့်နေမှ
ငိုတဲ့ လှိုင်းတံပိုး ငြိမ်လိမ့်မယ်။


ရုန်းကြွ စောင့်ဆိုင်းနေတဲ့
မာန်ဟုန်းပြင်း လ၀န်းကို
ထိန်းညှိခေါ်ဆောင်ဖို့
သူမ ရှိနေမှ
ပြုံးရယ်လ၀န်း သာလိမ့်မယ်။

သွေးတွေ ထပ်ပြီးရင်း ထပ်
အရိုးတွေ ဆွေးပြီးရင်း ဆွေး
ဘ၀အလင်း
ပညာ့အလင်း
ဥစ္စာအလင်း ငတ်မွတ်နေသူတွေ များပြီးရင်း များလာ
လမ်းပေါ်မှာ ...
ကင်းပကြည်လင်စေဖို့
သူမ ရှင်သန်နေမှ
တေးဆိုလမ်းများ ပျော်လိမ့်မယ်။

သူမ ကြည့်နေမှ
သူမ ရှိနေမှ
သူမ ရှင်သန်နေမှ
ကန္တာရလက်တံရှည်များ
ပျက်ယွင်း ... ပြိုကျ ... တစစီလွှင့်မျောသွားစေဖို့
“ညီညွတ်ခြင်းနဲ့ ခိုင်မြဲကြ” ရထားကို
တောက်လျှောက်ခုတ်မောင်းသွားတော့မယ် ... ။ ။

မာန်လှိုင်းငယ်
၂၀၀၉ ခုနှစ်၊ ဇူလိုင်လ (၇)ရက်။

Thursday, May 28, 2009

ပြတင်းပေါက် အပြင်ဘက်ကို ငေးကြည့် … အမေတွေရဲ့ မျက်နှာကို တွေ့ရလိမ့်မယ

မနက်လေနဲ့အတူ
မိုးကောင်းကင်က ဖြာကျလာတဲ့ အလင်းရောင်အောက်
ကောင်းကင်ကြီးကို မော့ကြည့်မိတော့
အဖြူရောင် တိမ်ကလေးတွေ တရွေ့ရွေ့ ပြေးလွှားသွားနေတာကို
ကျနော် ကြည့်ရင်း … ကြည့်ရင်း …
မေမေ … မေမေ ရေ …
ကျနော် … အော်ဟစ်ပြီး ခေါ်လိုက်ချင်တယ်။

မေမေ့ကို သိပ်ချစ်တယ် …
မေမေ့ကို လွမ်းတယ် …
မေမေ့ကို သတိရတယ် …
မေမေ့ကို အောက်မေ့တယ် …
မေမေ့ကို လွမ်းဆွတ်တမ်းတစွာ ထွေးဖက်ထားချင်တယ် … မေမေ။

ကျနော် မှတ်မိတဲ့ သီချင်းစာသားလေးတစ်ကြောင်းကို ပြောချင်ပါတယ်။ ကမ္ဘာကျော် Mary Chapin Carpenter ရဲ့ သီချင်းထဲက စာသားလေးတစ်ကြောင်း ရှိတယ်။
`Sometimes you’re the wind-shield; sometimes you’re the bug’ လေးပါ။
`လောကမှာ လူတွေရဲ့ဘ၀က တခါတရံမှာ ခံနိုင်ရည်အား ကောင်းမွန်တဲ့ လေကာမှန်တစ်ချပ်ပမာ ကြံ့ကြံ့ခံနိုင်သလို၊ တခါတရံတော့လည်း ပျက်စီးလွယ်တဲ့ ပိုးကောင်လေးတမျှပါပဲ´တဲ့။


ဒီစာသားလေးဟာ အရမ်းကို လှပပါတယ်။ အရမ်းအဓိပ္ပါယ်ရှိတဲ့ စာသားလေးပါ။ ဒီစာသားလေးနဲ့ အမေတွေကို တင်စားကြည့်မယ်ဆိုရင် ကျနော်တို့ ဒီစာသားမှာ အမေတွေရဲ့ ဘ၀တွေကို မြင်ကြည့်လိုက်ပါ။ ဘယ်လိုဆိုတာ သိလာလိမ့်မယ်။ ပြောရမယ်ဆိုရင် ကျနော်တို့ရဲ့ အမေတွေဟာ ထာဝစဉ် ခံနိုင်ရည်အား ကောင်းမွန်တဲ့ အမေတွေပါပဲ။ တခဏသာ ပျက်စီးလွယ်တဲ့သူတွေ မဟုတ်သလို သားသမီးတွေအတွက်ဆိုရင် အမေတွေရဲ့ ငိုညည်းသံတွေကို အပြုံးမျက်နှာနဲ့ တိုက်ဖျက်ဖယ်ရှားပစ်လိုက်နိုင်သူတွေပါ။ သားသမီးတိုင်းအပေါ်မှာ အစဉ်ထာသရ တည်မြဲ၊ တည်ရှိပြီး နားလည်မှုအပြည့်အ၀၊ စာနာမှုတွေ အပြည့်အ၀၊ နွေးထွေးမှုတွေ အပြည့်အ၀၊ မေတ္တာတွေ အပြည့်အ၀ ပေးနိုင်စွမ်းရှိတဲ့ အမေတွေပါပဲ။
ဒါကြောင့် လူ့လောကထဲမှာ ရှင်သန်မွေးဖွားပြီး လူလားမြောက်လာကြတဲ့ လူသားမှန်သမျှ မိဘတွေ ဒါမှမဟုတ် အမေတွေအတွက် သားသမီးတိုင်း ကိုယ့်ရဲ့ ရှိသမျှ ဥာဏ်စွမ်းအား ကိုယ်စွမ်းအားနဲ့ တတ်စွမ်းသမျှ ဆောင်ရွက်ပေးသင့်ပါတယ်။
နောက်ပြီး ကျနော်တို့ အတွေးတွေ၊ အိပ်မက်တွေထဲမှာ ရှင်သန်နေတာလည်း အမေတွေပါပဲ။ လက်တွေ့ဘ၀မှာလည်း မှန်ကန်တဲ့ လမ်းညွှန်မှုတွေ၊ ပညာတွေ၊ ဘ၀အတွေ့အကြုံတွေ ပိုမိုပြီး ရှင်သန်ထွားကြိုင်းလာအောင် လုပ်ပေးနေတာလည်း ကျနော်တို့ရဲ့ အမေ၊ အမေတွေပါပဲ။ ဒီအတွက် အမေကိုချစ်တဲ့၊ အမေကို နားလည်စာနာတဲ့၊ အမေ့ရဲ့ မေတ္တာကို သိမြင်တဲ့ သားသမီးတိုင်း သိမှာပါ။
ကျနော်တို့ဆိုတဲ့ သားသမီးတွေဟာ အမေ့အကြောင်း ပြောဆို၊ ရေးသား၊ သီဆို၊ ကုံးဖွဲ့ကြတယ်။ ပြောမကုန်အောင်ကို ပြောဆိုကြတယ်။ တကယ့်တကယ်တမ်း သေချာကြည့်မယ်ဆိုရင် ကျနော်တို့ဆိုတဲ့ သားသမီးတွေဟာ အမေတွေကို `ခိုင်းနှိုင်းဖွဲ့ဆိုကြတာတော့ လွယ်ပေမယ့်၊ အမေတွေရဲ့ တကယ့်အစစ်အမှန် ရင်ထဲက ခံစားချက်၊ ဘ၀တွေကို နားလည်တတ်သိတဲ့၊ မျှဝေခံစားနိုင်တဲ့ သားသမီးတွေက အတော်ကို နည်းပါးပါတယ်။´ ကိုယ်စီကိုယ်ငှ အမေတွေကို ချစ်ကြတာပဲ၊ အမေတွေကို နားလည်တာပဲလို့ တချို့က ပြောဆိုကောင်း ပြောဆိုမှာပါ။ ပြောလည်း ပြောမှာပါ။ ဒါပေမယ့် ကျနော်ပြောခဲ့သလို ကျနော်တို့ဆိုတဲ့ သားသမီးတိုင်း အပြည့်အ၀ မရှိကြသေးပါဘူး။ ရှိခဲ့ကြရင်တောင် အတော့်ကို နည်းပါးသေးတယ်လို့ ကျနော် မြင်ပါတယ်။
ဒါကြောင့်လည်း သားသမီးတွေရဲ့ ဆိုးသမျှ၊ မိုက်ခဲ့သမျှ၊ ပေခဲ့သမျှ ကိစ္စအ၀၀တိုင်းကို အမေတွေဟာ ဒုနဲ့ဒေး ခံစားနေရတယ်။ ဒါပေမယ့် အမေတွေဆိုတာ သားသမီးတွေကို နှစ်နှစ်ကာကာ ချစ်ကြတာကိုး။ ဒါကြောင့် သားသမီးတွေ ဘယ်လောက်ပဲ ဆိုးဆိုး၊ ဘယ်လောက်ပဲ မိုက်မိုက် ဘယ်လောက်ပဲ ပေပေ၊ ဘယ်လောက်ပဲ ကောင်းကောင်း မျှဝေခံစားပြီး မေတ္တာတွေ အပြည့်အ၀ပေးကြတယ်။ နားလည်မှု အပြည့်အ၀ ပေးကြတယ်။ သားသမီးတွေ အရှေ့မှာဆိုရင် အမေတွေဟာ နှုတ်ခမ်းတွေက အမြဲပြုံးနေတာပဲ။ ပီတိမျက်နှာတွေလည်း ထာဝစဉ် ရှိနေတာပဲ။ `မမောနိုင် မပမ်းနိုင်´ဆိုတာမျိုးပေါ့။ တကယ့်တကယ်တမ်းကျရင် အမေတွေ ရင်ထဲမှာ ကြိတ်ခံစားနေရတာကို ဘယ်သူတွေက သိနိုင်မှာလဲ။ အဖေတွေတော့ သိနိုင်ကောင်းရဲ့ပေါ့။ ဒါလည်း အနည်းအကျဉ်းလောက်တော့ သိနိုင်ပါလိမ့်မယ်။ ကျနော်တို့ဆိုတဲ့ သားသမီးတွေဆို ဝေလာဝေးရောပေါ့။ သိနိုင်ဖို့နေနေသာသာ ကိုယ်ဖြစ်ချင်တာ၊ ကိုယ်လုပ်ချင်တာ၊ ကိုယ်သွားချင်ရာကိုပဲ လုပ်နေကြတာကိုး။ စကားပုံတောင် ရှိသေးတာပဲ။ `ခလုတ်ထိမှ အမိတ´ဆိုတာလေ။ ကျနော်တို့ဆိုတဲ့ သားသမီးတွေလည်း အဲဒီအတိုင်းပါပဲ။ ရာခိုင်နှုန်းအရ တွက်မယ်ဆိုရင် ၁၀၀ မှာ ၉၀ က များနေတာပါပဲ။ မိဘ ဒါမှမဟုတ် အမေတွေကို ခွန်းတုံ့မပြန်တဲ့ သားသမီး၊ ခံမပြောတဲ့ သားသမီး ဘယ်မှာရှိနေလို့လဲ။ အနည်းအများပဲ ကွာခြားပါတယ်။ ဒါက ကျနော်မြင်တာကို ပြောတာပါ။ အားလုံးကို သိမ်းကြုံးပြီး ၀ါးလုံးရှည်နဲ့ သရမ်းလိုက်တာတော့ မဟုတ်ပါဘူး။ အမေတွေကို ချစ်တဲ့ သားတစ်ယောက်အနေနဲ့ မြင်ကြည့်တာပါ။
ကျနော်လည်း အမေ့ကို ခံပြောခဲ့ဖူးပါတယ်။ ကိုယ်မှန်တယ်ထင်ပြီး ပြန်ပြောတာပဲ။ ခံပြောတာပဲ။
အမေက `ဒါ မဟုတ်ဘူး´လို့ ပြောတာကို ကျနော်က `ဟုတ်ပါတယ်၊ ဟုတ်ကို ဟုတ်ပါတယ် အမေရဲ့´
ပြန်ပြီးတော့ အော်ခဲ့တာပဲ။ ကောင်းကောင်းမွန်မွန် ပြန်ပြောတာမှ မဟုတ်ဘဲ။ တကယ်ဆိုရင် အမေပြောတာကို ကျနော်က သေချာနားထောင်ပြီးတော့မှ ကောင်းကောင်းမွန်မွန် ပြန်ပြောသင့်တာပါ။ ကျနော် အဲဒီတုန်းက မစဉ်းစားမိပါဘူး။ ကိုယ်လုပ်ချင်ရာကိုယ်ပဲ လုပ်ခဲ့တာကိုး။ ဘယ်မှာ စဉ်းစားမိမှာလဲ။ ဒါပေမယ့် ကျနော် သိနားလည်၊ စဉ်းစားမိလာတဲ့အချိန်က ဘယ်အချိန်လဲ သိလား။ အမေနဲ့ ခွဲခွာရတော့မှ သိလာ၊ စဉ်းစားတတ်လာတာပါ။ အမေနဲ့ သေကွဲခွဲခဲ့ရတဲ့အချိန်ကနေ ကနေ့အချိန်ထိပါပဲ။ အမေကတော့ ကောင်းရာမွန်ရာကို ရောက်နေလောက်ပါပြီ။ ဒါပေမယ့် ကျနော်ကတော့ အခုမှ စဉ်းစားမိနေတုန်းပါပဲ။ အမေ့ကို သတိရလေ၊ အမေ့အကြောင်းကို တွေးနေတဲ့အချိန်တိုင်း အမေ့ကို လွမ်းဆွတ်တမ်းတမိတယ်။ အမေပြောခဲ့တဲ့ စကားတွေကို ပြန်လည်ကြားယောင်နေမိတယ်။ အခု ကျနော် စာရေးနေတဲ့အချိန်ဆို ပိုတောင်ဆိုးပါသေးတယ်။ ရှေးလူကြီးသူကြီးတွေ ပြောခဲ့တာပဲ…
`နောင်တဆိုတာ နောင်မှရတာ မကောင်းဘူး´ တဲ့၊ နောင်တရခြင်းဟာ ကိုယ့်အတွက် တကယ်ဆို မကောင်းပါဘူး။
ဒါကြောင့် ကျနော် အမေတွေကို ချစ်တဲ့ သားသမီးတွေ၊ အမေတွေနဲ့ အတူတူ ရှိနေကြတဲ့၊ ရှိနေတုန်း သားသမီးတွေကို အနူးအညွှတ် ပြောချင်တာတစ်ခုက အမေတွေကို ဘယ်တော့မှ နှုတ်လှန်မထိုးပါနဲ့၊ ခံမပြောကြပါနဲ့၊ အမေတွေကို ကောင်းကောင်းမွန်မွန် ပြောဆိုကြပါလို့ ပြောချင်ပါတယ်။ အထက်မှာ ပြောခဲ့သလိုပဲ နောင်တဟာ နောင်မှရတာ မကောင်းပါဘူး။ ကျနော့်လို အမေနဲ့ ဝေးကွာနေမှ သတိရတမ်းတနေရတာမျိုးလည်း မဖြစ်စေချင်တာ အမှန်ပါပဲ။ ဒါတောင် ကျနော်ဟာ အမေနဲ့ ခွဲခွာခဲ့တာ နှစ်တိုလေးပဲ ရှိပါသေးတယ်။ ( ငါး )နှစ်လေးပါ။ တချို့သော သားသမီးတွေဆို နှစ်သက်တမ်းတွေ များနေကြသူတွေ ရှိပါတယ်။ ဒါပေမယ့် အမေနဲ့ အတူတူ မရှိခဲ့တော့တာ အမှန်ပါပဲ။ အမေနဲ့ အတူနေချင်ပါတယ်ဆိုပြီး အော်ဟစ်တမ်းတနေလို့လည်း ကျနော်တို့အတွက် ဘယ်မှာရနိုင်ပါတော့မလဲ။ တစ်ခုတော့ ဖြေသာတာပေါ့။ ကိုယ့်အနားမှာ အဖေရှိနေသေးတာပဲ။ အမေကတော့ ကျနော့်ရဲ့ နှလုံးသား၊ နှလုံးအိမ်ထဲမှာ၊ ရင်ထဲမှာ၊ ဦးနှောက်ထဲ၊ အသည်းထဲမှာ တည်ရှိနေ၊ ရှင်သန်နေသူပါပဲ။ ကျနော် အမေ့ကို သတိရ လွမ်းဆွတ်ရင်း အမေ ဆုံးပါးကွယ်လွန်သွားတဲ့ (ငါး)နှစ်ပြည့်မှာ ကျနော် အမေ့အတွက် ကဗျာတစ်ပုဒ် ရေးပေးခဲ့ပါသေးတယ်။ အဲဒီကဗျာကတော့ …
`မေမေ့ကို သားတို့ ပြောချင်ပါတယ်´
မေမေ
ဖေဖော်ဝါရီ(၁၄)ဆိုတဲ့ ဒီလ၊ ဒီရက်မှာ
မေမေဟာ သားတို့မောင်နှမတွေကို ခွဲခွာခဲ့တာ (၅)နှစ် ပြည့်ခဲ့ပြီ
မေမေစာ ဖေဖေ့ကို ခွဲခွာခဲ့တာလည်း (၅)နှစ် ပြည့်ခဲ့ပြီပဲ
မေမေ့ကို သားတို့ ပြောချင်ပါတယ်။

မေမေ
မေမေဟာ သားတို့အပေါ် ကျေးဇူးကြီးမား မြင့်မြတ်ခဲ့သူ
မေမေဟာ သားတို့နှလုံးအိမ်ထဲ ထာဝစဉ် ရှင်သန်နေသူဆိုတာ
မေမေ့ကို သားတို့ ပြောချင်ပါတယ်။

မေမေ
မေမေဟာ သားတို့ မျက်စိအောက်က ပျောက်ကွယ်သွားပေမယ့်
မေမေဟာ သားတို့ရဲ့ ရင်ထဲ၊ အသည်းထဲမှာ ထာဝရရှိနေသူဆိုတာ
ဒါကို …
မေမေ့ကို သားတို့ ထပ်လောင်းပြောချင်ပါတယ် … မေမေ။
ဒီကဗျာလေးနဲ့ ကျနော် အမေ့ကို ပြောချင်တာပါ။ အမေကြားအောင်လည်း ပြောချင်ပါတယ်။ ကျနော့်အမေ တစ်ယောက်တည်းအတွက်လည်း ဟုတ်သလို ကမ္ဘာပေါ်မှာရှိတဲ့ အမေတိုင်းကိုလည်း ပြောချင်တာပါ။ ကမ္ဘာပေါ်က အမေတိုင်းကို ကျနော့်အမေနဲ့ ထပ်တူ ဦးထိပ်ထားပြီး ဒီကဗျာလေးနဲ့အတူ ကန်တော့ပါတယ် … မေမေတို့ရေ … ။
အမေနဲ့ ပတ်သက်ပြီး ဆက်ပြောချင်တာတစ်ခု ရှိသေးတယ်။ အဲဒါကတော့ သူငယ်ချင်းတစ်ယောက်နဲ့ သူ့အမေရဲ့အကြောင်း နည်းနည်းလေး ပြောချင်ပါတယ်။ အမေချစ်တဲ့ သားသမီးတိုင်းကိုလည်း မျှဝေပေးချင်တဲ့ ဆန္ဒလေးတစ်ခုပါ။
ကျနော် မှတ်မှတ်ရရပါပဲ။ ကျနော်တို့ ကျောင်းဆင်းချိန်လည်း ဟုတ်၊ ညနေ နေ၀င်မယ့်အချိန်လည်း ဖြစ်တဲ့ ဆည်းဆာရောင် ကောင်းကင်အောက်လေးမှာပါ။ သူငယ်ချင်းနဲ့အတူ ကဗျာ၊ စာတွေရေးဖို့ ချိန်းထားတော့ ကျနော် သူ့ကို ၀င်ခေါ်ဖို့ သူ့အိမ်ထဲဝင်တဲ့ ရှေ့ခွေးခြေမှာ ခြေလှမ်းရုံရှိသေးတယ်။ သူငယ်ချင်းက သူ့အမေကို အော်နေတာ ကြားလိုက်ရတယ်။
သူက အမေလို့တောင် မခေါ်တော့ဘူး။
`ခင်ဗျား ကျနော် ငါးပိတို့စရာ မစားဘူးဆိုတာ သိရက်နဲ့ ဘာဖြစ်လို့ ချက်ထားတာလဲ၊ ဟိုမှာလဲ ကြက်ဥကျော်၊ ဒါလည်း ကျုပ်မစားဘူးဆိုတာ ခင်ဗျားကြီး မသိဘူးလား၊ ဒါနဲ့များ ကျုပ်ကို မွေးထားသေးတယ်၊ ကိုယ့်ကလေး ကြိုက်မကြိုက်ဆိုတာ ခင်ဗျား မစဉ်းစားတတ်ဘူးလား´ တဲ့။
တော်တော်အ၀င်ဆိုးတဲ့ စကားလုံးတွေပါပဲ။ ဘေးနားမှာ အိမ်တွေကလည်း ရှိသေးတယ်။ ကျနော် အဲဒီအချိန်တုန်းက တခဏတော့ လန့်သွားတယ်။ ကြက်သီးမွေးညှင်းတောင် ထခဲ့ရတယ်။ ဒါပေမယ့် ကျနော့်အသိက ဒီကောင့်ကို ခေါ်ဖို့လေ။ ဒါကြောင့် သူ့ကို ၀င်ခေါ်လိုက်တယ်။ ကျနော် သူ့လက်ကို ဆွဲခေါ်ပြီး အပြင်ထွက်ခါနီးမှာ သူ့အမေ ငိုလိုက်တဲ့ အသံတိုးတိုးလေး ကြားလိုက်ရတယ်။ ကျနော်လည်း စိတ်မကောင်းပါဘူး။ အဲဒီတုန်းကတော့ ကျနော်တို့ဟာ အမေတွေကို အလေးထားရကောင်းမှန်း သိပ်မသိကြသေးဘူး။ ကိုယ်လုပ်ချင်ရာကိုပဲ ဇွတ်လုပ်ယူကြတဲ့ ကောင်တွေပဲကိုး။ အမေတွေ ဘာဖြစ်ဖြစ် အသိတရားကို မရကြဘူး။
အဲဒီလိုဖြစ်ပြီး မနက်မှာ ကျနော် သူ့အိမ်ဘက်ကို ရောက်ဖြစ်ပါသေးတယ်။ ကျနော့်မသိစိတ်က အမေတွေကို ချစ်နေပါတယ်။ ဒါကြောင့်လားတော့ မသိဘူး။ အဲဒီအိမ်ဘက်ကို ကျနော် ပြန်ရောက်ဖြစ်သွားတာပါ။ သူ့အမေ ဘယ်လိုများ ဖြစ်နေမလဲ၊ မျက်နှာမကောင်းဖြစ်နေလား စသည်ဖြင့် သို့လော၊ သို့လော အမေးတွေက ပေါ်လာတယ်။ သိချင်တဲ့စိတ်က ၀င်လာတော့ သွားကြည့်မိပါတယ်။ အံ့သြခဲ့ပါတယ်။ သူ့အမေဟာ ပြုံးပြုံးရွှင်ရွှင်နဲ့ အိမ်အလုပ်တွေကို လုပ်နေတယ်၊ ၀င်းဝင်းပပ မျက်နှာလေးနဲ့ပါ။
အခု ဒီအကြောင်း ရေးနေတဲ့အချိန်မှာ ပိုပြီး ကြက်သီးထလာတယ်။ ပိုပြီး ၀မ်းနည်းလာတယ်။ အမှန်အတိုင်းပြောရရင် ဒီကောင့်ကိုလည်း ကျနော် ခုနေချိန် အနားမှာ ရှိနေရင်တော့ လက်သီးနဲ့ အားကုန်ထိုးမိမှာပဲ။ ဒီကောင်ဟာ ကျနော့်သူငယ်ချင်း မှန်ပေမယ့် တော်တော်ကို ရိုင်းစိုင်းတဲ့ကောင်ပါပဲ။ ကျနော် ယူကြုံးမရ ဖြစ်ရပါတယ်။ ကျနော့်အမေကို ကျနော် အဲဒီလောက်ထိ မရိုင်းခဲ့ပေမယ့် သူငယ်ချင်းက ရိုင်းခဲ့တာကို ပြန်အမှတ်ရမိတော့ အမေအတွက် အတော့်ကို ၀မ်းနည်းရပါတယ်။ အဲဒီအချိန်တုန်းက သူ့အမေ ဘယ်လောက်ထိအောင် ကြိတ်ခံစားနေရမယ်ဆိုတာ အခုလိုအချိန်မှာ ပြန်တွေးကြည့်ရင် ကျနော့်စိတ်တွေ ခြောက်ခြားခဲ့ရပါတယ်။ တကယ်လို့များ ငါသာ သူ့နေရာမှာဆိုရင် ဒီလိုအချိန်မှာ အမေရှိနေရင် ငါ ဘယ်လိုများ အမေ့ကို မျက်နှာပြရမလဲလို့ပေါ့။ အဲဒီလို ကျနော် တွေးမိတော့ ကြောက်ခဲ့တာ အမှန်ပါ။ အဲဒီအကြောင်းတွေ ထိုင်ရေးနေရင်း အမေ့ကို ကျနော် ပိုပိုချစ်လာတဲ့သား ဖြစ်ချင်လာပါတယ်။ ဒါပေမယ့် လွန်ခဲ့ပါပြီ။
ဒါကြောင့် အမေကို ချစ်ကြတဲ့ သားသမီးတိုင်း၊ အမေနဲ့အတူ ရှိနေကြတဲ့ သားသမီးတိုင်း ကိုယ့်ရဲ့အမေတွေကို ကျနော့်သူငယ်ချင်းလိုမျိုး မလုပ်ကြပါနဲ့။ နောင်တချိန်မှာ ကိုယ်ဟာ ဘာဖြစ်သွားမလဲဆိုတာ မသိပါဘူး။ ကိုယ့်ရဲ့အမေတွေကတော့ သားသမီးတွေ ဆိုးမိုက်ပေတေပေမယ့်၊ ရိုင်းခဲ့ပေမယ့် အပြုံးမျက်နှာလေးနဲ့ ခွင့်လွှတ်ပြီး မေတ္တာတွေ၊ နွေးထွေးမှုတွေ၊ အကြင်နာတရားတွေ၊ ယုယမှုတွေ အထပ်ထပ် ပေးနေဦးမှာ ဖြစ်ပါတယ်။
ဒီအတွက် ကျနော်လည်းပဲ တခြားသော အမေတွေကို ကိုယ့်ရဲ့အမေနဲ့ထပ်တူ ဦးထိပ်ထားပြီး တတ်အားသရွေ့ ကူညီသွားမှာပါ။ ကြိုးစားသွားမှာပါ။ ဒါကြောင့် ကျနော့်မေမေကို ကျနော် ဒီနေရာက ဦးထိပ်ထား ဦးချကန်တော့ရင်း မေမေ့ကို ပြောချင်ပါသေးတယ်။
မေမေ ...
မေမေ ရှိခဲ့စဉ် အချိန်တုန်းက သားဟာ အပူအပင်ကင်းစွာ၊ မကြောင့်မကြ နေထိုင်ခဲ့၊ စားသောက်ခဲ့ရသူပါ။
မေမေ ...
မေမေ ရှိခဲ့စဉ်အခါကလည်း ကျနော်တို့ ညီအစ်ကို မောင်နှမ သားသမီးတွေအပေါ်မှာ မေမေဟာ ခွင့်လွှတ်သည်းညည်းခံနိုင်စွမ်း၊ နားလည်စာနာစွာ၊ ကြင်နာယုယစွာ မေတ္တာတွေ ဖြန့်ကျက်ပေးခဲ့တဲ့ မေမေပါ။
မေမေ ...
နောက်တစ်ခုရှိသေးတယ် မေမေရဲ့...
ကမ္ဘာပေါ်မှာရှိတဲ့ မိခင်တိုင်း၊ မေမေတိုင်းဟာ သားသမီးတွေရဲ့ တုနှိုင်းမဲ့ မေတ္တာရှင် သူရဲကောင်းတွေပါ။ မေမေလည်း သူရဲကောင်းတွေထဲက သူရဲကောင်းတစ်ဦးပါပဲ ... မေမေ။
ပြတင်းပေါက် အပြင်ဘက်ကို ငေးကြည့်တဲ့အခါ အမေတွေရဲ့ မျက်နှာကို မြင်ရလိမ့်မယ် ... ။

မာန်လှိုင်းငယ်
၂၀၀၉ ခုနှစ်၊ မေလ (၁၆)ရက်။

Thursday, March 19, 2009

စိတ်မပျက်နဲ့ အားတင်းပါ

လူထုစိန်ဝင်း
မတွေ့တာ ဆယ့်လေးငါးနှစ်လောက် ကြာပြီဖြစ်တဲ့ မိတ်ဟောင်း၊ ဆွေဟောင်း တစ်ယောက် လာလည်ပါတယ်။ သူက ရာထူးကြီးတစ်ခုကနေ ပင်စင်ယူပြီးတဲ့ နောက် အနားမယူဘဲ ကုမ္ပဏီတစ်ခုတည် ထောင်ပြီး စီးပွားရေးလုပ်နေတာကြောင့် မတွေ့ဖြစ်ကြတော့တာပါ။ အခုမှ အသက် ကလည်း ၇ဝ ကောင်းကောင်းကြီး ကျော် နေပြီဖြစ်တာကြောင့် သားသမီးတွေလက် ထဲ အားလုံးလွှဲပြီး လုံးလုံးကြီး အနားယူ လိုက်တာလို့ပြောပါတယ်။


အအိုမြန်လိုက်တာ
‘ကျုပ်တို့ သက်တမ်းကလူတွေ တယ် မတွေ့ရတော့ဘူးဗျ၊ ဆုံးသွားတဲ့လူနဲ့၊ ဘုန်း ကြီးဝတ်သွားတဲ့လူနဲ့၊ ရိပ်သာမှာပဲ အမြဲနေ တဲ့လူနဲ့ အားလုံးဆုံကြဖို့တော့ မလွယ် တော့ဘူး’
သူက မန္တလေးကိုလည်း ရောက် သေးတဲ့အကြောင်း၊ မိတ်ဆွေဟောင်းတချို့ ကို သွားတွေ့ခဲ့တဲ့အကြောင်း ဆက်ပြော ပြပါတယ်။ အတော်များများက စိတ်ရော လူပါကျပြီး လူအိုကြီးတွေ ဖြစ်ကုန်ကြပြီ လို့လည်း ပြောပါတယ်။
‘ကျုပ်တို့ဗမာတွေဟာ ပင်စင်ယူပြီး တာနဲ့ သေဖို့ပဲ စဉ်းစားနေကြလို့နဲ့တူပါရဲ့ ဗျာ။ အအိုမြန်လိုက်ကြတာ’
သူက ညည်းသလိုလို စကားဆိုပါ တယ်။ သူကတော့ အရွယ်တော်တော် တင်ပါတယ်။ ဖျတ်ဖျတ်လတ်လတ်၊ သွက် သွက်လက်လက် ရှိဆဲပါပဲ။ မကြောင့်မကြ မတောင့်မတ နေနိုင်တာကြောင့်လားမဆို နိုင်ဘူး။ ၇၆နှစ်လို့ကို မထင်ရပါဘူး။ ၆ဝ လောက်လို့သာ ထင်ရပါတယ်။ အခုချိန်ထိ ပြည်တွင်းပြည်ပခရီးတွေ သွားနေဆဲပါပဲ။ သမီးရှိတဲ့အင်္ဂလန်က ပြန်ရောက်လာတာ တစ်လကျော်ကျော်သာ ရှိသေးတယ်လို့ လည်း သိရပါတယ်။
သူများတွေနဲ့ ကွာလိုက်တာ
သူပြန်သွားတဲ့အထိ ‘အအိုမြန်လိုက် ကြတာ’ ဆိုတဲ့ သူ့စကားကို ဆက်စဉ်းစား နေမိတယ်။ သူများနိုင်ငံက ၇ဝကျော် ပင် စင်စားကြီးတွေ စုဝေးပြီး ကမ္ဘာ့လှည့် လည် ပတ်ကြတာတွေ မြင်ရ၊ တွေ့ရတော့ တို့ ဆီကနဲ့များ ကွာလိုက်တာ’ လို့ မကြာမကြာ တွေးမိခဲ့ရတယ်။ ဒီမှာကတော့ မိတ်ဆွေ ပြောသလို ပင်စင်ယူပြီးတာနဲ့သေဖို့ပဲ စဉ်း စားနေကြတယ်နဲ့တူပါရဲ့။ မိတ်ဆွေဖြစ်သူ လို ပင်စင်ယူပြီး ကုမ္ပဏီမထောင်နိုင်ကြ တာလည်း အဓိကအကြောင်းတစ်ရပ်ဖြစ် မယ်ထင်ပါတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် ပင်စင်ယူပြီးပြီဆိုတာနဲ့ လူရောစိတ်ပါ ကျ သွားကြတာတော့ အမှန်ပဲ။ ရပ်ရေး၊ ရွာ ရေး၊ လူမှုရေးကိစ္စတွေကို တက်တက်ကြွ ကြွ ပါဝင်လုပ်ဆောင်တတ်သူတချို့ကလွဲ ရင် အများစုက အအိုမြန်ကြ၊ အသေမြန် ကြတာကို သတိပြုမိတယ်။
‘ဒုက္ခသုက္ခတွေ များလွန်းလို့ အသက် မရှည်ချင်ပါဘူး၊ မြန်မြန်သွားလေ ကောင်း လေပါပဲ’ လို့လည်း ပြောတတ်ကြပါတယ်။ လောကမှာ ဒုက္ခနဲ့ကင်းသူ ဘယ်သူရှိလို့ လဲ။ တကယ်က ဒုက္ခက လူကိုသေစေတာ မဟုတ်ပါဘူး။ ဒုက္ခကိုကြောက်ပြီး စိတ်ကျ လို့ အသေမြန်ရတာဖြစ်တယ်။
လူငယ်တွေလည်း စိတ်ကျတာပဲ
လူကြီးတွေသာ စိတ်ကျတတ်တာ မထင်နဲ့။ လူငယ်တွေလည်း စိတ်ကျတတ် ကြတာပဲ။ ကျောင်းဆရာတစ်ယောက် အနေနဲ့ လူငယ်လူရွယ်လေးတွေနဲ့အထိ အတွေ့များလေတော့ ဒီခေတ်လူငယ်လေး တွေ တော်တော်များများဟာ အရွယ်နဲ့ မလိုက်အောင်ကို လောကကြီးကို အဆိုး မြင်ပြီး စိတ်ကျနေတတ်ကြတာကို သတိ ပြုမိပါတယ်။ သူတို့တစ်တွေမှာ လူငယ့် အားမာန်၊ လူငယ့်ဇွဲသတ္တိ အတော်လျော့ နည်းကြတယ်။ ဘာမဆို မလုပ်ခင်က အရှုံးပေးစိတ် များနေကြတယ်။ ‘အား မတန် မာန်လျှော့’ ဆိုတဲ့စကား၊ ‘ခါချဉ် ကောင် မာန်ကြီးလို့ တောင်ကြီးဖြိုမယ်ကြံ၊ ခါးကမသန်’ ဆိုစကားမျိုးတွေ လွယ်လွယ် သုံးပြီး အရှုံးပေး၊ အညံ့ခံလိုက်တတ်ကြ တယ်။ အနိုင်မခံ အရှုံးမပေးစိတ်ဓာတ်မျိုး တစ်နေ့တခြား ခေါင်းပါးလာနေတယ်လို့ ထင်မိတယ်။ ထောက်ပြပြောဆိုလိုက်ရင် လည်း သူတို့မှာ အကြောင်းပြချက်တွေက တစ်ပုံတစ်ပင်ကြီး။ သူတို့က သူတို့နေထိုင် ရတဲ့ခေတ်ကြီးတစ်ခုလုံးကို ကျေနပ်ကြတာ မဟုတ်ဘူး။ တချို့လူငယ်များဆိုရင် အဆိုး မြင်စိတ်တွေ လွန်ကဲပြီး ဘယ်လောက်ပဲ ကောင်းတာလုပ်လုပ် ဘာမှအရာရောက် မှာမဟုတ်ဘူး။ ဘာမှမလုပ်ဘဲနေလိုက်တာ ပဲ အေးတယ်ဆိုတဲ့အတွေးအခေါ်မျိုးတွေ တောင် ရှိနေကြတာတွေ့ရတယ်။
သူတို့က အီရတ်နိုင်ငံတစ်ခုလုံး သွေး ချောင်းစီးဖြစ်နေတာကို မနှစ်မြို့သလို ပါလက်စတိုင်းလူမျိုးတွေ ရာစုနှစ်တစ်ဝက် တိုင်တိုင် ဒုက္ခသည်စခန်းတွေမှာ နေထိုင် ခြင်းပြုနေကြရတာကိုလည်း စိတ်မကောင်း ကြပါဘူး။ နျူကလီးယားလက်နက်များရဲ့ အန္တရာယ် တစ်နေ့တခြား ကြီးမားသထက် ကြီးမားလာနေတာကို စိုးရိမ်နေကြသလို ဖန်လုံအိမ်အာနိသင်လွန်ကဲမှုကြောင့် ကမ္ဘာကြီးတစ်ခုလုံး ပေါင်းအိုးကြီးထဲ ရောက်နေသလို ခံစားနေရတာကိုလည်း မလိုလားကြပါဘူး။
အနိဋ္ဌာရုံကမ္ဘာကြီး
လူငယ်တွေရဲ့စိုးရိမ်ကြောင့်ကြမှု တွေနဲ့သူတို့ရဲ့မကျေနပ်ချက်တွေဟာ သဘာဝကျပါတယ်။ မှန်လည်းမှန်ပါတယ်။ ဒီနေ့ ကမ္ဘာကြီးက အနိဋ္ဌာရုံတွေနဲ့ပြည့် နှက်နေတဲ့ကမ္ဘာကြီးဖြစ်နေတာကိုး။ ကမ္ဘာ ကြီးရဲ့ဘယ်ထောင့်ဘယ်နေရာကို ကြည့် လိုက်ကြည့်လိုက် တိုက်ခိုက်သတ်ဖြတ်တာ တွေ၊ ကြီးနိုင် ငယ်ညှဉ်းလုပ်တာတွေ၊ ဘယ် သူသေသေ ငတေမာ ပြီးရော လုပ်တာ တွေချည်း မြင်တွေ့နေရပါတယ်။ အနိဋ္ဌာ ရုံတွေကင်းစင်တဲ့နိုင်ငံရယ်လို့ လက်ညှိုးထိုး ပြစရာတစ်ခုတောင်မရှိတဲ့ အခြေအနေမျိုး ဖြစ်နေပါတယ်။
ရေအောက်ရောက်သွားနိုင်တယ်
နိုင်ငံရေး၊ စစ်ရေး၊ မျက်နှာစာကို ထားတော့။ စီးပွားရေးမျက်နှာစာကိုကြည့် တော့လည်း မြင်တွေ့နေရတာတွေက စိတ် မချမ်းသာစရာတွေချည်းပါပဲ။ ဖန်လုံအိမ် အာနိသင်ကြောင့် ဝင်ရိုးစွန်းက ရေခဲ တောင်ကြီးတွေ အရည်ပျော်ကျမှုနှုန်း ကြောက်စရာကောင်းလောက်အောင် မြင့် မားနေတယ်။ ဒီအတိုင်းဆက်သွားရင် ပင်လယ်ရေမျက်နှာပြင် မြင့်သထက်မြင့် တက်လာပြီး တချို့နိုင်ငံတွေ ရေအောက် ရောက်သွားနိုင်တယ်လို့ ပညာရှင်များက အကြိမ်ကြိမ် သတိပေးနေကြတာများ ကြားသိနေရတယ်။ စက်ရုံ၊ အလုပ်ရုံတွေ က မီးခိုးထုတ်လွှတ်မှုတွေ ကန့်သတ်တား ဆီးဖို့ လိုပြီလို့လည်း ထောက်ပြကြတယ်။
မိုက်တွင်းနက်နေကြ
ဘယ်လိုပဲ ထောက်ပြထောက်ပြ၊ ဘယ်လိုပဲ သတိပေး သတိပေး၊ မီးခိုးတွေ အများဆုံးထုတ်လွှတ်နေတဲ့စက်မှုနိုင်ငံကြီး တွေက လတ်တလော အကျိုးစီးပွားလေး တစ်ခုတည်းကိုသာ မိုက်မဲစွာကြည့်ရှုပြီး နိုင်ငံတကာသဘောတူစာချုပ်နဲ့ထိန်းချုပ် တာကို လက်မခံ ငြင်းဆန်နေကြတယ်။ ဒီလုပ်ရပ်ဟာ အင်မတန် အသိဉာဏ်ကင်း မဲ့ရာကျတယ်။ ဖန်လုံအိမ်အာနိသင် ကြောင့် အိုဇုန်းလွှာ ပါးလျားလာတဲ့ဒဏ်၊ အက်ဆစ်မိုးတွေ ရွာချတဲ့ဒဏ်၊ ပင်လယ် ရေမျက်နှာပြင် မြင့်တက်လာတဲ့ဒဏ်၊ မုန် တိုင်းကြီးတွေ ကျရောက်လာတဲ့ဒဏ်၊ အပူ လှိုင်း၊ အအေးလှိုင်းကြီးတွေ ကျရောက် လာတဲ့ဒဏ်စတဲ့ အန္တရာယ်တွေကို ရင်ဆိုင် ရပြီဆိုလျှင် ဘယ်နိုင်ငံမှ လွတ်ကင်းနိုင် မယ် မဟုတ်ဘူးဆိုတာ သိပါလျက်နဲ့ မိုက် တွင်းနက်နေကြခြင်းသာဖြစ်တယ်။
ဖုန်းဆိုးတောတွေဖြစ်
ဒါတင်မက လတ်တလောအကျိုးစီး ပွားလေးတစ်ခုတည်းကိုကြည့်ပြီး မြေပေါ် မြေအောက် သယံဇာတတွေကို အဆီး အတားမရှိ ထုတ်ယူသုံးစွဲနေမှုကြောင့် ကမ္ဘာ့နိုင်ငံအားလုံးလိုလိုမှာ တောတွေ ပြုန်း၊ တောင်တွေပြိုပြီး တဖြည်းဖြည်းချင်း ကန္တာရ ဖုန်းဆိုးတောတွေ ဖြစ်လာနေတာ များလည်း မြင်တွေ့ကြားသိနေရတယ်။ လူတွေ သောင်းသိန်းချီ သေကြရတဲ့ငလျင် လှုပ်မှုကြီးတွေနဲ့ဆူနာမီလို၊ နာဂစ်လို အန္တရာယ်ကြီးတွေ ဘာ့ကြောင့်ပေါ်ပေါက် လာကြရတာလဲဆိုတာများကို သေသေ ချာချာ၊ လေးလေးနက်နက် သုတေသနပြု ဖို့လည်း ပျက်ကွက်နေကြဆဲဖြစ်တယ်။
ပြဿနာက အန္တရာယ်မဟုတ်
ဒီအချက်တွေကြောင့် လူငယ်တွေက မျက်မှောက်ခေတ်ကြီးကို စိတ်ပျက်လက် ပျက် ဖြစ်နေတာ သဘာဝကျပါတယ်။ ဒါပေမဲ့လို့ ဒါတွေဟာ တားဆီးကာကွယ် လို့မရနိုင်တာတွေမဟုတ်ဘူးလို့ လူငယ် တွေ သိစေချင်ပါတယ်။ ပြဿနာတစ်ရပ် ဖြစ်လာ၊ ရှိလာတာဟာ ကြောက်စရာ မဟုတ်ပါဘူး။ ပြဿနာရှိနေတာကို ရှိနေ တယ်လို့ မသိခြင်းကသာ ကြောက်စရာ ကောင်းတာဖြစ်တယ်။ ပြဿနာရှိနေမှန်း သိရင် ပြဿနာကို ဖြေရှင်းဖို့နည်းလမ်းရှာ ရမှာပဲဖြစ်တယ်။ ရှာရင် တစ်ချိန်မဟုတ် တစ်ချိန်တော့ တွေ့လာရမှာဖြစ်တယ်။
အနိုင်ရမှာ သေချာတယ်
ဒီနေ့ ကမ္ဘာတစ်လွှားမှာ ပြဿနာမျိုး စုံ၊ အနိဋ္ဌာရုံပေါင်းစုံ ဖြစ်ပွားပေါ်ပေါက်နေ တာကို လူတိုင်းတွေ့မြင်နေကြရတယ်။ ပြဿနာတွေဖြစ်လာရတဲ့ ဇာစ်မြစ် အကြောင်းရင်းကိုလည်း လူတိုင်းသိကြ တယ်။ ဥပမာ-ဖန်လုံအိမ်အာနိသင်ရဲ့ဆိုး ပြစ်တွေကို လူတိုင်းသိသလို ဖန်လုံအိမ် အာနိသင်ဖြစ်ပေါ်လာရခြင်းရဲ့အကြောင်း ရင်းကိုလည်း လူတိုင်းသိမြင်သဘော ပေါက်နေကြတာဖြစ်တယ်။ ဒီတော့ ဘာ ကြောင့် မဖြေရှင်းနိုင်ရမှာလဲ။ ကမ္ဘာပေါ် က စစ်ပွဲကြီးတွေကို ဖန်တီးသူတွေနဲ့ကမ္ဘာ ကြီးရဲ့သာယာလှပမှုကို ဖျက်ဆီးနေသူတွေ က လက်တစ်ဆုပ်စာလောက်သာရှိတဲ့လူ တွေဖြစ်ကြတယ်။ ရှိလှမှ ကမ္ဘာ့လူဦးရေရဲ့ ၁ဝရာခိုင်နှုန်းပေါ့။ ကျန် ၉ဝရာခိုင်နှုန်းက ညီညာဖြဖြနဲ့ ဝိုင်းဝန်းလုပ်ဆောင်ကြရင် ဒီ ၁ဝရာခိုင်နှုန်းရဲ့အန္တရာယ်ကို ဘာ့ကြောင့် မကာကွယ်နိုင်ရမှာလဲ၊ ဒါကြောင့် လူငယ် တွေကိုပြောချင်တယ်။ စိတ်မပျက်ပါနဲ့။ ကမ္ဘာ့လူဦးရေရဲ့ ၉ဝရာခိုင်နှုန်းနဲ့ ခိုင်ခိုင်မြဲ မြဲ လက်တွဲဆောင်ရွက်ပါ။ နောက်ဆုံးမှာ ကောင်းမြတ်ခြင်းတရားက အနိုင်ရမှာ သေချာပါတယ်။

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes